Friday, March 12, 2010

ဘယ်အချိန် သင်ပါသလဲ?


စာသင်ကျောင်းသို့ အလည်ရောက်လာသူ ဧည့်သည်တစ်ဦးက "ကျောင်းတွင် ဘာသာရေးအဆုံးအမကို ဘယ်အချိန်မှာ သင်ပါသလဲ" ဟု ကျောင်းအုပ်ဆရာကြီးအား မေးပါသည်။

ကျောင်းအုပ်ဆရာကြီးက "ကျွန်တော်တို့ ဘာသာရေးအဆုံးအမတွေကို တစ်နေ့လုံး သင်ပါတယ်၊ သင်္ချာမှာလည်း သင်ပေးပါတယ်။ တိတိကျကျ လုပ်တတ်တဲ့ အကျင့်ကို အလေးအနက်ထားပါတယ်။ ဘာသာစကားမှာလည်း သင်ပေးပါတယ်။ ရည်ရွယ်သည့်အတိုင်း မှန်မှန်ပြောရန်နှင့် ပြောသည့်အတိုင်း ရည်ရွယ်ရန် အလေ့အကျင့်ကို အားပေးတိုက်တွန်းပါတယ်။ သမိုင်းသင်ရာမှာလည်း သင်ပေးပါတယ်။ လူသားအချင်းချင်း စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်ကို အသားပေးလေ့ကျင့်ပေးပါတယ်။ ပထ၀ီဝင်သင်တဲ့အခါမှာလည်း သင်ပေးပါတယ်။ စိတ်ထားကျယ်ကျယ်ပြန့်ပြန့် ထားတတ်တဲ့ အလေ့အကျင့်ရအောင် လေ့ကျင့်ပေးပါတယ်။ လက်မှုပညာသင်ရာမှာလည်း သင်ပေးပါတယ်။ အဓိကတော့ သေသေချာချာ လုပ်တတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါတယ်။ ကစားကွင်းမှာလည်း သင်ပေးပါတယ်။ မျှမျှတတ၊ မှန်ကန်စွာ ကစားတတ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ပေးပါတယ်။ မွေးမြူစိုက်ပျိုးရေးမှာလည်း သင်ပေးပါတယ်။ သတ္တ၀ါလေးများအပေါ် ကြင်နာသနားတတ်ဖို့၊ ယုယုယယ ဆက်ဆံတတ်ဖို့ သင်ကြားပေးပါတယ်။ သစ်ပင်ပန်းပင်လေးတွေကိုလည်း ယုယုယယ ပြုစုစောင့်ရှောက်တတ်တဲ့ အလေ့အကျင့်တွေ လေ့ကျင့်ပေးပါတယ်။ လူအများနှင့် ဆက်ဆံရာတွင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်တဲ့ အလေ့အကျင့်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ပြုမူပြောဆိုတတ်မှု၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းတတ်သည့် အလေ့အကျင့်များကို လေ့ကျင့်ပေးပါတယ်"

"ဒီကျောင်းမှာရှိတဲ့ ကျွန်တော်တို့လူကြီးတွေအားလုံးဟာ ကလေးတို့ရဲ့ မိတ်ဆွေကောင်းတွေဖြစ်ကြောင်း ပြသရင်း ဘာသာတရားအဆုံးအမ အလေ့အကျင့်တွေကို နေ့စဉ် တစ်နေကုန် သင်ကြားပေးနေပါတယ်" ဟု ကျောင်းအုပ်ဆရာကြီးက ရှင်းပြပါသည်။

Nuggets

[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေးအတွေးစာစုများ မှ]

No comments:

Post a Comment

 
Web Statistics