Tuesday, February 02, 2010

အကြည့်များ၊ အပြုံးများ Smiles & Eyes - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကိုးနှစ်ခန့် ကြာခဲ့ပြီဖြစ်သည့် တစ်ခါက ဖြစ်ပါသည်။ ရန်ကုန်မှာ အဲယားကွန်းဘတ်စ်စီးနေစဉ် အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ ကျွန်တော့်မှတ်ဉာဏ် မချွတ်ချော်သေးဘူးဆိုလျှင်တော့ အမှတ် ၅၁ လိုင်းပေါ်မှာဟု ထင်ပါသည်။ မြို့ထဲတွင် ၀ယ်စရာ၊ ခြမ်းစရာ၊ လည်ပတ်ကြည့်ရှုစရာ ကိစ္စများ ပြီးဆုံးပြီးနောက် ခေတ္တတည်းခိုနေထိုင်ရာ အဘွားအိမ်သို့ ပြန်ရန်အတွက် ကားဂိတ်သို့ သွားပါသည်။ ရန်ကုန်မှာ ကျွန်တော်နှင့် ဘယ်တော့မှ အသားမကျသည်က မတ်တတ်ရပ်၍ ကားစီးရခြင်း ဖြစ်ပါသည်။ ဟိုနားကို တိုးလိုက်ရ၊ ဒီဘက်ကို ကပ်လိုက်ရ၊ ဟိုလူ့ကိုတွန်းမိလိုက်၊ ဒီလူ့ကို တိုက်မိလိုက်ဖြင့် ဘယ်တော့မှ အိနြေ္ဒမရသည့်အလုပ်ကို လုပ်ရတာကို အင်မတန်မှ စိတ်ညစ်ပါသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး ထိုင်ခုံနေရာ အဆင်ပြေမှသာ စီးဖြစ်ပါသည်။ ထားပါတော့၊ စကားကိုပြန်ဆက်ရလျှင် ၅၁ လိုင်းပေါ်တွင် မှတ်တိုင်အစသို့ ရောက်အောင်သွား၍ ထိုင်ခုံနေရာ ရအောင်ဦး၍ ထိုင်နေလိုက်ပါသည်။ ပေးရမည့်ပိုက်ဆံကို လက်တွင်အဆင်သင့်ကိုင်ရင်း ပါလာသည့်စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်ပါသည်။ ကားကပုံမှန်ထွက်သည်။ ခရီးသည်ကလည်း ပုံမှန်ပင် တက်လိုက်၊ ဆင်းလိုက်နှင့်။ စပယ်ယာက ကားခလိုက်တောင်းတော့ ပေးလိုက်သည်။ အားလုံးပုံမှန်ပါပဲ။ အစက အခွံသက်သက်၊ အချောင်ကြီးရှိနေခဲ့သော ကားတစ်စီးလုံးသည် ဘယ်လိုမှကို လူးလို့လှုပ်လို့မရတော့သည့် အခြေအနေသို့ ရောက်နေသည်ကို မြင်ရပါသည်။ ထိုင်ခုံမှာ ထိုင်နေသည့်အတွက်သာ တော်သေးတော့သည်။ ဒါတောင် ခြေထောက်အောက်မှာ လာထည့်ထားသည့် အထုပ်တွေ၊ ခြင်းတွေကြောင့် ခြေထောက်က ဆန့်လို့လည်းမရ၊ လှုပ်လို့လည်းမရ။ ထိုင်နေရတာကိုပဲ ကံထူးပေစွဆိုပြီး လျစ်လျူရှုထားလိုက်ပါတယ်။

ပတ်ဝန်းကျင်ကို တစ်ချက်မျက်စိကစားမိလိုက်တယ်။ အဖြစ်က အဲဒီမှာစတာပဲ။ ကိုယ့်စာအုပ် ကိုယ်ဖတ်နေလျှင် အကောင်းသား၊ အခုတော့ မျက်စိရှည်မိသည့်အတွက် မြင်ရတော့တာပေါ့။ ကျွန်တော့်ထက် ၃-၄ နှစ်ခန့် ကြီးပုံရသည့် အစ်မကြီးတစ်ဦးကို တွေ့ရသည်။ ကုမ္ပဏီတစ်ခုခုက ၀န်ထမ်းဖြစ်ပုံရသည်။ သတ်မှတ်ဝတ်စုံတစ်ခုကို ၀တ်ဆင်ထားသည်မို့ပါ။ လှသည်ဟု မပြောနိုင်သော်လည်း အတော်တော့ ကြည့်လို့ကောင်းသည့် ခပ်ချောချောအမျိုးသမီးဟု ဆိုနိုင်သည်။ ထိုအစ်မကြီးဘေးမှာ အရက်မူးနေဟန်တူသည့် သကောင့်သားတစ်ယောက်၊ ဘေးမှာက ချွေးသံရွှဲရွှဲနှင့် ဈေးရောင်းပြီးပြန်လာပုံရသည့် အမျိုးသမီးကြီးတစ်ဦး။ ကြည့်ရသည့်မြင်ကွင်းက သိပ်တော့ မကောင်းလှ။ အစ်မကြီးကြည့်ရတာ ဘေးကအရက်သမားကြောင့် အတော်လေးကို စိတ်ကသိကအောက် ဖြစ်နေပုံရသည်။ နှာခေါင်းလေးကလည်း ရှုံ့မဲ့နေသည်။ သူ့ကို တစ်ယောက်ယောက်က ကြည့်နေသည်ကို အလိုလိုသိသွားပုံရသည်။ မျက်လုံးအစုံက ကျွန်တော့်ဆီသို့ ရောက်လာသည်။ ဘယ်လိုမှ ရှောင်ချိန်မရလိုက်။ ကျွန်တော့်အကြည့်တွေများ ရိုင်းသွားသလားလို့ အတော်လေး အားနာသွားသလို၊ ခိုးကြည့်နေမိသည့်အတွက် ရှက်လည်းရှက်သွားသည်။ သို့သော် သူမ၏ မျက်ဝန်းအစုံတွင် စကားလုံးတွေကို မြင်လိုက်၊ ကြားလိုက်ရသည်။ အားကိုးတကြီး၊ မျှော်လင့်ချက်တကြီးဖြင့် ကြည့်နေသော ထိုမျက်ဝန်းအကြည့်များကို ကျွန်တော်လျစ်လျူရှု မနေနိုင်ခဲ့ပါ။ သူသာ ကျွန်တော့်အစ်မများ ဖြစ်နေခဲ့ရင်ဆိုတဲ့စိတ်က ချက်ချင်းပင် ကျွန်တော့်ကို ဖိအားပေးသည်။ ကိုင်ထားသည့်စာအုပ်ကို အထုပ်ထဲသို့ သေချာပြန်ထည့်သည်။ ထို့နောက် မျက်စပစ်၍ လေသံတိုးတိုးလေးဖြင့် "အစ်မ… ဒီမှာလာထိုင်ပါခင်ဗျ" ဟု ပြောလိုက်သည်။ ခေါင်းလေးညိတ်ပြပြီး ခပ်ကွေးကွေးပြုံးပြလိုက်သော အပြုံးကို ကျွန်တော် ဒီနေ့အထိ မမေ့ပါ။ အထူးသဖြင့် သူမ၏မျက်လုံးများတွင် မြင်လိုက်ရသည့် ပြောပြဖို့ခက်ခဲသည့် အကြည့်တစ်ခု ဖြစ်ပါသည်။ ၀တ်ကျေတန်းကျေမဟုတ်ဘဲ ရင်ထဲကလာမှန်း ကျွန်တော်အသေအချာ သိနေပါသည်။

ထိုအစ်မကြီးကို နေရာဖယ်ပေးလိုက်သည့်အတွက် ကျန်သည့်လူများ၏ အကြည့်များက ကျွန်တော့်ထံ စုပြုံရောက်ရှိလာပါတော့သည်။ သူတို့၏ အကြည့်များက ကျွန်တော့်ကို ချက်ချင်းပင် လဲသေသွားစေနိုင်လောက်အောင် ဆိုးဝါးလွန်းပါသည်။ အခက်အခဲဖြစ်နေသည့် အမျိုးသမီးတစ်ဦးအား နေရာဖယ်ပေးလိုက်ခြင်းကို အဘယ်ကြောင့် ရာဇ၀တ်မှု ကျူးလွန်သူတစ်ယောက်ကို ကြည့်ပုံမျိုးဖြင့် ကြည့်ကြသနည်းဟု ကျွန်တော်နားမလည်နိုင်ပါ။ ထိုအကြည့်များကိုလည်း ယနေ့အထိ ကျွန်တော်အမှတ်ရ နာကျင်နေမိဆဲ ဖြစ်ပါသည်။

(၂)
ကျွန်တော့်အတွက် ပြင်ဦးလွင်မှာနေရသည့် အကြီးမားဆုံးဆုလဒ်ကတော့ သစ်ပင်ပန်းမာလ်များကို အမြဲတစေ ထိတွေ့ခွင့်၊ မြင်တွေ့ခွင့်၊ နမ်းရှိုက်ခွင့် ရရှိခြင်းပဲ ဖြစ်ပါသည်။ သဘာဝတရားကြီး၏ အလှဆုံးသားသမီးတွေဖြစ်သည့် သူတို့လေးတွေကို ကျွန်တော် အရမ်းချစ်ပါသည်။ လမ်းဘေးမှာ စိမ်းရောင်သန်းနေသည့် မြက်ခင်းပြင်လေးတွေကို ကြည့်ရတာတောင်မှ စိတ်ထဲမှာ ကြည်နူးမဆုံး၊ ရွှင်ပျမဆုံးနိုင်ပါ။

ကျွန်တော်အရမ်းချစ်သည့် ချယ်ရီပန်းတွေပွင့်တော့ အတော်လေးကို ပျော်နေမိသည်။ ချယ်ရီပင်တွေမှာ သူတို့လေးတွေ အရောင်အသွေးလှပစွာဖြင့် ပင်လုံးကျွတ် အလှဆင်နေကြတာကို ငေးမောကြည့်ရှုရသည့် အရသာသည် မက်ဒေါနယ်လ်မှာ ဘာဂါစားရတာ၊ အာလူးကြော်စားရတာ၊ ကိုကာကိုလာ သောက်ရတာထက် အများကြီးပိုပါသည်။ အကိုင်းနိမ့်သော ချယ်ရီပန်းများကို အနည်းငယ်ချိုးကာ ကျွန်တော့်စားပွဲက ပန်းအိုးမှာ ထိုးထားဖြစ်သည်။ တစ်ရက်တော့ ကျွန်တော့်ညီမငယ်တစ်ယောက်က စကားစပ်မိရင်း ချယ်ရီပန်းတွေ လိုချင်သည်ဟု ပြောပါသည်။ ယခင်က ပြင်ဦးလွင်တွင် နေခဲ့ဖူးသည့် သူမအတွက် ချယ်ရီပန်းတွေသည် အချစ်ဆုံးငယ်ပေါင်းသူငယ်ချင်းတွေ ဖြစ်နေမှာကို ကျွန်တော်သိသည်။ ချယ်ရီမရှိသည့် အဝေးတစ်နေရာသို့ ရောက်နေချိန်တွင် သူ့သူငယ်ချင်းတွေနဲ့ ဆုံတွေ့ချင်မှာကို သံသယမဖြစ်မိပါ။ အဲဒါကြောင့် ပို့ပေးမည်ဟု အာမဘန္တေခံလိုက်သည်။ ညနေခင်းတစ်ခုတွင် ချယ်ရီပန်းအခူးထွက်ရသည်။ ကတ်ကြေးတစ်လက်ဖြင့် အပင်နိမ့်နိမ့် ချယ်ရီပင်များကို မှီသလောက် လိုက်ဖြတ်ရသည်။ တစ်ပင်တည်းမှာတင် အကုန်လုံး မဖြတ်ချင်သည့်အတွက် ပင်ပန်းလှသည်။ တစ်ပင်ကို နည်းနည်း၊ နောက်တစ်ပင်ကို နည်းနည်းဖြင့် လိုက်ဖြတ်ရသည်။ လမ်းဘေးမှာ ဟိုနေရာရပ်၊ ဒီနေရာရပ်၊ ကတ်ကြေးတစ်လက်ဖြင့် ချယ်ရီကိုင်းတွေ လိုက်ဖြတ်နေသော ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်နှယ် ကြည့်သွားကြသည့် မျက်လုံးများကို ကျွန်တော် မသိချင်ယောင် ဆောင်နေလိုက်သည်။ ချယ်ရီပန်းလေးတွေ ညှိုးသွားမှာစိုးသည့်အတွက် တစ်ညလုံး အရိပ်တကြည့်ကြည့် ဖြစ်နေသည့်ကျွန်တော့်ကို သူငယ်ချင်းအချို့က ပြုံးကြသည်ကိုလည်း ကျွန်တော်လျစ်လျူရှုလိုက်သည်။ ထိုအပြုံးများ၏ အဓိပ္ပါယ်ကို ကျွန်တော် မသိချင်ပါ။ ချယ်ရီပန်းတွေထည့်ထားသော ကတ်ထူဘူးကို နောက်တစ်နေ့ ကားဂိတ်ကို ပါဆယ်သွားထည့်တော့ ဘာတွေလဲဟု မေးသည်။ ချယ်ရီပန်းတွေပါဟု ဖြေလိုက်သည်။ ကားဂိတ်မှ တာဝန်ခံဖြစ်ပုံရသည့် ငတိက ဘောက်ချာရေးမှာကို အေးအေးဆေးဆေး မရေးဘဲ ကျွန်တော့်ကို မော့ကြည့်လိုက်သေးသည်။ ပြီးတော့ တစ်ချက်ပြုံးသည်။ ဘယ်သူ့ဆီပို့မှာလဲဟု လိပ်စာမေးသဖြင့် ပြောလိုက်သည်။ ထပ်ပြုံးသည်။ စိတ်ကို ချုပ်တီးလိုက်ပါသည်။ နားလည်ပေးလိုက်ပါသည်။ သူ့ကိုကြည့်ပြီး ကျွန်တော့်နှုတ်ခမ်းတွေ အလိုလိုပြုံးမိသွားသည်။ ထိုအပြုံးရဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်တော်ကိုယ်တိုင်မှတစ်ပါး ……..။

(၃)
ကျွန်တော် ကျောင်းဆရာ စဖြစ်စအချိန်။ သင်ခန်းစာကို အားမာန်အပြည့်၊ စူးစိုက်မှုအပြည့်ဖြင့် ရှင်းပြနေခဲ့သည်။ ဖတ်မှတ်ထား၊ သိနားလည်ထားသည့် အကြောင်းအရာများက တစ်ခုပြီးတစ်ခု ခေါင်းထဲမှာ စီရရီ ပေါ်လာသည့်အတွက် မူလပြင်ဆင်ထားသည်ထက် အများကြီးပိုကောင်းအောင် ပြောပြနိုင်၊ ရှင်းပြနိုင်ခဲ့သည်။ စာသင်ခန်းတစ်ခုလုံးကလည်း ငြိမ်သက်နေသဖြင့် သူတို့အားလုံး စိတ်ပါဝင်စားစွာ ကျွန်တော့်ပို့ချမှုကို နားထောင်မှတ်သားနေသည်ဟု မှတ်ယူလိုက်သည်။

ကျွန်တော့်ရဲ့ ရှင်းပြချက်အဆုံးမှာ အတန်းရဲ့ သဘောထား၊ အခြေအနေကို သိချင်သည့်အတွက် မေးမြန်းဆွေးနွေးရန် သူတို့ကို အာရုံပြန်ထားပြီး ကြည့်လိုက်သည်။ သူတို့အားလုံး ကျွန်တော့်ကို ကြည့်နေကြသည်။ ဟုတ်သည် အားလုံး၏ မျက်လုံးအစုံသည် ကျွန်တော့်ထံတွင် ရှိနေကြသည်။ သို့သော် သူတို့အကြည့်များ၏ အဓိပ္ပါယ်ကို ကျွန်တော်ချက်ချင်း သိလိုက်သည်။ ခဏတာနားချိန်အဖြစ် သတ်မှတ်ပေးလိုက်သည်။ နောက်တစ်ချိန်တွင် ထိုအကြည့်များအစား အခြားသော ကျွန်တော်လိုချင်သည့် အကြည့်များဖြစ်အောင် ကျွန်တော်စွမ်းဆောင်ရဦးမည်။

ဘာပဲဖြစ်ဖြစ် ထိုအကြည့်များက ကျွန်တော့်အတွက် အများကြီး အဖိုးတန်ခဲ့ပါသည်။ အဲဒီကတည်းကစပြီး အခုအချိန်အထိ ထိုအကြည့်များကဲ့သို့သော အကြည့်များကို ကျွန်တော့်တပည့်များထံမှာ ဘယ်တော့မှ ကျွန်တော်မမြင်ရတော့ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်၊ အင်္ဂါနေ့။
နံနက် ၀ နာရီ ၄၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics