တွေ့ဆုံမှု၊ ချိန်းဆိုမှုအတွက် အချိန်ဘယ်လောက်ကြိုတင်ပြီး ရောက်ရှိသင့်ပါသလဲ။ အကြောင်းကြောင်းကြောင့် နောက်ကျတာ၊ ချိန်းဆိုနေရာကို မသွားနိုင်တော့တာမျိုး ဖြစ်လာတဲ့အခါ ဘယ်လို ဖြေရှင်းသင့်ပါသလဲရှင်။
တွေ့ဆုံကြဖို့ သတ်မှတ်ထားချိန်ထက်စောပြီး ရောက်ရှိရမှာပါ။ ဒီနေရာမှာ နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ဦးဆုံး တခြားအဖွဲ့အစည်းက ဖိတ်ကြားလို့ သွားရောက်တွေ့ဆုံရတာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ တွေ့ဆုံဆွေးနွေးကြဖို့ သတ်မှတ်ထားချိန်ထက် ငါးမိနစ် ကနေ ဆယ်မိနစ် ကြိုတင်ရောက်ရှိတာကို လူအများက သူတို့ရဲ့ Privacy (အနှောင့်အယှက်မှ ကင်းဝေးမှု) ကို ချိုးဖောက်တယ်လို့ မယူဆကြပါဘူး။ ဆိုလိုတာကတော့ ၁၅ မိနစ်-နာရီဝက် စောပြီး ရောက်နေမယ်ဆိုရင် တခြားသူ (အဖွဲ့အစည်း)ရဲ့ Privacy ကို ချိုးဖောက်ရာ ရောက်ပါတယ်။ အထူးသဖြင့် တစ်စုံတစ်ဦးရဲ့ရုံးခန်း၊ အလုပ်စားပွဲမှာ တွေ့ဆုံရမယ်ဆိုရင် ပိုသတိမူဖို့ လိုပါတယ်။ ကိုယ်အလုပ်များနေတုန်းမှာ တခြားတစ်ယောက်က ထိုင်နေပြီး ကိုယ့်ကိုကြည့်နေမယ်၊ ဒါမှမဟုတ် ကိုယ့်ကိုစောင့်နေမယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်ပါ။
ကိုယ့်လုပ်ငန်းဌာနတွင်းမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင်လည်း တွေ့မယ့်နေရာဆီ "စောစော" ရောက်ရမှာ ဖြစ်ပါတယ်။ "စောစော" ဆိုတာဟာ သုံးမိနစ် ကနေ ငါးမိနစ် အချိန်တာကို ဆိုလိုပါတယ်။ ကိုယ့်ဘက်က ၀ီရိယလွန်လို့ တခြားသူရဲ့ အဖိုးတန်မိနစ်တွေ မထိခိုက်ဖို့ လိုပါတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်အထက်လူကြီးရဲ့ အခန်းတွင်းမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်လည်း "နည်းနည်းစောနေသေးလို့ ဒါကို လက်စသတ်လိုက်ဦးမယ်" ဆိုတာမျိုး ကိုယ့်ကို မနှင်ရအောင် သတ်မှတ်ချိန်အတိအကျ ရောက်ပါစေ။
ဒီနေရာမှာ အသိပေးချင်တာကတော့ တွေ့ဆုံဖို့ချိန်းဆိုလိုက်တိုင်း အမြဲတမ်း အစောကြီးရောက်နေတတ်တဲ့ အလေ့အထဟာ ကိုယ့်အတွက် အကောင်းထက် အဆိုးဖြစ်နိုင်ခြေ ရှိနေတယ် ဆိုတာပါပဲ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ ဒါမှမဟုတ် ကိုယ့်အထက်လူကြီးက ခင်ဗျားမှာ "အချိန်တွေ ပိုနေတယ်၊ အားနေတယ်" လို့ ယူဆသွားနိုင်ပါတယ်။ ဒါကြောင့် ဆွေးနွေးမှုစတင်ဖို့ စောင့်ဆိုင်းချိန်အတွင်း ပြီးနိုင်မယ့် အလုပ်တစ်ခုခုကို ကိုယ့်နဲ့တစ်ပါတည်း ယူသွားပြီး လုပ်ဆောင်နေပါ။
အချိန်တိကျတာ၊ လတ်တလော ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်တာတွေဟာ ချီးကျူးတန်ဖိုးထားစရာ အရည်အချင်းတွေ ဆိုပေမယ့် လွန်ကဲတဲ့ဝီရိယကြောင့် အမြင်မလွဲမှားစေဖို့ကိုတော့ သတိမူရပါမယ်။
တွေ့ဆုံဖို့ ချိန်းဆိုထားချိန်ထက် နောက်ကျမယ်ဆိုရင်…
ဒီလိုနောက်ကျတာမျိုးဟာ လုံးလုံးလျားလျား ရှောင်လွှဲနိုင်တဲ့ ကိစ္စရပ်မျိုးတော့ မဟုတ်ပါဘူး။ မေးခွန်းရှင်အနေနဲ့ စောင့်ဆိုင်းနေရမယ့် တစ်ဖက်ပုဂ္ဂိုလ်အပေါ် လေးစားမှု၊ သိတတ်စာနာမှုပြသဖို့၊ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အရေးကြီးပါတယ်။ နောက်ကျတော့မှာ သေချာနေပြီဆိုတာနဲ့ (ဥပမာ - ကားပျက်တာ၊ ကားလမ်း ပိတ်မိနေတာမျိုးဆိုရင်) လာနေကြောင်း၊ ဘယ်နေရာ ရောက်နေပြီဖြစ်ကြောင်း၊ ခန်းမှန်းဘယ်အချိန်လောက် ရောက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးရပါမယ်။ ခုအချိန်မှာ မိုဘိုင်းလ်ဖုန်းတွေ၊ ဆက်သွယ်ရေးဖုန်းတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်တဲ့အတွက် အခြေအနေပေါ်မူတည်ပြီး တစ်ဖက်ပုဂ္ဂိုလ်ဟာ ကိုယ့်ကို ဆက်စောင့်နေမလား၊ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်မလားဆိုတာ ချက်ချင်း သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့တွေ့ဆုံမယ့်သူထံ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ အတွင်းရေးမှူးလို ကိုယ့်မက်ဆေ့ခ်ျကို တစ်ဆင့်လက်ခံ ပြောဆိုပေးမယ့် ပုဂ္ဂိုလ်အမည်တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမယ်။ ဖုန်းဆက်ဖို့ ဘယ်လိုမှ အဆင်မပြေဘူးဆိုရင် ရောက်ရောက်ချင်း တောင်းပန်စကား ဆိုရပါမယ်။ ဒီနေရာမှာ အကြောင်းပြချက်တွေ ပြောတာထက် တောင်းပန်စကားပြောဖို့ကသာ အရေးကြီးကြောင်း သိမှတ်ထားပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆိုရင်လည်း ဖော်ပြပါနည်းအတိုင်း လိုက်နာရပါမယ်။
တွေ့ဆုံချိန်းဆိုမှု ပျက်ကွက်ရင်…
သေချာပေါက် တောင်းပန်ရပါမယ်။ ခင်ဗျားက အရေးပေါ်အလုပ်ကြောင့် အလုပ်စားပွဲကနေ မထနိုင်သေးချိန်မှာ ဖုန်းဆက်လာသူက ခင်ဗျားရဲ့ Client မစ္စတာဘစ်ခ်၊ တွေ့ဖို့ချိန်းထားတဲ့နေရာမှာ သူရောက်နေတာ မိနစ် ၂၀ လောက် ရှိနေပြီ၊ ဒီတော့မှ မှတ်ထားတဲ့ပြက္ခဒိန်ကို သေသေချာချာ ပြန်ကြည့်မိတယ်။ ခင်ဗျားက မျက်စိလျှမ်းသွားတာ၊ အခုမှသွားရင် နောက်ထပ် နာရီဝက်လောက်ကြာမှ ချိန်းတဲ့နေရာကို ရောက်မယ်၊ မစ္စတာဘစ်ခ်က ဆက်မစောင့်နိုင်တော့လို့ ပြန်တော့မယ် ဆိုပါစို့။
စည်းကမ်းချက်တစ်ခု အဖြစ် နောက်နေ့အတွက် ပြင်ဆင်နိုင်အောင် ချိန်းဆိုမှုတွေမှတ်တဲ့ ပြက္ခဒိန်ကို မနက်စောစော၊ ဒါမှမဟုတ် နေ့လယ်ဘက်မှာ တစ်ရက်ကြိုတင်ပြီး ပုံမှန်ကြည့်ထားပါ။ ကိုယ့် Client၊ ကိုယ့်အထက်လူကြီးနဲ့ ချိန်းဆိုမှုပျက်ကွက်တာဟာ ဆိုးကျိုးရလဒ် ဖြစ်စေနိုင်တာကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ အီးမေးလ်နဲ့ပဲဖြစ်ဖြစ် တစ်ရက်ကြိုတင်ပြီး တစ်ဖက်ပုဂ္ဂိုလ်က လက်ခံတွေ့ဆုံနိုင်-မနိုင်၊ တွေ့မယ်ဆိုရင် အချိန်နဲ့နေရာတို့ကို သေချာအောင် လုပ်ပါ။
ကိုယ့်ဘက်က ပျက်ကွက်ခဲ့ပြီ ဆိုပါစို့၊ ဆိုခဲ့ပါအတိုင်း တောင်းပန်ဖို့ကသာ အရေးကြီးပါတယ်။ တစ်ဖက်ပုဂ္ဂိုလ် စိတ်အနှောင့်အယှက်ဖြစ်အောင် မှားယွင်းခဲ့ပြီ ဖြစ်တဲ့အတွက် အဲဒီအမှားကို တာဝန်ယူရပါမယ်။ မစ္စတာဘစ်ခ် ကိစ္စမျိုးမှာဆိုရင် သူ့ဘက်က ဖုန်းဆက်လာတုန်း ကိုယ့်အနေနဲ့ အစီအစဉ်ပြောင်းလဲဖို့ တောင်းပန်နိုင်တဲ့ အခွင့်အရေး ရပါတယ်။ ဥပမာအားဖြင့် သူ့ရုံးမှာ လာရောက်တွေ့ဆုံလို့ ရ-မရ မေးမြန်းလို့ ရပါတယ်။ တကယ့်လို့ မရဘူးဆိုရင် ဘယ်နေ့ ဘယ်အချိန်မှာ တွေ့နိုင်မလဲ ချိန်းဆိုပါ။ သူဖုန်းဆက်လာချိန်မှာ တစ်ခါတည်း ချိန်းဆိုခွင့် မရဘူးဆိုရင်လည်း တတ်နိုင်သမျှ မြန်မြန် ပြန်လည်ချိန်းဆိုရပါမယ်။ နှုတ်အားဖြင့် တောင်းပန်ပြီးပေမယ့်လည်း တောင်းပန်စာ ပို့ရပါမယ်။ တစ်ဖက်သားရဲ့ တန်ဖိုးရှိတဲ့ အချိန်အတွက် ကိုယ့်အမှားကို တောင်းပန်ရင်း နောက်ဒီလိုမဖြစ်စေရကြောင်း ၀န်ခံရပါမယ်။ ၀န်ခံတဲ့အတိုင်းလည်း လုပ်ဆောင်ရပါမယ်။
Tuesday, February 02, 2010
Don't be late! Care appointments!
(၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလထုတ် CEO မဂ္ဂဇင်း မှ Executive Etiquette ကဏ္ဍကို ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 7:40 AM
Labels အောင်မြင်ရေး-Success
Subscribe to:
Post Comments (Atom)
No comments:
Post a Comment