Thursday, March 18, 2010

စစ်ပြီးခေတ် (၂)


ထို့ကြောင့် ထိုနှစ်မကုန်မီတွင် မြန်မာနိုင်ငံ အနာဂတ်အရေးအတွက် ဗြိတိသျှပါလီမန်တွင် ဆွေးနွေးဖိတ်ခေါ်ရလေရာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်ဗစိန်၊ ဦးစော၊ ဦးဘဖေ၊ ဦးတင်ထွတ်တို့သည် သွားရောက်ဆွေးနွေးကာ လွတ်လပ်ရေးအတွက် ကြိုတင်အသင့်ပြင်ရန် ခြေလှမ်းများအတွက် နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြလေသည်။ ဦးစောနှင့် သခင်ဗစိန်တို့ကား ဖဆပလအဖွဲ့ဝင်များ မဟုတ်သည့်ပြင် သီးခြားကြံရွယ် စိတ်ကူးချက်များရှိသည်ဖြစ်၍ အယူအဆခြားကာ လက်မှတ်မထိုးဘဲ နေခဲ့ကြလေသည်။ ထိုမျှမက ရှမ်းပြည်ရှိ နယ်ရှင်ပယ်ရှင် စော်ဘွားအချို့ မသမာသောစိတ်ထားဖြင့် "ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်၏ ကိုယ်စားလှယ်မဟုတ်ပါ" ဟူ၍ ဘိလပ်သို့ ပစ်စာပို့ခဲ့ကြပေသေးသည်။ သို့ရာတွင် စည်းလုံးသော ရှမ်းပြည်ဒေသတစ်ဝှမ်းလုံးရှိ ပြည်သူလူထုက ခြေထိုးလုပ်ကြံမှုကို သိရှိကြသည်နှင့် တစ်ပြိုင်နက် မခံမရပ်နိုင်ဖြစ်ကာ တောင်ကြီးမြို့တွင် လူထုအစည်းအဝေးကြီး ခေါ်ယူလျက် ရှမ်းပြည်နယ်လူထုသည် မြန်မာများနှင့်အတူ လက်တွဲ၍ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ကြောင်းကို ဘိလပ်သို့ ကြေးနန်းဖြင့် အကြောင်းကြားလိုက်သည့် အခါမှ ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်းပြည်လူထုကပါ လိုလားစွာ အသိအမှတ်ပြုကြောင်း ထင်ရှားပေါ်လွင်လှ၍ ပြဿနာရှင်းလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်နန်းရင်းဝန် ကလီမင့်အက်တလီတို့၏ စာချုပ်အရ တိုင်းပြည်ပြုလွှတ်တော်ခေါ်ရေး၊ ကြားဖြတ်အစိုးရဖွဲ့ရေး စသည်တို့ကို ကြိုတင်ဆောင်ရွက်ရန် ရှိလေသည်။ ထိုတိုင်းပြည်ပြုလွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲကာ လွတ်လပ်သော နိုင်ငံအတွက် အသင့်ပြင်ဆင်ရမည် ဖြစ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များမှာ မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကို ရယူရာတွင် တိုင်းရင်းသားဒေသများ ခြွင်းချန်ထားမည်ကို မလိုလားပေ။ တိုင်းရင်းသားများနှင့် တစည်းတရုံးတည်း သေအတူရှင်မကွဲ ရှိလိုပေသည်။ ထို့ကြောင့် ပြည်နယ်ဒေသများသို့ အနှံ့သွားရောက်ကာ စည်းရုံးခဲ့ရာ တောင်တန်းသားများကလည်း ဗိုလ်ချုပ်အောင်ဆန်းအား ကြည်ညိုယုံကြည်လေသည်။ မြန်မာသွေးချင်းများနှင့် အတူတွဲရန်သာလျှင် စိတ်ထက်သန်ကြပေသည်။ ထို့ကြောင့် သံသယရှိနေသော အင်္ဂလိပ်အစိုးရက စေလွှတ်သည့် တောင်တန်းသားတို့၏ ဆန္ဒကို စုံစမ်းရေးအတွက် ရောက်နေသော အင်္ဂလိပ် ဒိုမီနီယံအတွင်းဝန်ကလေး မစ္စတာဘာအာသာ ဘော့တွမ်လီတို့၏ မျက်မြင်ထင်ရှားပင် ၁၃၀၉ ခုနှစ် (၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့)တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တစ်ပြည်လုံးရှိ တောင်တန်းသား ကိုယ်စားလှယ်စုံညီ၏ ညီလာခံကျင်းပ၍ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ပြည်ထောင်စုအနေဖြင့် လွတ်လပ်ရေးအရယူရန် ဆုံးဖြတ်လိုက်ကြပေသည်။

ထို့နောက်တွင် လွတ်လပ်ရေးအတွက် ပြင်ဆင်ကြရာ ကွန်မြူနစ်များနှင့် ဖဆပလအဖွဲ့တို့ ကွဲခဲ့ကြသည်မှအပ စည်းလုံးလျက်ပင်ရှိ၍ တိုင်းပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲကို ထိုနှစ် (၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်) တွင် ကျင်းပရာ အမတ်နေရာ ၂၁၀ တွင် ဖဆပလမှ ၁၈၆ နေရာ ရရှိလေသည်။ ဖဆပလ ပဏာမညီလာခံကို ဂျူဘလီဟောတွင် ကျင်းပ၍ စည်းမျဉ်းဥပဒေ ရေးဆွဲခဲ့ကြသေးသည်။ ထိုနှစ် (ဇွန်လ ၁၀ ရက်နေ့) တိုင်းပြည်ပြုလွှတ်တော် ခေါ်သောအခါ ဖဆပလက ရေးဆွဲခဲ့ကြသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံပြု၍ ဆွေးနွေးကြပြီး (စက်တင်ဘာလ ၂၄ ရက်နေ့) နောင်သော် အတည်ပြုခဲ့ကြလေသည်။

ထိုသို့ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူနေစဉ် (၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့) တွင် အစိုးရ၀န်ကြီး အဖွဲ့ဝင်များ အတွင်းဝန်ရုံး၌ အစည်းအဝေး ကျင်းပနေခိုက် နိုင်ငံရေးရန်ငြိုးထားသူ ဦးစော၏ စေလွှတ်လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စ၀်စံထွန်းနှင့် အတွင်ဝန် ဦးအုန်းမောင်၊ ကိုယ်ရံတော် မောင်ထွေးတို့ ကျဆုံးခဲ့လေသည်။ တစ်ပြည်လုံးပင် ကြေကွဲဝမ်းနည်းကြရလေသည်။

အစိုးရအဖွဲ့ဝင်များ ကျဆုံးခဲ့ရသဖြင့် သခင်နု (ဦးနု)အား အစိုးရဖွဲ့စည်းရန် ဘုရင်ခံက တာဝန်ပေးချက်အရ အစိုးရအဖွဲ့သစ် ဖွဲ့စည်းကာ မပြီးပြတ်သေးသော လွတ်လပ်ရေးအတွက် ဘိလပ်သို့သွားရောက်၍ စာချုပ်ချုပ်ဆိုကာ ထိုနှစ် (၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့) တွင် မြန်မာနိုင်ငံအား လုံးဝလွတ်လပ်ရေးပေးရန် ကြေညာခဲ့၍ ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်၊ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ကို ရက်သတ်မှတ်ခဲ့လေသည်။

No comments:

Post a Comment

 
Web Statistics