Saturday, March 20, 2010

တိုက်ဂါးဝုဒ်နဲ့ ဂျွန်တယ်ရီကိစ္စ တွေးမိသမျှ - လူထုစိန်ဝင်း


အခုတလော နိုင်ငံခြားက Tabloid News လို့ခေါ်တဲ့ အပျော်ဖတ် ပေါ်ပြူလာသတင်းစာတွေမှာ အားကစားသမားများရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုသတင်းတွေကို ထိပ်တန်းဦးစားပေး သတင်းအဖြစ် ရှာဖွေဖော်ပြနေတာတွေကိုချည်း တွေ့မြင်နေရတယ်။

မင်္ဂလာသတင်း
ပထမဆုံး အုတ်အော်သောင်းတင်း ဖြစ်သွားတာက ဂေါက်သီးအကျော်အမော် "တိုက်ဂါးဝုဒ်" ရဲ့ သတင်း။ အချိန်မတော်ကြီး သူ့အိမ်က ကားမောင်းထွက်လာပြီး သစ်ပင်ကိုဝင်ဆောင့်လို့ သတိမေ့သွားတဲ့အဖြစ်က စလိုက်ပြီး အိမ်ထောင်ရေးဖောက်ပြန်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တဲ့သတင်းတွေ ဆက်တိုက် ပေါ်ထွက်လာခဲ့တယ်။ သူပြီးတော့ အင်္ဂလန်နဲ့ ချယ်လ်ဆီးဘောလုံးအသင်းများရဲ့ ကပ္ပတိန် ဂျွန်တယ်ရီရဲ့ သတင်းက မျက်နှာဖုံးသတင်းဖြစ်လာတယ်။ တယ်ရီရဲ့သတင်း အရှိန်မသေခင်မှာပဲ အက်ရှ်လေကိုးလ်ရဲ့ သတင်းတွေ ထွက်လာခဲ့တယ်။ အနောက်နိုင်ငံက နာမည်ကျော်တွေရဲ့ အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်မှုကိစ္စတွေဟာ သူတို့ဆီမှာတော့ မဆန်းတော့တဲ့ကိစ္စတွေမို့ အထွေအထူးပြောစရာမရှိပါဘူး။ ပြောချင်တဲ့အကြောင်းကတော့ ဒီကိစ္စမျိုးကို အပြစ်ကြီးတစ်ခုအဖြစ် သဘောထားတွေ ပြောင်းလဲလာကြတဲ့ အကြောင်းဖြစ်ပါတယ်။ ဒါဟာ သတိပြုသင့်တဲ့ ထူးခြားမှုတစ်ခုလို့ ယူဆပါတယ်။ နှစ်ဆယ့်တစ်ရာစု ဒုတိယဆယ်စုနှစ်ကို မင်္ဂလာသတင်းနဲ့ ဖွင့်လိုက်တယ်လို့တောင် အောက်မေ့လိုက်မိတယ်။ မထူးခြားမှုတွေထဲက ပေါ်ထွက်လာတဲ့ ထူးခြားမှုဖြစ်နေတာကိုး။

ကြော်ငြာတွေရပ်ဆိုင်း
တိုက်ဂါးဝုဒ်ရဲ့ အရှုပ်တော်ပုံသတင်းတွေ ပေါ်ထွက်လာစမှာတော့ မီဒီယာတွေက ဖုံးဖုံးဖိဖိ ရေးကြသေးတယ်။ နောက်တော့ သူရှုပ်ခဲ့သမျှတွေက နည်းနည်းနောနောမဟုတ်ဘဲ တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ထွက်လာလေတော့ ဖုံးမနိုင်ဖိမရ ဖြစ်သွားရတော့တယ်။ အဲဒီမှာတင် ၀ုဒ် နဲ့ ကြော်ငြာထားကြတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ စပွန်ဆာတွေကို ပြန်ပြီး ရုပ်သိမ်းလိုက်ကြတယ်။ နာမည်ပျက်ရှိသူတစ်ယောက်နဲ့ ဘယ်သူကတွဲပြီး လူသိခံချင်မှာလဲ။ စပွန်ဆာတွေ တစ်ခုပြီးတစ်ခု ရုပ်သိမ်းတာခံရတော့ ဂေါက်သီးလောကရဲ့ ပထမဆုံး သန်းကြွယ်သူဌေး တိုက်ဂါးဝုဒ်ဟာ တော်တော်ကြီး တုန်လှုပ်ချောက်ချား ဖြစ်သွားပြီး သူမှားခဲ့တာတွေအတွက် သူ့ပရိသတ်ကို ၀န်ချတောင်းပန်ပါကြောင်း လူသိရှင်ကြား ထုတ်ဖော်ကြေညာ ရတော့တယ်။ သန်းပေါင်းများစွာ ၀င်နေတဲ့ ၀င်ငွေတွေ ရုတ်တရက် ရပ်ဆိုင်းသွားတာကိုး။

မဆန်းတော့တဲ့သတင်း
တိုက်ဂါးဝုဒ်နောက် ပေါ်ထွက်လာတာက အင်္ဂလန်အသင်းခေါင်းဆောင် ဂျွန်တယ်ရီရဲ့ အရှုပ်တော်ပုံ၊ အင်္ဂလိပ်ဘောလုံးလောကမှာ ဒီသတင်းမျိုးတွေ မဆန်းတော့ပါဘူး။ မကြာခဏ ပေါ်ထွက်လာနေကျပါ။ မန်ယူမှာ ရော်နယ်လ်ဒို ရှိနေစဉ်ကဆို သူ့ရဲ့ ညလုံးပေါက်ပါတီပွဲတွေဟာ အင်မတန်နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ ပါတယ်။ မထူးခြားတာတွေထဲက ထူးခြားသွားတဲ့အချက်ကတော့ ဒီလို မိန်းမရှုပ်တဲ့ကိစ္စကြောင့် တယ်ရီကို အင်္ဂလန်အသင်းခေါင်းဆောင်နေရာက ဖယ်ရှားပစ်လိုက်တာဖြစ်တယ်။ ဒါမျိုးဟာ သူတို့အနောက်နိုင်ငံတွေမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စမျိုး ဖြစ်တယ်။ ဒါကြောင့် ထူးခြားတယ်လို့ ဆိုလိုက်တာပါ။ အက်ရှ်လေကိုးလ်နဲ့ သူ့ဇနီး ကွဲတော့မယ်ဆိုတဲ့ သတင်းကလည်း အခုမှ ပထမဆုံးအကြိမ် ထွက်လာတာမဟုတ်ပါဘူး။ အရင်ကလည်း မကြာမကြာ ထွက်လာလေ့ရှိပါတယ်။ တယ်ရီရဲ့သတင်း ဂယက်ထလာတာကြောင့် နောက်ဆက်တွဲတွေ ရှာဖွေရေးသားလာကြတာဖြစ်လို့ ထပ်ပေါ်လာတာပါ။ နောက်ထပ်လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြဦးမယ် ထင်ပါတယ်။

ဘီယာသောက်သလို
ဘာကြောင့်လဲဆိုတော့ သူတို့ အနောက်လူ့အဖွဲ့အစည်းတွေမှာ မေထုန်မှုကိစ္စကို ဘီယာသောက်တဲ့ ကိစ္စမျိုးလို သဘောထားလာကြတာ အတော်ကြာနေပါပြီ။ တယ်ရီလို၊ အက်ရှ်လေကိုးလ်လို၊ ရော်နယ်လ်ဒိုလို နာမည်ကျော်တွေရဲ့ တစ်လ၀င်ငွေဆိုတာက အမေရိကန်သမ္မတရဲ့ လစာထက် လေးငါးဆယ်ဆ လောက်တောင် များနေတာဆိုတော့ ထင်တိုင်းကြဲလို့ ရနေကြတယ်လေ။ ဒါကြောင့် ဒီကိစ္စမျိုးတွေ သူတို့ဆီမှာ မဆန်းတော့ပါဘူး။ ဆန်းတာက ဒီကိစ္စကို အပြစ်ကြီးတစ်ခုအဖြစ် အမြင်တွေပြောင်းသွားတာ ဖြစ်တယ်။

ဆောရီးနဲ့ပြီးသွားတဲ့ ကလင်တန်ကိစ္စ
ဘာမှမကြာသေးခင်အချိန်ကတောင် ဒီကိစ္စမျိုးကို "ဆောရီး"လို့ပြောလိုက်တာနဲ့ ပြီးသွားတာပါ။ သမ္မတ ဘီလ်ကလင်တန်ရဲ့ကိစ္စ ကြည့်ပါလား။ သမ္မတအိမ်တော်မှာ လာပြီးလုပ်အားပေးတဲ့ ကျောင်းသူလေး မော်နီကာလူဝင်စကီးကို သမ္မတက သူ့ရုံးခန်းထဲခေါ်ပြီး မဖွယ်မရာ ပြုခဲ့တာလေ။ ဖုံးမနိုင်ဖိမရနဲ့ ဟိုးလေးတကျော် ဖြစ်သွားတဲ့အခါကျတော့မှ သမ္မတက "မှားသွားပါတယ်၊ ဆောရီးပဲ"လို့ ပြောလိုက်ပါတယ်။ သတင်းတွေ စထွက်လာလာချင်းတော့ သူက မိသားစုကိုလည်း,လိမ်၊ တိုင်းပြည်ကိုလည်း,လိမ်၊ ကွန်ဂရက်လွှတ်တော်ကိုလည်း,လိမ် လုပ်ခဲ့ပြီး သူ့သမီးအရွယ် ကလေးမလေးကိုတောင် အကျင့်မကောင်းတဲ့ ဆတ်ဆလူးမလေးအဖြစ် လီဆယ်လုပ်ကြံတဲ့သတင်းတွေ လွှင့်ခဲ့ပါသေးတယ်။ နောက်ဆုံး ဘယ်လိုမှ ရှောင်မလွတ်တော့တဲ့ အခြေအနေရောက်မှ "ဆောရီး"လို့ ပြောခဲ့တာပါ။

မျက်နှာပြောင်ပြောင်နဲ့
အမေရိကန်သမ္မတဆိုတာ နှယ်နှယ်ရရမဟုတ်ဘူး။ ပြောရရင် ကမ္ဘာ့နံပါတ်တစ် ပုဂ္ဂိုလ်ပါ။ ဒီပုဂ္ဂိုလ်က ဒီလိုကိစ္စမျိုးနဲ့ အရှက်ကြီးကွဲပြီးတာတောင် မျက်နှာပြောင်ပြောင်နဲ့ သမ္မတရာထူးမှာ ဆက်ပြီး တာဝန်ထမ်းဆောင်နေ၀ံ့သေးတာ အံ့သြစရာပဲ။ ဒုတိယကမ္ဘာစစ် မဖြစ်မီအချိန်ကဆို အရှက်ကို အသက်နဲ့ လဲသွားကြမှာပါ။ ဒီခေတ်ကျတော့ အရှက်တို့၊ သိက္ခာတို့ဆိုတာ ဘာမှန်းတောင် မသိကြတော့ဘူးထင်ပါရဲ့။ ကလင်တန်ဆို သမ္မတရာထူးကဆင်းသွားတာတောင် သူ့ကိုယ်သူ State-man  တကယ့် ကမ္ဘာ့ခေါင်းဆောင်ကြီးနေရာ တင်မြှောက်ပြီး ကမ္ဘာ့အရေးအခင်းတွေကို ကမ္ဘာလှည့်ဆောင်ရွက် နေလိုက်သေးတယ်။ တော်တော်ကို မရှက်တတ်တာပဲ။

မင်္ဂလာရှိတဲ့ပြောင်းလဲခြင်း
ကလင်တန်ဆိုတာ ဘာမှကြာသေးတာ မဟုတ်ဘူး။ မနေ့တစ်နေ့ကလောက်ပဲ အောက်မေ့ရသေးတယ်။ အဲဒီလို မကြာလှသေးတဲ့ ကာလလေးအတွင်းမှာပဲ အနောက်ကလူတွေ အတွေးအမြင်တွေ ပြောင်းသွားပြီး အကျင့်ပျက်တာကို အကျင့်ပျက်တာလို့ သဘောထားလာကြတာ ၀မ်းသာစရာပဲ။ ကြိုဆိုရမယ့် မင်္ဂလာရှိတဲ့ ပြောင်းလဲမှုဖြစ်တယ်။ သူတို့ရဲ့ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်မှာ မကောင်းမှုဒုစရိုက်တွေ၊ အနိဋ္ဌာရုံတွေနဲ့ အဓမ္မမှုတွေချည်း နေ့စဉ်နဲ့အမျှ နာရီစက္ကန့်မလပ် ကြုံတွေ့နေရလေတော့ တော်တော်စိတ်ပျက်သွားကြပုံ ရတယ်။ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်မှုတွေ အိမ်ထောင်ပြိုကွဲမှုတွေ၊ လမ်းပေါ်မှာ သေနတ် တယမ်းယမ်းနဲ့ ရမ်းကားမှုတွေကလည်း သည်းမခံနိုင်လောက်အောင် ဖြစ်နေကြတာကလား။

ကောက်ရိုးမီးမဖြစ်ဖို့
ဂျွန်တယ်ရီကို အိမ်ထောင်ရေးဖောက်ပြန်လို့ အင်္ဂလန်ဘောလုံးအသင်း ကပ္ပတိန်အဖြစ်က ဖယ်ရှားလိုက်တဲ့ ကိစ္စဟာ ကောက်ရိုးမီးလို ဟုတ်ခနဲ ငြိမ်းသွားတာမျိုး မဖြစ်စေချင်ဘူး။ ဖြူစင်မှုနဲ့ ဖောက်ပြန်မှု၊ ရိုးသားမှုနဲ့ ကောက်ကျစ်မှု၊ သုစရိုက်နဲ့ ဒုစရိုက်၊ ဓမ္မနဲ့ အဓမ္မ စတဲ့ စတဲ့ လူ့လောကရဲ့ဖြစ်စဉ် သဘာဝတရားတွေကို မှန်မှန်ကန်ကန် ပိုင်းခြားဝေဖန်နိုင်ကြပြီး အရှက်နဲ့သိက္ခာကို အသက်တမျှ တန်ဖိုးထားလေးစားတဲ့ လူသားများအဖြစ် ပြန်လည်ရရှိကြအောင် ၀ိုင်းဝန်းကြိုးပမ်း အားထုတ်နိုင်ကြရင်တော့ အကောင်းဆုံးပါပဲဗျာ။

No comments:

Post a Comment

 
Web Statistics