Friday, February 05, 2010

စာပေဟောပြောပွဲ အတွေ့အကြုံ - ကိုဉာဏ် (ပန်းလောင်မြေ)


(ယခု ကျွန်တော်ရေးသားမည့် အကြောင်းအရာများသည် မကောင်းမြင်စိတ်၊ အပြစ်မြင်စိတ်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ ကိုယ်တိုင်ကြုံခဲ့ရသမျှကို ကြုံခဲ့ရသည့်အတိုင်း မှတ်တမ်းတင်ခြင်းသာ ဖြစ်ပါသည်။ မည်သည့်အရာမျှ မပြည့်စုံနိုင်သည်ကို နားလည်ပါသည်။ သို့သော် မှားသင့်သည်များနှင့်၊ မမှားသင့်သည်များ ရှိပါသည်။ မမှားသင့်သည်များဟု ထင်သည့်အချက်များကို ထောက်ပြဝေဖန်ခြင်း သက်သက်သာ ဖြစ်ပါသည်။ သို့မှသာ နောင်ပြုလုပ်မည့် အခမ်းအနားများတွင် ဘာတွေရှောင်သင့်သည်၊ ဘာတွေစီစဉ်သင့်သည်ကို ပြင်ဆင်နိုင်မည်ဟု ယူဆသောကြောင့်ဖြစ်ပါသည်။ စာပေဟောပြောပွဲသို့ တက်ရောက်ခဲ့သူတစ်ဦး၏ ပရိသတ်နေရာမှ ခံစားချက်၊ ကြုံဆုံချက်၊ အခက်အခဲများကို မှတ်တမ်းသဘောသက်သက် ရေးသားခြင်းမှလွဲ၍ မည်သူ့ကိုမျှ ထိခိုက်နစ်နာပါစေဟူသော ရည်ရွက်ချက် လုံးဝ(လုံးဝ) မရှိပါကြောင်း ကြိုတင်ပြောကြားလိုပါသည်။)

နေ့ရက် - ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေရာ - Royal Diamond မင်္ဂလာခန်းမ။
အချိန် - ည (၇) နာရီ။
ဟောပြောမည့်စာရေးဆရာများ - ချစ်နိုင်(စိတ်ပညာ)၊ သူရဇော်၊ နွမ်ဂျာသိုင်း

အခမ်းအနားအပြင်အဆင်
မင်္ဂလာဧည့်ခံပွဲများကျင်းပပြုလုပ်ရာ ခန်းမဖြစ်သဖြင့် အသင့်အတင့်ကျယ်ဝန်းသည်ဟု ဆိုနိုင်သည်။ လာရောက်နားထောင်သော ပရိသတ်များအတွက် သင့်တင့်သောအနေအထားတွင် ရှိခဲ့ပါသည်။ နားထောင်သော ပရိသတ်များအတွက် ရှေ့ပိုင်းတွင် သစ်သားထိုင်ခုံများ ခင်ကျင်းပေးထားပြီး၊ နောက်ပိုင်းတွင်မူ လက်တင်ပါ ပလတ်စတစ်ထိုင်ခုံများ ခင်ကျင်းပေးထားသည်ကို တွေ့ရသည်။ စင်မြင့်၏ဘယ်ဖက် (ပရိသတ်များ၏ ညာဖက်ထောင့်)တွင် ဟောပြောမည့်ဆရာများအတွက် စကားပြောမတ်တတ်ရပ် စင်မြင့်တစ်ခု ထားရှိပေးထားပါသည်။ နောက်ခံတွင် ကျင်းပပြုလုပ်သော အခမ်းအနားနှင့်ပတ်သက်၍ စာလုံးဖောက်၍ ချိတ်ဆွဲထားပါသည်။ ခုံများများဆန့်အောင် ရှေ့တန်းနှင့်နောက်တန်းများကို ကပ်၍ စီထားရသဖြင့် အ၀င်အထွက် ခက်ခဲသည်မှလွဲ၍ ခန်းမတွင်းအလင်းရောင် အနေအထားနှင့် အသံစနစ်အနေအထားများ ကောင်းမွန်လှပါသည်။ ဟောပြောသည့် စာရေးဆရာများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်သကဲ့သို့ ဟောပြောသော အကြောင်းအရာများကိုလည်း ကောင်းမွန်သဲကွဲစွာ ကြားနိုင်ခဲ့ပါသည်။

ကျွန်တော့်အတွက် တစ်မျိုးဖြစ်ခဲ့ရတဲ့ နောက်ခံစာလုံးများ
စင်မြင့်နောက်ခံမှာ ချိတ်ဆွဲထားတဲ့ စာလုံးများနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်မှာ တစ်မျိုးကြီး ဖြစ်ခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဟောပြောမယ့် စာရေးဆရာကြီးများရဲ့ နာမည်ကို ဘယ်ဘက်ထောင့်မှာ ရေးထားရာမှာ အရောင်ဖျော့တဲ့အတွက် နောက်ခံအရောင်နဲ့ လိုက်ဖက်မှုမရှိဘဲ မထင်မရှား ဖြစ်သွားရပါတယ်။ တကယ်ဆိုရင် ဒီစာရေးဆရာကြီးတွေ ဟောပြောတာကို နားထောင်ချင်လွန်းတဲ့အတွက် ပရိသတ်တွေ ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရေးဆရာကြီးတွေရဲ့ နာမည်ကိုတော့ ထင်းခနဲမြင်သာအောင် ရေးထားသင့်တယ်လို့ ကျွန်တော်မြင်မိပါတယ်။ တခြားသော ပြောစရာကတော့ သူတို့တပ်ထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ကဲပါ… နောက်ခံစာလုံးခေါင်းစဉ်ကို အရင်ဖတ်ကြည့်ပါဦး။
"စာဆိုတော်နေ့ နှင့် စာပေဟောပြောပွဲ" တဲ့။
ကျွန်တော်ပြောချင်တာက အဲဒါပါ။ တကယ်ဆိုရင် "စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ" သို့မဟုတ် ရိုးရိုးရှင်းရှင်းပဲ "စာပေဟောပြောပွဲ" လို့ရေးတာပဲ ဖြစ်သင့်တယ် ထင်တာပါပဲ။ ကျွန်တော့်အမြင်ပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း တစ်မျိုးဖြစ်ချင်ဖြစ်မှာပါလေ။ ဒါပေမယ့် သေချာတာကတော့ မနေ့က စာဆိုတော်နေ့ မဟုတ်ဘူးဆိုတာပါပဲ။ စာဆိုတော်နေ့ဆိုတာက နတ်တော်လဆန်း (၁)ရက်နေ့ ကတည်းက ပြီးခဲ့ပြီလေ။ အခုဟာက တပို့တွဲလပြည့်ကျော်တောင် ဖြစ်နေပြီလေ။ အကြောင်းအမျိုးမျိုးကြောင့် စာဆိုတော်နေ့မှာ မလုပ်ဖြစ်ခဲ့တာကို အခုမှလုပ်ဖြစ်တာဆိုရင်လည်း စာဆိုတော်နေ့ အထိမ်းအမှတ်လို့ပဲ သုံးသင့်တယ်လို့ မြင်မိလို့ပါ။

စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ အစီအစဉ် (၇)ခု
စာပေဟောပြောပွဲလို့ လက်ကမ်းစာစောင်တွေဝေ၊ ဗီနိုင်းစတွေနဲ့ ကြော်ငြာခဲ့ပေမယ့် မနေ့က ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ နည်းနည်းစိတ်ညစ်စရာ ကောင်းလှပါတယ်။ စာပေဟောပြောပွဲလို့ ဆိုလိုက်တာနဲ့ ခင်ဗျားမျက်စိထဲမှာ ပြေးမြင်မိတဲ့ ပုံစံကို အရင်ဆုံးတွေးကြည့်ပါ။ ဒီလိုမျိုးများ ဖြစ်နေမလား။ ဟောပြောပွဲသွားမယ်၊ စာရေးဆရာတွေက တစ်ယောက်ပြီးတစ်ယောက် တက်ပြောမယ်၊ ပြီးရင် စာရေးဆရာတွေကို လက်ဆောင်ပေးမယ်။ ဒီလောက်ပဲမလား။ ကျွန်တော်ယခင် ကြုံဖူးသမျှကလည်း အဲဒီအတိုင်းပါပဲ။ မနေ့က ကျွန်တော်ကြုံခဲ့ရတဲ့ စာပေဟောပြောပွဲကတော့ ဒီလိုပါ။
အစီအစဉ် (ပထမပိုင်း)
(၁) အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း
(၂) ခယကဥက္ကဋ္ဌက စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွင့်အမှာစကားပြောကြားခြင်း
(၃) စာဆိုတော်နေ့ အထိမ်းအမှတ် သ၀ဏ်လွှာကို ဖတ်ကြားခြင်း
(၄) စာဆိုတော်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း
(၅) အလှူငွေများ ပေးအပ်လှူဒါန်းခြင်း
(၆) မြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားခြင်း
(၇) အခမ်းအနားအစီအစဉ် ပထမပိုင်းပြီးဆုံးကြောင်း ကြေညာခြင်း

အစီအစဉ် (ဒုတိယပိုင်း)
ပထမပိုင်းလို့ သူတို့ပြောသွားတာ ကြားရလို့ ဒုတိယပိုင်းလို့ ခေါင်းစဉ်တပ်လိုက်ရတာပါ။ လုံးဝကို ကြိုတင်ကြေညာထားခြင်း မရှိဘူး။

ကဲမြင်တဲ့အတိုင်းပဲ။ အဲဒီအစီအစဉ် (၇)ခုအတွက် ဘယ်လောက် အချိန်ယူလိုက်သလဲဆိုတာကို ပြောပြရင် ခင်ဗျား အံ့သြသွားဦးမယ်။ ည (၇) နာရီက စခဲ့တဲ့ အစီအစဉ်တွေဟာ ည (၈)နာရီခွဲမှ ပြီးသွားတယ်။ စာပေဟောပြောပွဲကို တက်လာတဲ့ ပရိသတ်တွေရဲ့ အဖိုးတန်လှတဲ့ အချိန်တစ်နာရီခွဲလောက်ကို ညာယူသွားတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်။ ငါတို့စီစဉ်တဲ့ပွဲကို လာတက်တာ၊ ငါတို့လုပ်ချင်ရာ လုပ်မှာပဲဆိုတဲ့စိတ်နဲ့များ လုပ်နေကြသလားလို့ မတွေးရဲတွေးရဲ တွေးကြည့်မိနေသေးတယ်။ ကျွန်တော်ခံစားမိတဲ့အတိုင်း အမှန်အတိုင်းပြောပါမယ်။ ဆိုခဲ့ပါ အစီအစဉ် (၇)ခုကို လုံးဝကို စိတ်မ၀င်စားပါ။ (စာဆိုတော်နေ့ အထိမ်းအမှတ် သ၀ဏ်လွှာက လက်ခံလို့ရပါတယ်။) ဒီလိုအချိန်မှာ လုံးဝကို ပေါင်းပြီးမလုပ်သင့်တဲ့ အစီအစဉ်တွေလို့ မြင်မိပါတယ်။ ဆုယူတဲ့ ကျောင်းသားတွေနဲ့၊ ဆုဗန်းကိုင်ကျောင်းသူလေးတွေကို ရှေ့တန်းတွေမှာ နေရာပေးထားတာဆိုတော့ စာပေဟောပြောပွဲအနှစ် စာရေးဆရာကြီးတွေ ဟောပြောတဲ့အချိန်မှာ ကလေးတွေခမြာ စိတ်မ၀င်စားတော့ ဟိုလှည့်ဒီလှည့်နဲ့ ဟိုကြည့်ဒီကြည့် လုပ်ကြတော့ နောက်က နားထောင်နေရတဲ့ ကျွန်တော်တို့မှာ ဘယ်လောက်များ အာရုံပျက်ရသလဲ စဉ်းစားကြည့်ပါဗျာ။ ခုနစ်တန်း၊ ရှစ်တန်းကလေးတွေကို အတင်းကာရော ခန်းမထဲ ထည့်ထားသလို ဖြစ်သွားတာကိုး။ စာရေးဆရာကြီးတွေကို အောက်မှာထိုင်ခိုင်းထားပြီး ဘာမှမဆိုင်တဲ့လူတွေက တစ်ယောက်ပြီးတစ်ယောက် ရေခင်းပြနေတာကလည်း အတော်တော့ ရယ်စရာကောင်းသလိုကြီးပါဗျာ။ မသိရင် သူတို့ဟောပြောတာကို စာရေးဆရာကြီးတွေက လာနားထောင်သလိုတောင် ဖြစ်နေသေးတယ်။ ပြောလိုက်ကြတာများ အားပါးတရ၊ ဖွယ်ဖွယ်ရာရာ ရှိလွန်းလို့တောင် ခက်နေတယ်လို့ ပြောရမယ်ထင်ပါရဲ့။

ရုပ်အပျက်ဆုံးနဲ့ အဆိုးဆုံးကို ပြောဦးမယ်။ အစီအစဉ်ပထမပိုင်း ပြီးတဲ့အချိန်မှာ ခေတ္တ ၅ မိနစ် နားပါမယ်ဆိုပြီး ကြေညာလိုက်တာပါပဲ။ ပရိသတ်တွေဆိုတာ ကြွက်စီကြွက်စီတွေ ဖြစ်ကုန်တော့တာပေါ့။ မပြောချင်တော့ပါဘူးဗျာ။ ထွက်လို့မလွယ်ပါဘူးဆိုမှပဲ အတွင်းကထွက်လာတဲ့လူတွေအတွက် နေရာတွေ ထပေးရ၊ ဖယ်ပေးရ၊ ခုံတွေနေရာတွေရွေ့ရနဲ့ အတော်ကို ရုပ်ပျက်သွားတယ်။ အဲဒါကို စာရေးဆရာကြီးတွေထဲကပဲလား၊ ဒါမှမဟုတ် အခြားတစ်ယောက်ကပဲ သဘောပေါက်သွားသလား မသိပါဘူး။ ခေတ္တမနားတော့ပါဘူး။ အစီအစဉ်ကို ပြန်ဆက်ပါမယ်ဆိုပြီး ပထမဆုံး ဟောပြောမယ့် စာရေးဆရာကို ဖိတ်ကြားလိုက်တော့ ပိုဆိုးသွားတယ်။ ထွက်တဲ့လူတွေက ထွက်နေပြီ။ ထွက်မလို ထိုင်မလိုဖြစ်နေတဲ့ ပရိသတ်က ဖြစ်နေပြီ။ စောစောက အပြင်မှာ ထိုင်ခုံနေရာမရသေးလို့ မတ်တတ်ဖြစ်နေသူတွေက အထဲကို ၀င်လာပြီး ထသွားတဲ့လူတွေနေရာတွေကို ၀င်ထိုက်လိုက်ကြတယ်။ ခေတ္တနားမယ်ဆိုလို့ အပြင်ထွက်သွားတဲ့ လူတွေခမြာ ပြန်ဝင်လာတော့ နေရာမရှိတော့ဘူး။ ပြောလို့ကလည်း မဖြစ်ပြန်ဘူး။ နေရာအတိအကျ သတ်မှတ်ထားတာလည်းမဟုတ်၊ "အဲဒါ ကျုပ်နေရာဗျ ဖယ်ပေး"လို့လည်း ပြောလို့ကလည်း မကောင်းတော့ အတော်ကို ကသိကအောက်တွေ ဖြစ်ကုန်မှာ အသေအချာပါပဲ။

ထလိုက်၊ ထိုင်လိုက်၊ လက်ဟန်ခြေဟန်တွေပြလိုက်၊ ဆူညံလိုက်နဲ့
ခေါင်းစဉ်ကိုမြင်တော့ ဟာ… ဘယ်လိုကြီးလဲလို့ ထင်စရာကြီးပါနော်။ ဒီလိုပါ၊ ရှေ့မှာ စာရေးဆရာကြီးတွေက ဟောပြောနေပြီ။ ပရိသတ်ကလည်း အာရုံဈာန်ဝင်စားပြီး ငြိမ်သက်ပြီး နားထောင်နေကြပြီ။ အဲဒီလိုအချိန်မှာ ပြန်/ဆက် တူညီဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကြီးတွေက ၀င်လာလိုက်၊ ဟိုဘက်တိုးပါဦး၊ ဒီဘက်တိုးပါဦးဆိုပြီး သူတို့ဝင်ထိုက်လိုက်၊ ထသွားလိုက်၊ အခြားလူတွေကို နောက်ကနေ ဆွဲခေါ်လာလိုက်၊ ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်း လက်ဟန်ခြေဟန်တွေပြပြီး အမူအရာတွေ လုပ်ပြလိုက်နဲ့ မျက်စိရှေ့မှာ မကြည့်လည်း မြင်နေရတော့တာကိုး။ အပေါ်က ပြောတာကို အာရုံထားရတာက တစ်ဖက်၊ သူတို့တွေ ဆတ်ဆလူးခါနေတာကို ကြည့်ရတာကတစ်ဖက်နဲ့ အတော်ကို စိတ်ညစ်စရာကြီးပါ။ အဲဒါက ဟောပြောပွဲ မပြီးမချင်းကြုံခဲ့ရတာတွေပါ။ အဆိုးဆုံးက ခန်းမအ၀င်ပေါက်မှာစုပြီး စကားတွေပြောနေ၊ ရယ်မောနေကြတဲ့ ကိစ္စပါ။ အထဲမှာ စာရေးဆရာတွေက ဟောပြောနေတယ်၊ ပရိသတ်ကလည်း ငြိမ်သက်ပြီး နားထောင်နေတယ်။ အဲ… စာရေးဆရာက ရေသောက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ အခြေအနေအရ လိုအပ်လို့ ခဏနားလိုက်တဲ့အချိန်ပဲဖြစ်ဖြစ် ငြိမ်သက်သွားတဲ့အချိန်မှာ နောက်က၀င်ပေါက်မှာ စကားစုပြောပြီး ရယ်မောနေကြတဲ့ အသံတွေက အတိုင်းသားကြီးကို ကြားနေကြရတာပေါ့။ ပရိသတ်တွေခမြာ နောက်ကို ခေါင်းကလေးတွေ ငဲ့ကြည့်ရတဲ့အထိ ဖြစ်သွားရတာပေါ့။ အပြင်က ပုဂ္ဂိုလ်တွေကတော့ သိပုံလည်းမရ၊ ဂရုစိုက်ပုံလည်း မရပါဘူး။ မပြောချင်တော့ပါဘူးဗျာ။ အမှန်တကယ်ဆိုရင် သူတို့တွေက ပွဲစီစဉ်သူတွေပဲ၊ သူတို့တွေက ပိုပြီး တန်ဖိုးထား၊ လေးစားရမှာပေါ့။ အခုတော့ သူတို့တွေကြည့်ရတာ လုံးဝကို စိတ်ဝင်စားပုံမရဘူး၊ ဒါမှမဟုတ် ငါတို့တွေက နားထောင်စရာ မလိုဘူးလို့များ ခံယူထားကြသလား မသိပါဘူး။ တကယ့်ကို ယောင်းမတွေပါဗျာ။

မေတ္တာရပ်ခံထားသော်လည်း
အခမ်းအနားမစခင်ကတည်းက အခမ်းအနားမှူးက ကြေညာထားပါတယ်။ ကျေးဇူးပြုပြီး တယ်လီဖုန်းများ ပိတ်ထားပေးကြပါရန်တဲ့။ အမယ်လေး… အဲဒီလို ကြေညာထားလို့လား မသိပါဘူး။ လာလိုက်တဲ့ တယ်လီဖုန်းဆိုတာ ဟိုနားက အသံထွက်လာလိုက်၊ ဒီနားက အသံထွက်လာလိုက်ပေါ့။ ပြီးတော့ တိုးတိုးသက်သာလည်း မဟုတ်ဘူး။ Ring Tone တွေကလည်း သိတဲ့အတိုင်းပဲ နာမည်ကြီးသီချင်းတွေချည်းပဲ။ အမယ်… အလန့်တကြား၊ အားနာစွာနဲ့ ပိတ်ပစ်လိုက်တယ် မထင်နဲ့ခင်ဗျ။ ပြန်ပြောနေတဲ့လူတွေ အများကြီးပဲ။ ကျွန်တော်တို့ဘေးက ပုဂ္ဂိုလ်တစ်ယောက်က အဲဒီလို ပြောနေတာကို ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ရှေ့ကို နားထောင်နေတဲ့အချိန်မှာ ဘေးကနေပြီးတော့ လေသံနဲ့လည်း မဟုတ်ဘဲနဲ့ "အေး… ငါအခု စာပေဟောပြောပွဲရောက်နေလို့… အေးလေ…. ဘယ်လောက်ရလို့လဲ… အရင်ပြောထားတဲ့အတိုင်းပဲလေ" စသဖြင့် အတိုင်းသား ကြားနေရတာဟာ စာပေဟောပြောပွဲကို နားထောင်တဲ့နေရာမှာ သက်သောင့်သက်သာ ရှိမလားဆိုတာ စဉ်းစားကြည့်စမ်းပါဗျာ။ အမှန်အတိုင်းပြောရရင် နားရင်းကို ထအုပ်ပစ်လိုက်ချင်တာ။ သူတောင် လူလိုမသိသေးတာပဲ၊ ငါလည်း ကိုင်ထည့်လိုက်မယ်၊ ပြီးမှဖြစ်ချင်ရာဖြစ်ဆိုတဲ့ စိတ်ကို အတော်လေးကို ထိန်းချုပ်လိုက်ရတယ်။

