Sunday, March 14, 2010

ကိန်းသေလေးပါးနှင့် မမြင်ရသောလက် - မောင်စူးစမ်း


mgsusan.jpg
မဟာဗျူဟာကိန်းသေလေးပါး
လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အခင်းအကျင်းမျိုးစုံရှိမည်။ အိုင်ဒီအိုလိုဂျီ အခင်းအကျင်း၊ ၀ါဒအခင်းအကျင်း၊ ပေါ်လစီအခင်းအကျင်း၊ ခေါင်းဆောင်မှုအခင်းအကျင်း၊ ပြည်သူလူထု၏ အခင်းအကျင်း၊ နိုင်ငံရေးအခင်းအကျင်း စသည်ဖြင့် မျိုးစုံမည်။ ဤအခင်းအကျင်းတို့ကိုပင် ကိန်းသေ၊ ကိန်းရှင်ဆိုပြီး ခွဲလို့ရဦးမည်။ ကိန်းသေဆိုသည်မှာ အတော်အတန် ရေရှည်တည်တံ့မည့်အရာ၊ အတော်အတန် ဗဟိုသော့ချက် ကျမည့်အရာတို့ကို ရည်ညွှန်းသည်။ တစ်နည်းပြောလျှင် မဟာဗျူဟာမြောက်ကိန်းသေ Strategic Constants တို့ဟူ၍ အနက်ပေးနိုင်သည်။

စာရေးသူ၏ အမြင်၌ လာမည့်ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးတို့တွင် နိုင်ငံရေးပါတီတို့သည် သော့ချက်ကျကျ၊ မဟာဗျူဟာကျကျ အခြေစိုက်ရမည်။ စီးပွားရေးရာ မဏ္ဍိုင်ကြီးလေးပါး ရှိသည်ဟု တွက်မိသည်။ ဤမဏ္ဍိုင်ကြီးလေးပါးမှာ-
(၁) ဖရီးမတ်ကက် (လွတ်လပ်သော ဈေးကွက်စီးပွားရေး)
(၂) အခြေခံအဆောက်အအုံ ဗဟိုဌာနဖွံ့ဖြိုးတိုးတက်မှု (Infrastructure Centered Growth)
(၃) နယ်စပ်ဒေသထရိတ် (Border Trade) နှင့်
(၄) အိမ်နီးနားချင်း ဂရိတ်ပါဝါနှင့်လည်းကောင်း၊ အာဆီယံတို့နှင့်လည်းကောင်း ဆက်ဆံရေး အခြေခိုင်စေခခြင်းတို့ ဖြစ်သည်။

ခြေ၀ှက်
ဂိမ်းသစ်တွင် ပါဝင်ကစားကြမည့် ပလေယာတို့သည် အထက်ဆိုခဲ့ပါ မဟာဗျူဟာမြောက် ကိန်းသေလေးပါးကိုပင် အခြေခံ၍ မိမိတို့၏ ပေါ်လစီတို့ကို ပြုစုမွမ်းမံရမည်ဟု ထင်သည်။ ဤမဟာဗျူဟာမြောက် ကိန်းသေလေးပါးကို လက်ရှိအစိုးရက ဆောင်ရွက်ခဲ့ရာ များစွာသောအပိုင်းတို့၌ အတော်အရာရောက်နေသည်။ ထို့ကြောင့် လက်ရှိအစိုးရ၏ အောင်မြင်မှုကို အခိုင်အမာမြင်နေရသော ကိစ္စတို့အဖြစ် လက်ခံရမည်။ ပလေယာတို့သည် လက်ရှိအစိုးရ၏ အောင်မြင်မှုတို့အပေါ် သုံးသပ်သဘောထားပေးကြရမည်။ သို့မဟုတ်ဘဲ ဤသို့ သဘောထားမပေးဘဲ ဆိတ်ဆိတ်နေရန်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအောင်မြင်မှုကို တိုးချဲ့၊ မချဲ့ စဉ်းစားရမည်။

သို့သော် အကယ်၍ ရွေးကောက်ပွဲ၌ ရလဒ်ကောင်းတွေ့ပြီး ပေါ်လစီချမှတ်သူတို့ ဖြစ်လာလျှင်မူ အထက်ဖော်ပြပါ မဟာဗျူဟာမြောက် ကိန်းသေလေးပါးကို မလွဲမသွေ အခြေခံရတော့မည်။ ဤလေးပါးမှလွဲလျှင် အခြားပေါ်လစီများရွေးရန် အကန့်အသတ်ရှိမည်ဟု ထင်သည်။ Policy Constraint ပေါ်လစီပိုင်းဆိုင်ရာ အကန့်အသတ်တွေရှိမည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ပါတီစုံရွေးကောက်ပွဲဟု ဆိုထားသည်။ ဤနေရာ၌ မမြင်ရသောကိစ္စ Unseen က နှစ်ချက်ရှိနေသည်။ ပထမအချက်သည် ရွေးကောက်ပွဲဆိုလျှင် အာဏာရပါတီ Incumbent ဆိုသော ဖြစ်တည်မှုရှိသည်။ မကြာသေးမီက နိုင်ငံအတော်များများတွင် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ရာ အာဏာရပါတီတွေ အနိုင်ရကြသည်။ ထို့ကြောင့် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရပါတီဆိုပြီး ရှိ၊ မရှိ စိတ်ဝင်စားစရာပေါ်မည်။ ရွေးကောက်ပွဲနှင့် ပါတီများ ဥပဒေမပေါ်မီ၌ ဤအချက်သည် ၀ှက်ဖဲဖြစ်နေသည်။ ခြေ၀ှက် ထားကြမည်။

လူထုဆိုသည်မှာ
အကယ်၍ အာဏာရပါတီ မထောင်ဟုဆိုလျှင် ၂၀၁၀ ပြည့်ရွေးကောက်ပွဲသည် အာဏာရပါတီမရှိသော ရွေးကောက်ပွဲဖြစ်မည်ဟု ဆိုနိုင်သည်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲနှင့် တူသွားမည်။ ထိုစဉ်က အာဏာရပါတီဟူ၍ မရှိခဲ့ပေ။ ယခု အာဏာရပါတီဟု အတိအလင်း ပြောဆို၍ ထူထောင်မလား၊ သို့တည်းမဟုတ် ကိုယ်စား၊ ကိုယ်ပွား Proxy ထောင်မလား။ မသိနိုင်သေးပေ။ သို့တည်းမဟုတ် ထောက်ခံသောအဖွဲ့ ရှိလာမလား မသိနိုင်ပေ။ ဤအကြောင်း ရေးရသည်မှာ လာမည့်ရွေးကောက်ပွဲသည် မူပြောင်းပြီး လူမပြောင်းသည့် ရွေးကောက်ပွဲဟု ကြိုတင်စွပ်စွဲနေကြသောကြောင့် ဖြစ်သည်။ တစ်ဖက်မှစဉ်းစားကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဘက်အတွက် ခွင့်ပြုထားသော ဝေစုနှင့်ပင် လုံလောက်ပြီဟု ယူဆကောင်း ယူဆနိုင်သည်။

ထို့နောက် ဒုတိယမမြင်ရသောကိန်းအဖြစ် မဲဆန္ဒရှင်ပြည်သူလူထု၏ အနေအထားကို သုံးသပ်ကြည့်ရန်လိုသည်။ ပြည်သူလူထု The People ဆိုပြီး ပေါင်းရုံးကြိတ်နှုန်းပြု၍ ပြောနေကြခြင်းဖြစ်သည်။ Aggregation ဟု ခေါ်သည်။ နိုင်ငံရေးသမားတို့က လူထုဟုသုံးနှုန်းလျှင် တစ်လုံးတစ်စည်းရှိသော လူ့အသိုင်းအ၀ိုင်း Community အဖြစ် မြင်သည်။ ကိုယ့်ဘက်သားလို့ မြင်သည်။ ပို့စ်မော်ဒန်သုံးသပ်ချက်အရ အောက်ပါလက္ခဏာတို့ဖြင့် ထင်ရှားနေသည်။

၁။ လူထုသည် အစိုးရမီဒီယာနှင့် ဈေးကွက်သြဇာအာဏာတို့အောက်၌ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည်။ Fragmented ဟု ခေါ်သည်။
၂။ လူထုသည် ပုံစံအမျိုးမျိုးဖြင့် ကြိုးကိုင်ခြယ်လှယ်ခံရသည်။ Manipulated ဟု ခေါ်သည်။
၃။ လူထု၌ အလွှာပေါင်းစုံရှိသဖြင့် တုံ့ပြန်မှုပေါင်းစုံရှိသည်။ Multilayered Responses ဟု ခေါ်သည်။
၎။ ပို့စ်မော်ဒန်၌ လူထုသည် စိတ်ထွေပြားသည်။ Moody ဟု ခေါ်သည်။

ဆိုလိုသည်မှာ "လူထု" ဟု တွင်ကျယ်စွာသုံး၍ ကိုယ့်ဘက်သားဟု အပိုင်မတွက်ရန်ဖြစ်သည်။

စီးပွားရေးအကျပ်အတည်း
မကြာသေးမီက ကျင်းပသော အခြားနိုင်ငံတို့မှ ရွေးကောက်ပွဲတို့တွင် ရင်ဆိုင်နေရသော စီးပွားရေးအကျပ်အတည်းတို့နှင့် ကယောက်ကယက် ရှိသည်။ သို့သော် ထင်သလောက် မဟုတ်ပေ။ အာဏာလက်ရှိ ပါတီတို့ကပင် အနိုင်ရကြသည်ကို ထောက်ရှု၍ ရွေးကောက်ပွဲတွင် စီးပွားရေးသည် အခရာမကျဟူ၍လည်း ဆိုနိုင်သည်။ သို့တည်းမဟုတ် အာဏာရပါတီတို့က စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းကို ပြသည်ဟူ၍လည်း ဆိုနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၌ စီးပွားရေးကိစ္စသည် အဆုံးအဖြတ်ပေးမှာလား၊ သို့တည်းမဟုတ် အခြားကိစ္စတို့က အဆုံးအဖြတ်ပေးမှာလား ကြိုတင်မပြောနိုင်သေးပေ။
အညွှန်း - News Week
[ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅ အမှတ် ၂၉]

မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ - ၁၀၁ မှ ၁၀၉

No comments:

Post a Comment

 
Web Statistics