Tuesday, March 16, 2010

ဆန္ဒအမှတ် ၃၄ - ကိုဉာဏ် (ပန်းလောင်မြေ)


ပထမပိုင်း
()
ကောင်းကင်ပြင်ဝယ် တိမ်ညိုတိမ်မည်းအချို့က ဟိုမှသည်သို့ ပြေးလွှားနေကြသည်။ နေ့လည်ခင်းအထိ ကြည်လင်သာယာနေခဲ့သော ၀န်းကျင်တခိုသည် တိမ်မှောင်ရိပ်တို့ကြောင့် အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်လာရသည်။ အရပ်တစ်ခုဆီက ထွက်ခွါလာကြသော တိမ်ညိုမှောင်တစ်သင်းကလည်း ဒီနေရာမှာ ဆုံတွေ့ကြဖို့ ချိန်းဆိုထားကြလေသလားမသိ။ ဒီကြားထဲ သော့သော့ကလေးတိုက်နေသည့် လေပြေတို့ကလည်း မိုးတိမ်သားတို့စုံလင်နေသည်မို့ ပျော်ရွှင်မြူတူးနေသည့်ပမာ ကဆုန်ပေါက်ပြေးနေပြန်လေသည်။ သူတို့တွေ လျှောက်ပြေးနေသည်က အကြောင်းမဟုတ်။ သူတို့ပြေးသည့်နောက်ကို ခေါင်းစောင်းကိုယ်စောင်းကာ လိုက်ကြည့်နေကြရသည့် အပင်ပျို၊ အပင်အိုတို့ခမြာ ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်ဖြင့် ခါးတွေညောင်းညာကုန်ကြချေပြီ။ ငှက်ငယ်တစ်သိုက်ကလည်း နေရောင်ပျောက်သွားမှာစိုးသဖြင့် အချိန်မကျသေးပါဘဲ အစောကြီး အိပ်တန်းပြန်သွားကြသည်။ လူအားလုံး၏ မျက်လုံးတွေက ကောင်းကင်ပြင်ကိုကြည့်လိုက်၊ သက်ပြင်းတွေချလိုက်၊ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက် ဖြစ်နေကြရှာသည်။ အားလုံး၏ မျက်ဝန်းများတွင်ကား စိတ်ပူပန်မှု၊ စိုးရိမ်မှုအပြည့်ဖြင့် ရှိနေသည်မှာ ထင်ရှားပေါ်လွင်လွန်းလှသည်။ မည်သူကမျှ မိမိ၏အပူရုပ်ကို ဟန်လုပ်မနေနိုင်ရှာကြပေ။

()
ဟုတ်သည်လေ၊ ဒီအလှူက သူတို့အတွက်၊ အို... သူတို့ဆိုတာထက် သူတို့ရွာအတွက် အလွန်အရေးကြီးသည်။ တစ်နှစ်မှာမှ တစ်ကြိမ်သာ ကျင်းပပြုလုပ်သည့် ရွာဦးစေတီဘုရားပွဲ။ ပတ်ဝန်းကျင်ရွာတွေအထိပါ နာမည်ကြီးလှသည့် ဒီပွဲကို အားလုံးက တစ်နှစ်လုံးအားခဲပြီး စောင့်ခဲ့ကြရသည်။ ဒီရွာကလူတွေအားလုံးကလည်း ရွာဦးစေတီဘုရားပွဲအတွက် ဂုဏ်ယူကြသည်လေ။ တစ်နှစ်မှာ သုံးရက်သာ ကျင်းပသည့် ဒီဘုရားပွဲကို သူတို့ရွာတင်မဟုတ် အခြားရွာများမှပါ အားခဲထားကြသည်ပဲ။ ဒီနှစ်အတွက် ပွဲခင်းကြီးကလည်း အဆင်သင့်ဖြစ်နေပြီ။ အမိုးဖွင့်ဇာတ်ရုံကြီးကလည်း ဟီးထနေသည်၊ ပွဲဈေးတန်းတွေကလည်း စည်ကားနေပြီ၊ရဟတ်ကြီးနှစ်ခုကလည်း အပြိုင်အဆိုင်ဆင်ထားသည်။ ထူးခြားချက်အဖြစ် ဘုရားပွဲသုံးရက်ကို နာမည်ကြီး ဇာတ်အဖွဲ့နှစ်ခုတောင် ငှားထားခြင်းဖြစ်သည်။ မြန်မာပြည်တွင် နာမည်အကြီးဆုံး ဇာတ်အဖွဲ့ကြီးထံမှ ပွဲညတစ်ရက်ရအောင် အသည်းအသန် ကြိုးစားထားကြသည်။ ထိုဇာတ်အဖွဲ့ကြီးကြောင့်ပင် ဒီနှစ်ဘုရားပွဲက ပိုပြီးသတင်းကြီးနေရခြင်းဖြစ်သည်။ ခေါင်းဆောင်မင်းသားက ရုပ်ရှင်နှင့် ဗီဒီယိုတွေမှာလည်း စန်းထနေသည့် မင်းသားဆိုတော့ ရွာအသီးသီးက မဒီအလှတို့ခမြာ အဆိုပါဇာတ်အဖွဲ့ ကမည့်သတင်းကို ကြားပြီးကတည်းက ကြိုတင်ရင်ခုန်နေကြသည်။ အလှမ်းဝေးသော ရွာများမှ ရောက်လာကြသော နွားလှည်းများဆိုလျှင် အရိပ်ကောင်းသည့် အပင်ကြီးတွေအောက်မှာ နေရာယူထားပြီးကြပြီ။ မီးခိုးတအူအူနှင့် ချက်ပြုတ်နေကြပြီ။ ဘုရားပွဲ စီစဉ်သူတွေကလည်း ဘုရားပွဲအဖွင့်ရက်ကို စည်စည်ကားကားဖြစ်သွားအောင် အဆိုပါနာမည်ကြီးဇာတ်အဖွဲ့နှင့် ကန့်လန့်ကာ ဖွင့်ကြမည်ကိုး။

()
အခုတော့ ရွာသူရွာသားတွေရော၊ ပွဲစီစဉ်သူလူကြီးများပါ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်ကြရလေပြီ။ မိုးလေကင်းလွတ်မည် ထင်သည့်ရက်တွေကို အသေအချာရွေးပြီး လုပ်ထားကာမှ အကြီးအကျယ်ဖြစ်အောင် ပြင်ဆင်ထားသည့် ဘုရားပွဲက ကပေါက်တိကပေါက်ချာ ဖြစ်တော့မည်ထင်သည်။ ဇာတ်အဖွဲ့မန်နေဂျာကလည်း တတွတ်တွတ်လာပြောနေသည်။ ပွဲစဖို့ ၂ နာရီခန့် အလိုအထိ မိုးလေအခြေအနေမကောင်းပါက ဇာတ်စင်ကိုပြင်ဆင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ အချိန်နောက်ဆုတ်ပြီး ကပေးဖို့ကလည်း ဒီညပြီးတာနှင့် နောက်ထပ်မြို့တစ်မြို့သို့ ချက်ချင်းကူးရမှာကြောင့် အဆင်မပြေကြောင်း ညည်းညူနေလေသည်။ ထိုကဲ့သို့ ဇာတ်အဖွဲ့မန်နေဂျာက လာပြီးပြောလေ လူကြီးများခမြာ စိုးရိမ်သောကရောက်ရလေ ဖြစ်သည်။

()
နောက်ဆုံးတော့ အားလုံးစည်းဝေးတိုင်ပင်ကြပြီး တစ်ဖက်ရွာက နာမည်ကြီးဆရာတစ်ဦးကို ပင့်ခိုင်းလိုက်ကြရသည်။ ဟုတ်သည်....၊ မိုးတားကြမည်။ ရွာဦးကျောင်းဆရာတော်က မလုပ်ဖို့မှာထားသော်လည်း သူတို့အတွက် မြက်တစ်ပင်လိုလာချေပြီ။ ဆရာတော်မသိအောင် စီစဉ်ကြရတော့မည်။ နောက်မှ ဆရာတော်သိလို့ ဆူငေါက်တာ၊ အပြစ်ပေးတာလုပ်ရင်လည်း ခံတော့မည်။ အခုလောလောဆယ်ကတော့ အားအခဲကြီးခဲထားရသည့် ဘုရားပွဲကြီး အဆင်ပြေစေဖို့အတွက် မိုးတားရာတွင် နာမည်ကြီးသည်ဟုဆိုသော တစ်ဖက်ရွာက ပုဂ္ဂိုလ်လက်သို့ သူတို့ရဲ့ မျှော်လင့်ချက်တွေအားလုံးကို ထိုးအပ်လိုက်ကြရလေပြီ။ ကန်တော့ပွဲတွေပြင်၊ ဖယောင်းတိုင်တွေထွန်းနှင့် အားလုံးအလုပ်ရှုပ်သွားကြသည်။ အားလုံးရဲ့စိတ်ထဲမှာတော့ တစ်ညီတစ်ညာတည်းသော အသံတစ်ခုက ပဲ့တင်ထပ်နေမှာ သေချာသည်။

"မိုးမရွာပါစေနဲ့"

ဒုတိယပိုင်း
()
ဖိုးသာအောင်တစ်ယောက် သူ့လယ်ကိုကြည့်ရင်း သက်ပြင်းတွေချမိတာ ဘယ်နှစ်ခါတောင် ရှိနေပြီမသိတော့။ စပါးပင်လေးတွေက ၀ါကြင်ကြင်ဖြစ်ရုံတင်မဟုတ်၊ နွမ်းလျမောပန်းကာ ခေါင်းငိုက်စိုက်ကျ၊ ခါးကိုင်းနေကြလေပြီ။ စပါးပင်တွေကြားက မြေလွှာတွေကလည်း အပူရှိန်ကြောင့် အရာထင်စပြုလာပြီ။ ထနောင်းပင်ဘေးက လယ်သောက်ကန်ကလည်း ပက်ကြားကွက်တို့ဖြင့် ပြည့်နေသည်။ ပက်ကြားအက်ကြောင်းမှ လှမ်းကြည့်လျှင် အ၀ိစိကိုတောင် လှမ်းမြင်ရမလားမဆိုနိုင်။ ဟိုတစ်နေ့က သွားစုံစမ်းတော့လည်း တောင်ပေါ်မှာ မိုးမရွာသည့်အတွက် ရွာသာဆည်ထဲတွင် ရေမရှိကြောင်း၊ ထို့အတွက် လယ်တွေအတွက် ရေမလွှတ်ပေးနိုင်သေးကြောင်း သိရသည်။ ဒီနှစ်ကျမှပဲ မိုးကလည်းခေါင်လိုက်တာ။ ဒီနှစ်စပါးလေးအောင်ရင် အိမ်ကသားနှစ်ယောက်ကို ရှင်ပြုပေးမယ်လို့ ရည်မှန်းထားတာ။ အခုတော့ အဲဒီရည်မှန်းချက်လေး အငွေ့ပျံရတော့မည် ထင်သည်။ သားတွေကလည်း အရွယ်ရောက်လာကြပြီ။ အခုအချိန်အထိ ရှင်ပြုမပေးနိုင်သေး။ အခြားလူတွေဆီက ငွေလှည့်ပြီး လုပ်ပေးဖို့ကျတော့လည်း ဒီလိုရာသီဥတုမျိုးနဲ့တော့ ကျန်တောင်သူတွေလည်း ကိုယ်လိုပဲ ဖြစ်ကြမှာအသေအချာပင်။ သက်ပြင်းမောကြီးက ၀ှူးခနဲ ထွက်သွားသည်။ ပူလွန်းသဖြင့် မ၀တ်နိုင်သော စွပ်ကျယ်အင်္ကျီကို ပြောင်လက်နေသည့် နောက်ကျောပြင်ပေါ်သို့ လွှားတင်လိုက်ပြီး ခမောက်ကိုဆောင်းကာ ရွာထဲသို့ ထွက်လာခဲ့မိသည်။

()
သူရောက်တော့ ဘကြီးမြတို့အိမ်မှာ လူအတော်စုံနေတာ တွေ့ရသည်။ တစ်ယောက်တစ်ခွန်းပြောသံ၊ ဆွေးနွေးသံများကို နားထောင်ရင်း မိုးမရွာသည့်အတွက် ပြောနေကြကြောင်း ချက်ချင်းသိလိုက်သည်။ စကားဝိုင်းထဲသို့ ၀င်ထိုင်လိုက်ရင်း ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။ အားလုံးက ဒီနှစ်မိုးခေါင်သည့်အတွက် လယ်တွေမှာ အခက်တွေ့နေပုံ၊ စိုက်ထားသည့် စပါးပင်တွေ ရေငတ်နေသဖြင့် ညှိုးငယ်နေပုံများကို ပြောဆိုဆွေးနွေးကြသည်။ စိုက်ပျိုးရေအတွက် ရေလွှတ်ပေးနေသည့် ရွာသာဆည်ကလည်း တောင်ပေါ်မှာမိုးမရွာသောကြောင့် ဆည်ထဲသို့ ရေအ၀င်မရှိဘဲ လက်ကျန်ရေ အလွန်နည်းနေပြီ ဖြစ်သည့်အတွက် ရေလွှတ်ပေးဖို့ ဘယ်လိုမှအဆင်မပြေကြောင်း သူစုံစမ်းလို့ သိလာသမျှကို ဖိုးသာအောင်က ၀င်ပြောလိုက်သည်။ အားလုံးက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ရင်း သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ ဒီနှစ်အတွက် သူတို့တောင်သူတွေအဖို့ ရောင်းဖို့နေနေသာသာ ၀မ်းစာစပါးတောင် ရပါ့မလားမသိ။

()
ဘကြီးမြက အကြံတစ်ခုပေးသည်။ အချိန်အခါတန်သော်လည်း မိုးမရွာသည်မှာ တစ်ခုခုမှားယွင်းနေ၍ ဖြစ်နိုင်ကြောင်း။ ထို့ကြောင့် သူတို့ရွာအနေဖြင့် အမှားလုပ်ထားမိသောကြောင့် မိုးခေါင်နေခြင်းဖြစ်ပါက ဆိုင်ရာပိုင်ရာများကို ပူဇော်ပသကာ တောင်းပန်ရန် လိုအပ်ကြောင်း၊ မိုးခေါ်ပွဲများပြုလုပ်သွားလျှင် ကောင်းမည်ဖြစ်ကြောင်း တင်ပြသည်။ ရွာတောင်ပိုင်းက ဦးသံချောင်းကလည်း မိုးနတ်မင်းပူဇော်ပွဲ ပြုလုပ်ကြသင့်ကြောင်း သူသိသမျှကို ၀င်ရောက်အကြံပေးသည်။ အားလုံးကလည်း မိုးရွာဖို့ကိုပဲ စိတ်အာရုံရောက်နေသည့်အတွက် ဘယ်သူတွေ ဘာပြောတယ်ဆိုတာကို သတိမထားနိုင်။ မိုးရွာဖို့တစ်ခုပဲ ခေါင်းထဲမှာ ရှိနေကြသည်မို့ မိုးရွာဖို့ဆိုလျှင် ဘာပဲလုပ်လုပ် လုပ်ကိုင်ဖို့ သဘောတူပြီး ဖြစ်နေကြလေသည်။

()
ရွာထိပ်ကွင်းပြင်ကြီးတစ်ခုလုံး ကလေးတွေ၊ ခွေးတွေဖြင့် ရှုပ်ရှက်ခတ်နေသည်။ ကလေးငိုသံ၊ ခွေးဟောင်သံ၊ ဒိုးပတ်အဖွဲ့က တီးသံတို့ဖြင့် ဆူညံနေပေတော့သည်။ ဖုန်တွေကလည်း တလိပ်ပြီးတလိပ် မွှန်ထူနေသည်။ သို့သော် အားလုံး၏မျက်နှာများက မျှော်လင့်ချက်အရည်လဲ့နေသည့် မျက်ဝန်းကိုယ်စီဖြင့် တက်ကြွနေကြသည်။ တံလျှပ်ထနေတာ၊ ဖုန်တွေအလိပ်လိုက် မွှန်နေတာ၊ ကလေးသံခွေးသံများဖြင့် ဆူညံနေတာတွေကို သတိထားမိပုံပင် မရကြချေ။ ကြိုးတွေကို ပြင်သူကပြင်၊ ကန်တော့ပွဲများ ဖယောင်းတိုင်များဖြင့် အလုပ်ရှုပ်သူကရှုပ်ဖြင့် ပုရွက်ဆိတ်အုံကို တုတ်ဖြင့်ထိုးထားသည့်ပမာ ရှိတော့သည်။ ထိုအချိန်တွင် ခရာမှုတ်သံနှင့်အတူ ဝေးကနဲ အော်ဟစ်အားပေးကြသံများ ထွက်လာသည်။ လွန်ဆွဲပွဲစချေပြီ။ အင်္ကျီချွတ်ကိုယ်စီ၊ ခါးတောင်းကြိုက်ကိုယ်စီဖြင့် ကာလသားတွေက လွန်ကြိုးကို အသည်းအသန် ဆွဲနေကြသည်။ တချို့ကလေးတွေကလည်း ဘယ်သူသင်ပေးလိုက်သည်မသိ "ဥုံ" "အွမ်" "ဥုံ" "အွမ်" ဖြင့် ဖားများအော်သလို အော်နေကြသည်။ မလှမ်းမကမ်းက ယာယီထိုးထားသည့်စင်အနီးတွင်လည်း ဆရာကြီးအောင်မောင်း၏ အသံသြသြကြီးဖြင့် မိုးနတ်မင်းပူဇော်နေသည့် အသံကို အတိုင်းသားကြားနေရသည်။ ဒီလောက်နေပူရသည့်အထဲ ထွန်းထားသည့် ဖယောင်းတိုင်ကြီးတွေကလည်း တဖြတ်ဖြတ် တလက်လက်ဖြင့် အစွမ်းရှိသလောက် လင်းပြနေကြရရှာသည်။ ရှိရှိသမျှ လူအားလုံးမှာ ချွေးတလုံးလုံး၊ ခမောက်တခတ်ခတ်ဖြင့် ပူအိုက်နေကြသော်လည်း မျက်နှာတစ်ချက်မပျက်ကြ။ အားလုံးက မျှော်လင့်ချက်ကိုယ်စီဖြင့် လုပ်စရာရှိတာကိုသာ လုပ်နေကြသည်။ သူတို့စိတ်ထဲမှာ ရာသီဥတုက စောစောကလောက် မပူတော့ဘဲ အနည်းငယ်အေးလာသည်ဟုတောင် ထင်လိုက်မိသေးသည်။ အားလုံးရဲ့ ရင်ထဲမှာတော့ ဆန္ဒတစ်ခုက အသံအဖြစ်ပြောင်းကာ ပဲ့တင်ထပ်နေမှာ သေချာသည်။

"မိုးရွာပါစေ၊ သည်းသည်းမည်းမည်းကို ရွာပါစေ"
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၆ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၄၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics