Thursday, March 04, 2010

မြန်မာ့ပင်မရေစီးကြောင်းအသစ်၏ ပုံသဏ္ဌာန် - မောင်စူးစမ်း


ဒေါင်လိုက် အလျားလိုက်
၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်သည်။ ပါတီစုံရသည်မှာ အမြင်ချင်း၊ သဘာဝချင်း ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာစကား၌ Cleavage ဟု ခေါ်သည်။ ကွဲပြားခြားနားမှုကို ဒေါင်လိုက်နှင့် အလျားလိုက်ဟူ၍ နှစ်မျိုးခွဲကြည့်သည်။ ဒေါင်လိုက်ကွဲပြားခြားနားမှုသည် ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးသမိုင်း စသည့် ယဉ်ကျေးမှုစံညွှန်းတို့ကို အခြေခံသည်။ အလျားလိုက် ကွဲပြားခြားနားမှုဆိုသည်မှာ လူတန်းစား၊ ၀င်ငွေ၊ ပညာအဆင့်အတန်း၊ မြို့ပြနှင့် ကျေးလက်အလုပ်အကိုင် အမျိုးအစား စသည့် စီးပွားရေးနှင့် လူမှုရေးအလွှာတို့ကို အခြေခံသည်။

ပေါ်ပေါက်မည့် နိုင်ငံရေးပါတီတို့သည် ဒေါင်လိုက်နှင့် အလျားလိုက် ကွာခြားမှုအတိုင်းအတာအလိုက် ရွေးကောက်ပွဲနိုင်ငံရေးတွင် ဖြတ်သန်းလှုပ်ရှားရတော့မည် ဖြစ်သည်။ တစ်နည်းပြောရလျှင် ရွေးကောက်ပွဲတွင် ဖော်ပြပါ ဒေါင်လိုက်နှင့် အလျားလိုက်ကွဲပြားခြားနားမှုကို ယက်ဖောက်ကြရမည်ဖြစ်လေရာ ဤယက်ဖောက်မှု လက်ရာကိုကြည့်ပြီး ဒီမိုကရေစီ၏ ရင့်ကျက်ခိုင်မာမှုကို အကဲဖြတ်နိုင်သည်။

အကန့်အသတ်အခြေစိုက်
မြန်မာ့နိုင်ငံရေးသမိုင်း အထူးသဖြင့် ရွေးကောက်ပွဲသမိုင်းတွင် စံထားကြည့်အပ်သော အခြေအနေသုံးပါး ရှိခဲ့သည်။ ၎င်းတို့မှာ (၁) နိုင်ငံရေးအိုင်ဒီအိုလိုဂျီများ၊ (၂) အင်စတီကျူးရှင်းခေါ် အဖွဲ့အစည်းများနှင့် (၃) လူပုဂ္ဂိုလ် (Personalities) တို့ ဖြစ်ကြသည်။ နိုင်ငံရေးခေတ် ရွေးကောက်ပွဲတို့၌ လက်ဝဲလက်ယာ အိုင်ဒီအိုလိုဂျီတို့ဖြင့် ဆူညံခဲ့သည်။ လူပုဂ္ဂိုလ်တို့ကလည်း အရေးပါ အရာရောက်ခဲ့သည့် နောက်ပိုင်းရွေးကောက်ပွဲတို့၌ စစ်တပ်ကို အင်စတီကျူးရှင်းက ထူးထူးခြားခြား ပုံသဏ္ဌာန်ဆောင်လာသည့် ဖြစ်ရပ်တို့ကို ပုံလောင်းလာသည်။

သို့ဖြင့် မြန်မာ့ရွေးကောက်ပွဲနိုင်ငံရေးတွင် (၁) အိုင်ဒီအိုလိုဂျီ၊ (၂) အင်စတီကျူးရှင်း နှင့် (၃) လူပုဂ္ဂိုလ်တို့၏ အခန်းကဏ္ဍကို ပကတိအခြေအနေအတိုင်း အကဲခတ်နိုင်ကြရန် လိုသည်။ ဤသို့ အကဲခတ်ရာ၌ အကန့်အသတ် Limitations တို့အပေါ် အခြေခံထားကြည့်ရန် လိုလိမ့်မည်ဟု ယူဆသည်။

လေ့လာသုံးသပ်မှုတို့၌ စွမ်းပကားအလားအလာ Potentials တို့အပေါ် အခြေခံထားကြည့်ခြင်းနှင့် အကန့်အသတ်တို့အပေါ် အခြေခံထားကြည့်ခြင်းတို့ဟူ၍ နှစ်မျိုးရှိလေရာ ပေါ်ထွန်းမည့် မြန်မာ့ဒီမိုကရေစီသည် လမ်းညွှန်ခံဒီမိုကရေစီ (Guided Democracy) ဖြစ်သည့်အလျောက် အကန့်အသတ်တို့အပေါ် အခြေခံထား၍ သုံးသပ်ကြည့်ခြင်းက ပိုပြီး ယထာဘူတကျမည်ဟု ယူဆသည်။ အကန့်အသတ်တို့ကိုမြင်မှ အကန့်အသတ်တို့ကို ကျော်ဖြတ်သောနည်းတို့ကို သိမည်။

ပင်မရေစီးကြောင်း
အထက်တွင်ဖော်ပြသော အလျားလိုက်၊ ဒေါင်လိုက် ကွဲပြားခြားနားမှုတို့သည် ရွေးကောက်ပွဲနိုင်ငံရေး၌ လည်းကောင်း၊ ပေါ်ပေါက်မည့် လွှတ်တော်များ နိုင်ငံရေး၌လည်းကောင်း လမ်းဆုံကန့်လန့်ဖြတ်ကြရတော့မည်။ Intersection ဟု ခေါ်သည်။ ထို့ကြောင့် လွှတ်တော်တို့ကို "ညှိနှိုင်းစေ့စပ်ရာဖိုရမ်" Engagement Forums များအဖြစ် သတ်မှတ်နားလည်ကြသည်။ ကွဲပြားခြားနားမှုအမျိုးမျိုးကို လွှတ်တော်အတွင်း၌ ဖြေရှင်းကုစားနိုင်မည်ဟုဆိုလျှင် ဒီမိုကရေစီသည် အခြားနိုင်ငံရေးနည်းလမ်းတို့ကို ဖယ်ထုတ်ပစ်နိုင်သည်။

မြန်မာ့နိုင်ငံရေး၌ နိုင်ငံရေးနည်းလမ်းတွေ အစုံရှိနေသည်။ နိုင်ငံရေးလုပ်ငန်းတွေ အစုံရှိနေသည်။ (၁) ပြည်ပရောက် ပြည်ပအားကိုးလုပ်ငန်း၊ (၂) ပြည်ပမှ သူပုန်လုပ်ငန်း၊ (၃) ပြည်တွင်းသူပုန်လုပ်ငန်း (၄) လမ်းပေါ်နိုင်ငံရေးလုပ်ငန်း (၅) ပြည်တွင်းတရားဝင်လုပ်ငန်းတို့ဟူ၍ ဖြစ်သည်။ ဤသို့ မျိုးစုံရှိသော နိုင်ငံရေးလုပ်ငန်းနှင့် လုပ်နည်းတို့သည် ပေါ်ထွန်းမည့် ရွေးကောက်ပွဲနိုင်ငံရေး (၀ါ) လွှတ်တော်နိုင်ငံရေးမည်သော ပင်မရေစီးကြောင်းထဲ၌သာ စိုက်စိုက်မတ်မတ် ပျော်ဝင်ကြမည်ဟုဆိုလျှင် ဒီမိုကရေစီအတွက် အလားအလာကောင်းမည်ဟု ယူဆရသည်။ ရွေးကောက်ပွဲနှင့် လွှတ်တော်နိုင်ငံရေးသည် တစ်ခုတည်းသော ဗဟိုပင်မရေစီးကြောင်းဖြစ်၍ ဤရေစီးကြောင်းကိုသာ ဗဟိုထားကြရမည်။

စိစစ်သုံးသပ်မှုပါဝါ
ဤဗဟိုပင်မရေစီးကြောင်းသည် အသစ်ဖြစ်လို့ ပါရာဒိုင်းအသစ်လို့လည်း ခေါ်လို့ရသည်။ ခွင်သစ်ဟုပြောနိုင်သည်။ ယခုအခါ ဆန်းစစ်လေ့လာမှုသည် နည်းပြောင်းသွားသည်။ ယခုအချိန်အထိ ဖြစ်ရပ်တစ်ရပ်၊ အိုင်ဒီယာတစ်ပါးကိုကြည့်လျှင် ခိုင်လုံမှု Validity ကို ကြည့်သည်။ ယုတ္တိခိုင်လုံမှုကို အဓိကထားခြင်း ဖြစ်သည်။ ယခု အတွေးအခေါ်တစ်ခု သို့မဟုတ် ဖြစ်ထွန်းမှုတစ်ခုကိုကြည့်လျှင် ဆီလျော်မှု Relevancy ကိုကြည့်သည်။

အကျိုးအကြောင်း ခိုင်လုံသည်၊ မခိုင်လုံသည်ထက် ပကတိအခြေအနေနှင့် ဆီလျော်သည် မဆီလျော်သည်ဆိုသော အချက်ကို အခြေခံထားကြည့်သည်။

ပါရာဒိုင်းအသစ်တွင် အတိတ်သည် သိပ်ပြီးဆီလျော်ဖွယ် မရှိပေ။ ထို့ကြောင့် ဆီလျော်မှုရှိ၊ မရှိကို ပစ္စုပ္ပန်နှင့် အနာဂတ်တို့အပေါ် ပြောင်းပေးကြည့်ရတော့မည်။ ဤအလို့ငှာ တွေးခေါ်နည်းတစ်ရပ်ကို အဆိုပြုပြောဆိုသည်။ ဆီလျော်မှုကို တိုင်းဆနိုင်ရန်အလို့ငှာ ပကတိအစစ်အမှန်ကို နက်နက်နဲနဲ စိစစ်သုံးသပ်နိုင်ရန် လိုသည်။ အနာဂတ်ကို ကောင်းမွန်စွာ ခန့်မှန်းနိုင်ရန် လိုသည်။ Deeper analysis of reality and better prediction of future ဟု ဆိုသည်။ ၎င်းကို စိစစ်နိုင်မှုပါဝါဟု ခေါ်သည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး၏ ရှေ့အလားအလာကို သုံးသပ်ရာ၌ အတိတ်ကို အညွှန်းအဖြစ် အသုံးမပြုဘဲ ပကတိအစစ်အမှန်ကို နက်နက်နဲနဲ သုံးသပ်ပြီး အမှန်နှင့် နီးစပ်သော အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရန်လိုသည်။

ဤသုံးသပ်မှုသည် ကန့်သတ်ချက်တို့အပေါ် ဖိုးကပ်(စ်) လုပ်လိုက်သည်။ အကန့်အသတ်မရှိ အခြေခံလစ်ဘရယ် ဖြစ်ထွန်းမှုကို မှန်းဆလို့မရနိုင်သောကြောင့် ဖြစ်သည်။

ဖြစ်ထွန်းမည့် ဒီမိုကရေစီသည် လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ လမ်းညွှန်ခံဒီမိုကရေစီ (Guided Democracy) ဖြစ်မည်ဖြစ်သောကြောင့် ဖြစ်သည်။

အညွှန်း - ISS Journal

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၂၄)

မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ - ၇၅ မှ ၈၃

No comments:

Post a Comment

 
Web Statistics