Friday, February 05, 2010

နိုင်ငံရေးဖြစ်စဉ်သစ် ပေါင်းစပ်ပုံလောင်းခြင်း - မောင်စူးစမ်း


ပို့စ်မော်ဒန်အမြင်
နိုင်ငံရေးဝေါဟာရတို့၌ ပုံသေအနက်အဓိပ္ပါယ်များရှိသလို အခြေအနေလိုက်ပြီး အနက်အဓိပ္ပါယ် ပြောင်းပေးရသော အနက်အဓိပ္ပါယ်တို့လည်း ရှိကြသည်။ ကာလဒေသပယောကလိုက်ပြီး ပြောင်းလဲရသောသဘောသည် ပို့စ်မော်ဒန်ခေတ်၌ ပိုပြီးစိုးမိုးသည်။ ပို့စ်မော်ဒန်အယူအရ မည်သည့်အရာ၌မျှ တစ်ခုတည်းသော အနက်အဓိပ္ပါယ်ဟူ၍ မရှိတော့ပြီ။ No Single Meaning ဟုဆိုသည့် အရာတိုင်း၏ အနက်အဓိပ္ပါယ်ကို ရှုထောင့်အသီးသီးမှ နားလည်သည်။ ပုဂ္ဂိုလ်လိုက်၍လည်း အနက်အဓိပ္ပါယ် အရောင်ပြောင်းသည်။ ၀န်းကျင်ရှေ့နောက် အဆက်အစပ် Context ဖြင့်လည်း အနက်အဓိပ္ပါယ်ကို နားလည်သည်။

ဥပမာ - ရယ်ဒီကဲလ် (အစွန်းရောက်)ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်သည် ရင်ဆိုင်နေရသော ၀န်းကျင်အခြေအနေလိုက်ပြီး ထင်ဟပ်ပေါ်လွင်သည်။ ယခု မြန်မာနိုင်ငံ၌ တွေ့ကြုံနေရသော ၀န်းကျင်အခြေအနေသည် တပ်မတော်အုပ်စိုးမှုမှ ပဲ့ကိုင်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသော အခြေအနေဖြစ်သည်။ တစ်နည်းပြောလျှင် ၂၀၁၀ ရွေးကောက်ပွဲဖြင့် နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းမည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် အစွန်းရောက်ဆိုသော ဝေါဟာရကို ပဲ့ကိုင်ဒီမိုကရေစီ တစ်နည်းပြောလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနက်အဓိပ္ပါယ်အတွင်း နားလည်ရတော့မည်။ ဥပမာမေးခွန်းမှာ- ရွေးကောက်ပွဲဆန့်ကျင်မှုသည် အစွန်းရောက်ခြင်းလား ဟူ၍ဖြစ်သည်။

ညှိနှိုင်းမှု
ဒီမိုကရေစီသည် ရှိသည့်စနစ်တို့ထဲတွင် အကောင်းဆုံးဖြစ်သော်လည်း အလုံးစုံသော အကျပ်အတည်းတို့ကို ချောချောမောမော မဖြည့်ပေးနိုင်သည်အထိကား အစွမ်းမထက်သော မည်သည့်ဒီမိုကရေစီ ပုံစံမျိုးမဆို အကျပ်အတည်းတို့နှင့် ရင်ဆိုင်ရသည်။ အကျပ်အတည်းတို့ကို ဒီမိုကရေစီနည်း တစ်နည်းဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်း၌ ဖြေရှင်းရမည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သည့်နိုင်ငံရေး အကျပ်အတည်းကိုမဆို ဖြေရှင်းနိုင်လောက်အောင် လုံလောက်မှု သို့မဟုတ် ပျော့ပျောင်းမှုရှိရမည်။

ဤနေရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေသာ ပျော့ပျောင်းမှုရှိရန် လိုအပ်သည်မဟုတ်။ မဏ္ဍိုင်နှစ်ပါးဖြစ်သည့် စစ်ဘက်ကိုယ်စားပြုမှု၊ အရပ်ဘက်ကိုယ်စားပြုမှုနှင့် သက်ဆိုင်သော ခေါင်းဆောင်တို့ကလည်း ပျော့ပျောင်းမှုရှိရန် လိုသည်။ စစ်ဘက်ကိုယ်စားပြုမှုကို ဘောင်ကျဉ်းကျဉ်းနှင့်နားလည်ပြီး တရားသေမစွဲကိုင်ရန် လိုသည်။ အခြေအနေအသစ်တို့ မည်သို့ဖြစ်ထွန်းမည်ကို မသိနိုင်သေးသော အခြေအနေသစ်နှင့် ဆီလျော်အပ်စပ်သည့် အပေးအယူညှိနှိုင်းမှု Adjustments တို့ လိုဦးမည်။

သုံးချက်
ထို့ကြောင့် အရပ်ဘက်၊ စစ်ဘက်နှစ်ရပ်စလုံးသည် မိမိတို့ရရှိထားသော အနေအထားသည် ထာဝရတည်ရမည်ဟု မယူဆအပ်ပေ။ အခြေအနေသစ်ပေါ်လျှင် အခါအားလျော်စွာ အပြောင်းအလဲပြုလုပ်ပေးရမည်ဟု နဂိုကတည်းက မှတ်သားထားရမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် အပြောင်းအလဲအတွက် အဆင်သင့်ပြင်ဆင်ထားရန် လိုခြင်းဖြစ်သည်။ ဤအတွက် ခိုင်လုံသောအကြောင်းပြချက် သုံးချက်ရှိသည်။ ပထမအကြောင်းပြချက်မှာ စနစ်သစ်၏ ကံကြမ္မာသည် လက်ရှိမျိုးဆက်လက်ထဲတွင် မရှိ။ မျိုးဆက်သစ်တို့လက်ထဲ ၀ကွက်အပ်ထားရမည့် အချက်ဖြစ်သည်။ ဒုတိယအကြောင်းပြချက်သည် စနစ်ဖြစ်သည်။ မသေချာမရေရာမှုနှင့် ရှုပ်ထွေးမှုတို့ကို ဖြတ်သန်းသွားရမည့် အချက်ဖြစ်သည်။ တတိယအကြောင်းပြချက်သည် လက်ရှိမျိုးဆက်က ပေါ်ပေါက်မည့် မျိုးဆက်သစ်တို့အပေါ် မည်မျှ သြဇာညောင်းနိုင်သည် ဆိုသော အချက်တွင် မခန့်မှန်းနိုင်သော အချက်ဖြစ်သည်။ နောက်မျိုးဆက်သစ်တို့ ဘယ်လိုစဉ်းစားတွေးခေါ်မည်ကို ခန့်မှန်းရခက်ခြင်းဖြစ်သည်။

ညွှန့်ပေါင်းပုံလောင်း
ဤတွင် ခေါင်းဆောင်မှု၏တာဝန် ပေါ်လာသည်။ ဤတာဝန်မှာ မရေရာမသေချာမှု၊ တစ်နည်းဆိုလျှင် အကွေ့အကောက်လမ်းကြောင်းကို တတ်နိုင်သမျှ ဖြူးဖြူးဖြောင့်ဖြောင့်ဖြစ်ရန် လမ်းကြောင်းပေးနိုင်ရေး ဖြစ်လာသည်။ ရှုပ်ထွေးမှုကို ရင်ဆိုင်၍ တတ်နိုင်သမျှ ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်ရမည်။ နိုင်ငံရေးသည် အာဏာပြဿနာပေါ်တွင် ဗဟိုပြုအားစိုက်ရသည်မှာ မှန်သော်လည်း ဤအာရုံစိုက်မှုသည် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ဦးတည်ရသည့်အပြင် ရှုပ်ထွေးမှုတို့ကြားထဲ၌ တည်ငြိမ်မှုကို ပေါ်ထွန်းစေရန်လည်း ဦးဆောင်နိုင်ကြရမည်။ နိုင်ငံရေး၏ သဘာဝ၌ အပြောင်းအလဲရှိသည်။ လိုရင်းမှာ နိုင်ငံရေးသည် ပိုပြီး ပညာသားပါမည်။ ပို၍ သိမ်မွေ့လာမည်။ အကြမ်းထည်နိုင်ငံရေး ဖြစ်သည်မဟုတ်ပေ။

တစ်နည်းပြောလျှင် အနာဂတ်မြန်မာ့နိုင်ငံရေး ပုံသဏ္ဌာန်သည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်မည့် လွှတ်တော်တို့ကို ဗဟိုပြု၍ ဖြစ်ထွန်းလာသော ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိန်းနိုင်ရန် ဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ အတွေ့အကြုံတွင် လစ်ဘရယ်ဒီမိုကရေစီကိုလည်း ဖြတ်သန်းခဲ့ဖူးပြီ။ ဆိုရှယ်ဒီမိုကရေစီကိုလည်း ဖြတ်သန်းဖူးသည်။ တပ်မတော်အုပ်ချုပ်မှုစနစ်ကိုလည်း ဖြတ်သန်းဖူးသည်။ ယခုပုံစံသစ် တပ်မတော်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုရှိသော နိုင်ငံရေးစနစ်ကို စမ်းသပ်ကြည့်တော့မည်ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်သစ် ပေါ်မည်။ ဤနိုင်ငံရေးဖြစ်စဉ်၏ ပုံရိပ်နှင့် ကံကြမ္မာကို တည်ဆဲမျိုးဆက်နှင့် မျိုးဆက်သစ်တို့ ပေါင်းစပ်၍ ပုံလောင်းပါလိမ့်မည်။

စာညွှန်း - Post Modernism
By Glenn Ward
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆ အမှတ် ၅ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics