"ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိကစေတနာငယ်၊ မေကညာခင်ထွေး၊ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာမှတ်တော့မနှေး။
ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေရှုပ်ထွေး၊ အရှက်တွင်အဟုတ်ဝေးပါပေါ့။
လှုပ်လှုပ်ကလေးတုံတုံ၊ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်းလွတ်သည်သို့ကြုံ။
အင်္ကျီက အပါးစုံသည်၊ အသားပုံဝါ၀င်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။
မောင် အဘ အားနာလျှင်၊ မှားတာကိုပြင်ကြစို့လေး။
မြန်မာညွန့်ညှိုးမကုန်အောင် အမျိုးဂုဏ်ဆယ်ကြစို့လေး"
ဆရာမ
ဒေါ်ခင်ထွေး (အင်္ကျီပါးစစ်ပွဲမှ)ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဘာသာတရားကို ရိုသေတတ်သလို ကိုယ့်နိုင်ငံရဲ့ မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြပါတယ်။ ရှေးအစဉ်အဆက်ကတည်းက မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုဟာ ခေတ်နှင့်အညီ လိုက်လျောညီထွေစွာ ပုံစံအမျိုးမျိုး ချုပ်လုပ်ဝတ်ဆင်ကြပါတယ်။
အခု ကျွန်မတို့ခေတ်မှာလည်း တစ်နှစ်နဲ့တစ်နှစ် မရိုးရအောင် မိန်းကလေးတွေဟာ အမျိုးမျိုး ပြင်ဆင်ကြပါတယ်။ ခေတ်မီတိုးတက်လာတဲ့ ဒီခေတ်ကြီးထဲမှာ Internet ထိုင်သူတွေကလည်း များပါရဲ့။ တီဗီ၊ စလောင်း၊ ရုပ်သံလိုင်းအစုံ ကြည့်မလား ရတာပဲ။ မဂ္ဂဇင်း၊ ဂျာနယ်တွေဟာလည်း ၀ယ်ဖတ်မလား၊ ငှားဖတ်မလား ရနေတာပဲလေ။ အပျင်းလည်းပြေသလို၊ ဗဟုသုတရဖွယ်ရာတွေလည်း များပါတယ်။ အဲဒီလိုပဲ အတုယူ အတတ်သင်လို့ ရတာတွေလည်း ရှိတယ်။ အဲဒီအထဲမှာ နိုင်ငံတကာရဲ့ ၀တ်စားဆင်ယင်မှုတွေကိုလည်း အချိန်မရွေးလေ့လာဖို့ အလွန်ပဲလွယ်ကူတယ်။ ဘယ်အရာမဆို ယူတတ်ရင် မြတ်တယ်၊ ပညာရတယ်။ ကောင်းတာကိုယူရင် ကောင်းတာရမယ်၊ မယူတတ်ရင်တော့၊ အတုယူမှားရင်တော့ ရှက်စရာတွေ၊ မသင့်တော်တာတွေ ဖြစ်ကုန်တာပေါ့။
ကျွန်မပြောချင်တာက မြန်မာမိန်းကလေးတွေ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ၀တ်စားဆင်ယင်တတ်ဖို့ပါ။ ခေတ်မီတိုးတက်လာတဲ့ ခေတ်ကြီးမှာ ဆယ်ကျော်သက်မိန်းကလေးတွေကစလို့ (၄၀)ကျော်အရွယ် စွန်းစွန်းတွေကပါ ခေတ်နဲ့အညီ ၀တ်ဆင်လာကြတာကို တွေ့ရပါတယ်။ အင်္ကျီအ၀တ်အစားတွေဟာလည်း မရှိသူတွေအတွက်ရော၊ ရှိသူတွေအတွက်ပါ အတန်းအစားအမျိုးမျိုး ချုပ်လုပ်ရောင်းချနေကြတာပဲလေ။ ပုံစံအမျိုးမျိုးနဲ့ပေါ့။ အခု ကိုရီးယားကားတွေ ခေတ်စားလာတော့ ကိုရီးယားမင်းသမီးတွေ ၀တ်သလိုမျိုး ၀တ်လာကြတယ်။ သူတို့ကတော့ သူတို့နိုင်ငံ၊ သူတို့ပုံစံ၊ သူ့အရပ်နဲ့ သူ့ဇာတ် လိုက်အောင်ဝတ်ကြတာ ဘာဆန်းလို့လဲနော်။ ဆန်းနေတာက သူတို့ကို အားကျအတုယူပြီး ကိုယ့်မြန်မာနိုင်ငံက မြန်မာမိန်းကလေးတွေကပါ သူတို့လို ဟိုပေါ်၊ ဒီမလုံ၊ ထိုင်မသင့်တော်၊ ထကြည့်မကောင်း၊ လမ်းသွားရင် ပုရိသတို့ မျက်လုံးအပြူးသားနဲ့ကြည့်အောင် ဣနြေ္ဒပျက်လောက်တဲ့အထိ ၀တ်လာတတ်ကြတာပါပဲ။
"ဘာပဲလုပ်လုပ် သတိလေးနဲ့လုပ်" ဆိုသလိုပါပဲ။ ဘာပဲဝတ်ဝတ် အလွန်အကျွံ မ၀တ်မိဖို့လည်း အရေးကြီးပါတယ်။ သူတို့လည်း ဒီလိုဝတ်တာပဲ။ ငါတို့လည်း ဒီလိုလိုက်ဝတ်တာ ဘာဖြစ်လဲတဲ့။ ဘာမှမဖြစ်ဘူးလို့ ပြောလို့မရဘူးလေ။ ယဉ်ကျေးမှုနဲ့ သင့်မသင့်တော့ စဉ်းစားရမှာပေါ့။ ဟော့ရှော့ဝတ်မှ ခေတ်မီမယ်ဆိုရင်လည်း သူများနဲ့ယှဉ်နိုင်မည် ဆိုရင်လည်း ဟော့ရှော့ဝတ်ပေါ့။ ခေတ်မီအောင်ဝတ်ပေါ့။ ဒါပေမယ့် ခေတ်ကိုလွန်နေအောင်၊ စည်းကိုကျော်နေအောင်၊ ရိုင်းနေအောင်တော့ မ၀တ်နဲ့ပေါ့နော်။
ဟိုတလောလေးက မြို့ထဲက "မုန့်ဟင်းခါးဆိုင်" တစ်ဆိုင်မှာ မုန့်ဟင်းခါးစားနေတဲ့ ကောင်မလေးသုံးယောက်ကို အမှတ်မထင်ဘဲ ဖြတ်သွားရင်းတွေ့မိပါတယ်။ မုန့်ဟင်းခါးက အထမ်းနဲ့ရောင်းတာဆိုတော့ ခုံပုလေးတွေနဲ့ ထိုင်စားရတယ်။ အဲဒီမှာ ကောင်မလေးနှစ်ယောက် ၀တ်ထားတာဟာ ချက်ပြုတ်ဘောင်းဘီ ၀တ်ထားတာဖြစ်တဲ့အပြင် အင်္ကျီကလည်း တိုနေတာမို့ သူထိုင်တဲ့အခါ ခါးကပေါ်နေပြီး လမ်းလျှောက်ရင်း အမှတ်မထင်ကြည့်မိရင်တောင် (ကန်တော့ပါရဲ့) အတွင်းကိုတောင် မြင်နေရပါတယ်။ ဒါဟာ ဖြစ်သင့်ပါရဲ့လားရှင်။ တချို့များဆို လည်ပင်းကိုဟိုက်လွန်းလို့ ရင်ညွန့်တောင် မကတော့ပါဘူး။ အထဲကို မြင်နေရတဲ့အထိ အလွန်ကိုပါးလွန်းတဲ့ အင်္ကျီကိုလည်း အတွင်းခံမြင်နေရတာတောင် ၀တ်ကြတယ်။ အပေါ်ဘက်ကို မဟိုက်ရရင် အောက်ဘက်ကို လှည့်တို၊ အောက်ဘက်ကို မတိုရရင် အပေါ်ဘက်ကို ဟိုက်ပြနဲ့ တကယ့်ကို… တကယ့်ကိုပါပဲ။
ဆင်းရဲချမ်းသာမရွေး မိန်းကလေးငယ်အချို့ကလည်း အမြင်စုံလာတာနဲ့အမျှ အခုလို ယဉ်ကျေးမှုကိုဆန့်ကျင်ပြီး ခေတ်လွန်ဝတ်စားဆင်ယင်လာကြတယ်။ တကယ်တော့ ကျွန်မတို့ဟာ မြန်မာလူမျိုးတွေပါ။ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ထိုင်မသိမ်းနဲ့ ရင်ဖုံးအင်္ကျီ အမြဲဝတ်နေရမယ်လို့ မဆိုလိုပါဘူး။ ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ လူကြီးလူငယ်မရွေး သွားလာလှုပ်ရှားနေတဲ့ ဒီမြန်မာနိုင်ငံကြီးထဲမှာရှိတဲ့ မြန်မာမိန်းကလေးတွေဟာ အများသူငါအမြင်မှာ သင့်တော်သပ်ရပ် လှပလုံခြုံပြီး စတိုင်ကျကျ အ၀တ်အစားမျိုးကို ရွေးချယ်ဝတ်လို့ ရနေတာပဲ။ ခေတ်မီချင်ရင် ခေတ်မီအောင်ဝတ်ပေါ့။ ဘာလို့ မျက်စိရိုင်းအောင်၊ ခေတ်ကိုကျွံနေအောင်၊ အမြင်မသင့်တော်အောင် ၀တ်စရာ ဘာလိုလို့လဲ။ မိမိအဆင့်အတန်းနဲ့ လိုက်ဖက်သင့်တော်ပြီး ဂုဏ်သိက္ခာရှိရှိ ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း အများသူငါ အမြင်သင့်တော်အောင် အနည်းဆုံးတော့ အ၀တ်အစားကို ဆင်ခြင်ဝတ်ကြပါလို့ ပြောချင်ပါတယ်။
(လျှပ်တစ်ပြက် သတင်းဂျာနယ်၊ အတွဲ ၂ အမှတ် ၆၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment