Friday, February 05, 2010

ဆရာ သူရဇော် (စာပေဟောပြောပွဲ)


စာပေဟောပြောပွဲမှာ စာရေးဆရာကြီးတွေ ဟောပြောသွားသမျှတွေထဲက ကျွန်တော်မှတ်မိနေတာလေးတွေ၊ မှတ်သားထားမိတာတွေကို ပြန်ရေးထားတာဖြစ်ပါတယ်။ အသံဖမ်းထားတာကို ပြန်ရေးပြတာ မဟုတ်တဲ့အတွက် အကုန်လုံးမပါနိုင်သလို၊ တချို့စကားလုံးတွေမှာ အသုံးအနှုန်းကွဲပြားနေနိုင်ပါတယ်။ ဒါပေမယ့် ဆရာကြီးတွေ ပြောခဲ့တဲ့ မူလအရသာ ပျက်မသွားရအောင်၊ အဓိပ္ပါယ်ပြောင်းမသွားရအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ နားမထောင်လိုက်ရတဲ့သူတွေအတွက် ပြန်လည်ဖောက်သည်ချရုံ သက်သက်မျှသာ ဖြစ်ပါကြောင်း။

ဟောပြောသူ - သူရဇော် (အမျိုးသားစာပေဆုရ ကဗျာဆရာကြီး)
ကလောင်ခွဲ - ဦးစိန်လှိုင် (မဟာဝိဇ္ဇာ)
ခေါင်းစဉ် - ကဗျာတွေအကြောင်း ပြောရအောင်

"လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲဒီလူ ပရဟိတ ဘယ်လောက်လုပ်သလဲ ဆိုတဲ့အပေါ်မှာ တိုင်းတာတယ်"

"ကျွန်တော်ရောက်လေရာ မြို့တိုင်းမှာ ကဗျာလေးတွေ ဖွဲ့လေးရှိပါတယ်။ ကလောရောက်ရင် ကလောနဲ့ပတ်သက်လို့၊ မေမြို့ရောက်ရင် မေမြို့နဲ့ပတ်သက်လို့၊ စသဖြင့်ပေါ့။ ဒါပေမယ့် ကျွန်တော်လုံးဝကို ကဗျာစပ်လို့ မရခဲ့တဲ့ မြို့တွေလည်း ရှိခဲ့ပါရဲ့။ ဘယ်လိုမှကို ကာရန်ယူလို့ မရခဲ့တဲ့ မြို့တွေပေါ့ဗျာ။ ဥပမာ -
(၁) နွားထိုးကြီး (မန္တလေးတိုင်း)
(၂) ရမ်းဗြဲ (ရခိုင်ပြည်နယ်)"
(ပရိသတ်ရယ်သံများ)

ကဗျာတွေကို ဘယ်လိုဖွဲ့သလဲ
(၁) စကားလုံးများနှင့် ဖွဲ့သည်
(၂) ကာရန်နှင့် ဖွဲ့သည် (အယ်ဒီတာ လုပ်နေသူဆိုတော့ တစ်နေ့တစ်နေ့ စားပွဲပေါ်ကို အနယ်နယ်အရပ်ရပ်က ပို့လာကြတဲ့ စာမူတွေ အများကြီးကို ဖတ်ရပါတယ်။ အဲဒီထဲမှာ ကဗျာနဲ့ပတ်သက်လို့ ရေးလာကြတာတွေက ကာရန်တွေနဲ့ပါသလို၊ ခေတ်သစ် ကာရန်မဲ့ဆိုတဲ့ ကဗျာတွေလည်း အများကြီးပါတာကို တွေ့ရပါတယ်။)
(၃) အသံနှင့် ဖွဲ့သည် (ကဗျာမှာ ကာရန်ကိုပဲ လူတွေက သတိထားမိကြတယ်။ ကဗျာတွေမှာ မမြင်နိုင်တဲ့ အသံတွေပါတယ်။ အဲဒီလို အသံတွေပါမှလည်း ကဗျာကောင်းဖြစ်တယ်၊ လူတိုင်းသဘောကျတယ်၊ ဖတ်ရ၊ ရွတ်ရလွယ်တယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ကဗျာတွေ ဒီနေ့အထိ တသသရွတ်ဆိုနေကြရတာဟာ အဲဒီအသံတွေ ပါနေလို့၊ ရွတ်ဆိုရတာ အသံချိုနေလို့ ဖြစ်ပါတယ်။)

စကားလုံးတွေရွေးချယ်တဲ့နေရာမှာ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်မှ ကောင်းတယ်။ မဟုတ်ရင် အဆင်မပြေဖြစ်တတ်တယ်။ ရယ်စရာကြီး ဖြစ်တတ်တယ်။ ကျွန်တော်ကြုံဖူးတာလေးတွေ ပြောဦးမယ်။ ကျွန်တော်တို့ လူမျိုးတွေက ဆိုင်နာမည်တွေဘာတွေအတွက် ဆိုင်းဘုတ်ရေးတဲ့အခါ ထိပ်ဆုံးမှာ "ဗုဒ္ဓံ ဓမ္မံ သံဃံ" စသဖြင့် ခေါင်းစီးတပ်လေ့ရှိတယ်။

တစ်နေရာမှာ ဆိုင်းဘုတ်တစ်ခု ဖတ်ခဲ့ရတယ်။ ထိပ်ဆုံးမှာ "အနန္တမေတ္တာ" လို့ ရေးထားတယ်။ သြော်.. ကောင်းလိုက်တာပေါ့။ ငါတို့လူမျိုးဟာ အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ထားတတ်တယ် ဘာညာပေါ့။ အောက်မှာရေးထားတာကို ဖတ်လိုက်တော့မှ သေပြီဆရာ ဖြစ်သွားတယ်။ ရေးထားတာက ဒီလိုပါ-
"အနန္တမေတ္တာ
ပိုးသတ်ဆေးရောင်းမည်
"တဲ့။ ကဲ... ကောင်းရော။
(ပရိသတ်ရယ်သံများ)

နောက်ထပ်ကြုံရတာတစ်ခုက ဦးဇင်းလေးတစ်ပါး ဆွမ်းခံကြွတယ်။ အိမ်တစ်အိမ်ရှေ့မှာ ဆွမ်းရပ်တာပေါ့။ အဲဒီအိမ်ရှေ့မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ထားတယ်။ ဦးဇင်းလေးခမြာ အဲဒီဆိုင်းဘုတ်ကိုလည်း ဖတ်ပြီးရော သပိတ်ချပြီး ပြေးပါလေရောလား။ ရေးထားတဲ့ ဆိုင်းဘုတ်က ဒီလိုဒီလို-
"ဗုဒ္ဓံ ဓမ္မံ သံဃံ
အမှုန့်ကြိတ်သည်
" တဲ့။
(ပရိသတ်ရယ်သံများ) (ဆရာသူရဇော်လည်း လိုက်ရယ်သည်။)
ဟုတ်တော့လည်း ဟုတ်သားပဲ။ အဲဒီနားမှာ ဗုဒ္ဓလည်းမရှိဘူး၊ ဓမ္မလည်းရှိတာမဟုတ်ဘူး။ အဲဒီတော့ သံဃာဆိုလို့ သူပဲရှိတာဆိုတော့ ငါ့ကိုတော့ အမှုန့်ကြိတ်တော့မှာပဲဆိုပြီး ကြောက်လန့်တကြား ထွက်ပြေးတာဖြစ်မှာပါ။
(ပရိသတ်များ ပတ်တုပ်မရအောင် ရယ်ကြသည်)

ရန်ကုန်က ဆေးကုခန်းတစ်ခုရဲ့ နာမည်ကလည်း စိတ်ဝင်စားဖို့ ကောင်းသဗျ။ ဆေးကုခန်းတွေကို နာမည်တွေ ပေးကြပါတယ်ဗျာ။ အာရောဂျံ၊ စေတနာ၊ မေတ္တာရောင်ခြည်၊ စိတ္တသုခ စသည်ဖြင့်ပေါ့။ ဒါပေမယ့် အဲဒီဆေးခန်းနာမည်က ဒီလိုခင်ဗျ-
"ထာဝရ
အထူးကု ဆေးခန်း
" တဲ့။ ပရိသတ်များသာ စဉ်းစားကြည့်ပါတော့ဗျာ။
(ပရိသတ်ရယ်သံများ)

နောက် ဗိုလ်ချုပ်ဈေးထဲမှာရှိတဲ့ ဆိုင်တစ်ဆိုင်နာမည်လည်း ရှိသေးတယ်။ အရင်ဆုံးနာမည်လေးကို ပြောပြမယ်။ "ကြည်ပြာ" တဲ့။ ဘယ်လောက်လှသလဲ။ ကြည်ပြာဆိုတဲ့ နာမည်က လှတယ်မလား။ (ပရိသတ်များမှ လှပါတယ်ဟု ဖြေကြသည်) ဟုတ်တယ်။ နာမည်လေးက တအားလှတယ်။ ဒါပေမယ့် သူ့ရဲ့ ဆိုင်နာမည်ကို ဖတ်ကြည့်ပါဦး။
"ကြည်ပြာ
အပ်ချုပ်ဆိုင်
" တဲ့။
ကြည်ပြာဆိုမှတော့ ကြာပြီပေါ့ဗျာ။ ဘယ်သူက အပ်တော့မလဲ။
(ပရိသတ်များ ရယ်ကြသည်)

ကျွန်တော်က ငယ်ငယ်လေးကတည်းက ဟိုးအစွန်အဖျားက တောရွာမှာ နေခဲ့ရတာ။ ရွာပြင်ထွက်လိုက်ရင် ဗွက်က ဒူးခေါင်းလောက်အထိ ရောက်တယ်။ ဘုန်းကြီးကျောင်းမှာ စာသင်ရတယ်။ အဲဒီလို ဘုန်းကြီးကျောင်းမှာ နေရတဲ့အတွက် ဘာအမြတ်ရလဲဆိုတော့ ဘုန်းကြီးဆီကနေ ကဗျာစပ်နည်းတွေ ရလိုက်တယ်။

ကျွန်တော့်အခန်းရဲ့ လက်လှမ်းမီရာနေရာမှာ အမြဲတမ်းထားတာက မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းဖြစ်တဲ့ "က၀ိလက္ခဏာ သံပေါက်ကျမ်း" ဆိုတာဖြစ်တယ်။ အဲဒီအထဲမှာ ကာရန်တွေ အများကြီးပါတယ်။ တစ်ခုခုကာရန် မတွေ့တော့ဘူးဆိုရင် ကျွန်တော်ကတော့ အဲဒီကျမ်းကို ဖွင့်ပြီးရှာတာပဲ။ အဲဒီအထဲမှာ အဲကာရန်၊ အွန်ကာရန်၊ အုံကာရန်၊ အုကာရန် စသဖြင့် တကယ့်ကို ရှားရှားပါးပါး ကာရန်တွေကို တွေ့နိုင်တယ်။ ရေးတဲ့လူကတော့ သတ်ပုံအတွက် ရေးထားတာပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်က တကယ့်ကို ကာရန်ရှာတဲ့နေရာကြီး ဖြစ်နေတယ်။

ကျွန်တော်တို့တွေ ကဗျာတွေနဲ့ ဘယ်လိုရင်းနှီးခဲ့ကြသလဲ။
ပထမဆုံးရင်းနှီးရတာက
အမေပြောတဲ့ ကဗျာ ပေါ့။
ကျွန်တော်တို့ငယ်ငယ်လေးကတည်းက အမေတွေဟာ သူတို့မြင်နေရတဲ့ဟာလေးတွေကို သားငယ်ကို ပြောပြချင်တဲ့အခါ သူတို့ပြောတတ်သလို ပြောပြတတ်ကြတယ်။ ဗျိုင်းအုပ်ကြီးပျံသွားတာကိုလည်း သားငယ်ကို ပြောပြချင်တယ်။ ရှေ့မှာ မြင်နေရတဲ့ ဖားလေးတွေအကြောင်းလည်း ပြောပြချင်တယ်။ အဲဒီလိုနဲ့ "လူကလေးရယ် အိပ်ချိန်တန်၊ ဗျိုင်းကြီး ရှေ့ကပျံ" "လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး" "ဖားပါရင် တစ်ကောင်နှစ်ကောင်ပေးပါ" စတဲ့ သားချော့တေးကဗျာလေးတွေ ဖြစ်လာကြတယ်။ ဘယ်သူရေးခဲ့သလဲဆိုတော့ ဘယ်သူရေးခဲ့မှန်းကို မသိဘူး။ ဘယ်တုန်းကလဲဆိုတော့လည်း ဘယ်တုန်းကရေးခဲ့မှန်းကို မသိဘူး။ ကျွန်တော်တို့ ကဗျာဆရာအုပ်စုက အဲဒီကဗျာလေးတွေကို နာမည်ပေးထားတယ်။
"မိဘမဲ့ ကလေးကဗျာများ" လို့။

နောက်တစ်ခုက ကလေးဘ၀ကဗျာတွေ။
နည်းနည်းလေး ကလေးဘ၀ရောက်လာတော့ ရွာလယ်လမ်းမကြီးမှာ၊ ရွာထိပ်ညောင်ပင်အောက်မှာ ကလေးတို့ဘာဝ ဆော့ကစားကြတာပေါ့။ အဲဒီမှာ ရောက်ရာပေါက်ရာ၊ ဘယ်သူရေးမှန်းမသိတဲ့စာတွေကို ကလေးပီပီ အော်ကြ၊ ပျော်ကြတာပေါ့။ "ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်" တို့၊ "ငါတို့ကြက်ဖနိုင်နိုင်" တို့ပေါ့။

ကျွန်တော်အခု ကလေးကဗျာတွေ ရေးတော့လည်း ကလေးတွေ ဆော့ကစားတာကို လေ့လာရ၊ ကြည့်ရမှတ်ရတယ်။ ကလေးတွေ နားလည်နိုင်တဲ့ စကားလုံးတွေက ဘာတွေလဲ၊ ဘယ်လောက်အထိ သူတို့နားလည် လက်ခံနိုင်သလဲဆိုတာမျိုးပေါ့။ တလောကတော့ ကျွန်တော့်မြေးလေးတွေ ဆော့နေတာကို ကြည့်နေရင်းနဲ့ မျက်လုံးပြူးသွားတယ်။ သူတို့က ကြက်ဖခွပ်တမ်း ကစားနေကြတာပါ။ သူတို့အော်နေကြတာလေးတွေကို နားထောင်ကြည့်ပါဦး။
"ကြက်ဖတညင် တောကိုဝင်
မောင်ရင်လာ လေးနဲ့ပစ်
မပစ်ပါနဲ့ မောင်ရင်ရယ်
ကြက်တက်စူးလို့ သေပါ့မယ်
ဘယ်ဖက်က စူးစူး
ညာဖက်က စူးစူး
ခွပ်လိုက်ကြစို့ သူငယ်ချင်း
အောက်အီးအီးအွတ်
ကြက်သွန်ဖြူ ဆီချက်
နင်နဲ့ငါနဲ့ တကျက်ကျက်
ပလာတာ ဆီဆွတ်
အားရပါးရ ခွပ်
" တဲ့။
(ပရိသတ်များ အားပါးတရ ရယ်မောကြသည်)
ကဲ... ကြည့်စမ်းပါဦး။ သူတို့လက်ထက်ကျမှ ကြက်သွန်ဖြူလည်းပါလာပြီ၊ ပလာတာလည်း ပါလာပြီ။ ဘယ်သူက ရေးပေးလိုက်တယ်မသိဘူး။ ရေးတာတော့ ရေးကြတာပေါ့။ အရိုးကိုတော့ အရွက်တစ်ခုလုံး မဖုံးကြပါနဲ့။

ကျွန်တော်အခုတလော ဗုဒ္ဓ၀င်ထဲက ဆန္ဒအမတ်ကို အရမ်းစိတ်ဝင်စားနေတယ်။ သေချာလေ့လာတဲ့အခါ ဆန္ဒအမတ်ရဲ့ အခန်းကဏ္ဍဟာ အရမ်းကို အရေးပါတာ တွေ့ရတယ်။ နိမိတ်ကြီးလေးပါးကို မြင်တဲ့အခါ မေးသမျှကို ဖြေခဲ့တာလည်း ဆန္ဒအမတ်။ အလောင်းတော် တောထွက်မယ်ဆိုတော့လည်း နောက်တော်ကနေ အပါလိုက်သွားခဲ့တာလည်း ဆန္ဒအမတ်ပဲ။ တစ်ဖက်ကမ်းမှာ အရှင်သခင်ကို ထားခဲ့ပြီး စိတ်နှလုံးလေးလံစွာ၊ စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ နန်းတော်ကို ပြန်လာခဲ့ရတာလည်း ဆန္ဒအမတ်ပဲ။ အဲဒီလို အခန်းကဏ္ဍတွေကနေ ပါဝင်ခဲ့တဲ့ ဖွားဖက်တော် ဆန္ဒအမတ်ကို ကျွန်တော်စိတ်ဝင်စားနေမိပါတယ်။

ဆန္ဒအမတ်နှင့် ပတ်သက်၍ ရေးထားသည့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြပြီး နိဂုံးချုပ်လိုက်သည်။
(ဘယ်ဂျာနယ်၊ မဂ္ဂဇင်းမှာမှ မပါသေးပါဘူး။ ဦးဦးဖျားဖျား ရွတ်ပြသွားတာပါဟု ဆိုသည်)

(အခြားစာရေးဆရာကြီင်္းများ၏ ဟောပြောမှုများကို ဆက်ပါဦးမည်)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်၊ သောကြာနေ့။
နေ့လည် ၁၁ နာရီ ၁၇ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics