ပရော်ဖက်ရှင်နယ်
မြန်မာနိုင်ငံ၏ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး Civilian Military Relations ကို အတိအလင်း ထည့်သွင်းပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ခေတ်သစ်နိုင်ငံတို့၏ သမိုင်းဆိုသည်မှာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးသမိုင်းပင် ဖြစ်သည်။ အရပ်ဘက် စစ်ဘက်နိုင်ငံရေးတွင် ချိန်ခွင်လျှာမျှရသော Equilibrium သဘောရှိသည်။ အာဏာသိမ်းမှုတို့ ဆိုသည်မှာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးချိန်ခွင်လျှာ ပျက်သွားခြင်းကို ထင်ဟပ်သည်။
အရပ်ဘက်စစ်ဘက် ဆက်ဆံရေးတွင် စစ်ဘက်မျက်နှာစာ၌ ဖြစ်ထွန်းမှုနှစ်ရပ်ပေါ်ရန် လိုအပ်သည်။ ပထမဖြစ်ထွန်းမှုသည် စစ်ဘက်အရာရှိအဖွဲ့ Officer Corps ပေါ်ခြင်းဖြစ်၍ ဒုတိယဖြစ်ထွန်းမှုသည် သက်ဆိုင်ရာလုပ်ငန်း ပိုင်နိုင်ကျွမ်းကျင်မှုရှိခြင်း Professionalism ပေါ်ခြင်းဖြစ်ရာ အရာရှိအဖွဲ့နှင့် ပရော်ဖက်ရှင်နယ်လစ်ဇင်တို့သည် စစ်ဘက်မှရှိသော ၀ိသေသတို့ဖြစ်သည်။
အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၌ အရပ်ဘက်မျက်နှာစာတွင် နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုရေးယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ပညာရေးတို့ ပါဝင်ကြသည်။ စစ်ဘက်မျက်နှာစာ၌ အရာရှိအဖွဲ့နှင့် ပရော်ဖက်ရှင်နယ်စနစ် ပေါ်ပေါက်လာပုံမှာ သိပ်မရှုပ်ထွေးလှပေ။ အရပ်ဘက်မျက်နှာစာ၌ ဖြစ်ထွန်းမှုတို့က ရှုပ်ထွေးသည်။
ငါးမျိုး
လူ့အဖွဲ့အစည်းတို့တွင် စစ်ဘက်ကိုလိုလားသည် သို့မဟုတ် ဆန့်ကျင်သည်ဟူ၍ ရှိစမြဲဖြစ်လေရာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးအကြောင်းကိုလည်း ဤခံစားမှုကို အခြေခံ၍ အရပ်ဘက်ကွပ်ကဲမှု Civilian Control အကြောင်းကို သရုပ်ခွဲကြည့်သည့် အရပ်ဘက်ကွပ်ကဲမှု ပုံသဏ္ဍာန် (၅)မျိုး ရှိသည်။
(၁) Subjective Civilian Control (ကတ္တားပိုင်း အရပ်ဘက်ကွပ်ကဲမှု)
ကတ္တားပိုင်းဆိုသည်မှာ ခေါင်းဆောင်အရပ်ဘက်၏ ပါဝါကို မြှင့်တင်ရန် ကြိုးပမ်းမှုကို ညွှန်းသည်။
(၂) Civilian Control by Government Institutions (အစိုးရအဖွဲ့အစည်းတို့ဖြင့် စီမံသော အရပ်ဘက်ကွပ်ကဲမှု)
အမေရိကန်နှင့် ဗြိတိန်တို့တွင် သမ္မတ၊ ရှင်ဘုရင်၊ လွှတ်တော်တို့မှတစ်ဆင့် အရပ်ဘက်ကွပ်ကဲမှုကို ကြိုးပမ်းသည်။
(၃) Civilian Control by Social Class
လူမျိုးလူတန်းစားတို့က အရပ်ဘက်ကွပ်ကဲမှုကို ထူထောင်ခြင်းကို ရည်ညွှန်းသည်။ ၁၉ ရာစုနှစ်တွင် မင်းမျိုးမှူးမတ်ရာဇာ တို့ကလည်းကောင်း၊ ဘူဇွာလူတန်းစားတို့ကလည်းကောင်း၊ အရပ်ဘက်ကွပ်ကဲမှုကို ရယူကြသည်။
(၄) Civilian Control by Constitutional Form (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုံသဏ္ဌာန်ဖြင့် အရပ်ဘက်ကွပ်ကဲမှုကို ထူထောင်သည်)
(၅) Objective Civilian Control (ပကတိအရှိတရားဖြင့် အရပ်ဘက်ဆက်ဆံရေး ကွပ်ကဲမှုကို ထူထောင်သည်)
စစ်ဘက် ပရော်ဖက်ရှင်နယ်လစ်ဇင်ကို မြှင့်တင်ပြီး အရပ်ဘက်နှင့် စစ်ဘက်ကြား ပါဝါဖြန့်ဖြူးသည်။
ခွဲဝေရေး
ကျင်းပတော့မည့် လွှတ်တော်များ ရွေးကောက်ပွဲသည် အရပ်ဘက်ဆက်ဆံရေးပုံစံသစ်ကို ထူထောင်၍ စမ်းသပ်ကြည့်တော့မည်ဖြစ်လေရာ မည်သို့ သက်ရောက်လာမည်ကို လက်တွေ့ဖြင့် စောင့်ကြည့်ရမည်။ ပါမောက္ခဟန်တင်တန်က အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကို အရပ်ဘက်ကွပ်ကဲမှုရှုထောင့်မှ ကြည့်သည်။ မှန်သောပုံသဏ္ဌာန်သည် အရပ်ဘက်ကွပ်ကဲမှု ပုံသဏ္ဌာန်က လွှမ်းမိုးမလား၊ သို့တည်းမဟုတ် စစ်ဘက်ကွပ်ကဲမှုပုံသဏ္ဌာန်က လွှမ်းမိုးမလားဟူ၍ မသိနိုင်သေးပေ။ သိနိုင်သောအချက်တစ်ခု ရှိသည်။ ဤအချက်မှာ ပါမောက္ခဟန်တင်တန်ညွှန်းသလို အရပ်ဘက်နှင့် စစ်ဘက်အာဏာခွဲဝေမှုသာ ဖြစ်တော့သည်။
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ - ၁၁၁ မှ ၁၁၅
No comments:
Post a Comment