ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်နေသူများကိုကြည့်လျှင် အမျိုးအစားနှစ်မျိုး တဖြည်းဖြည်း သိသာလာသည်ကို တွေ့ရပါသည်။
ယေဘုယျအားဖြင့် ယနေ့လူပြောများသည့် ဒီမိုကရေစီရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ရွေးကောက်ပွဲ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ အခြေခံဥပဒေ စသည်များသည် လွှမ်းခြုံ၍ပြောရလျှင် နိုင်ငံတည်ဆောက်ရေးပင် ဖြစ်ပေသည်။ နိုင်ငံကို ကောင်းစွာတည်ဆောက်နိုင်သော အုပ်ချုပ်ရေးစနစ်ကို Good Governance ဟု ပြောကြလေ့ရှိပါသည်။ တစ်နည်းအားဖြင့် Good Governance ကို တည်ဆောက်ခြင်းသည် နိုင်ငံတည်ဆောက်ရေး ဖြစ်ပါသည်။
Good Governance နှင့် Good Government ဖြစ်စေရေးအတွက် အလွယ်တကူပြောရလျှင် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများသည် နိုင်ငံတည်ဆောက်ရေးတည်းဟူသော ဂိုးပေါက်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဂိုးသွင်းနေကြရန်သာ ဖြစ်ပေသည်။ ညီညီညွတ်ညွတ်နှင့် ကန်သွင်းနေသူများ ရှိသကဲ့သို့ တစ်ကိုယ်တော်ကြဲနေသူများလည်း ရှိနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ပန်းတိုင်ကို သွားနေသူများဟု ပြောရမည့်အမျိုးအစားများဖြစ်၍ နိုင်ငံကို တည်ဆောက်နေသူများ ဖြစ်ပါသည်။ နည်းလမ်းမတူသော်လည်း ပန်းတိုင်တူညီသောကြောင့် ရေရှည်တွင် လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်သူများ ဖြစ်ပေသည်။
ဒုတိယအမျိုးအစားမှာ လူစုနေသော အမျိုးအစားဖြစ်သည်။ ထိုအမျိုးအစားများက ဤသည်ကား ပန်းတိုင်ဖြစ်၏၊ မည်သည့်နည်းလမ်းနှင့်မဆို သွားဖို့၊ ရောက်ဖို့ ကြိုးစားကြပါဟု ပန်းတိုင်ကိုမပြဘဲ၊ ရန်သူတစ်စုံတစ်ရာကို ရှာဖွေလျက်၊ မရှိလျှင် မွေးဖွားလျက် လက်ညှိုးထိုးကာ ထိုရန်သူများကို တိုက်ခိုက်ပြကာ ကျွန်ုပ် ထိုရန်သူများကို တိုက်နေသည်၊ ကျွန်ုပ်အား ၀န်းရံကြဟု ထုတ်မပြောရုံတစ်မယ် သဘောထားရှိသူများဖြစ်သည်။ ၎င်းတို့သည် နိုင်ငံတည်ဆောက်ရေးကို ကြိုးစားနေခြင်းမဟုတ်ဘဲ ရွှေဘနည်းလမ်းဖြင့် သြဇာထူထောင် နောက်လိုက်စုနေခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် တစ်စုံတစ်ရာကို ဆန့်ကျင်ခြင်းဖြင့် အသက်မွေးသူများ ဖြစ်သည် (anti establishment)။ နိုင်ငံတည်ဆောက်ရေးသည် Institution များ ဆောက်ရခြင်း သို့မဟုတ် ဆောက်ရန်နေရာ ချဲ့ထွင်ရခြင်းဖြစ်၍ တိုက်ပွဲမဟုတ်ပါ။
မည်သို့ပင်ဖြစ်စေ သြဇာထူထောင်လူစုနေသူများသည် လူကြိုက်များအောင်၊ သနားအောင် လှလှပပ လုပ်တတ်သူများဖြစ်ရာ နိုင်ငံ၏ ရှေ့ခရီးတွင် နိုင်ငံသားများ၏ အသိဉာဏ်ကိုသာ အားကိုးရန် ရှိပေတော့သည်။ နိုင်ငံတည်ဆောက်ရေးသည် အမုန်းကို ဖြစ်ပေါ်စေလျက် တည်ဆောက်ရသည့်အလုပ် မဟုတ်ပါကြောင်း အထူးဖော်ပြလိုပါသည်။
အယ်ဒီတာ့အာဘော်
Monday, March 15 - 21, 2010
အတွဲ (၆) အမှတ် (၁၉)
စာမျက်နှာ - ၎
No comments:
Post a Comment