စီးပွားရေးသမားများအကြိုက်
"ရာသီဥတုကတော့ အားကစားသမားများအကြိုက်ပါပဲ ခင်ဗျ" ဆိုတဲ့ ပြောဆိုဟန်ကို ဘောလုံးပွဲကြည့်ဖူးသူတိုင်း ရင်းနှီးကြမည် ထင်သည်။ သို့သော် ကျွန်တော်က နည်းနည်းလေးပြင်ပြီး ပြောလိုက်ချင်သည်။ ရာသီဥတုကတော့ စီးပွားရေးသမားများအကြိုက်ပါပဲဟူ၍ပင်။ တကယ်လည်း စီးပွားရေးသမားများ ကြိုက်နှစ်သက်သော ရာသီဥတုသို့ ရောက်ရှိလာချေပါပြီ။ ၀ါကျွတ်ကန်တော့ပွဲမဟုတ်၊ သီတင်းကျွတ် မင်္ဂလာဆောင်ပွဲများမဟုတ်ပါ။ လူငယ်များ ရူးသွပ်ကြသည့် ဖေဖော်ဝါရီလရာသီ ဖြစ်ပါသည်။ ရှင်းအောင်ပြောရလျှင် ဗယ်လင်တိုင်းရာသီ တစ်နည်း ချစ်သူများနေ့ရာသီပေါ့ခင်ဗျ။ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ၊ နွေဦးရာသီ၊ ဆောင်းဦးရာသီ စသဖြင့်ပဲ ကြားဖူပါတယ်ကွာ၊ မင်းကျမှပဲ ဗယ်လင်တိုင်းရာသီလို့ ပြောရတယ်လို့ဆိုပြီး အပြစ်တော်တွေတင်၊ မေးတွေငေါ့ကြမယ်ဆိုရင်လည်း ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါတယ်နော်။
တယ်လည်း ၀ီရိယကောင်းကြပါပေရဲ့
စီးပွားရေးသမားဆိုတာတော့ သိတဲ့အတိုင်းပဲ သူ့အိပ်ကပ်ထဲကို ပိုက်ဆံဝင်လာဖို့က လိုရင်းမဟုတ်လား။ ဒီတော့ ဘယ်လိုနည်းနဲ့ ပိုက်ဆံဝင်လာအောင် လုပ်ရမလဲဆိုတာကို နည်းလမ်းအမျိုးမျိုး ရှာကြံမယ်၊ အသုံးချမယ်ပေါ့။ ဒါကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း… ဒါပေမယ့်လည်းပေါ့လေ။ အခုတော့ ကြည့်စမ်းပါဦး။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗယ်လင်တိုင်းဒေးတဲ့။ ချစ်သူများနေ့လို့ အဓိပ္ပါယ်ဖွင့်ကြပါရဲ့။ အဲဒီနေ့လေးတစ်ရက်အတွက် ဈေးရောင်းပွဲတော်တွေ လုပ်ကြတာက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းကလေ။ သတင်းစာတွေမှာလည်း ကြော်ငြာကြတယ်၊ ဘယ်ကုန်တိုက်မှာ၊ ဘယ်ပလာဇာမှာဖြင့် ဗယ်လင်တိုင်းဒေး အထိမ်းအမှတ် ဈေးရောင်းပွဲတော်၊ ဘာညာစသဖြင့်ပေါ့။ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေကို မပြောပါနဲ့လေ။ ကျွန်တော်တို့ဆီက မြို့လေးမှာတောင် ဇန်န၀ါရီလလယ်ကတည်းက ဗယ်လင်တိုင်းဒေးအတွက် အမှတ်တရဆိုင်တွေ ဖွင့်ထားတာ နည်းမှတ်လို့လား။ ဟိုနားတစ်ဆိုင်၊ ဒီနားတစ်ဆိုင်နဲ့ အခင်းအကျင်းမျိုးစုံ၊ အမှတ်တရပစ္စည်းအဖုံဖုံနဲ့ ရှောင်လို့မလွတ်အောင်ကို ဗွက်ပေါက်နေပါရောလား။ "တယ်လည်း ၀ီရိယကောင်းကြပါလားဟရို့" လို့ပဲ ကျွန်တော်မောင်ဉာဏ်တော့ တ,မိပါတယ်။
ဘာဖြစ်လို့ ရူးသွပ်ကြတာလဲ
ကိုယ်ချစ်တဲ့ခင်တဲ့လူတွေကို လက်ဆောင်ပေးတယ်ဆိုတာ ကောင်းတဲ့အလုပ်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စာသ၀ဏ်တွေပို့တာ၊ ပန်းစည်းတွေပေးတာ၊ ပို့စကတ်လေးတွေထည့်တာ၊ ချောကလက်လေးတွေ ပို့ပေးတာဟာ အင်မတန်ကို ကြည်နူးစရာ၊ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရလုပ်ရပ်လေးတွေပေါ့။ လုပ်သင့်ပါတယ်။ အားလည်း ပေးပါတယ်။ ကိုယ်ချစ်တဲ့၊ ခင်တဲ့၊ လေးစားတဲ့လူတွေကို ကိုယ်က သတိတရရှိကြောင်း၊ အလေးထားကြောင်း ဖော်ပြတဲ့လုပ်ရပ်လေးတွေဟာ လုပ်တဲ့လူရော၊ တစ်ဖက်လူပါ ကျေနပ်ပီတိဖြစ်စရာပါ။ ဒါပေမယ့် ဘာကြောင့်များ ဗယ်လင်တိုင်းဒေးကျမှ အဲဒီလိုမျိုး ရေးကြီးခွင်ကျယ်လုပ်ပြီး ပေးနေ၊ ပို့နေကြသလဲဆိုတာကို စဉ်းစားလို့မရပါဘူး။ "တစ်နှစ်လုံးတော့ ချစ်လို့၊ မေတ္တားထားလို့မရဘူး၊ မင်းကို တစ်ရက်တော့ မေတ္တာထားလိုက်မယ်" လို့ ကြေညာတဲ့သဘောများ သက်ရောက်မနေကြဘူးလားဟင်။ ဒါက ကျွန်တော့်ဘာသာ အတွေးတစ်မျိုး ကွန့်ကြည့်တာပါ။ အမှတ်တရနေ့လေးမှာ အမှတ်တရဖြစ်စေအောင် လုပ်ကြတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒီနေ့ကိုမှ ဘာကြောင့် ရူးသွပ်ကြသလဲဆိုတာ နားမလည်ပါဘူး။
စာလုံးတောင် မပေါင်းတတ်၊ ဘယ်သူမှန်းလည်းမသိ
ကျွန်တော်တို့ဆီက မြန်မာလူငယ်တွေ ဘယ်လောက်အထိ ရူးသွပ်ကြသလဲဆိုရင် ဗယ်လင်တိုင်းဒေးဆိုတဲ့ စကားလုံးကိုသာ တွင်တွင်ပြောနေကြ၊ အမှတ်တရတွေလုပ်နေကြတယ်။ ဗယ်လင်တိုင်းဆိုတဲ့ စာလုံးကို မှန်အောင်တောင် မပေါင်းတတ်၊ ဗယ်လင်တိုင်းဆိုတာ ဘယ်သူလည်းဆိုတာလည်း မသိ၊ ဘာကြောင့် အဲဒီဗယ်လင်တိုင်းဒေး ဆိုပြီး သတ်မှတ်ထားသလဲဆိုတာလည်း သေသေချာချာ ရေရေရာရာ မသိကြပါဘူး။ အားမနာတမ်း၊ မညှာတမ်းပြောလိုက်ရရင် သူများယောင်လို့ လိုက်ယောင်နေကြတာ ဖြစ်ပါတယ်။ ကိုယ်တိုင်သေသေချာချာ ဂဃနဏ မသိပါဘဲ သူများတွေလုပ်ရင် ကိုယ်လည်းလိုက်လုပ်မှ ခေတ်မီမယ်၊ လူရာဝင်မယ်လို့ ထင်နေကြတဲ့ လူငယ်တွေအတွက် စိတ်မကောင်းဖြစ်နေမိပါတယ်။ ၄ တန်းတက်နေတဲ့ ကလေးကလည်း ဗယ်လင်တိုင်းဒေးမှာ ပန်းစည်းပေးဖို့ အခုကတည်းက စဉ်းစားနေပြီ။ "အရပ်ကတို့ရေ… ကယ်ကြပါ…" လို့ပဲ အော်လိုက်ချင်ပါတော့တယ်။
စီးပွားရေးသမားတွေရဲ့ ပွဲတော်
ဆိုခဲ့တဲ့အတိုင်း ဗယ်လင်တိုင်းဒေးဆိုတာဟာ တစ်ကမ္ဘာလုံးက အကွက်မြင် စီးပွားရေးသမားကြီးတွေရဲ့ အချိုပေါ်သကာလောင်း ပွဲတော်ကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရေအတွက်အများဆုံးက ဆယ်ကျော်သက်လူငယ်တွေ မဟုတ်လား။ အဲဒီလူငယ်တွေအားလုံး ရူးသွပ်ကြတဲ့ နေ့လေးတစ်နေ့တည်းအတွက် ရောင်းလိုက်ရတဲ့ ပို့စကတ်၊ ပန်းစည်း၊ ချောကလက်၊ အရုပ်၊ အမှတ်တရပစ္စည်းဆိုတာ နည်းတာမှမဟုတ်တာ။ ကျွန်တော်တို့မြို့က လမ်းဘေးမှာ စားပွဲခုံရှည်လေး နှစ်လုံးခင်းပြီး ၀က်ဝံရုပ်လေးတွေ၊ ချောကလက်ဘူးလေးတွေ၊ ပို့စကတ်လေးတွေ၊ ပန်းစည်းလေးတွေ ရောင်းတဲ့ ပျံကျဆိုင်လေးတစ်ခုတည်းမှာတောင် ဒီဗယ်လင်တိုင်းဒေးအတွက် ရောင်းရတဲ့အမြတ်ဟာ ၅ သိန်းအထက်မှာ ရှိတယ်ဆိုရင် စာဖတ်သူက အံ့သြနေမလားပဲ။ တစ်လလောက်ကာလကလေးမှာ စားပွဲခုံလေးနှစ်လုံးနဲ့ရောင်းတဲ့ ပျံကျဆိုင်လေးတစ်ခုရဲ့ ၀င်ငွေပါ။ ဗယ်လင်တိုင်းဒေးဆိုတာ ဂလိုဘယ်အထိမ်းအမှတ် ဖြစ်သွားပြီကိုး။
ဂလိုဘယ်က လိုကယ်တွေကို ၀ါးမြိုနေပြီ
ကျွန်တော်မကြာခဏ ရေးခဲ့ဖူး၊ သတိပေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေ၊ ပွဲတော်တွေ၊ အထိမ်းအမှတ်နေ့တွေ ရှိပါလျက်နဲ့ ဘာကြောင့်များ သူများနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကိုပဲ အထင်ကြီးတန်ဖိုးထားနေရသလဲဆိုတာပါ။ သူများလူမျိုးတွေက သူတို့ဆီမှာ ယဉ်ကျေးမှုတွေ ပျက်ယွင်းနေကြပြီဆိုတာကို ကောင်းကောင်းကြီး နားလည်နေတဲ့အတွက် ကျွန်တော်တို့လို နိုင်ငံတွေဆီကိုလာပြီး တကူးတက ယဉ်ကျေးမှုတွေ လေ့လာကြ၊ ဖော်ထုတ်ကြ၊ မှတ်တမ်းတင်ကြ လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေကတော့ သူများ ဟက်ပီးနယူးရီးယားရင် လိုက်ယားလိုက်၊ သူများ ဗယ်လင်တိုင်းဆိုရင် လိုက်တိုင်းလိုက်၊ သူများခရစ္စမတ်ဆိုရင် လိုက်မတ်လိုက်နဲ့ အတော်ကြီးကို ဟုတ်လှပြီ ထင်နေကြပါတော့တယ်။ ကိုယ့်ဆီက ယဉ်ကျေးမှုအစစ်ဖြစ်တဲ့ သပြေခက်နဲ့ ရေပက်တဲ့ဓလေ့ဆိုတာလည်း မကြားဖူး၊ ညောင်ရေသွန်းလောင်းတာ ဘာလို့လဲဆိုတာလည်း မသိ၊ ၀ါဆို၊ ၀ါကပ်တယ်ဆိုတာလည်း ဘာလည်းဆိုတာ သေသေချာချာမသိနဲ့ တွေးကြည့်ရင် ဘယ်လောက် ရင်နာစရာ ကောင်းလိုက်ပါသလဲဗျာ။
ဟက်ပီးနယူးရီးယားလို့အော်တာကို ဂုဏ်ယူတယ်၊ ဘုရားမှာသွားပြီး ညောင်ရေသွန်းရမှာကိုတော့ အပြောခံရတာနဲ့တင် ရှက်သတဲ့၊ ခရစ္စမတ်သီချင်း ဆိုရတာကိုကျတော့ ပျော်ရွှင်ကျေနပ်ကြတယ်၊ ထမနဲပွဲမှာ တစ်ယောက်တစ်လက်နဲ့ ညီညီညာညာ ထမနဲထိုးကြတာက ရပ်ကွက်ထဲမှာ အလုပ်မရှိတဲ့လူတွေပဲ အားအားလျားလျား လုပ်တဲ့အလုပ်လို့ ထင်ကြတယ်။ အခုလည်း ဗယ်လင်တိုင်းဒေးတဲ့။ ရူးသွပ်ကြပြန်ပြီ။ ပြောရမယ်ဆိုရင် ကိုယ်တွေနဲ့လည်း ဘာမှဆိုင်တာမဟုတ်၊ တကယ်ဆိုရင် ရှင်မွေးနွန်းနေ့တို့၊ မင်းနန္ဒာနေ့တို့၊ စောင်းအိုလုလင်နေ့တို့ လုပ်ကြတာကမှ အများကြီးတော်ဦးမယ်။ အခုတော့ ဘယ်သူမှန်းလည်းမသိ၊ ကိုယ်နဲ့လည်း ဘယ်လိုမှမပတ်သက်တဲ့ ဟာကြီးကို၊ ခက်ပါရဲ့နော်။ သေချာတာကတော့ ဂလိုဘယ်ယဉ်ကျေးမှုတွေဟာ လိုကယ်ယဉ်ကျေးမှုတွေကို တစ်စထက်တစ်စ ၀ါးမြိုနေပြီဆိုတာပါပဲ။ ကိုယ့်နိုင်ငံတစ်ခုတည်း အဲဒီဒုက္ခခံနေရတာမဟုတ်ပါဘူး။ အခြားနိုင်ငံတွေအားလုံးမှာလည်း အဲဒီဒုက္ခတွေ ခံနေကြရပါပြီ။ ဒါကြောင့်လည်း သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိသူတွေက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ မပျောက်ပျက်သွားရအောင်၊ ရောယှက်မခံရအောင် စီမံကိန်းတွေချ၊ ရန်ပုံငွေတွေထားရှိပြီး အရေးတယူနဲ့ ထိန်းသိမ်းဆောင်ရွက်နေကြပါပြီ။ ကျွန်တော်တို့တွေလည်း အချိန်မီသေးတယ်လို့သာ ဆိုပါရစေ။
ဝမ်းနည်းစရာကောင်းလိုက်တာ
ကြိုက်တဲ့လူငယ်တစ်ယောက်ကို မေးကြည့်ပါ။ "ဗယ်လင်တိုင်းဒေးက ဘယ်နေ့လဲကွ"ဆိုရင် ချက်ချင်းပါးစပ်ကနေ ရွတ်ပြလိမ့်မယ်။ ခင်ဗျားကိုတောင် ဒါလေးတောင် မသိဘူးလားဆိုပြီး ဘုကြည့် ကြည့်သွားလိမ့်ဦးမယ်။ ထပ်ပြီးတော့ "အမေနေ့" က ဘယ်နေ့လဲလို့ မေးကြည့်စမ်းပါ။ တစ်ခါမှ သူမကြားဖူးတဲ့စကားကို ဘ၀မှာ ပထမဆုံးအကြိမ် ကြားဖူးရတဲ့ မျက်နှာပေးနဲ့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ခင်ဗျားကို ပြန်ကြည့်ပါလိမ့်မယ်။ အမေနေ့လေးတစ်ခု ဖြစ်လာဖို့အရေး သွားလေသူ ဆရာကြီးဦးသုခ ခမြာ ကြိုးစားလိုက်ရတာ၊ စည်းရုံးလိုက်ရတာ။ အခုတော့ မြန်မာလေးတွေက အမေနေ့ကို စိတ်မ၀င်စားဘူး။ ဘယ်သူသတ်မှတ်ထားမှန်းမသိတဲ့ ဗယ်လင်တိုင်းဒေးဆိုတာကို ပိုပြီး ခုံမင်နေကြပြီ၊ ရင်ထဲမှာ စွဲထင်နေကြပြီ။
တောင်းပန်လိုက်ပါတယ်
ခေတ်ရေစီးထဲမှာ စီးမြောရင်း ကိုယ်စိတ်ဝင်စားတာတွေကို မလုပ်ကြပါနဲ့လို့ မပြောလိုပါဘူး။ လုပ်ကြပါ၊ ပျော်ကြပါ၊ ဆင်နွှဲကြပါ၊ ခေတ်မီကြပါ။ ဒါပေမယ့်လည်း အရိုးကို အရွက်ဖုံးတဲ့အထိတော့ မလုပ်ကြပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၃၉ မိနစ်တွင်ပြီး၏။
No comments:
Post a Comment