(အရင်ဆုံး မပြောမဖြစ်တဲ့ ကဘောက်တိကဘောက်ချာတစ်ချက်ကို ပြောလိုက်ချင်သေးတယ်။ အခမ်းအနားမှူးလုပ်သူက ဆရာချစ်နိုင်ရဲ့ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို ဖတ်ပြတယ်။ ပြီးတော့ ဆရာဟောပြောမယ့် ခေါင်းစဉ်ကတော့ "ပြင်ဦးလွင်မြို့သူ ဇနီး" ဖြစ်ပါတယ်တဲ့။ ပရိသတ်တွေအကုန်လုံးက "ဟာ... ဟင်" တွေ ဖြစ်ကုန်တယ်။ ဆရာချစ်နိုင်(စိတ်ပညာ)ရဲ့ အမျိုးသမီးဟာ ပြင်ဦးလွင်မြို့သူဆိုတာ မှန်ပေမယ့် စာပေဟောပြောပွဲမှာတော့ သူ့မိန်းမနဲ့ပတ်သက်ပြီး မပြောလောက်ဖူးလို့ ထင်မှတ်ထားကြလို့လား၊ သူတို့နားထောင်ချင်တာမျိုး မဟုတ်မှာစိုးလို့လားတော့ မသိပါဘူး။ ဒါပေမယ့် ဆရာချစ်နိုင်(စိတ်ပညာ)က စင်ပေါ်ရောက်တဲ့အခါ နှုတ်ခွန်းဆက်သပြီး ကျွန်တော်ဒီနေ့ ဟောပြောမှာကတော့ "စိတ်ကောင်းရှိဖို့က ပထမ" ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်လို့ ကြေညာပါတယ်။ စောစောက အခမ်းအနားမှူးပြောတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ မြွက်ဟခြင်း မရှိပါဘူး။ ကျွန်တော်တွေးမိတာကတော့ ဟောပြောပွဲစီစဉ်သူတွေက သူတို့ပေးချင်တဲ့ခေါင်းစဉ် ပေးထားကြပုံ ရပါတယ်။ သူတို့ကို အားနာတဲ့အတွက် ဆရာချစ်နိုင်က ဘာမှမဖြေရှင်းတော့တာလား၊ မပြောတော့တာလားတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဒါပေမယ့် ဖြစ်တော့ မဖြစ်သင့်တဲ့အရာလို့ မြင်မိပါတယ်။ စာရေးဆရာက ဘာအကြောင်းဟောပြောပေးမလဲဆိုတာကို ကြိုတင်မေးပြီး အခမ်းအနားအစီအစဉ်မှာ ထည့်ရတယ်လို့ ကျွန်တော်ထင်တာပါပဲ။ ကိုယ်ပေးချင်တဲ့ခေါင်းစဉ်ပေးထားတာကို စာရေးဆရာတွေက ပြောရတာမျိုးတော့ ဟုတ်ဟန်မတူဘူးလို့ ကျွန်တော်မြင်မိတာပါပဲ။ ကျွန်တော်မှားနေလျှင် ပြင်ပေးကြပါနော်။)
ဟောပြောသူ - ချစ်နိုင် (စိတ်ပညာ)
ခေါင်းစဉ် - စိတ်ကောင်းရှိဖို့က ပထမ
တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စာသင်တိုက်မှာရေးထားတဲ့ အချက်တွေရှိတယ်။ စာသင်သားရွေးချယ်ရာမှာလည်း အဲဒီအချက်တွေနဲ့ ကိုက်ညီပြီး ရွေးချယ်တယ်လို့ သိရတယ်။ စုစုပေါင်း (၁၀)ချက် ရှိပါတယ်။ ပေရှည်နေမှာစိုးတဲ့အတွက် အကုန်လုံးကို မပြောတော့ပါဘူး။ ထိပ်ဆုံးတစ်ချက်နဲ့ နောက်ဆုံးတစ်ချက်ကိုပဲ ပြောပါမယ်။
၁။ စိတ်ကောင်းရှိဖို့က ပထမ
...
...
...
...
...
၁၀။ စာတတ်ဖို့က ဒသမ
ကဲ... ကြည့်စမ်းပါဦး။ တစ်မျိုးကြီး ဖြစ်မနေဘူးလား။ ဒါပေမယ့် အသက်ကြီးလာမှ ဆရာတော်ကြီးပြောတာ မှန်လိုက်တာလို့ သိလာရတယ်။ အရင်ငယ်စဉ်ကတော့ စာတတ်ဖို့က ပထမလို့ ထင်ခဲ့တာပေါ့။ အခုအသက်အရွယ်ရလာတဲ့အချိန်ကျမှ သွေးထွက်အောင် မှန်လိုက်တာ ဆရာတော်ဘုရားရယ်လို့ ဖြစ်နေရပြီ။
တစ်ခါတုန်းက သီတဂူဆရာတော်ဘုရားကို အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုက ဖိတ်ကြားပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာတွေကို အချိန်တစ်ချိန် ပို့ချစေပါသတဲ့။ ပါမောက္ခကြီးတွေ၊ ပညာရှင်တွေအများကြီး ထိုင်နေကြတာပေါ့။ ဆရာတော်ကြီးက စင်ပေါ်ကို တက်ပြီး ပြောဖို့ပြင်တုန်းပဲ ရှိသေးတယ်။ ပါမောက္ခတစ်ယောက်က ထပြီး မေးခွန်းမေးပါသတဲ့။ "ကျွန်တော်မေးခွန်းတစ်ခု မေးလို့ရမလား" လို့ မေးပါသတဲ့။ ဆရာတော်ကလည်း "ရပါတယ်... မေးပါ" လို့ ပြောသတဲ့။ တကယ်ဆိုရင် သူတို့ဆီမှာက ဆွေးနွေးဟောပြောပြီးမှသာ အမေးအဖြေအနေနဲ့ အချိန်တစ်နာရီလောက် လုပ်ကြတာလေး။ အခုတော့ ဘာမှတောင် မပြောရသေးဘူး။ မေးခွန်းထမေးတာကိုး။ ဒါပေမယ့် ဆရာတော်ကြီးက ခွင့်ပြုတော်မူပါသတဲ့။ ဒါနဲ့ ပါမောက္ခကြီးက "သင်ဘာဖြစ်လို့ ဘုန်းကြီးဝတ်တာလဲ" လို့ မေးပါသတဲ့။ ဆရာတော်က "ကောင်းပါပြီ၊ သင်မေးတာကို ကျွန်ုပ်ဖြေပါ့မယ်၊ ကျွန်ုပ်မေးတာကို သင်အရင်ဖြေပါဦး" လို့ ပြောပါသတဲ့။ ပါမောက္ခကြီးကလည်း "ကောင်းပါပြီ" ပေါ့။ ဆရာတော်က ဘာမေးသလဲဆိုတော့ "လူဖြစ်နေရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ" လို့ မေးပါသတဲ့။ ပါမောက္ခကြီးခမြာ ခေါင်းတွေကုတ်၊ ဆံပင်တွေဆုပ်နဲ့ အတော်ကို အကျပ်ရိုက်သွားတယ်ဆိုပဲ။ ချွေးသီးချွေးပေါက်တွေ ကျမတတ်၊ မျက်နှာကြီးတစ်ခုလုံးလည်း နီမြန်းနေပါသတဲ့။ သူတစ်ခါမှ မစဉ်းစားဖူးတဲ့ မေးခွန်းကို မေးလိုက်တာကိုး။ ဟုတ်ပါရဲ့ ငါတို့တွေ လူဖြစ်နေရတာ ဘာကြောင့်လဲဆိုတာ စဉ်းစားလို့ကို မရပါဘူးတဲ့။
အမယ်... စဉ်းစားလို့သာ မရတယ်... အဲဒီပါမောက္ခက အတော်တော့ လူလည်ကျသားဗျ။ ဆရာတော်ကို ဘာပြန်ပြောလဲဆိုတော့ "ကျွန်ုပ်မဖြေတော့ပါဘူး... ကျွန်ုပ်ကိုယ်စား ဆရာတော်ကပဲ ဖြေပြလိုက်ပါ၊ ဆရာတော်ဖြေတာမှန်ရင် ကျွန်ုပ်က Yes, correct! လို့ ပြောမယ်။ ဆရာတော်ဖြေတာမှားရင် ကျွန်ုပ်က No, wrong answer! လို့ ပြောမယ်လို့ ပြောပါသတဲ့။ အတော်လူလည်ကျတဲ့ ပါမောက္ခနော်။ သူ့ကိုမေးတဲ့မေးခွန်းကို ဆရာတော်ကို ပြန်ဖြေခိုင်းဦးမယ်၊ ပြီးတော့ သူကပဲ Decision Maker လုပ်ပြီး မှန်သလား၊ မှားသလား ဆုံးဖြတ်ဦးမတဲ့။ ဘယ်လောက် နားရင်းအုပ်ချင်စရာ ကောင်းလိုက်တဲ့ ပါမောက္ခလည်းနော်။ ဒါပေမယ့် ဆရာတော်ကြီးကတော့ လက်ခံတော်မူပါသတဲ့။ "ကောင်းပါပြီ... ကျွန်ုပ်ဖြေပေးပါမယ်" လို့ ပြောသတဲ့။
လောကမှာ လူဖြစ်ရခြင်း ရည်ရွယ်ချက်တွေကတော့
(၁) လောကကောင်းကျိုးသယ်ပိုးရန်
(၂) မိဘဆွေမျိုး လူမျိုးအကျိုးကိုဆောင်ရန်
(၃) မိမိကိုယ်ကိုယ် မြှင့်တင်ရန်
တို့ ဖြစ်ကြပါတယ်လို့ ဖြေလိုက်ပါသတဲ့။ အဲဒီအခါမှာ ခန်းမကြီးတစ်ခုလုံးဟာ သဘောကျလွန်းလို့ လက်ခုပ်လက်ဝါးတွေ တီးလိုက်ကြတာ အတော်နဲ့ မရပ်ကြဘူးလို့ ဆိုပါတယ်။
အဲဒီတော့ မေးစရာရှိတယ်။ လူဖြစ်ရတဲ့အချိန်လေးမှာ လောကကောင်းကျိုးတွေရော၊ မိဘဆွေမျိုး လူမျိုးအကျိုးတွေရော မများလွန်းဘူးလား။ ဘယ်လိုလုပ်ပြီး တတ်နိုင်မလဲ၊ လွယ်ပါ့မလဲလို့ မေးစရာရှိလာတယ်လေ။ တကယ်တမ်းကျတော့ ဘာမှခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ တတိယအချက်ဖြစ်တဲ့ မိမိကိုယ်ကိုယ် မြှင့်တင်တာကို လုပ်တာနဲ့ကို ကျန်တဲ့နှစ်ချက်ကို အလိုလို ဖြည့်ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က မြင့်မားမနေဘဲ အခြားအချက်တွေကို လုပ်ဆောင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒီအတွက် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် တော်အောင်၊ တတ်အောင်၊ သိအောင်၊ နားလည်အောင်၊ မြင့်မားအောင် လုပ်ဖို့ကသာလျှင် အဓိကအခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ကြိုးစားခြင်းဟာ "တစ်ချက်ခုတ် သုံးချက်ပြတ်" တာဖြစ်ပါတယ်။
ဥပမာ - ဒီမြို့လေးက ကျောင်းသား/ကျောင်းသူ တစ်ယောက်က မြန်မာတစ်နိုင်ငံလုံးမှာ ပထမ ရတယ်ဆိုပါတော့။ သူကိုယ်တိုင် ထူးချွန်ထက်မြက်တဲ့အတွက် တစ်နိုင်ငံလုံးပထမ ဆိုတဲ့ဆုကို ရခဲ့သလို၊ သူ့အတွက် သူ့မိဘတွေ၊ သူ့ဆရာတွေ၊ မောင်နှမသားချင်းတွေ ဂုဏ်တက်ရပါတယ်။ တစ်ဆက်တည်း သူနေထိုင်တဲ့ မြို့နယ်၊ ရပ်ကွက်လည်း ဂုဏ်တက်ရပါတယ်။ သူ့အတွက် ဂုဏ်ယူရပါတယ်။ ငါမြို့နယ်၊ ငါ့ရပ်ကွက်အတွက်ဆိုပြီး တကူးတက လုပ်စရာမလိုဘဲ ကိုယ့်ကိုယ်ကိုယ် မြင့်မားအောင် ကြိုးစားလိုက်တာလေးတစ်ခုတည်းနဲ့ သူ့အလိုလို ဆောင်သွားတာဖြစ်ပါတယ်။
ငယ်ငယ်က ကလေးတွေ ဆော့တဲ့အခါ ရူးသွပ်ကြတာကို မြင်ဖူးကြမှာပါ။ တချို့ကလေးတွေက ဆရာဝန်လုပ်တမ်းကစားတယ်၊ တချို့က အိမ်ဆောက်တမ်း၊ တချို့က စစ်တိုက်တမ်း၊ တချို့က သီချင်းဆိုတယ် စသဖြင့်ပေါ့လေ။ ပြောချင်တာကတော့ အဲဒီကလေးတွေ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့တဲ့အပေါ် မူတည်ပြီး အများစုဟာ အဲဒီအတိုင်း ဖြစ်လာတတ်ကြတာပါပဲ။
လောကကြီးမှာ ရူးဖို့လိုပါတယ်။ ရူးမှလည်း ဖြစ်မြောက်တာ ဖြစ်ပါတယ်။
စာရေးဆရာဖြစ်ချင်ရင် စာရေးဆရာရူး ရူးရပါမယ်။ ဆရာဝန်ဖြစ်ချင်ရင် ဆရာဝန်ရူး ရူးရပါမယ်။ အဆိုတော်ဖြစ်ချင်ရင် အဆိုတော်ရူး ရူးရပါမယ်။ စစ်ဗိုလ်ဖြစ်ချင်ရင် စစ်ဗိုလ်ရူး ရူးရပါမယ်။ မင်းသားဖြစ်ချင်ရင် မင်းသားရူး ရူးရပါမယ်။
အဲဒီလို ရူးသွပ်မှလည်း တကယ်ဖြစ်လာတာ ဖြစ်ပါတယ်။ ပါးစပ်ကနေပဲ ဖြစ်ချင်နေလို့ ရတာမဟုတ်ပါဘူး။ အဲဒီတော့ ပြောချင်တာက
"ဖြစ်ချင်တာကို ရူးပါ" လို့။
မနက်က ဒီမြို့က နယ်ခံစာရေးဆရာတွေနဲ့ စကားပြောဖြစ်ရင်း ဆရာတစ်ယောက်ပြောတာကို အရမ်းကို သဘောကျတယ်။ အိန္ဒိယနိုင်ငံက သမ္မတဟောင်းကြီး အကြောင်းပါတဲ့။ အားလုံးသိကြတဲ့ ဆံပင်ကို ကကြီးပုံသဏ္ဌာန်ထားတဲ့ သမ္မတကြီးလေ။ သူ့နာမည်က အဗ္ဗဒူကလန် တဲ့။ သမ္မတမဖြစ်ခင်က အနှစ်(၄၀)လုံးလုံး ဒုံးပျံသုတေသနမှာ လုပ်ခဲ့တဲ့ ပညာရှင်ကြီးပေါ့။ အောင်လည်းအောင်မြင်ခဲ့ပါတယ်။ အဲဒီအတွက် ပြည်သူတွေက သူ့ကို သမ္မတအဖြစ် တင်မြှောက်လိုက်ကြပါတယ်။ သူသမ္မတဖြစ်တဲ့အချိန်မှာ အဓိကအချက်တစ်ခုအနေနဲ့ လုပ်လေ့ရှိတာကတော့ ကျောင်းတွေကို လျှောက်သွားလေ့ရှိတာပါပဲ။ ကျောင်းသူကျောင်းသားလေးတွေနဲ့ တွေ့ဆုံပြီး စကားစမြည်ပြောလေ့ရှိပါသတဲ့။ အဲဒီလို ပြောဆိုခဲ့ကြတာတွေကို စာအုပ်အဖြစ် ထုတ်ဝေထားတာ ရှိပါတယ်။ "ဦးနှောက်များကို မီးညှိခြင်း" ဆိုတဲ့ စာအုပ်ပါ။
အဲဒီအထဲမှာပါတဲ့ အကြောင်းအရာတစ်ခုက ဒီလိုပါ။
တစ်ရက်မှာ သမ္မတကြီးဟာ ကျောင်းလေးတစ်ကျောင်းကို သွားရောက်ခဲ့ပါသတဲ့။ မူလတန်းကျောင်းသားကျောင်းသူတွေနဲ့ တွေ့ပြီး စကားစမြည် ပြောကြတာပေါ့။ ကလေးတစ်ယောက်ချင်းကို "ကြီးလာရင် ဘာဖြစ်ချင်သလဲ" လို့ မေးပါသတဲ့။ ကလေးတွေကလည်း အသီးသီး အသက သူတို့စိတ်ထဲမှာ ရှိတာလေးတွေကို ပြောပြကြတာပေါ့။ ဒီလိုနဲ့ ဟိုးနောက်ဆုံးတန်းနားမှာ ထိုင်နေတဲ့ သွားခေါခေါ၊ လူကပိန်ပိန်၊ ညစ်စုတ်စုတ်နဲ့ ကလေးမလေးတစ်ယောက်ကို မေးပါသတဲ့။ "ကဲ... လုပ်ပါဦး၊ သမီးကရော ဘာဖြစ်ချင်သလဲ" တဲ့။ ကလေးမလေးက တစ်ချက်စဉ်းစားပါတယ်။ ပြီးတော့ ဒီလိုပြောပါသတဲ့။ "နောက်အနှစ် နှစ်ဆယ်ဆိုရင် ဘဘလည်း မရှိတော့ဘူးနော်" တဲ့။ အဲဒီတော့ သမ္မတကြီးက "ဟုတ်တာပေါ့ ဘယ်ရှိတော့မလဲ" လို့ ပြန်ဖြေပါသတဲ့။ "အဲဒါဆိုရင် နောက်အနှစ် နှစ်ဆယ်ကြာတဲ့အခါမှာ အိန္ဒိယနိုင်ငံကို အမေရိကန်ထက်သာအောင် လုပ်ပေးထားခဲ့ပါနော်" လို့ ပြန်ပြောပါသတဲ့။ ကဲ ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ ကလေးမလေးရဲ့ စကားပါလဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံက ကလေးတွေရော အဲဒီ ခပ်ပိန်ပိန်၊ သွားခေါခေါ၊ စုတ်ပြတ်ပြတ် ကုလားမလေးလိုမျိုး အတွေးအခေါ် ရှိကြပါသလား၊ သူတို့တွေစိတ်ထဲမှာ နောက်အနှစ်ဘယ်လောက်ကြာတဲ့အခါမှာ အမေရိကထက်သာချင်တယ်ဆိုတဲ့ စိတ်ကူးအတွေးတွေ ရှိကြပါသလား၊ ကျွန်တော်တို့တွေကရော ကျွန်တော်တို့ကလေးငယ်တွေကို အဲဒီလို စိတ်ကူး၊ အတွေးတွေ ဖြစ်ပေါ်နေအောင် ပံ့ပို့သင်ကြားပေးနိုင်ကြပါသလား ပရိသတ်ကြီးခင်ဗျား။ စဉ်းစားကြဖို့ လိုပါပြီခင်ဗျား။
သူတို့တွေ တိုးတက်စမ်းပါစေ...
ငါတို့လည်း တိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးကြဖို့ လိုပါတယ်....။
ကောင်းကင်ဘုံနဲ့ ငရဲဘုံဆိုတာ ဘာမှမကွာခြားပါဘူး။ အတူတူပဲဆိုတဲ့ ပုံပြင်လေးတစ်ခုကို ပြောပြပါတယ်။ All are the same. The only difference is attitude.
ငါဆိုတာကို ငါတို့လို့ ပြောပါ။ Not I, say We!
စိတ်ပညာရှင်တွေဟာ စမ်းသပ်မှုတစ်ခု ပြုလုပ်ပါသတဲ့။ ဗိမာန်တစ်ခု ဆောက်လုပ်နေတဲ့ လုပ်ငန်းတစ်ခုကိုလာပြီး အလုပ်သမားတွေကို မေးမြန်းမှုတွေ လုပ်ပါတယ်။ သူတို့မေးတဲ့ မေးခွန်းတွေက အားလုံးတစ်ပုံစံတည်းဖြစ်ပါတယ်။ မေးခွန်းတွေက-
(၁) ဒီအလုပ်ကို လုပ်ရတာ အဆင်ပြေရဲ့လား၊ ပျော်ရဲ့လား။
(၂) ရတဲ့လုပ်ခငွေကရော လောက်ငရဲ့လား။
(၃) ဒီအလုပ်အပေါ်မှာ ဘယ်လိုသဘောထားသလဲ။
ပထမတစ်ယောက်ကို မေးတဲ့အခါ စိတ်တိုနေတဲ့ပုံစံနဲ့ အဆင်မပြေဘူး၊ နေပူပူကြီးမှာ ဒီလောက်ပင်ပန်းတဲ့အလုပ်ကို လုပ်ရတာ ဘယ်ကလာ သက်သာလိမ့်မလဲ၊ ငွေလေးကလည်း မဖြစ်စလောက်နဲ့ ဘာမှမပြောပလောက်ဘူး။ ဖြစ်နိုင်ရန် လုံးဝမလုပ်ချင်တဲ့ အလုပ်ပဲလို့ ဖြေသတဲ့။
ဒုတိယတစ်ယောက်ကတော့ ဒီလိုပါပဲ၊ အဆင်ပြေတယ်လည်းမဟုတ်၊ အဆင်မပြေဘူးလည်း မဟုတ်ပါဘူး၊ လခကလည်း ဒီလိုပါပဲ၊ များတယ်လို့ မပြောနိုင်ပါဘူး၊ ဒီထက်လုပ်ခပိုများတဲ့အလုပ် မရသေးခင်စပ်ကြားတော့ ဒီအလုပ်ကို လုပ်နေရဦးမှာပေါ့လို့ ဖြေပါသတဲ့။
တတိယတစ်ယောက်ကတော့ လေလေးတချွန်ချွန်နဲ့ ရှိနေသူပါတဲ့။ သူ့ကိုကြည့်ရတာလည်း ပြုံးပျော်နေပါသတဲ့။ မေးတဲ့အခါမှာ သူပြန်ဖြေတာက ပျော်ပါတယ်၊ နေပူတယ်ဆိုပေမယ့်လည်း ဒီလောက်တော့ လုပ်နိုင်ပါတယ်၊ လုပ်ခငွေကလည်း ကျွန်တော်တို့မိသားစု စားလောက်သောက်လောက်ပါတယ်၊ ခြွေခြွေတာတာသုံးရင် စုလို့တောင်ရပါတယ်၊ အခုလို သမိုင်းဝင်မယ့် ဗိမာန်ကြီး တည်ဆောက်ခဲ့တဲ့ နေရာမှာ တစ်တပ်တစ်အား ပါဝင်ခွင့်ရတာကို ဂုဏ်ယူနေတာဗျ၊ နောင်တစ်ချိန်ကျရင် ဒီဗိမာန်ကြီးကို ဆောက်ခဲ့တုန်းက ငါလည်း ပါခဲ့တယ်ဆိုပြီး ဂုဏ်ယူစွာပြောနိုင်ဦးမှာလေ၊ ကျွန်တော်က ပိုက်ဆံလည်းမချမ်းသာတော့ အခုလိုဗိမာန်ကြီး ဆောက်တဲ့နေရာမှာ ၀င်ရောက်လုပ်ကိုင်ခွင့်ရတာကိုပဲ ကုသိုလ်ပြုရတယ်လို့ သဘောထားပါတယ်လို့ ဖြေကြားပါသတဲ့။
ဆိုခဲ့ပါ သုံးယောက်စလုံးဟာ တူညီတဲ့အလုပ်၊ တူညီတဲ့ လုပ်ခနှုန်းထားနဲ့ တစ်နေရာတည်းမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ အလုပ်အပေါ်မှာ အမြင်တွေ ကွာခြားနေတာကို တွေ့နိုင်ပါတယ်။
အဲဒီပုံပြင်ကို ကျွန်တော်ဖတ်ပြီးတဲ့အချိန်မှာ ဘာသိသွားသလဲဆိုတော့ လောကမှာ အပျော်ဆုံးလူ ဆိုတာ ကိုယ်လုပ်နေရတဲ့အလုပ်ကို တန်ဖိုးထားပြီး ပျော်ရွှင်စွာလုပ်ကိုင်နေတဲ့လူ ဖြစ်တယ်ဆိုတာပါပဲ။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ ပျော်ရွှင်ကျေနပ်တဲ့လူဟာ အပျော်ဆုံးလူပါပဲ။
မိမိရင်ထဲမှာ စိတ်ကောင်း နှလုံးကောင်းမွေးပါ။
တစ်ချိန်က တောင်ကိုရီးယားဆိုရင် ဂျပန်နိုင်ငံက ကျွန်လို၊ ဖာလို သဘောထားခဲ့တာ။ လုံးဝအထင်မကြီးဘူး။ အခုတော့ အမြင်တွေ ပြောင်းသွားပြီ။ တောင်ကိုရီးယားမင်းသား "ရိန်း" ဂျပန်ကို သွားလည်တော့ ဂျပန်မလေးတွေအားလုံး သည်းသည်းလှုပ်ပေါ့။ အရင်တုန်းက ဂျပန် အဘိုးကြီး၊ အဘွားကြီးတွေကသာ တောင်ကိုရီးယားကို အထင်သေးတာ။ ဒီနေ့ခေတ်ဂျပန်တွေက တောင်ကိုရီးယားကို အထင်မသေးကြတော့ဘူး။ တရုတ်ကလည်း အဲဒီလိုပဲ ကိုရီးယားအပေါ် အမြင်တွေပြောင်းသွားပြီ။ တောင်ကိုရီးယားတွေက အနုပညာစစ်မျက်နှာနဲ့ အနိုင်တိုက်နိုင်လိုက်ကြပြီ။ ဂျပန်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေကို သည်းသည်းလှုပ်ကြိုက်တဲ့ လူငယ်တွေ ဒုနဲ့ဒေး ဖြစ်ကုန်ကြပြီ။
အဲဒီတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံကြီးကို အခြားနိုင်ငံတွေက၊ ကမ္ဘာက လေးစားလာအောင် ကြိုးစားအားထုတ်ကြဖို့ လိုအပ်နေပါပြီ။ အနုပညာနဲ့လား၊ စာပေနဲ့လား၊ ဂီတနဲ့လား၊ အားကစားနဲ့လား၊ ယဉ်ကျေးမှုနဲ့လား ဘာနဲ့ထိုးဖောက်ကြမလဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အားလုံးကြိုးစားကြဖို့ပဲ လိုပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်၊ သောကြာနေ့။
နေ့လည် ၁ နာရီ ၅၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment