Thursday, March 18, 2010

နံနက်ခင်း သြ၀ါဒများ


လျှော့ချမပစ်ကြပါနဲ့
မြင့်မြတ်တဲ့လမ်းစဉ်အတိုင်း သွားနေပါလျက်နဲ့ နိမ့်ရာကိုတော့ မဆင်းချင်ကြပါနဲ့။ အကုသိုလ်ဖြစ်မယ့်နေရာကို ရှောင်ကြဉ်ပြီး ကုသိုလ်ဖြစ်မယ့်နေရာကို ရွေးတတ်ပါစေ။ ဒီဘ၀ရဲ့ အခြေအနေကို မပျက်စေဘဲ နောင်ဘ၀တွေအတွက် ဒါထက်ကောင်းတဲ့သူဖြစ်အောင် ကြိုးစားကြစမ်းပါ။ ကိုယ့်ရဲ့ ကံ ဉာဏ် ၀ီရိယကို လျှော့ချမပစ်ကြပါနဲ့။

လူမိုက်နောက်မှ အကြံရ
ကိုယ့်ဘ၀ကို ပေါ့ပေါ့ကလေး မထင်လိုက်ကြပါနဲ့။ အကုသိုလ်က အမြဲ ချောင်းနေပါတယ်။ သေစရာရှိလျှင် အကြောင်းငယ်ငယ်ကလေးနဲ့လည်း သေနိုင်တယ်။ ဗုဒ္ဓဘာသာမှန်လျှင် ဘုရားတရားတော်တွေကို မသေခင်မှာ သိသင့်ပါတယ်။ သိအောင် လုပ်ရမယ်။ "လူမိုက်နောက်မှ အကြံရ" မလုပ်ရပါဘူး။ ပါရမီတွေဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ပြုရပါတယ်။ လူ့ချမ်းသာတွေကို အားမကျဘဲ ပါရမီတွေကိုသာ များများစုထားကြစမ်းပါ။

မလိုက်ချင် လိုက်ချင်နဲ့
လူတွေမှာ ပစ္စည်းကို ရအောင်ရှာ၊ ရှာလို့လည်း မတင်းတိမ်၊ ခံစားလို့လည်း မတင်းတိမ်။ ဒီကြားထဲ သေမင်းက ဆွဲသွားတော့ မလိုက်ချင် လိုက်ချင်နဲ့ လိုက်သွားရတယ်။ ဒါကြောင့် လောကီအာရုံ ကာမဂုဏ်တွေကို အမြဲတမ်း ကြံစည်နေလျှင် စိတ်ဓာတ်အားနည်းလာတတ်တယ်။ စိတ်အားနည်းလာလျှင် ကိုယ်အားလည်း နွမ်းလာတာပဲ။ ဘုရားက "လောကီအာရုံ ကာမဂုဏ်တွေမှ ကင်းဆိတ်ရမယ်" ဆိုတာ လူရော ဘုန်းကြီးရော သဘောမပေါက်ကြဘူး။

မယားဆော့တော့ စိတ်ရွှင်
လူတွေဟာ အားကိုးမှားနေကြပါတယ်။ ပြောတော့ဖြင့် "ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေ" သတဲ့။ သူ့အဆိုနဲ့သူ ကိုက်ညီအောင်တော့ မလုပ်ချင်ကြဘူး။ သူတို့ဟာက "ဘုရားကန်တော့တော့ အိပ်ချင်၊ မယားဆော့တော့ စိတ်ရွှင်" သတဲ့။ အကျိုးတော့ လိုချင်ကြပါရဲ့၊ အကြောင်းလုပ်ဖို့ကျတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့။

ကြိုးစားပြီးရင်း ကြိုးစား
ရှေးက ပါရမီတွေများခဲ့မှလည်း ပစ္စုပ္ပန်ဘ၀မှာလာပြီး တော်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ချိန်ကြည့်ပါ။ ငါ့ပါရမီ ရှေးက ဘယ်လောက်များခဲ့သလဲ၊ မများခဲ့ဘူးလဲဆိုတာ။ လာမယ့် အနာဂတ်ဘ၀တွေမှာ ပါရမီ မနည်းအောင် ယခုကစပြီး ဖြည့်ထားကြပါ။ ကြိုးစားပြီးရင်း ကြိုးစား၊ မနားမနေ ဘ၀ပါရမီကို ထူထောင်ကြပါ။

အထက်တက်ဖို့သာ ခက်တာ
ဘ၀သံသရာမှာ ခံစားဖို့ မမျှော်မှန်းကြပါနဲ့။ ပါရမီဖြစ်အောင်သာ ဆည်းပူးကြိုးစားကြမယ်လို့ အောက်မေ့ထားကြ၊ စိတ်ထားဖြူစင်ကြပါစေ။ အောက်ဆင်းဖို့ဆိုတာ မခဲယဉ်းဘူး။ အထက်တက်ဖို့သာ ခက်တာ၊ ဘ၀မြင့်လာဖို့သာ ခက်တာ။ ကုသိုလ်ဖြစ်တဲ့ စိတ်ကို အမြဲမွေးထားကြ။ အဲဒီလို မွေးမြူထားလျှင် ရောဂါလည်းကင်းတယ်၊ အသက်လည်း ရှည်တယ်၊ ပါရမီလည်း တိုးလာမယ်။ တိုတောင်းလှတဲ့ ဘ၀ကလေးကို ဒီနည်းနဲ့ အသုံးပြုပါ။ အချိန်မဖြုန်းကြပါနဲ့။

ခင်ခင်မင်မင် ကြင်ကြင်နာနာ
ဘုရားကိုယ်တော်မြတ်က အိမ်ရာတည်ထောင် လူ့ဘောင်မှာ မနေရဘူးလို့ မမိန့်ပါဘူး။ လူဖြစ်လျှင် လူ့သီလ လုံခြုံဖို့တော့ မိန့်တယ်။ ဇနီးမောင်နှံဖြစ်ကြလျှင် တစ်ဦးအပေါ်တစ်ဦး ခင်ခင်မင်မင် ကြင်ကြင်နာနာ ရှိကြဖို့၊ မေတ္တာနဲ့ ကရုဏာနဲ့ နေကြဖို့၊ တရားမျှတဖို့ အမိန့်ရှိတယ်။

[သာမဏေကျော် ၏ မဟာဂန္ဓာရုံဆရာတော်၏ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ မှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်]

No comments:

Post a Comment

 
Web Statistics