ဘာကိစ္စလာကြတာလဲ
စာပေဟောပြောပွဲကိုလာတာဟာ စာရေးဆရာကြီးတွေ ဟောပြောတာကို နားထောင်ချင်လွန်းတဲ့အတွက် လာကြတာလို့ နားလည်ထားပါတယ်။ ဒါပေမယ့် တချို့သော ပုဂ္ဂိုလ်များကိုတော့ ဘယ်လိုမှကို နားမလည်နိုင်ပါဘူး။ စာပေဟောပြောပွဲကို ဘာကိစ္စ လာကြတာလဲဆိုတာကို အခုထိ စဉ်းစားလို့မရသေးပါဘူး။ သူတို့စိတ်ထဲမှာ စာပေဟောပြောပွဲဆိုတာ ဖြူသလား၊ ညိုသလားမသိလို့ လာတက်ကြတာလား၊ စာရေးဆရာကြီးတွေဆိုတော့ ဘယ်လိုပုံစံတွေလည်း မသိဘူးဆိုပြီး လာကြည့်ကြတာလား၊ သူများတွေ စာပေဟောပြောပွဲ သွားမယ်ဆိုလို့ ငါလည်းသွားဦးမှပါဆိုပြီး ရောက်လာကြတာလား။ မသိတော့ပါဘူးဗျာ။ စာရေးဆရာကြီးတွေက စင်ပေါ်မှာ သူတို့ကိုယ်တွေ့အဖြစ်အပျက်လေးတွေ၊ အတွေ့အကြုံတွေ၊ ဖတ်မှတ်ထားတဲ့အထဲက ကောင်းနိုးရာရာတွေ၊ သူတို့အတွေးအခေါ်တွေကို အားပေါင်အာရင်းသန်သန်နဲ့ ဟောပြောနေကြတယ်။ ဒီလိုနာကြားခွင့်ဆိုတာလည်း အမြဲတမ်းရနိုင်တာ မဟုတ်။ အခုလိုမျိုး လုပ်ဖြစ်တဲ့အချိန်လေးမှာ သူတို့ဆီကနေ ကြားရတာလေးတွေကို မှတ်သားရ၊ ဆင်ခြင်ရတာမျိုးမဟုတ်လား။ အဲဒါကိုဗျာ ဆရာနွမ်ဂျာသိုင်းက ဈာန်လည်းဝင်၊ အရှိန်ကလည်းရလာတော့ ဟောပြောလိုက်တာ ည ၁၂ နာရီထိုးခါနီးအထိ ဖြစ်နေပြီ။ နားထောင်ရတာလည်း ဘာကောင်းသလဲမမေးနဲ့၊ အဟောအပြောကလည်းကောင်း၊ ပြောတာတွေကလည်း စိတ်ဝင်စားစရာကောင်းဆိုတော့ အခြားပရိသတ်တွေတော့ မသိဘူး။ ကျွန်တော်ကတော့ မှတ်စုစာအုပ်ကိုတောင် ငုံ့ပြီး မမှတ်နိုင်ဘူး။ ဆရာနွမ်ဂျာသိုင်းဆီကိုပဲ မျက်လုံးတွေအားလုံး ရောက်နေရတယ်။ အဲဒီအချိန်မှာပဲ ပရိသတ်တွေက လှုပ်လှုပ်ရွရွ၊ ဖုန်းသံကထမြည်သေး၊ နာရီကလည်း တကြည့်ကြည့်လုပ်ကြ၊ ခုံတွေဖယ်ပြီး ပြန်တဲ့လူတွေကလည်း ထပြန်ကြဆိုတော့ ခုံရွှေ့သံတွေကလည်း ကြိုကြားကြိုကြား ထွက်လာသေးတယ်။ အတော်လေးကို စိတ်ညစ်ဖို့၊ စိတ်တိုဖို့ ကောင်းပါတယ်ဗျာ။ ရန်ကုန်ကနေပြီး အဝေးကြီးက လာဟောပြောတဲ့လူကတောင် အပေါ်မှာ မတ်တတ်ရပ်ကြီးနဲ့ ပြောနေနိုင်သေးတာပဲ၊ ကျွန်တော်တို့က အောက်မှာ ထိုင်ခုံလေးမှာ အခန့်သားထိုင်ပြီး နားထောင်ရတာကို ဘာဖြစ်လို့ မထိုင်နိုင်ကြတာလဲဆိုတာကို မစဉ်းတတ်ဘူး။ အလုပ်တွေရှိရင်လည်း နဂိုကတည်းက မလာနဲ့ပေါ့ဗျာ။ ညည့်နက်ရင် ပြန်မှာဆိုရင်လည်း အစကတည်းက နောက်ပိုင်းမှာထိုင်ပါ့လား။ အခုတော့ ထိုင်တဲ့နေရာက ရှေ့ဆုံးတန်းတွေမှာ၊ ပြီးတော့ မတ်တတ်ရပ်လိုက်၊ ဟိုလူ့ရှာ၊ ဒီလူ့ရှာလုပ်လိုက်နဲ့။ အတော်ကို အောက်တန်းကျတဲ့လူတွေပါဗျာ။ လုံးဝလည်း ရှက်ပုံ၊ အားနာပုံမရသလို၊ သူတို့လုပ်နေတာတွေကလည်း ဘာမှအထူးအဆန်းမဟုတ်ပါဘူး ဆိုတဲ့ပုံစံနဲ့ လုပ်ချင်ရာလုပ်နေကြတာ၊ တချို့ဆို စကားတောင် တွတ်တွတ်ထိုးပြီး ပြောနေကြသေးတယ်။ ဆရာနွမ်ဂျာသိုင်းက အပေါ်ကနေပြီးတော့ ပြီးတော့မှာပါဗျာလို့ မေတ္တာရပ်ခံရတဲ့အထိ ရုပ်ပျက်လှပါတယ်။ စာပေဟောပြောပွဲ နားထောင်နေရင်း ဒေါသတွေ အလိပ်လိုက်ထွက်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အတော်သနားသွားတယ်။

ကြည်နူးစရာမြင်ကွင်း
ဆရာနွမ်ဂျာသိုင်းခမြာ မပြီးချင်ပြီးချင်နဲ့ အဆုံးသတ်လိုက်ရတဲ့ စာပေဟောပြောပွဲပြီးလို့ ခန်းမကနေ ပြန်ထွက်လာတော့ ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုကို မြင်ရပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးယောက်က အပေါက်မှာ ထွက်လာတဲ့လူတွေကို နှုတ်ဆက်နေတာပါ။ "ကျေးဇူးတင်ပါတယ်နော်" ဆိုပြီး ထွက်လာတဲ့လူတွေကို နှုတ်ဆက်နေတာပါ။ စာပေဟောပြောပွဲ ဖြစ်မြောက်အောင် စီစဉ်ခဲ့သူတွေထဲက အချို့ထင်ပါရဲ့။ ၀တ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့များတော့ ကွာပါ့လို့ တွေးရင်း သူတို့လိုက်ပြီး နှုတ်ဆက်နေတာလေးတွေကိုကြည့်ရင် ပြန်ခါနီးမှာ ကြည်နူးခဲ့ရကြောင်းပါ။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါကြောင်းခင်ဗျား။

သီးသန့်ပို့စ်ရေးပါ့မယ်
စာပေဟောပြောပွဲမှာ စာရေးဆရာကြီးတွေ ဟောပြောခဲ့သမျှတွေထဲက ကျွန်တော်မှတ်သားမိသမျှကို သီးသန့်ပို့စ်တစ်ခု ရေးပါမယ်။ စာရေးဆရာကြီးတွေ ဟောပြောခဲ့သမျှကတော့ စာပေဟောပြောပွဲကို သွားခဲ့ရတဲ့ဒုက္ခ၊ ပေးခဲ့ရတဲ့အချိန်၊ ပင်ပန်းခဲ့သမျှထက် အများကြီးပိုတန်ခဲ့ပါတယ်။ သူတို့ဟောပြောတာတွေကို ဒီပို့စ်မှာရေးရင် ရောထွေးသွားမှာစိုးလို့ပါ။ စောင့်မျှော် ဖတ်ရှုကြပါဦးလို့ ကြိုတင်ကြော်ငြာရင်း….။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်၊ သောကြာနေ့။
နံနက် ၀၇ နာရီ ၁၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics