Wednesday, February 03, 2010

လိုအပ်ချက်နှင့် ဖြည့်ဆည်းမှု - အောင်ထွဋ်


မည်သို့ပင်ဖြစ်စေကာမူ ရွေးကောက်ပွဲများကြောင့် ကောင်းကျိုးများ ရှိတတ်ပါသည်၊ ရှာကြည့်ပါဟု စာရေးသူ၏ နိုင်ငံရေးသိပ္ပံဆရာတစ်ဦးက ပြောဖူးပါသည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ် စနစ်ပြောင်းရန် ပြုလုပ်သော ရွေးကောက်ပွဲဖြစ်သည်။ မည်သို့သောရလဒ် ဖြစ်သည်ဖြစ်စေ အပေါ်ထပ် အဆောက်အဦပုံသဏ္ဌာန် ပြောင်းမည်ဖြစ်သည်။ Objectionable မဟုတ်လျှင် Acceptable ဟု သတ်မှတ်ကြမည်သာ ဖြစ်သည်ဟု စာရေးသူကို အာဆီယံသံတမန်တစ်ဦးက အလွတ်သဘော ပြောဖူးပါသည်။

နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲများ ပြုလုပ်သောအခါ သက်ဆိုင်ရာ နိုင်ငံရေးပါတီအသီးသီးက မိမိတို့ ရွေးကောက်ပွဲတွင် အနိုင်ရသင့်ကြောင်း နည်းအမျိုးမျိုးနှင့် သက်သေထူကြလေ့ရှိသည်။ အာဏာရပါတီက ထိုသို့သက်သေထူသောအခါ ပြည်သူလူထု၏ ကောင်းကျိုးများကို ဖန်တီးပေးခြင်းဖြင့် ထိုသို့သော သဘောထားရှိသူဖြစ်ကြောင်း သက်သေထူကြလေ့ရှိသည်။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်းသက်ဆင်၏ အကြံကောင်းတစ်ချက်သည် ယနေ့တိုင် ပြည်သူအများစု၏ ထောက်ခံမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ များသောအားဖြင့် ပြည်သူလူထု၏ Need Structure ခေါ် အခြေခံလိုအပ်ချက်များကိုကြည့်၍ သက်ဆိုင်ရာအလွှာအလိုက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးကြခြင်း ဖြစ်သည်။

အောက်တွင် ဖော်ပြထားသောပုံမှာ Maslow’s Needs ဟု ခေါ်သော သီအိုရီဖြစ်သည်။ လူတို့၏ လိုအပ်ချက်များသည် အလွှားအမျိုးမျိုးအတွက် အဆင့်အမျိုးမျိုးရှိနေပြီး တစ်ခုရလျှင် နောက်တစ်ခု ရလိုခြင်းဖြစ်သည်။ အောက်ဆုံးမှစ၍ အဆင့်ဆင့်တက်လာသည်ဟု ဆိုသည်။

၅။Self Actualization မိမိကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်းအသိပညာ၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ထိုးထွင်းသိမြင်နိုင်စွမ်း၊ သိရှိသမျှကို ထုတ်ဖော်ခွင့်၊ မိမိကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်း
၎။esteem ဂုဏ်သရေစိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု၊ အာဏာ၊ ဂုဏ်သရေ၊ အဆင့်အတန်း၊ သြဇာ၊ အသိအမှတ်ပြုခံရမှု
၃။ပိုင်ဆိုင်မှုဆိုင်ရာ လိုအပ်ချက်ချစ်တတ်ခြင်း၊ အချစ်ခံလိုခြင်း၊ ၀င်ဆံ့လိုခြင်း၊ ပါဝင်ပတ်သက်မှုရှိလိုခြင်း (စိတ်ပိုင်းလိုအပ်ချက်)၊ အိမ်၊ ကား၊ ဖုန်း (ရုပ်ပိုင်း) ပိုင်ဆိုင်ခွင့်
၂။လုံခြုံမှုဆိုင်ရာ လိုအပ်ချက်များအမိုးအကာ၊ သက်သာချောင်ချိမှု၊ နေထိုင်သွားလာ ဆက်သွယ်ရေး၊ ကျန်းမာရေး
၁။စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ(eat, sleep, sex) အိပ်၊ စား၊ ကာမဂုဏ်


များသောအားဖြင့် ဒီမိုကရေစီ ကနဦးနိုင်ငံများတွင် ၁ နှင့် ၂ တို့ကို ဖြည့်ဆည်းပေးနိုင်လျှင် ပြည်သူအများ၏ ထောက်ခံမှုကို ရရှိနိုင်သည်ဟု ဆိုကြသည်။ သက်ဆင်သည် အဆိုပါ ဒုတိယအဆင့် လုံခြုံမှုကို လုပ်ပေးခဲ့ခြင်းဖြစ်သည်။

လူတို့၏ ကနဦးလိုအပ်ချက်များမှာ အခြေခံစိတ်ဆန္ဒများ ဖြစ်သည့် အိပ်၊ စား၊ ကာမကိစ္စ အဆင်ပြေချောမွေ့ရေး ဖြစ်သည်။

နောက်တစ်ဆင့် တက်လာသောအခါ လုံခြုံ၍ သက်သောင့်သက်သာရှိသည့် နေစရာ၊ သွားစရာ၊ ဆက်သွယ်စရာများ လိုအပ်လာခြင်း ဖြစ်သည်။

ထိုထက် အဆင့်မြင့်လာသောအခါ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများတွင် ပါဝင်လိုခြင်း၊ ၀င်ဆံ့လိုခြင်း၊ ချစ်တတ်ခြင်း၊ အချစ်ခံလိုခြင်းများ ရှိလာတတ်သည်။ ရုပ်ဝတ္ထုများဖြစ်သည့် အိုးပိုင်၊ အိမ်ပိုင်၊ ကားပိုင်၊ ဖုန်းပိုင် စသည့် ပိုင်ဆိုင်မှုများ ရှိချင်လာသည်။

နောက်တစ်ဆင့် တက်လာသောအခါ ဂုဏ်သရေ၊ သြဇာ၊ အာဏာ၊ အဆင့်အတန်း စသည်များ လိုအပ်လာသည်။

အဆင့်မြင့်လာသော လူသားသည် Self Actualization ခေါ် အသိဉာဏ်ကိစ္စ၊ ထိုးထွင်းသိမြင်မှုဆိုင်ရာ၊ တီထွင်ဖန်တီးမှုဆိုင်ရာများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စသည်တို့ လိုအပ်လာခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအကြိုကာလ ဖြစ်သည်နှင့်အညီ အောက်တွင် အမှတ်စဉ်ထိုးထားသော ကောင်းကျိုးများကို မြင်တွေ့လာရသည်ကို စာဖတ်သူများ သတိပြုမိမည် ထင်ပါသည်။

၁။ ကွန်ကရစ်လမ်းများ
၂။ အခြားအခြေခံကျန်းမာရေး၊ လူမှုရေး အကူအညီများ
၃။ (ယ) နံပါတ် မော်တော်ဆိုင်ကယ်များ
၎။ လူစီးဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များတင်သွင်းခွင့်
၅။ ငါးသိန်းတန် တယ်လီဖုန်း
၆။ မော်တော်ဆိုင်ကယ် တင်သွင်းခွင့်
၇။ ပုဂ္ဂလိကဒီဇယ်နှင့် ဓာတ်ဆီဖြန့်ဖြူးခွင့်
၈။ ပုဂ္ဂလိကဆေးရုံများ ဖွင့်လှစ်လုပ်ကိုင်ခွင့်
၉။ ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်လုပ်ကိုင်ခွင့်
၁၀။ နိုင်ငံရေးပါတီများ

အမှတ်စဉ် (၁) မှ (၉)သည် အဆင့် (၂) ဖြစ်သည်။ နေထိုင်၊ သွားလာဆက်သွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ လုံခြုံမှု (Secureness) များကို ဖြည့်ဆည်းပေးသည့်သဘော ဖြစ်သည်။ အမှတ် (၁၀)သည် အဆင့် (၃) ဖြစ်သည်။ အဖွဲ့အစည်းများတွင် ပါဝင်ခွင့်၊ အဖွဲ့ဝင်ဖြစ်ခွင့်ကို ဖြည့်ဆည်းပေးသည့်သဘော ဖြစ်သည်။

သို့သော် လူ့အဖွဲ့အစည်းသည် အထက်တွင် ဖော်ပြခဲ့သည့် Needs ခေါ် လိုအပ်ချက်များကြောင့် ဒီမိုကရေစီရေးကို အဖြေ Solution အဖြစ် ပြောကြားနေကြခြင်းဖြစ်ကြောင်း မသေချာပါ။ ထိုလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အလို့ငှာ ဒီမိုကရေစီကို အဖြေအဖြစ် တောင်းဆိုနေကြခြင်းဖြစ်လျှင် အမှတ်စဉ် (၁)မှ (၉) ဖြည့်ဆည်းပေးခြင်းများသည် ထိရောက်ပါလိမ့်မည်။ ဒီမိုကရေစီကို တောင်းဆိုနေခြင်းသည် ဒီမိုကရေစီရလိုသောကြောင့် သက်သက်ဖြစ်ခဲ့လျှင်ကား ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် ထိရောက်မည်မဟုတ်ပေ။

အမှန်အားဖြင့် အပေါ်ထပ်အဆောက်အဦကို ပြင်သည်ဆိုခြင်းမှာ နိုင်ငံကို အသစ်တည်ဆောက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ နိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ရခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်းဆိုသည်မှာ အထက်တွင် ဖော်ပြခဲ့သော နိုင်ငံသား တစ်ဦးချင်း၏ လိုအပ်ချက်များကို စနစ်တစ်ရပ်ဖြင့် ဆောင်ကြဉ်း၍ တစ်မျိုးသားလုံး ပန်းတိုင်ရောက်စေခြင်း ဖြစ်ပေသည်။ နိုင်ငံရေးပါတီများက ပြုလုပ်ကြလေ့ရှိသည့် Campaign Strategy ဆိုသည်များမှာ ဤသဘောတရားကို အခြေခံ၍ ရေးဆွဲထားကြခြင်း ဖြစ်ပေသည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics