(၁)
ဇာတ်ကားအမည် - ကော်ကြွက် ကွက်ကျော်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - လွင်မင်းအံ့
တွဲဘက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - လွင်မိုး၊ ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ကင်းကောင်
(ဝေဖန်သုံးသပ်ချက်)ဇာတ်လမ်း၊ ဇာတ်ညွှန်း - လွင်မင်းအံ့
တွဲဘက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - လွင်မိုး၊ ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ကင်းကောင်
မဆိုးလှသည့် ဇာတ်ကားဟု ဆိုရပါမည်။ တစ်ဦးနှင့်တစ်ဦး ကတုံးပေါ်ထိပ်ကွက်လုပ်ကြပုံများကို ဟာသဖြစ်အောင် ဖန်တီးထားသည့် ဇာတ်လမ်းပါ။ သို့သော် တွဲပေးထားသည့် မင်းသားနှစ်ဦးက ပြောစရာရှိသည်။ ဘက်မညီသလိုကြီး ဖြစ်နေသည်။ လွင်မိုးက တကယ့်သမ္ဘာရင့် သူ့ဇာတ်ရုပ်ကို သူ့ဟာသူ ပိပိရိရိ ကွက်တိလုပ်ပြသွားသည်။ ဟိန်းဝေယံက အခုအချိန်အထိ သရုပ်မဆောင်တတ်သေး။ ထပ်နေသည့် အမူအရာတွေကို ပြင်သင့်နေပြီ။ ဒေါသထွက်ရင်လည်း ဒီပုံစံတစ်ပုံစံတည်း၊ စကားပြောရင်လည်း ဒီမျက်နှာပေး၊ ဒီပုံစံကိုပဲ မြင်နေရတော့ ကြာလျှင်ပရိသတ်က ငြီးငွေ့သွားနိုင်သည်။ လွင်မိုးပါ၍သာ ဒီဇာတ်ကားက ကြည့်ပျော်သွားခြင်းဖြစ်သည်။ ဒီလိုဇာတ်ကားတွေကိုကြည့်ရတော့ ကျွန်တော်တို့ငယ်ငယ်ဆီက ကြည့်ခဲ့ရဖူးသည့် "ရိုက်စား" ကို သွားသတိရမိသည်။ တစ်လက်စတည်း ဟိန်းဝေယံနေရာမှာ ကျော်ရဲအောင်နှင့်ဆိုလျှင် လွင်မိုးနှင့်အပြိုင် ကြည့်ကောင်းမယ့်ဇာတ်ကားပဲဟု တွေးဖြစ်အောင် တွေးလိုက်မိသေးသည်။ ဘာပဲဖြစ်ဖြစ် အတော်လေးတော့ ရယ်လိုက်ရပါသည်။ အဲဒါပဲ ကျွန်တော့်အတွက် အမြတ်ကျန်သည်။
(၂)
ဇာတ်ကားအမည် - ဗုဒ္ဓဟူးအနမ်း
ဝတ္ထု - ပြည့်ပိုင်မှူးအိမ်
ဇာတ်ညွှန်း - ရွှေမိုး (သာကေတ)
ဒါရိုက်တာ - အာယု
သရုပ်ဆောင်များ - ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အေးမြတ်သူ၊ မျိုးမျိုးခိုင်၊ ဇော်ဇော်အောင်၊ ဂျူးဂျူးစံသာ
(ဝေဖန်သုံးသပ်ချက်)၀တ္ထု - ပြည့်ပိုင်မှူးအိမ်
ဇာတ်ညွှန်း - ရွှေမိုး (သာကေတ)
ဒါရိုက်တာ - အာယု
သရုပ်ဆောင်များ - ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အေးမြတ်သူ၊ မျိုးမျိုးခိုင်၊ ဇော်ဇော်အောင်၊ ဂျူးဂျူးစံသာ
အတော်လေးကို ရယ်လိုက်ရသည့် ဇာတ်ကားဖြစ်ပါသည်။ သို့သော် ဇာတ်လမ်းသာပြီးသွားသည်။ ဇာတ်ကားနာမည်ဖြစ်သည့် ဗုဒ္ဓဟူးအနမ်းဆိုတာကို စဉ်းစားလို့မရ။ ကျွန်တော်ပဲ မတွေးတတ်တာ ဖြစ်မည်ထင်ပါသည်။ ဇာတ်လမ်းကတော့ တော်တော်လေးကို မဆိုးလှပါ။ ဓနုလေးတစ်ယောက်၏ မတူညီသည့် စကားအသုံးအနှုန်းများကြောင့် ပွဲကျရပုံများကို ဇာတ်လမ်းဆင်ထားခြင်းပင်။ ဇာတ်လမ်းကို ဒီအတိုင်းကြည့်မိလျှင် ချီးကျူးလို့ ဆုံးမှာမဟုတ်တော့။ သို့သော် ဇာတ်ဝင်တေးအဖြစ် ထည့်လိုက်သော သီချင်းကြောင့် စောစောကချီးကျူးမှုများ အရောင်မှိန်သွားရသည်။ မူရင်းဝတ္ထုရေးသူဟာ အဲဒီသီချင်းကိုမှီးပြီး ဇာတ်လမ်းဖွဲ့ထားမှန်း သိသာလွန်းသောကြောင့်ဖြစ်သည်။ သီချင်းထဲကစာသားအားလုံးက ဇာတ်လမ်းတွင်ပါသည့် ဟာသအခန်းများ ဖြစ်ကြသည်။ မူရင်းဝတ္ထုကို မဖတ်ဖူးတော့ အဲဒီစာအုပ်မှာ ဘယ်သီချင်းကို မှီငြမ်းပြီး ရေးထားပါတယ်ဆိုတဲ့အကြောင်း ကျေးဇူးစကား ဆိုထား-မထား ဆိုတာကို ကျွန်တော်မသိနိုင်ဘူး။ သို့သော်လည်း အချို့သော ဓနုရိုးရာယဉ်ကျေးမှုတွေနဲ့ စကားအသုံးအနှုန်းတွေကို သိခွင့်ရလိုက်တဲ့အတွက် အပျင်းလည်းပြေ၊ ဗဟုသုတလည်းဖြစ်တဲ့ ဇာတ်ကားတစ်ခုလို့ မှတ်ချက်ပေးချင်ပါတယ်။
(၃)
ဇာတ်ကားအမည် - မဟာရန်သူ အချစ်တော်ကြီး
ဇာတ်လမ်း - မိုးအိမ်သစ်
ဇာတ်ညွှန်း - ဂေါက်ကြီး
ဒါရိုက်တာ - မိုက်တီး
သရုပ်ဆောင်များ - မြင့်မြတ်၊ တင်မောင်ဆန်းမင်းဝင်း၊ ခိုင်သင်းကြည်၊ ထွန်းထွန်းဝင်း၊ ရန်ပိုင်စိုး၊ စိုးမိုးကြည်၊ ခင်သန်းနွယ်၊ နွဲ့နွဲ့စန်း၊ ပိစိကွေး
(ဝေဖန်သုံးသပ်ချက်)ဇာတ်လမ်း - မိုးအိမ်သစ်
ဇာတ်ညွှန်း - ဂေါက်ကြီး
ဒါရိုက်တာ - မိုက်တီး
သရုပ်ဆောင်များ - မြင့်မြတ်၊ တင်မောင်ဆန်းမင်းဝင်း၊ ခိုင်သင်းကြည်၊ ထွန်းထွန်းဝင်း၊ ရန်ပိုင်စိုး၊ စိုးမိုးကြည်၊ ခင်သန်းနွယ်၊ နွဲ့နွဲ့စန်း၊ ပိစိကွေး
တော်တော်လေးကို ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရမယ့် ဇာတ်လမ်းတစ်ခုပါ။ အပြင်မှာတော့ အဲဒီလို ရှိနိုင်-မရှိနိုင်ဆိုတာကို အလကားနေရင်း မတွေးတော့ပါဘူး။ ဗီဒီယိုဇာတ်လမ်းကို ဗီဒီယိုဇာတ်လမ်းလို့ပဲ မြင်လိုက်ပါတယ်။ တိုက်ဆိုင်လိုက်တာများဗျာ....... လို့သာ အော်လိုက်ချင်တော့တာပါပဲ။ ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်းကတော့ အသစ်ဆိုပေမယ့် လက်ခံလို့ရလောက်အောင် သရုပ်ဆောင်ပြသွားပါတယ်။ ကျွန်တော့်အတွက်တော့ ထူးထူးဆန်းဆန်းပဲ၊ ဒီဇာတ်ကားမှာ မိုက်တိမိုက်ကန်းဇာတ်ရုပ်နဲ့ မြင့်မြတ်နဲ့က အတော်လေးကို လိုက်ဖက်နေလို့ပါ။ မဆိုးလှဘူးလို့ ပြောရမယ့်ဇာတ်ကားပါ။
(၄)
ဇာတ်ကားအမည် - ဗီးနပ်စ်ရဲ့လပ်ဗ်
ဝတ္ထု - ရှင်မိုး (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း -
ဒါရိုက်တာ -၀ိုင်း
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ဆန်းထွဋ်၊ ပန်းဖြူ
(ဝေဖန်သုံးသပ်ချက်)၀တ္ထု - ရှင်မိုး (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း -
ဒါရိုက်တာ -၀ိုင်း
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ဆန်းထွဋ်၊ ပန်းဖြူ
ဇာတ်လမ်းက အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မြန်မာဇာတ်ကားတွေထဲမှာ ဒီလိုဇာတ်ကားတွေလည်း ရှိသေးတယ်ဆိုတဲ့အတွက် အံ့သြရပါတယ်။ မွေးရာပါပညာသည်တစ်ယောက်ရဲ့ ကျိန်စာတိုက်မှုကြောင့် ဖြစ်လာခဲ့ရတဲ့ အဖြစ်ဆိုးတွေ၊ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းကို ဒီခေတ်အမြင်နဲ့ကြည့်ရင်တော့ တစ်မျိုးဖြစ်နေမလားပဲ။ ဒါပေမယ့် အချို့သော တောရွာတွေမှာ အခုအချိန်အထိ စွဲလန်းယုံကြည်နေသေးတဲ့ ဒီလိုအကြောင်းအရာတွေကို နားလည်နိုင်မယ်ဆိုရင်တော့ အတော်လေးကို ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ စိတ်မကောင်းစရာက အဲဒီဇာတ်ကားရဲ့ တကယ့်အထွဋ်အထိပ်ဖြစ်တဲ့ ဇာတ်သိမ်းပိုင်းကိုရောက်ခါမှ စီဒီက ဘယ်လိုမှကို ဆက်ကြည့်လို့ မရတော့ဘူး။ ကျွန်တော် အတော်လေးကို စိတ်ညစ်သွားတယ်။ ဘယ်လိုမှလည်း လုပ်လို့မရဘူး။ နည်းလမ်းကိုစုံနေတာပဲ။ ဇာတ်လမ်းကို ဘယ်သူရေးတယ်၊ ဇာတ်ညွှန်းက ဘယ်သူ၊ ဒါရိုက်တာ ဘယ်သူမှန်းလည်း မသိလိုက်ရဘူး။
နယ်တွေမှာနေရတဲ့ဒုက္ခကလည်း မသေးလှပါဘူးဗျာ။ ကူးချင်တိုင်းကူး၊ ပွားချင်တိုင်းပွားထားတဲ့ အခွေတွေကို မချစ်ပေမယ့် အောင့်ကာနမ်းနေရတာပါပဲ။ သူတို့ကို အားမပေးဘူးဆိုရင်လည်း ကိုယ်ပဲ မကြည့်ရတာအဖတ်တင်မယ်။ ထုတ်လုပ်သူတွေကလည်း ခိုးကူးတွေကိုပဲ အပြစ်တင်ကြတယ်၊ သူတို့အခွေတွေကို တောရော၊ မြို့ပါမကျန် မူရင်းအတိုင်းကြည့်နိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုကျတော့ အဖြေမရှာ၊ နည်းလမ်းမရှာကြဘူး။ ကျွန်တော်တို့တွေက မူရင်းအခွေကို ငှားကြည့်ဖို့၊ ၀ယ်ကြည့်ဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် ပိုက်ဆံပေးတာတောင် ၀ယ်လို့မရ၊ ငှားလို့မရတာကိုတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကျွန်တော်အံ့သြလို့ မဆုံးနိုင်တာကိုပြောဦးမယ်။ စောစောက ကျွန်တော်ဆက်ကြည့်လို့ မရတော့တဲ့ ဇာတ်သိမ်းခန်းအတွက် အခြားအခွေတွေအားလုံး၊ အခြားဆိုင်တွေအားလုံးက အခွေတွေကလည်း အဲဒီနေရာမှာပဲ တစ်ညီတစ်ညာတည်း ပျက်နေခြင်းပါပဲ။ ထူးဆန်းလိုက်တာဗျာ။ အဲဒီဇာတ်ကား ကြည့်ဖူးတဲ့သူတွေကို လိုက်မေးကြည့်တော့မှ ပိုရှင်းသွားတယ်။ ဇာတ်သိမ်းခန်း ဘယ်လိုဖြစ်သွားသလဲ ဆိုတာကို အားလုံးက သိချင်နေကြတယ်။ ခက်တာက ဘယ်သူမှ အဲဒီဇာတ်ကားရဲ့ ဇာတ်သိမ်းခန်းကို မသိကြဘူး။ ကျိန်စာတိုက်တဲ့ကားကြည့်ပြီး ရယ်လိုက်ရတာဗျာ။ မူရင်းမဟုတ်ဘဲ ကူးပြီးကြည့်တဲ့လူတွေ ဇာတ်သိမ်းခန်းမှာ ကြည့်မရပါစေနဲ့လို့များ ကျိန်စာတိုက်ပြီး ထုတ်ဝေသူက ဖြန့်လိုက်သလား မသိပါဘူးဗျာ။ ငှားကြည့်ဖို့ တိုက်တွန်းချင်တဲ့ ဇာတ်ကားပါ။
(၅)
ဇာတ်ကားအမည် - လွဲချင်ဦးဟ
ဇာတ်လမ်း - ကိုထိုက်
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - ဇမ္ဗူထွန်း သက်လွင်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ န၀ရတ်၊ မြတ်ကေသီအောင်၊ ကျော်ဇင်ထွဋ်၊ ဇော်ဝင်းနိုင်၊ ၀င်းနိုင် (အနုပညာ)၊ မျိုးမျိုးခိုင်
(ဝေဖန်သုံးသပ်ချက်)ဇာတ်လမ်း - ကိုထိုက်
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - ဇမ္ဗူထွန်း သက်လွင်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ န၀ရတ်၊ မြတ်ကေသီအောင်၊ ကျော်ဇင်ထွဋ်၊ ဇော်ဝင်းနိုင်၊ ၀င်းနိုင် (အနုပညာ)၊ မျိုးမျိုးခိုင်
လွဲပဲလွဲနိုင်လွန်းတဲ့ ဇာတ်ကားပါဗျာ။ အတော်လေးကို မလွဲ,လွဲအောင် ဖန်တီးထားကြရရှာတယ်။ ဟိန်းဝေယံလိုလူမျိုး အပြင်မှာ မြင်ဖူးချင်လိုက်တော့တာပါပဲ။ မိန်းမနောက်ပိုးဇာတ်ရုပ်တွေကို အပိုင်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ န၀ရတ်ကတော့ ဒီဇာတ်ကားရဲ့ ပင်တိုင်ပါပဲ။ သူ့ရဲ့ အညု၊ အတုလေးတွေကြောင့် ဇာတ်ကားက ကြွလာရတာပါ။ ဟုတ်ပါတယ်လေ.. အဲဒီလို ဇာတ်ကောင်နဲ့အပြိုင်ဖြစ်ဖို့ကလည်း ခပ်ထုံထုံ၊ ခပ်အအ၊ ခပ်လွဲလွဲကောင်နဲ့မှ စိတ်ဝင်စားစရာ ကောင်းတော့မှာပေါ့။ ကျွန်တော်မောင်ဉာဏ်လိုကောင်နဲ့ဆိုရင် ဘယ်ကလာပြီး အဲဒီလိုဇာတ်ကား ဖြစ်လာတော့မလဲ။ ဇာတ်ကားနာမည်ကိုက [ကဲချင်ဦးဟ] ဆိုပြီး ဖြစ်သွားနိုင်တယ်။ (ဤကား မဆီမဆိုင် ၀င်ပေါခြင်းတည်း) ကျေးလက်တောရွာ အငွေ့အသက်လေးတွေကို ခံစားလိုက်ရတဲ့အတွက်တော့ ကျေနပ်မိတာ အမှန်ပါပဲ။ နောက်တစ်ခု ပြောစရာရှိတာက ဇော်ဝင်းနိုင်နဲ့ မျိုးမျိုးခိုင်ရဲ့ သရုပ်ဆောင်မှုပါ။ ဇာတ်ပို့ဆိုမှ တကယ့်ကို ဇာတ်ပို့အစစ်တွေပါ။ ဇာတ်လမ်းဟာ သူတို့တွေကြောင့် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းနေရပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ခုခုမှာ လုပ်ကွက်ကောင်းကောင်းပေးပြီး ရိုက်ပေးလိုက်ရင် ဇာတ်ပို့အကယ်ဒမီ ရသင့်နေပြီဖြစ်တဲ့ သရုပ်ဆောင်တွေပါ။ ကျေးလက်ရနံ့လေးတွေ ရှူရှိုက်ရင်း ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တယ်ဆိုရင်တော့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါ။
(၆)
ဇာတ်ကားအမည် - ရင်ခုန်သံတွေ ထိန်းလို့မရဘူးဝတ္ထု - ခင်ခင်လေး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - လူမင်း၊ နန္ဒ၊ သက်မွန်မြင့်၊ သိင်္ဂီထွန်း၊ ယွန်းရွှေရည်၊ ကေညီဦး၊ ဒေါ်တင်တင်လှ
ဝတ္ထုရေးသူပေးချင်တဲ့ message ကို မြင်လိုက်မိပါတယ်။ တကယ်လည်း လိုအပ်တဲ့ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ အချိုအုပ်ထားတဲ့ ဆေးတစ်လုံးကို သောက်လိုက်ရသလိုပါပဲ။ ၀တ္ထုရေးသူက အင်မတန်မှကို ပါးပါးနပ်နပ်၊ ကျွမ်းကျင်လိမ္မာစွာ ရေးထားတဲ့အတွက် ပညာပေးခံလိုက်ရတယ်ဆိုတာတောင် ဇာတ်ကားကြည့်နေရင်းနဲ့ မသိလိုက်နိုင်ဘူး။ ဘာပေးချင်တာလဲဆိုပြီး ပြန်စဉ်းစားတော့မှ သိလာရတယ်။ သူပြောချင်တဲ့အကြောင်းအရာ၊ သူပေးချင်တဲ့ဟာကို မရောက်,ရောက်အောင် ဆွဲခေါ်သွား ပုံဖော်သွားနိုင်တာကို ချီးကျူးမိပါတယ်။ ကျော်ဇောလင်းကလည်း အဲဒီဇာတ်လမ်းအတိုင်းဖြစ်အောင် အသက်သွင်းပေးလိုက်နိုင်တယ်လို့ ဆိုချင်ပါတယ်။ ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ကြည့်ပြီးရင် တွေးဖို့လည်း မမေ့ဖို့ သတိပေးစကား ဆိုပါရစေနော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၀၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၀၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment