Sunday, March 14, 2010

စိတ်အားဖြည့် ဓမ္မပဒ


ဓမ္မပဒဂါထာ (၁၇)
ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊
ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
"ပါပံ မေ ကတ" န္တိ တပ္ပတိ၊
ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

အလုပ်မှားက စိတ်ပူရ
မကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း စိတ်ပူလောင်ရ၊ နောင်ဘ၀မှာလည်း စိတ်ပူလောင်ရပါတယ်။ ပစ္စုပ္ပန်၊ တမလွန် နှစ်ခုလုံးမှာ စိတ်ပူလောင်ရတာပါ။ ပစ္စုပ္ပန်ဘ၀မှာ "ငါ မကောင်းတဲ့အလုပ် လုပ်မိလေခြင်း" လို့ တွေးပြီး စိတ်ပူလောင်ရသလို တမလွန်ဘ၀ အပါယ်လေးပါး တစ်ပါးပါး မကောင်းရာဒုဂ္ဂတိ ရောက်တဲ့အခါ ဆင်းရဲဒုက္ခတွေကို နာကျင်သည်းထန်စွာ ခံစားပြီး အကြီးအကျယ် စိတ်ပူလောင်ရပါတယ်။

ဓမ္မပဒဂါထာ (၁၈)
ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊
ကတပုညော ဥဘယတ္ထ နန္ဒတိ။
"ပုညံ မေ ကတ" န္တိ နန္ဒတိ၊
ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

အလုပ်မှန်က စိတ်အေးရ
ကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း နှစ်သက်ရ၊ စိတ်ချမ်းသာရ၊ နောင်ဘ၀မှာလည်း နှစ်သက်ရ၊ စိတ်ချမ်းသာရပါတယ်။ ပစ္စုပ္ပန် တမလွန် နှစ်ခုလုံးမှာ နှစ်သက်ရ၊ စိတ်ချမ်းသာရတာပါ။ ပစ္စုပ္ပန်ဘ၀မှာ "ငါ ကောင်းတဲ့အလုပ် လုပ်ထားတယ်၊ ငါ ကောင်းတဲ့အလုပ် လုပ်ပြီးပြီ" လို့ တွေးပြီး နှစ်သက်ရ၊ စိတ်ချမ်းသာရသလို တမလွန်ဘ၀ လူ့ပြည်၊ နတ်ပြည် ကောင်းရာသုဂတိ ရောက်တဲ့အခါ ချမ်းသာသုခတွေကို ပြည့်စုံကြွယ်ဝစွာခံစားပြီး အကြီးအကျယ် နှစ်သက်ရ၊ စိတ်ချမ်းသာရပါတယ်။

[အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ]

No comments:

Post a Comment

 
Web Statistics