(၁)
စိတ်ကို အလိုမလိုက်ရဘူးတဲ့။
လူတိုင်းနီးနီး ပြောကြ၊ သိကြတယ်။
ဒါပေမယ့်...
စိတ်ကို စိတ်နဲ့ပဲ ထိန်းရတယ်ဆိုတာကိုတော့.........။
(၂)
ကိုယ့်မှာမရှိတာကို လိုချင်တာဟာ သဘာဝပါ...
ဒါပေမယ့်...
ရှိနေပြီးသားအရာတွေကိုပဲ ထပ်တလဲလဲ အာသာမပြေ လိုချင်နေတဲ့သူတွေကို မြင်တဲ့အခါ
ချီးကျူးရမလား၊ အပြစ်တင်ရမလားဆိုတာကို............။
(၃)
စည်းကမ်းရှိကြစမ်းပါ ဆိုတဲ့စကားကို
စည်းမရှိ ကမ်းမရှိ ပြောတဲ့လူတွေက များလိုက်တာဗျာ။
(၄)
ပန်းသီးကြွေကျတာကို စဉ်းစာတဲ့သူက
ကမ္ဘာကျော်သွားတယ်။
တကယ်ဆိုရင် အဲဒီပန်းသီးပင်ကို စိုက်ခဲ့တဲ့သူက
ကမ္ဘာကျော်သင့်တာ......။
(၅)
မသိနားမလည်လို့ မလုပ်ရင်လည်း အပြစ်ရှိတယ်တဲ့။
ဒါဆိုရင်...
သိနားလည်ပြီး မလုပ်ရင်ကော.....? ? ?
(၆)
ပန်းပွင့်လေးတွေကို လူတိုင်းချစ်ကြတယ်....
ဒါပေမယ့်....
ပန်းပင်စိုက်ဖို့တော့ လက်တွန့်နေတတ်ကြတယ်..........။
(၇)
"လူရယ်လို့ ပေါ်ပေါက်လာကတည်းက ငါက မရှိမဖြစ်ကွ"လို့ "အချစ်" က ၀ံ့ကြွားစွာဆိုတယ်။
"ဂုဏ်ယူပါတယ်ကွာ" လို့ "အမုန်း" က အပြုံးလေးနဲ့ လှမ်းပြောတယ်။
(၈)
စကားပြောတတ်တယ်....
ဒါပေမယ့်...
ကျွန်တော်ဘယ်သူလဲ ဆိုတဲ့မေးခွန်းကို အခုအချိန်အထိ သေသေချာချာ မဖြေတတ်သေးဘူး။
စာတွေရေးတတ်တယ်.....
ဒါပေမယ့်...
ကျွန်တော်ဘာကောင်လဲ ဆိုတာကို အခုအချိန်အထိ မရှင်းပြတတ်သေးဘူး။
အိပ်မက်,မက်တတ်တယ်....
ဒါပေမယ့်....
အဲဒီအိပ်မက်လေးတွေကို နေရောင်အောက်ကို ခေါ်မလာရဲသေးဘူး။
(၉)
ဘ၀မှာ စိတ်ပျက်အားငယ်ရတဲ့အခါတိုင်း အားတင်းရတယ်...
ကြာတော့လည်း...
တင်းရလွန်းတော့ ပြတ်ချင်သလိုလိုတောင် ဖြစ်လာတယ်....။
(၁၀)
ဆင်းရဲသားက နံနက်စာအဖြစ် ကိတ်မုန့်နဲ့ အိုဗာတင်းကို တမ်းတတော့
စိတ်ကူးယဉ်တယ်တဲ့.....
သူဌေးမင်းက နံနက်စာကို ထမင်းကြော်နဲ့ ရေနွေးကြမ်း လုပ်ပေးခိုင်းတော့မှ
ဘ၀ဆန်သတဲ့လား.....? ? ?
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၄ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁၀ နာရီ ၂၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment