Wednesday, February 03, 2010

ဒီမိုကရေစီ ရီဆက်ရှင်းနှင့် စပွန်ဆာအကြောင်း - မောင်စူးစမ်း


စီးပွားရေးတွင် အတက်နှေးခြင်းနှင့် ကျဆင်းခြင်း မတူပေ။ ကျဆင်းခြင်းကို recession ရီဆက်ရှင်းဟု ခေါ်သည်။ ယခု နယူးယောက်ခ်တိုင်းမ် ပင်တိုင်ဆောင်းပါးရှင် သောမတ်(စ်)အယ်လ်ဖရိုက်မင်းက စီးပွားရေးရီဆက်ရှင်းကို ဒီမိုကရေစီ ရီဆက်ရှင်း democracy recession နှင့် တွဲ၍လေ့လာသည်။ လက်ရှိ၌ စီးပွားရေးရီဆက်ရှင်း ဖြစ်နေသည်။ ဘယ်လောက်ထိ ဆိုးဝါးလာသနည်းဆိုသော် ၁၉၃၀ ပြည့်နှစ်၌ ဖြစ်ပွားသော မဟာစီးပွားပျက်ကပ်ကြီး great depression ထက် ပိုပြီး ဆိုးဝါးမည်လားဟု သုံးသပ်သည်အထိ ဖြစ်သည်။

စီးပွားရေးရီဆက်ရှင်းနှင့်အတူ ဒီမိုကရေစီရီဆက်ရှင်းလည်း ဖြစ်နေသည်။ "ဒီမိုကရေစီ ရီဆက်ရှင်း" ဆိုသော စကားရပ်ကို စတန်းဖို့ဒ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ လာရီဒိုင်းမွန်းက ထွင်သည်။ ဒီမိုကရေစီအလားအလာနှင့် ရွေးကောက်ပွဲတို့ကို ကြည့်၍ ဒီမိုကရေစီဖြစ်ထွန်းမှုသည် တိုးတက်နေသလား၊ ကျဆင်းနေသလားဟု ခန့်မှန်းကြည့်သည်။ ၂၀၀၇ ခုနှစ်သည် ဒီမိုကရေစီဖြစ်ထွန်းမှု အနည်းဆုံးကာလဟု ဖရီးဒမ်ကော့(စ်)က သုံးသပ်သည်။

ဒီမိုကရေစီရီဆက်ရှင်းဖြစ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဖရိုက်မင်းက အချက်နှစ်ချက်ပြသည်။ ပထမအချက်မှာ ရေနံဈေးနှုန်းတက်ခြင်းဖြစ်၍ ဒုတိယအချက်သည် အမေရိကန်၏ သြဇာအာဏာကျဆင်းမှုကို ပြသည်။

ဤအတွက် အီရတ်တွင် အမေရိကန်က စပွန်ဆာလုပ် ထူထောင်ပေးထားသော ဒီမိုကရေစီ အခြေမခိုင် ယိမ်းယိုင်နေပုံကို သက်သေထူသည်။

ယန္တရားရွေးထုတ်
မည်သို့ပင်ဖြစ်စေ၊ ဒီမိုကရေစီဖြစ်ထွန်းမှု ဖြစ်စဉ်တွင် ရွေးကောက်ပွဲတို့သည် ဗဟိုသော့ချက် ကျနေသည်။ ရွေးကောက်ပွဲတို့ကို
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပပေးသည်။
(၂) ပဋိပက္ခစီမံခန့်ခွဲမှု ကိရိယာ conflict management tools အနေဖြင့်လည်း ကျင်းပပေးသည်။
(၃) မဟာဗျူဟာထွက်ပေါက် strategic exit အနေဖြင့်လည်း ကျင်းပပေးသည်။

မည်သည့်နည်းဖြင့် ကျင်းပကျင်းပ ရွေးကောက်ပွဲသည် ယေဘုယျအားဖြင့်ပြောလျှင် တစ်စုံတစ်ရာသော နိုင်ငံရေးအာဏာအဆောက်အအုံ political powers structure တစ်ရပ်ကို မွေးထုတ်မည်ဖြစ်သည်။ စီမံခန့်ခွဲမှုပညာစကားနှင့် ပြောလျှင် ရွေးကောက်ပွဲတွင် ပေါ်လစီချမှတ်သော ယန္တရားနှင့် ဖြစ်စဉ်၊ ဆုံးဖြတ်ချက်ချမှတ်သော ယန္တရားနှင့် ဖြစ်စဉ် policy making and decision making mechanism and process ကို မွေးထုတ်မည်ဖြစ်သည်။

နည်းသုံးနည်း
ထို့အပြင် ရွေးကောက်ပွဲသည် လက်ရှိ ပိုနေမြဲကျားနေမြဲ အနေအထား status quo ကိုလည်း ပြောင်းလဲသွားစေမည့် လူပြိန်းစကားနှင့်ပြောလျှင် ရွေးကောက်ပွဲကြောင့် "အထိုင်" ပြောင်းသွားမည်။ တည်ဆဲအခြေအနေ (ပိုနေမြဲ ကျားနေမြဲ အနေအထား) အထိုင် ပြောင်းသွားခြင်းကိုပင် အခွင့်အလမ်းအဖြစ် မြင်အပ်သည်။ ကြိုဆိုအပ်သည်။ ပေါ်လစီ ချမှတ်သော ယန္တရားဆုံးဖြတ်ချက် ချမှတ်သော ယန္တရားအသစ် ပေါ်လာခြင်းဖြစ်သည်ကိုဆိုလျှင် ပိုပြီးကြိုဆိုအပ်သည်။

နိုင်ငံရေးသည် ဖြစ်နိုင်ခြေကို အခြေခံရသော အထက်ပါ politics is the art of possible ဟု အဆိုရှိသည်။ ဖြစ်နိုင်ချေတို့ကို တွက်ရာတွင် လက်တွေ့ကျရမည်။ ပကတိအစစ်အမှန်ကို ထင်ဟပ်ရမည်။ ဆန္ဒစွဲကင်းရမည်။ စိတ်ကူး မယဉ်ရပေ။ ကမ္ဘာအနှံ့ ဒီမိုကရေစီဖြစ်ထွန်းမှုတို့တွင် ဒီမိုကရေစီအတွက် လောကအလုံးစုံ အကျုံးဝင်လာသောစံ အကြွင်းမရှိ၊ အနှိုင်းမရှိ၊ အတုမရှိသောစံ universal and absolute criteria တို့သည် အစစ်အမှန်တို့ကြားထဲ လိန်ကျစ်ကောက်ကွေးထွက်ကုန်သည်။ ပို့(စ်)မော်ဒန် သဘောတရားအရ အရာတိုင်းသည် ဒေသ (local) ဖြစ်ကုန်သည်။ သဘောမှာ ဒီမိုကရေစီအရေးတွင် ဒေသတွင်း၏ အရှိကို အရှိအတိုင်း မျက်မှောက်ပြုရခြင်းကို ရည်ညွှန်းသည်။

ဒီမိုကရေစီပါရဂူတို့က ဒီမိုကရေစီဖြစ်ထွန်းမှု democratization နှင့် ပတ်သက်၍ နည်းသုံးနည်း ဖော်ထုတ်ထားကြသည်။ အောက်ခြေနည်း တစ်နည်းနှင့် စပွန်ဆာနည်း နှစ်နည်း ဖြစ်သည်။ အောက်ခြေနည်းဆိုသည်မှာ လူထုအုံကြွမှုဖြစ်ထွန်းသော ဒီမိုကရေစီဖြစ်ထွန်းမှု ဖြစ်သည်။ ဤနည်းသည် မြန်မာနိုင်ငံအဖို့ ၈၈ အရေးအခင်းတွင် မောသွားပြီ။ အားကုန်သွားပြီ။

အထက်စပွန်ဆာ
စပွန်ဆာနည်း နှစ်နည်း ကျန်သည်။ ပထမစပွန်ဆာနည်းသည် နိုင်ငံခြား ပြင်ပမှ စပွန်ဆာလုပ်ပေးလို့ ဒီမိုကရေစီ ဖြစ်ထွန်းရခြင်းဖြစ်သည်။ ဘော့စနီးယားနည်းနှင့် စစ်ပြီးခေတ် ဂျပန်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့ကို သာဓကပြသည်။ ပြင်ပမှ စပွန်ဆာလုပ်ရသည်မှာ အခြေအနေနှစ်ရပ်အနက် တစ်ရပ်ရပ်ကြောင့် ဖြစ်သည်။ ပထမအချက်သည် စစ်ရှုံးနိုင်ငံတို့ကို စစ်နိုင် နိုင်ငံတို့က ဒီမိုကရေစီထူထောင်ပေးရန် တာဝန်ရှိသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ နိုင်ငံတို့သည် နိုင်ငံတော်ကို ထူထောင်ရန် အစွမ်းမဲ့သွားသောကြောင့် ဖြစ်သည်။ failed states များဟု ခေါ်သည်။ အရေးနိမ့်နိုင်ငံတို့တွင် ပြင်ပစပွန်ဆာဖြင့် ဒီမိုကရေစီ ထူထောင်သည်။

မြန်မာနိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတော်ထူထောင်ရန် အစွမ်းမဲ့သော နိုင်ငံမဟုတ်ပေ။ failed state မဟုတ်ပေ။ ထို့ကြောင့် ပြင်ပမှ စပွန်ဆာ လုပ်ပေးရန် အကြောင်းမရှိ။ သို့ဖြစ်ရာ အောက်ခြေဖိအား နည်းသည်။ စွမ်းပကားကုန်ခန်း၊ ပြင်ပစပွန်ဆာနည်းကလည်း မဖြစ်နိုင်သောအခါတွင် အထက်မှ စပွန်ဆာလုပ်သောနည်းသာ ကျန်တော့သည်။ အာဏာရှိ အဖွဲ့အစည်းက စပွန်ဆာလုပ်ပေး၍ ဒီမိုကရေစီ ဖြစ်ထွန်းစေသောနည်းသာ ကျန်တော့သည်။ ဤနည်းကို democracy sponsored from above ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က နာမည်ပေးသည်။ လိုရင်းပြောလျှင်
(၁) အောက်ခြေမှ ဖိအားနည်း from below
(၂) ပြင်ပစပွန်ဆာနည်း from beyond
(၃) အထက်စပွန်ဆာနည်း from above တို့ဟူ၍ နည်းသုံးနည်းရှိသည့်အနက် မြန်မာ့ဒီမိုကရေစီသည် တတိယနည်းဖြင့် ပေါ်ရတော့မည်။

ဆိုခဲ့ပါ တတိယနည်းဖြင့် လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေအထိုင် ပြောင်းမည်။ ရွေးကောက်ပွဲပြီးလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပုံသွင်းလိုက်သော ပေါ်လစီချမှတ်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှု ယန္တရားနှင့် ဖြစ်စဉ်အသစ်တို့ ပေါ်မည်။ ယန္တရားအသစ်တို့သည် ထိရောက်ထက်မြက်မှု efficient ဘယ်လောက်ဖြစ်မည်ကိုကား လက်တွေ့စောင့်ကြည့်ရမည့် သဘောရှိသည်။

Ref: IHT, 8 May 08.
Weekly Eleven 24-9-2008

(မောင်စူးစမ်း ၏ "ရွေးကောက်ပွဲ နိုင်ငံရေး"စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

1 comment:

  1. Anonymous4:41 PM

    Ahaa, its nice conversation concerning this article here at this webpage, I have read all that, so
    now me also commenting here.
    my page: topografía

    ReplyDelete

 
Web Statistics