Thursday, March 11, 2010

အခုတလော… ကျွန်တော့်အကြောင်း


အာဆင်နယ်နဲ့ ပေါ်တို ချန်ပီယံလိဂ်ပွဲရယ်၊ မန်ယူနဲ့ အေစီမီလန် ချန်ပီယံလိဂ်ပွဲရယ်၊ မနက်ကမှ အကြမ်းပြီးသွားတဲ့ စာတမ်းတစ်ခုရယ်ကြောင့် ကျွန်တော်ကြောင်တောင်တောင် ဖြစ်နေတယ်။ စာတမ်းက ညဘက်မှ အေးအေးဆေးဆေး အတွေးကောင်းကောင်းနဲ့ ရေးလို့ရတယ်၊ ဘောလုံးပွဲတွေကလည်း မနက် ၂း၁၅ မှ လာတယ်။ အိပ်ရေးမပျက်ဘဲ ခံနိုင်ရိုးလား။ မျက်စိတွေတော့ စပ်နေတယ်။ ဒီနေ့ညတော့ အိပ်ရေးဝအောင် အိပ်ဖို့အားခဲထားတယ်။

အခုတလော.... အင်တာနက်ကွန်နက်ရှင်းက ဘယ်လိုကြောင့်များ ဒီလောက်နှေးနေရသလဲဆိုတာ စဉ်းစားလို့ ဉာဏ်မမီဘူး။ ပို့စ်တစ်ခုတင်ဖို့အရေးကို ၁၀ မိနစ်လောက် ကွန်ပျူတာရှေ့မှာ ငုတ်တုတ်မေ့နေရတာ ပြောကိုမပြောချင်ဘူး။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေကို နေ့စဉ်ထုတ်သတင်းစာတွေမှာ အချပ်ပိုအနေနဲ့ ထည့်သွင်းဖော်ပြပေးနေတယ်။ မတ်လ ၉ ရက်နေ့ သတင်းစာတုန်းကတော့ အချိန်မီရလိုက်တယ်။ ဒါပေမယ့် ကျေးဇူးရှင်သတင်းစာပို့သမားက မနေ့က မလာဘူး။ ဖတ်ချင်လွန်းလို့ လည်တမျှော်မျှော်နဲ့ စောင့်လိုက်ရတာ မိုးသာချုပ်သွားတယ် ကျေးဇူးရှင်က ပေါ်မလာဘူး။ မုန်တိုင်းသတိပေးချက်လိုမျိုးပါလို့ မသိလိုက်တာမျိုးဆိုရင် သေစရာရှိရင် ဒီကကောင်တွေ သေတာကြာပေါ့။ နေ့စဉ်ထုတ်သတင်းစာကို နေ့ကျော်ဖတ်နေရတာလောက် စိတ်ညစ်ရတာ၊ ဒေါသထွက်ရတာ မရှိဘူး။ ပြောရင်လည်း မထုံတတ်တေးနဲ့၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ခိုဇာတ်ခင်းဦးမယ်၊ ကျွန်တော့်ဆီကို သတင်းစာပို့ရတာ ကျားမြီးဆွဲရသလို စိတ်ညစ်တဲ့မျက်နှာပေးနဲ့ ကြည့်ဦးမယ်။ စံပယ်မရှိတော့လည်း ဒီခံပွင့်ကြီးကိုပဲ မျက်စိမှိတ်ပြီး နမ်းရဦးမှာပေါ့။ တစ်လကို ၁၅၀၀ ကျပ်ပဲကျတဲ့ သတင်းစာကို ၂၅၀၀ ကျပ်ပေးပြီး လပေးဖတ်ရတယ်။ ဒီကြားထဲက နှစ်ရက်ခြားလာလိုက်၊ သုံးရက်ခြားလာလိုက် သူပို့ချင်သလိုပို့တာကို သည်းခံရသေးတယ်။

ဖတ်ချင်ပါတယ်ဆိုမှ မဖတ်ရတော့ စိတ်ကလုံးဝမကြည်ဘူး။ အဲဒါနဲ့ မကောင်းတဲ့ အင်တာနက်ကွန်နက်ရှင်းကို အံတုပြီး [mrtv3.net.mm] ကနေပြီး သတင်းစာကို ၁၅ မိနစ်လောက်ထိုင်စောင့်ပြီး download ချလိုက်တယ်။ သတင်းစာဖိုင်ကိုရလို့ ဖတ်တော့မှ အချပ်ပိုတွေကို PDF အနေနဲ့ ထည့်မပေးထားဘူး။ တောက်..... စဉ်းစားသာကြည့်တော့ဗျာ။ အဆင်မပြေမှုများ ပြောပါတယ်။

ညနေက ဂျာနယ်တွေသွားယူတော့ ရန်ကုန်တိုင်းမ်ဂျာနယ်ကို အရင်ဆုံးလှန်ကြည့်မိတယ်။ အချပ်ပိုစာရွက်ကို မျှော်လင့်တကြီးနဲ့ပေါ့။ သခင်တင်မြဆောင်းပါးကို ရှေ့ဆုံးမှာတွေ့တယ်။ သိတော့သိလိုက်သလိုပဲ။ ဒါပေမယ့် နောက်စာမျက်နှာတွေမှာများ ပါလေမလားလို့ ဆက်ကြည့်တော့လည်း မတွေ့ရဘူး။ ဆရာမောင်စူးစမ်း ဘာကြောင့်များ ကလောင်ကို အနားပေးထားပါလိမ့်။ အတွေးအခေါ်မင်ရည်တွေ ခမ်းနေတာတော့ ဟုတ်ဟန်မတူပါဘူး။ ဥပဒေတွေလည်း ထွက်လာပြီဆိုတော့ ဆရာမောင်စူးစမ်း ဘယ်လိုတွေထင်မြင်ချက်ပေးမလဲ၊ ဘယ်ထောင့်ကနေချဉ်းကပ်ပြီး တင်ပြဦးမလဲဆိုတာကို မျှော်တလင့်လင့်ဖြစ်နေရတယ်။ ဒီအပတ်အတွက် မျှော်လင့်စရာ The Voice ကျန်ပါသေးတယ်။ စောင့်ကြည့်ရဦးမယ်။

ပို့စ်အသစ်တွေ မရေးတာကြာလို့ သတိတရ မေးလာကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အလုပ်တွေနဲ့ကျွန်တော် နည်းနည်းလေး ရှုပ်နေလို့ပါ။ အဲဒါကြောင့် စာတွေမရေးနိုင်သေးတာပါ။ ရေးဖို့ တေးထားတာလေးတွေ ရှိသမှ သိပ်သိပ်ရှိပေါ့ခင်ဗျာ။ မကြာမီ... လာမည်... မျှော်...။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၁၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics