(၁)
အခုတလော...
အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတွေ မဖတ်ရတာ နှစ်ပတ်ရှိသွားပြီ။ အပတ်စဉ် ရန်ကုန်တိုင်းမ်နဲ့ The Voice ကို ရပြီဆိုတာနဲ့ အရင်ဆုံးလုပ်တဲ့အလုပ်က ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးကို ရှာဖတ်ခြင်းပါ။ တစ်ပတ်တစ်ပတ် ဆရာမောင်စူးစမ်းက ဦးနှောက်ကိုဘာတွေဆွမလဲလို့ စိတ်ဝင်တစားနဲ့ စောင့်စားရတာဟာ ထီဖွင့်မယ့်ရက်ကို စောင့်နေရသူတစ်ဦးရဲ့ မျှော်လင့်မှုမျိုးနဲ့ပါ။ အသက်ကကြီးပြီဆိုတော့ ဆရာမောင်စူးစမ်း နေထိုင်မကောင်း ဖြစ်နေသလားဆိုတဲ့ အတွေးမျိုးလည်း တွေးမိပါတယ်။ မဟုတ်ပါစေနဲ့ပေါ့။ စာဖတ်သူတွေရဲ့ ဦးနှောက်တွေကို ဆွနိုင်ဖို့အတွက် အသစ်အသစ်တွေကို အချိန်ယူပြီး စဉ်းစားတွေးတော ရေးသားနေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။
(၂)
အခုတလော...
မန္တလေးFM ကို အရမ်းကို သဘောကျနေမိတယ်။ အခန်းထဲမှာ ရှိနေချိန်ဆိုရင် ရေဒီယိုကို အမြဲတမ်းဖွင့်ထားဖြစ်တယ်။ သီချင်းတွေကတော့ FM လိုင်းတိုင်းမှာ လွှင့်နေတာဆိုတော့ သိပ်ပြီးမထူးပါဘူး။ အစီအစဉ်တွေကတော့ အခြားFM တွေထက် နည်းနည်းပိုထူးသလိုပါပဲ။ အမြဲတမ်းလည်း ဆန်းစစ်နေအောင် ဖန်တီးနေတာကို တွေ့နေကြားနေရတယ်။ သုမောင်ရဲ့ သြော်.. ဒါနဲ့ စကားမစပ်၊ သန်းမြတ်စိုးရဲ့ သီချင်းဟောင်းတွေကို ပြန်တင်ဆက်တဲ့အစီအစဉ်၊ ကလေးတွေအတွက် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဘုရားစာရွတ် လုပ်ပေးတဲ့အစီအစဉ်၊ ပရိသတ်တွေက လေလှိုင်းကတစ်ဆင့် တိုက်ရိုက်သီချင်းတောင်းတဲ့ အစီအစဉ်၊ အဆိုတော်တစ်ဦးချင်းစီရဲ့ အကြိုက်ဆုံးသီချင်းတွေကို မေးမြန်းပြီး ထုတ်လွှင့်ပေးတဲ့ အစီအစဉ်တွေကို သဘောကျနေမိတယ်။ နောက်တစ်ခု မန္တလေးအက်ဖ်အမ်မှာ ကျွန်တော်စိတ်အ၀င်စားဆုံးနဲ့ သဘောအကျဆုံးတစ်ခုက အစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ "ကျေးဇူးတင်ပါတယ်ရှင့်" ဆိုတဲ့ လေယူလေသိမ်းနဲ့ ပြောဟန်ဆိုဟန်ကိုပါ။ ဘယ်သူမှန်းမသိပေမယ့် အဲဒီအမျိုးသမီးပြောတဲ့ "ကျေးဇူးတင်ပါတယ်ရှင့်" ဟာ အခြားလူတွေ ပြောသလိုမျိုး မဟုတ်ဘူးဆိုတာကတော့ အသေအချာပါပဲ။
(၃)
အခုတလော...
ရာသီဥတုက ပူစပ်ပူလောင်နဲ့ နေရထိုင်ရတာ အတော်ခက်ပါတယ်။ ပူတာလည်းမဟုတ်၊ အေးတာလည်းမဟုတ်တဲ့ အဲဒီအရသာဟာ အတော်ကိုဆိုးပါတယ်။ လူကိုလည်း အလကားနေရင်း ဒေါသထွက်စေတယ်လို့ ထင်မိတယ်။ နည်းနည်းပူလာတော့ ချွေးလေးတွေကလည်း မစို့တစို့ ဖြစ်လာတော့တာပေါ့။ အဲဒီတော့ အင်္ကျီတွေမှာ ချွေးနံ့တွေစွဲချင်လာပါတယ်။ သစ်ရွက်ကလေးတွေ အပင်ပေါ်ကနေ အလုအယက်ကြွေကျလာတဲ့ ရှုခင်းတွေကို မြင်ရတော့ လွမ်းရမလို၊ ဆွေးရမလို၊ ငိုရမလို၊ ရယ်ရမလိုပါပဲ။ သြော်... ဆယ်ကျော်သက်လည်း မဟုတ်တော့ပါဘဲလျက်နဲ့လေ။ ခက်ပါနဲ့နော်။
(၄)
အခုတလော...
ဘီးနှစ်လုံးနဲ့ စီးတော်ယာဉ်တွေအတွက် ဆီသွားထည့်တော့ ဆီဈေးတက်သွားပြီတဲ့။ အရင်ထက် ၂၀၀ ကျပ်တောင် ပိုပေးလိုက်ရတယ်။ တော်တော်လည်း အံ့သြသွားတယ်။ "ဟာ... ဆီဈေးတွေကျနေတာ မဟုတ်ဖူးလား" လို့ ပြန်မေးမိတော့ မဟုတ်ပါဘူးတဲ့။ ဘာကြောင့်ပါ၊ ဘယ်ဈေးက ဘယ်လိုတက်သွားလို့ စသဖြင့် အလွတ်ကျက်ထားတဲ့ စကားလုံးတွေကို ပြန်ရွတ်ပြပါတယ်။ ကျွန်တော့်မှာ မကျေမနပ်နဲ့ "မနေ့ကပဲ ဂျာနယ်ထဲမှာ ဆီဈေးတွေ ထိုးကျသွားတဲ့အကြောင်း ဖတ်လိုက်ရသေးတယ်၊ မဟုတ်သေးပါဘူးကွာ" လို့ ရေရွတ်မိတော့ အတူပါလာတဲ့ သူငယ်ချင်းက "အဲဒါ ဂျာနယ်ပေါ်မှာ ကျတာလေ၊ အပြင်မှာ ကျချင်မှ ကျမှာပေါ့ကွ" တဲ့။ အစာမကြေပေမယ့် ငြိမ်နေလိုက်ပါတယ်။ "ဘယ်သူသေသေ ငတေမာပြီးရော" ဆိုတဲ့စကားက ခေါင်းထဲကနေ ပြူတစ်ပြူတစ်နဲ့ ထွက်လာလို့ အတင်းမောင်းလွှတ်လိုက်ရတယ်။
(၅)
အခုတလော...
ဘလော့ဂ်အတွက် ပို့စ်တွေကိုပဲ ထိုင်ရေးဖြစ်နေတယ်။ အရင်ကဆို စာသင်ချိန်မပါတဲ့နေ့တွေမှာ စာဖတ်လိုက်၊ ဗီဒီယိုလေးကြည့်လိုက်၊ သီချင်းလေးနားထောင်လိုက်နဲ့။ ပြီးခဲ့တဲ့ နှစ်ရက်-သုံးရက်ကတော့ ကွန်ပျူတာရှေ့မှာ အချိန်ပြည့်ထိုင်ပြီးတော့ကို မထတမ်း စိတ်ကူးပေါ်သမျှကို ချရေးဖြစ်ခဲ့တယ်။ တစ်ခုရေးပြီးလို့ ပြီးမလားအောက်မေ့တယ်၊ နောက်တစ်ခုက ရေးချင်လာပြန်ရော။ "အတွေးဆိုတာမျိုးက မဆုံးနိုင်ပါလား" လို့ တွေးမိသွားတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁ နာရီ ၅၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment