ကူညီပါရစေဆိုတဲ့ စကားလုံးလေးက အမှတ်မထင် ပါးစပ်ဖျားကို ရောက်လာတဲ့အတွက် ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ။ အစကတော့ Rဇာနည်ရဲ့ ရှင်းပြခွင့်ပေးပါဆိုတဲ့ ခေါင်းစဉ်ကို ယူဦးမလို့ပါပဲ။ ဒါပေမယ့် ရှင်းပြပါရစေ ဆိုတာလေးက ပိုပြီးဖတ်ရတာ အသံချိုတဲ့အတွက် ဒီခေါင်းစဉ်ကို ရွေးမိလိုက်တာပါ။ နောက်လည်း ရှင်းပြစရာတွေကြုံလာရင် ဒီလိုပဲ ရှင်းပြပါရစေဆိုပြီး ရှင်းပြဖြစ်နေဦးမယ် ထင်ပါတယ်။
ရှင်းပြပါရစေ (၁)
ပထမဆုံး ဘလော့ဂ်ရေးသူတိုင်း မရိုးနိုင်တဲ့ စီဘောက်ကိစ္စနဲ့ပဲ စလိုက်ကြရအောင်ပါ။ ထုံးစံအတိုင်း စီဘောက်မှာ ပြောချင်ရာ၊ ရေးချင်ရာရေး၊ ဆဲချင်ရာဆဲတာဟာ ရိုးနေပြီဖြစ်တဲ့ ဘလော့ဂ်ယဉ်ကျေးမှုတစ်ရပ်ပါပဲ။ တချို့ဆိုရင် ဘာမှမဟုတ်ဘဲနဲ့ကို အပျင်းပြေ တစ်နေကုန်ထိုင်ပြီး ဆဲနေတာမျိုးကို တွေ့ဖူးပါတယ်။ အရင်ကတော့ ကျွန်တော်လည်း အဲဒီဒုက္ခ ခံစားဖူးပါတယ်။ အခုတော့ အများကြီး တိုးတက်သွားတယ်ပဲပြောမလား၊ ဒါမှမဟုတ် စိတ်မ၀င်စားကြတော့တာလားတော့ မသိပါဘူး။ ကျွန်တော့်စီဘောက်လေးဟာ သန့်သန့်ရှင်းရှင်းလေး ဖြစ်နေတတ်ပါတယ်။ ပြောချင်တဲ့လူလေးတွေလောက်သာ ၀င်ပြော၊ ၀င်မှတ်ချက်ပေးနဲ့ ကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စီဘောက်မှာ လာရေးသွားတဲ့စာတွေကို တမြတ်တနိုး၊ တလေးတစားနဲ့ကို ဖတ်ပါတယ်။ ကျွန်တော်တို့ဆီမှာက Blogger ကို ပိတ်ထားတဲ့အတွက် ပို့စ်တွေမှာ မှတ်ချက်ပေးဖို့ အဆင်မပြေဘူးလေ။ အဲဒီအတွက် သူတို့ပြောချင်တာလေးတွေကို စီဘောက်မှာပဲ အော်ခဲ့ရတာပေါ့။ အခုတလော... ကျွန်တော့်စီဘောက်မှာ အခြားသောအင်တာနက်စာမျက်နှာများက လင့်ခ်တွေ လာပေးထားတာ တွေ့ရပါတယ်။ သူငယ်ချင်းတွေကတော့ ပြောပါတယ်။ မင်းစီဘောက်မှာ စပြီး လုပ်နေကြပြီနော်တဲ့။ သတိပေးစကားဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရင်လို စိတ်တိုတာတွေ မဖြစ်တော့ပါဘူး။ သူတို့ဖတ်လို့ သဘောကျတာတွေ၊ အခြားသူတွေကို ဖတ်စေချင်လို့ ပြန်ညွှန်းပေးကြတာ ဖြစ်မှာပါလို့ ခံယူလိုက်ပါတယ်။ သူတို့ညွှန်းသည်ဖြစ်စေ၊ မညွှန်းသည်ဖြစ်စေ ကျွန်တော်ကိုယ်တိုင်လည်း အခြားစာမျက်နှာတွေမှာ ဘာတွေရေးသလဲဆိုတာကို ကြုံရင်ကြုံသလို လိုက်ဖတ်နေတာပါပဲ။ ဒါမှလည်း အမြင်စုံ၊ အတွေးစုံမှာဖြစ်ပါတယ်။ ကျွန်တော်ပြန်ကူးပြီးတင်ပေးနေတဲ့ Printed Media တွေသာလျှင် အမှန်ဖြစ်တယ်၊ အခြားအင်တာနက်ပေါ်က သတင်းတွေ၊ အတွေးအခေါ်တွေက မမှန်ဘူးလို့ ကျွန်တော်တစ်ခါမှ မပြောဖူးပါဘူး။ သူတို့တွေလည်း သူတို့အယူအဆနဲ့ သူတို့ ရှိကြမှာပါပဲ။ ပြောကြ၊ ရေးကြမှာပါပဲ။ ဒါပေမယ့် အမှန်တရားကိုဆန့်ကျင်ပြီး ငါ့စကားနွားရ ပြောတာမျိုးကိုတော့ လက်မခံပါဘူး။
ဥပမာလေးတစ်ခု ပြောပါရစေ။ ခင်ဗျားတို့အိမ်တွင်းရေးကိစ္စကို ခင်ဗျားတို့ ကိုယ်တိုင်ထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ တစ်ဖက်အိမ်ကလူကလည်း ကြားနေ၊ မြင်နေရတာသာရှိမယ်။ သူကြားသလောက်၊ မြင်သလောက်နဲ့ ဘာဖြစ်နေတာပဲ၊ ဘာလုပ်ရမှာစသည်ဖြင့် အမြင်သက်သက်၊ အကြားသက်သက်နဲ့ ဆုံးဖြတ်နေမှာပါပဲ။ တစ်ဖက်ရပ်ကွက်မှာနေတဲ့လူဆိုရင် ပိုဆိုးတော့ပေမပေါ့။ သူများက သတင်းပေးလို့ဖြစ်စေ၊ အတင်းပြောလို့ဖြစ်စေ ကြားရသိရပြီး အဲလိုတော့ မဖြစ်သင့်ဘူး၊ အဲဒါတော့ မတရားဘူး စသည်ဖြင့် အလကားရတိုင်း ဝေဖန်ပြောဆိုနေတတ်တာ လူ့သဘာဝပါပဲ။ တကယ်တမ်းခြေခြေမြစ်မြစ် သိသလားဆိုတော့လည်း သိတာမဟုတ်ပါဘူး။ အဲ... ခင်ဗျားငယ်ငယ်ဘ၀ကို ပြန်အမှတ်ရမိရင် ပိုလို့တောင် တွေးစရာရဦးမယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အကြောင်းအမျိုးမျိုးကြောင့် မိဘတွေရဲ့ အဆူခံ၊ အရိုက်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ဘယ်နှခါများ ငါတို့ အပြစ်လုပ်လို့ အိမ်ကရိုက်တယ်တို့၊ ဆူတယ်တို့ ပြောဖူးကြပါသလဲ။ ကိုယ်တွေလုပ်တာသာ အမှန်ဖြစ်တယ်၊ မိဘတွေက အလကားနေရင်း လိုက်ချုပ်ချယ်နေတာလို့ မြင်ခဲ့ကြတဲ့လူက ရာနှုန်းပြည့်နီးပါး ဖြစ်မယ်လို့ ကျွန်တော်ထင်တာပါပဲ။ အဲဒါကြောင့်လည်း ပြည်တွင်းက ပြောနေတဲ့အသံတွေက ပြည်ပကပြောသမျှတွေထက် အလေးထားနေတာ ဖြစ်ပါတယ်။
တစ်ခါတစ်လေကျတော့လည်းဗျာ... လူတွေက နိုင်ငံရေးစကားတွေသာ ပြောနေ၊ ရေးနေကြတယ်။ မိဘကို အမြင်မကြည်တဲ့ ကလေးဆိုးကြီးတွေ အတော်များပါလားလို့ တွေးမိရင်း ပြုံးမိ၊ ရယ်မိတယ်ဗျ။ အဲဒါကြောင့်လည်း ပြောကြတာထင်ပါတယ်။ သိလွန်းရင် မကောင်းဘူးတဲ့။ မှန်ပေစွတကား။
ရှင်းပြပါရစေ (၂)
ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေနဲ့ ပတ်သက်ပါတယ်။ ကြိုက်တဲ့လူတွေရှိသလို၊ မကြိုက်တဲ့လူတွေလည်း ရှိမှာပါပဲ။ အဲဒါကို ကျွန်တော်သိပါတယ်။ မကြိုက်တဲ့လူတွေက ကျွန်တော်ရေးထားတာတွေကို မကြိုက်ဘူးဆိုတာထက် ကျွန်တော့်ဘလော့ဂ်မှာ တင်ပေးနေတဲ့ ပို့စ်အများစုနဲ့ ချိန်ထိုးပြီး ဒီလိုဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေကြောင့် ကျွန်တော့်ဘလော့ဂ်ရဲ့တန်ဖိုး ကျသွားမှာကို စိုးရိမ်ကြလို့ ပြောတာလို့ မြင်မိပါတယ်။ ထိုသူများကို ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်တာပါ။ သူတို့ရင်ထဲက ကျွန်တော့်အပေါ်မှာထားတဲ့ စေတနာကို အထင်းသား မြင်နေရလို့ပါ။ ဒါပေမယ့် ကျွန်တော်မကြာခဏ ပြောနေသလိုပါပဲ၊ ကျွန်တော့်ဘလော့ဂ်ကို နာမည်မတပ်ကြပါနဲ့။ သောင်းပြောင်းထွေလာ ကျွန်တော်စိတ်ဝင်စားသမျှကို ရေးနေတာဖြစ်တဲ့အတွက် ဘောင်မခတ်ပေးကြပါနဲ့။
ကျွန်တော့်အသက်အရွယ်အရ၊ အခြေအနေအချိန်အခါအရ နိုင်ငံရေးကို စိတ်ဝင်စားတဲ့အတွက် နိုင်ငံရေးပို့စ်တွေ တင်ပေးပါတယ်။ စာဖတ်တာကို ထမင်းစားသလို ခုံမင်တဲ့အတွက် ဖတ်မိသမျှထဲက သဘောကျတာတွေကို ပြန်ဝေမျှပါတယ်။ ကိုယ်တိုင်လည်း ကဗျာရေးတာ၊ စာရေးတာကို ၀ါသနာပါတဲ့အတွက် ခံစားမိသမျှကို ကဗျာတွေ၊ စာတွေအဖြစ် ရေးပါတယ်။ ပတ်ဝန်းကျင်မှာ ကြုံသမျှကို မှတ်တမ်းတင်ချင်တဲ့အတွက် ကြုံသမျှတွေကို စာလုံးဖွဲ့သီပြီး မှတ်တမ်းတင် ရေးသားပါတယ်။ မျက်စိထဲမှာ အမြင်မတော်တာ၊ ဘ၀င်မကျတာတွေ့ရင် ကလိချင်တဲ့စိတ်၊ သရော်ချင်တဲ့စိတ်ကလေး ရှိနေတဲ့အတွက် တစ်ခါတစ်ရံမှာ ကလိမိ၊ သရော်မိပါတယ်။ စိတ်ညစ်နေတဲ့အခါ အားပါးတရရယ်မောလိုက်ရရင် ခဏဖြစ်ဖြစ် စိတ်ပြေလျော့စေတဲ့အတွက် ကာတွန်းတွေ၊ ဟာသတွေကို တင်ပေးပါတယ်။ စသဖြင့်.... စသဖြင့်ပေါ့ဗျာ။ ဗီဒီယို၊ ရုပ်ရှင်တွေကို ကြည့်ဖြစ်တဲ့ အကြောင်းကတော့ ၀တ္ထုဖတ်ဖို့အတွက် အချိန်မပေးနိုင်လို့ပါပဲ။ ကျွန်တော့်အနေနဲ့ ဗီဒီယိုတွေကြည့်တာဟာ စာအုပ်တွေဖတ်နေတာဖြစ်ကြောင်း ပြောပြ၊ ရှင်းပြတာကို နားလည်တဲ့လူ အတော်နည်းပါးနေပါသေးတယ်။ ပိုပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်ကိုယ်တိုင် မသွားနိုင်၊ မလေ့လာနိုင်တဲ့ လူ့ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းတွေကို ဇာတ်ကားတွေကနေတစ်ဆင့် ခံစားသင်ယူတာပါ။ နောက်ဆုံးဗျာ... ဘယ်သူကမှ မကြိုက်ဘူးဆိုရင်တောင် ကျွန်တော့်အတွက် ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး မှတ်တမ်းအဖြစ် ကျန်ရစ်စေချင်လို့ ဒီပို့စ်တွေကို ရေးနေခြင်းဖြစ်ပါတယ်။ အရင်ကတော့ ကြည့်ဖြစ်တဲ့ဇာတ်ကားတွေကို စာအုပ်နဲ့ပဲ မှတ်တမ်းထားပါတယ်။ အခုတော့ စာအုပ်မှာ စာတစ်မျက်နှာပြည့်အောင် ရေးဖို့တောင် အတော်ကို ကြိုးစားနေရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ ကီးဘုတ်ပေါ်မှာ လက်ကလေးတွေ လှုပ်ရှားလိုက်တာက အချိန်ကုန်သက်သာပြီး ပိုမိုလွယ်ကူအဆင်ပြေလို့ပါ။
အဲဒီအတွက် အားလုံးကိုတောင်းပန်လိုပါတယ်။ ကျွန်တော်ရေးထားတဲ့ ဗီဒီယို၊ ရုပ်ရှင်ဝေဖန်သုံးသပ်ချက်တွေက လာဖတ်သူတွေအတွက် အဖိုးမတန်ဖြစ်ခဲ့ရင်၊ အသုံးမ၀င်ဖြစ်ခဲ့ရင်၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်၊ နောက်ဆုံးဗျာ... ဆွမ်းဆန်ထဲ ကြွက်ချေးရော ဖြစ်ခဲ့ရင် ကျွန်တော်မောင်ဉာဏ်ကြီးအတွက် သီးသန့်ရေးထားတာဖြစ်ကြောင်း နားလည်ပေးကြပါဦးလို့ ရှင်းပြလိုက်ပါတယ်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။
Monday, January 25, 2010
ရှင်းပြပါရစေ - ကိုဉာဏ် (ပန်းလောင်မြေ)
Posted by Ko Nyan Posted Time 10:42 AM
Labels ကျွန်တော့်အတွေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment