Wednesday, February 03, 2010

နောက်တစ်ကြိမ်ကြိုးစားခွင့် - ဖေမြင့်


မည်သူမဆို အမှားတစ်ခု ကျူးလွန်လျှင် ထိုအမှားအတွက် အပြစ်ဒဏ်ကို ခံယူရလိမ့်မည်ဟူသည့် တင်းကျပ်သော ထုံးတမ်းစဉ်လာအောက်၌ ကျွန်တော် ကြီးပြင်းခဲ့ရသည်။ အဲဒါသည်ပင် တရားမျှတမှုဟူသော အသိမျိုးဖြင့် ကျွန်တော် ရပ်တည်ခဲ့ပါသည်။

၁၉၂၁ ခုနှစ်တွင် ဆရာဝန်ပေါက်စဘ၀နှင့် နော့သမ်ဗာလင်းဆိုသည့် အစွန်းအဖျားဒေသတစ်ခုရှိ ဆေးရုံတစ်ရုံမှာ ကျွန်တော် ကျန်းမာရေးအရာရှိအဖြစ် တာဝန်ယူခဲ့ရသည်။ ကျွန်တော်ရောက်စ တစ်ခုသော ဆောင်းညချမ်းမှာ ဆေးရုံသို့ ဆုံဆို့နာ ရောဂါသည်တစ်ယောက် ရောက်လာသည်။ လူနာက အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး။ ဆုံဆို့နာကြောင့်ဖြစ်သည့် ချွဲမြှေးက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေသဖြင့် ကလေးက မရှူနိုင် မကယ်နိုင် ဖြစ်နေသည်။ လည်ပင်းမှနေ၍ အရေးပေါ် လေရှူပေါက် အမြန်ဆုံးဖောက်ပေးမှသာ ကံကောင်း  ဘုန်းကောင်း အသက်ရှင်ချင်ရှင်နိုင်မည့် အနေအထား။

အဲသည်တုန်းက ကျွန်တော်ကလည်း အတွေ့အကြုံ အလွန်နည်းသေးသည့် အချိန်။ အရေးပေါ် လေရှူပေါက် ဖောက်ခြင်းဆိုသည်က လုပ်ရလွယ်သလောက် အလွန်လည်း ထိရောက်သည့် ခွဲစိတ်မှုတစ်ခု ဖြစ်သည်။ သို့သော် ကျွန်တော်တစ်ခါမှ မလုပ်စဖူးခဲ့။

မှန်မီးအိမ် အလင်းရောင်အောက်၌ စစ္စတာအိုကြီးတစ်ယေက်နှင့် အလုပ်သင်စ သူနာပြုဆရာမတစ်ယောက်တို့ လူနာလေးကို ခွဲစိတ်စားပွဲပေါ်မှာ နေရာချကြသည်။ လူနာကောင်လေးက အသက်ကို ပင်ပင်ပန်းပန်း ရှိုက်၍ ရှူနေရသည်။ သူတို့လုပ်ကိုင်နေသည်ကို ရပ်ကြည့်ရင်း ကျွန်တော် လက်ဖျားခြေဖျားတွေ အေးကာ ကတုန်ကယင် ဖြစ်ချင်လာသည်။

စိုးရွံ့ပူပန်စွာနှင့်ပင် သူ့လည်ပင်း သေးသေးကို ကျွန်တော်စ၍ ခွဲလိုက်သည်။ ငါ မကျွမ်းကျင်ဘူးဆိုသော အသိကြောင့် လက်က မရဲ။ သို့သော် တွန့်ဆုတ်တွန့်ဆုတ်လုပ်ရင်းကပင် သည်ကလေးအသက်ကို ရအောင်ကယ်ဆယ်လိုစိတ် ထက်သန်လာသည်။ ခွဲစိတ်မှု အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဝင်လာကာ ပို၍ ယုံယုံရဲရဲ ဖြစ်လာသည်။

ချွေးစတွေ မျက်စိထဲ ၀င်၍ မှုန်တုန်တုန် ဖြစ်နေသည့်ကြားမှ မီးအိမ်အလင်းရောင်မှာ လေပြွန်ကို ထင်ထင်ရှားရှား မြင်လာရသည်။ သည်ဟာကို ခွဲဟပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေငတ်နေသော ကောင်လေး၏ ရင်ဘတ်ထဲသို့ သည်အပေါက်မှနေ၍ လေတွေ တစ်ရှူးထိုး တိုးဝင်သွားသည်။ အားကုန်မောဟိုက်နေသည့် ခန္ဓာကိုယ်လေးမှာ စွမ်းအားသစ်တွေ ပြည့်လျှမ်းလာတာကြည့်ပြီး ကျွန်တော့်ရင်ထဲ အကြီးအကျယ် ပေါ့ပါးသက်သာသွားကာ ၀မ်းသာအားရ ထအော်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။ ထို့နောက် လေပြွန်ပေါက်မှာ ပိုက်တစ်ခု တပ်ပြီး ပြန်ပိတ်ချုပ်သည်။ ရေနွေ့ငွေ့ရှူ၍ရအောင် ကာရံပေးထားသည့် ခုတင်တွင် လူနာလေး သက်သောင့်သက်သာ ရှိနေပြီးသည့်နောက်၌ ကျွန်တော့်အခန်းရှိရာသို့ ပြန်ခဲ့သည်။ လူက အောင်မြင်မှုဖြင့် ရွှင်လန်းတက်ကြွ၍နေသည်။

လေးနာရီခန့်အကြာ ညနှစ်ချက်တီးလောက်တွင် အခန်းတံခါးကို အသည်းအသန် လာခေါက်သဖြင့် ကျွန်တော်အိပ်ရာမှ နိုးလာသည်။ သူနာပြုဆရာမလေး။

သူက လူနာခုတင်ဘေးမှာစောင့်ရင်း အိပ်ငိုက်သွားသည်။ နိုးလာတော့ လေပြွန်ပေါက်မှာ တပ်ထားသည့်ပိုက်က ပိတ်ဆို့နေသည်။ သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ဒရောသောပါး ပြေးချလာခြင်း ဖြစ်သည်။ "ဒေါက်တာ၊ ဒေါက်တာ… အမြန်လာပါ" သူ့မျက်နှာက ဖြူရော်နေသည်။ စကားက အထစ်ထစ် အငေါ့ငေါ့။

စင်စစ် သူ လုပ်ရမည်က ပိုက်မှာဆို့လာသည့် ချွဲမြှေးကို ဖယ်ရှားပစ်ဖို့ပဲ ဖြစ်သည်။ ဒါက သူနာပြုတို့အဖို့ ဘာမှ မကြီးကျယ် မခက်ခဲသည့် သမားရိုးကျ အလုပ်တစ်ခု။ ယခု သူက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ မျက်ကလူးဆန်ပြာ ပြေးလာတော့ ခွင့်မလွှတ်နိုင်သည့် ဆိုးကျိုးရလဒ်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီ။

လူနာခန်းထဲ ကျွန်တော် ရောက်သွားသည့်အချိန်တွင် ကလေးက အသက်မရှိတော့။

အချည်းနှီး အလဟဿ ဆုံးရှုံးရလေခြင်းဟု နှမြောသောစိတ်၊ လူ့အသက်တစ်ချောင်းကို သက်သက်မဲ့ ဖြုန်းတီးပစ်သည်ဟု ကြိမ်းမောင်းပစ်တင်ချင်စိတ်တို့ ကျွန်တော့်ကို လွှမ်းမိုးလာသည်။ ကျွန်တော့်အတွက် ထူးထူးခြားခြား အမှတ်တရ အောင်မြင်မှုတစ်ခု ပေါ့ဆပြီး အကြောက်ကြီးသည့် သူနာပြုဆရာမတစ်ဦးကြောင့် ပျက်စီးခဲ့ရပြီဆိုသော အတွေးက အစူးရှ အပြင်းထန်ဆုံး ဖြစ်သည်။ ကျွန်တော့်ဒေါသက အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာလေသည်။ သည်ကိစ္စကို ခရိုင်ကျန်းမာရေး ဘုတ်အဖွဲ့သို့ တင်မည်၊ သည်အမျိုးသမီးကို သည်အလုပ်က ထုတ်ပယ်စေရမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။

ညနေဘက်တွင် အလွန်ပြင်းထန်သော အစီရင်ခံစာတစ်စောင် ကျွန်တော်ရေးသည်။ စာ၌ သူ ကျူးလွန်ခဲ့သော ပြစ်ချက်ကို ဖိဖိစီးစီး ဖော်ပြသည်။ ထို့နောက် သူ့အား ရုံးခန်းသို့ ဆင့်ခေါ်ကာ အစီရင်ခံစာကို လေသံပြင်းပြင်းနှင့်ပင် ကျွန်တော်ဖတ်ပြလိုက်သည်။

ကျွန်တော် ဖတ်ပြသမျှကို သနားစဖွယ် တိတ်ဆိတ်စွာပင် သူ နားထောင်နေသည်။ စင်စစ် သူက ဝေလနယ်သူ ရိုးရိုးအအ တစ်ယောက်ဖြစ်သည်။ လူက ပိန်သည်။ သဏ္ဌာန်ဟန်ပန်ကလည်း သိပ်အချိုးမကျ။ အစာအာဟာရ မပြည့်ဝသဖြင့် လူကလည်း အားအင်သိပ်မရှိချင်၊ သည်အထဲမှာ ရှက်တာရယ် ၀မ်းနည်းတာရယ် ကြောက်ရွံ့တုန်လှုပ်တာရယ် ပေါင်းလိုက်တော့ မူးချင်မေ့ချင်သလိုပင် ဖြစ်နေပုံရသည်။

သူ့ထံမှ ဘာအကြောင်းပြချက်တစ်ခုမှ မရသည့်အခါ ကျွန်တော်ပို၍ ဒေါသထွက်လာသည်။ တကယ်ဆိုလျှင် သူ့အနေနှင့် အလုပ်တွေ ဆက်တိုက်ပင်ပန်းသွားသောကြောင့် ယခုလို မတော်တဆ ဖြစ်သွားရတာပါ ဘာညာစသဖြင့် ဆင်ခြေဆင်လက်ပေး၍ ရနိုင်သည။ ယခုတော့ ဘာမှမဆို။ "မင်း ဘာတစ်ခွန်းမှ မပြောနိုင်တော့ဘူးလားကွ၊ ဟေ" ကျွန်တော် ဒေါသနှင့် ဟောက်လိုက်မိသည်။

သူက ခေါင်းခါသည်။ ထို့နောက်မှ ရုတ်တရက် မ၀ံ့မရဲအသံနှင့် ဆိုသည်။

"ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ ဆရာ" တဲ့။

ကျွန်တော် ရုတ်တရက် အမ်းသွားသည်။ ကျွန်တော့်ခေါင်းထဲမှာ အဲသည်စိတ်ကူးမျိုး လုံးဝမရှိခဲ့။ ကျွန်တော့်ကို လွှမ်းမိုးနေခဲ့သည့် တစ်ခုတည်းသော အတွေးက သူ့အပြစ်ဒဏ် သူခံရမည်ဆိုတာပဲ ဖြစ်သည်။ ကျွန်တော် သူ့ကို စိန်းစိန်းကြည့်နေမိသည်။ ပြီးမှ သွားတော့ဟု ပြတ်ပြတ်တောက်တောက်ပင် ပြောလိုက်သည်။ အစီရင်ခံစာကို လက်မှတ်ရေးထိုးပြီး ရုံးတံဆိပ် နှိပ်လိုက်သည်။

အဲသည်ည တစ်ညလုံး ကျွန်တော် ကောင်းကောင်း အိပ်မရ။ "ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ" ဆိုသည့် စကားသံက ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ကျွန်တော့် တရားစီရင်ချက်သည် တကယ် တရားမျှတသော စီရင်ချက် ဟုတ်ရဲ့လား၊ ကနဦးခေတ် လူသားတွေ၏ လက်စားချေစိတ်နဲ့ တုံ့ပြန်ဒဏ်ခတ်မှုမျိုးများ ဖြစ်နေမလားဟူသော အတွေးများက ထပ်ပြန်တလဲလဲ ခြောက်လှန့်နှောင့်ယှက်နေခဲ့သည်။

သည့်အတွက်နဲ့များ အိပ်မပျော်နိုင် ဖြစ်ရသလားဟု ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသထွက်မိသေးသည်။ သို့သော် မနက်တွင်တော့ စင်ပေါ်တင်ထားသည့်စာကို ကျွန်တော်ပြန်ယူကာ အစီရင်ခံစာကို ဆုတ်ဖြဲပစ်ခဲ့သည်။

ဤသည်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အဖြစ်အပျက် ဖြစ်သည်။ အဲသည်တုန်းက လူနာလေးတစ်ယောက် အသက်ဆုံးရှုံးရအောင် မှားယွင်းချွတ်ချော်ခဲ့သည့် သူနာပြု ဆရာမလေးသည် ယခုအခါ၌ ဝေလနယ်ရှိ အကြီးဆုံး ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာတွင် သူနာပြုဆရာမအုပ်ကြီးအဖြစ် အောင်မြင်စွာ တာဝန်ထမ်းရွက်လျက် ရှိနေပေပြီ။ သူမကား သူနာပြုသက်တမ်း တစ်လျှောက်လုံးပင် မိမိအလုပ်တွင် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်လုပ်ကိုင်သူအဖြစ် သူတကာ စံနမူနာယူရသူတစ်ဦး ဖြစ်ခဲ့သည်။

လွန်ခဲ့သောအပတ်က ကျွန်တော် ဓာတ်ပုံတစ်ပုံ ရပါသည်။ သူနာပြုဆရာမအုပ်ကြီးဝတ်စုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်၊ သူမအနီးမှာ ကလေးတွေ ၀ိုင်းရံလျက်။

ဓာတ်ပုံက ဗုံးခိုကျင်းတစ်ခုအတွင်းမှာ ရိုက်ထားခြင်းဖြစ်သည်။ သူမ မျက်နှာမှာ စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှု အရိပ်လက္ခဏာများ ထင်ဟပ်နေသည်။ သို့သော် သူမကို မော့ကြည့်နေကြသည့် ကလေးများ မျက်နှာမှာတော့ ချစ်ခင်စိတ် အားကိုးယုံကြည်စိတ်တွေ အပြည့်နှင့်။

"ကျွန်ုပ်တို့အပေါ် ကျူးလွန်သည့် သူတစ်ပါးတို့၏ ပြစ်မှုကို ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့၊ ကျွန်ုပ်တို့ ပြစ်မှားကျူးလွန်မိသည်များကိုလည်း ခွင့်လွှတ်တော်မူပါ" ဟူ၍ ကျွန်တော်တို့ ဆုတောင်းလေ့ရှိကြပါ၏။ ထိုဆုတောင်းကလေးသည် ရိုးစင်းလွယ်ကူသလောက် လက်တွေ့ကျင့်သုံးရန် ခက်ခဲလှပါသည်။ သို့သော် တကယ်ကျင့်သုံးမည်ဆိုလျှင်ကား တကယ်ပင် အကျိုးကျေးဇူး ကြီးမားလှချေသည်။

A.J. Cronin, Reward of Mercy

(ဖေမြင့် ၏ "ဘ၀ဒဿန ရသစာများ" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics