Tuesday, March 16, 2010

Cool Previews ကို သုံးကြည့်ပါ (အခမဲ့ကြော်ငြာ)


အများအားဖြင့် နည်းပညာပိုင်းနဲ့ပတ်သက်တာတွေကို ကျွန်တော်ရေးလေ့မရှိပါဘူး။ ပညာရပ်ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့အတွက် တော်ရုံသိရုံ၊ နားလည်ရုံနဲ့ ရေးလို့ရတာ မဟုတ်လို့ပါ။ အဲဒီလိုအကြောင်းအရာတွေကို ထဲထဲဝင်ဝင်သိနားလည်ပြီး ရေးနေကြတဲ့ ပညာရှင်တွေရဲ့ ဘလော့ဂ်တွေ၊ ဖိုရမ်တွေ၊ စာမျက်နှာတွေကလည်း အများကြီးမို့ပါ။ ကိုယ်သိချင်တာတစ်ခုကို မြန်မာလိုရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ကို အလွယ်တကူဖတ်လို့ရနေပါပြီ။ ဒီတစ်နေရာမှာရေးထားတာကို သိပ်သဘောမကျဘူးဆိုရင် အခြားနေရာမှာသွားပြီး နှိုင်းယှဉ်ဖတ်နိုင်ပါသေးတယ်။ ခေတ်ကာလရေစီးက အဲဒီလောက်အထိ ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလိပ်လို မကျွမ်းကျင်လို့ စိတ်အားတွေ ငယ်နေရမယ့်ခေတ် မဟုတ်တော့ဘူး။ မြန်မာလူမျိုးတွေအတွက် မြန်မာလိုရေးထားတဲ့ အင်တာနက်စာမျက်နှာတွေမှ ဒုနဲ့ဒေး။ ဖတ်လို့ကို မကုန်နိုင်ဘူး။ တကယ့်ကို ရတနာသိုက်ကြီးပါပဲ။ ရှာဖွေလေ တွေ့ရှိလေဆိုတဲ့ စကားရဲ့အဓိပ္ပါယ်က အခုမှပိုအသက်ဝင်လာတာ။ ကဲ... နည်းပညာပိုင်းဆိုင်ရာတွေအကြောင်း မရေးတတ်တဲ့ ကျွန်တော်က ကိုယ့်ထမင်းကိုယ်စားပြီး Mozilla Firefox ရဲ့ Add-on တစ်ခုကို အခမဲ့ကြော်ငြာပေးမလို့ပါ။ အခုလိုမျိုး မကြော်ငြာခဲ့ဖူးတဲ့ ကျွန်တော်ကိုယ်တိုင်က လိုလိုချင်ချင်၊ တက်တက်ကြွကြွ ကြော်ငြာနေ၊ ညွှန်းနေပြီဆိုတော့ ဘယ်လောက်ကောင်းလို့လဲလို့ မေးမနေပါနဲ့တော့။ သင်ကိုယ်တိုင်လည်း သဘောကျမှာ၊ နှစ်ခြိုက်မှာ အသေအချာလို့ ယုံကြည်ပြီးသားပါ။ ကဲ.. ကြော်ငြာဝင်ကြရအောင်ဗျာ။

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
အမည်က - Cool Previews (Add-on for Firefox)
နောက်ဆုံးမွမ်းမံပြင်ဆင်ထားတာက - ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့။
ရယူသုံးစွဲသူအရေအတွက်က - ၉၉၀၅၆၂၃ (ကျွန်တော်ယူတဲ့အချိန်ထိ)
ရယူရမယ့်နေရာက - Click Here To Download Now
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ဘာတွေကောင်းတာလဲဆိုတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကျွန်တော်တို့တွေ အမြဲတမ်းကြုံနေရတဲ့ လင့်ခ်တွေ (Links)ကို တစ်ခုချင်းစီဖွင့်ပြီး သွားကြည့်နေစရာ မလိုတော့တာပါပဲ။ အချိန်ကုန်သက်သာတဲ့အပြင် တစ်ခါတစ်ရံမှာ စာဖတ်နေရင်း လင့်ခ်တစ်ခုခုနဲ့ ညွှန်းထားလို့ စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုးလည်း ကြုံစရာအကြောင်း မရှိတော့ပါဘူး။ တစ်ခုပဲစဉ်းစားနေမိတယ်။ အဲဒီလို preview ကြည့်လို့ရတဲ့အတွက် ဘလော့ဂ်တွေ၊ စာမျက်နှာတွေမှာ visitor အရေအတွက် ကျသွားနိုင်မလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီမူလစာမျက်နှာကို သွားစရာမလိုဘဲနဲ့ကို Cool Previews က ဖတ်လို့ရအောင် စီစဉ်ပေးထားတာကိုး။

Download ချပြီးသွားရင် Cool Previews ကို သုံးလို့ရပါပြီ။ လင့်ခ်တစ်ခုခုအပေါ်ကို Pointer Arrow ရောက်ပြီဆိုတာနဲ့ ညာဘက်ကပ်လျက်မှာ Cool Previews Icon လေး ပေါ်လာမှာပါ။ အဲဒီ icon လေးကို ဘာမှနှိပ်စရာမလိုပါဘူး။ Mouse Pointer လေးကို အဲဒီ သင်္ကေတလေးအပေါ်ကို ရွှေ့ပေးလိုက်ရုံပါပဲ။ အဲဒီအခါမှာ သက်ဆိုင်ရာလင့်ခ်ရဲ့ စာမျက်နှာကို preview အနေနဲ့ ပြပေးပါလိမ့်မယ်။ ကိုယ်မကြည့်ချင်တော့ရင်၊ သို့မဟုတ် ကြည့်ပြီးဖတ်ပြီးသွားပြီဆိုရင် ညာဖက်အပေါ်ထောင့်က ကြက်ခြေခတ် Close Button ကိုနှိပ်ပြီးပဲဖြစ်ဖြစ်၊ Mouse Pointer ကို preview ပြထားတဲ့ windows ရဲ့ အပြင်ဘက်တစ်နေရာကို ရွှေ့လိုက်ရင်ပဲဖြစ်ဖြစ် အလိုလို ပျောက်သွားပါလိမ့်မယ်။  Preview မြင်နေရတဲ့မြင်ကွင်း၊ စာလုံးတွေက ကြီးလွန်းနေရင်၊ ဒါမှမဟုတ် သေးနေရင်၊ ၀ါးနေတယ်ဆိုရင် ချုံ့ပြီး၊ ချဲ့ပြီးတော့လည်း ကြည့်လို့ရပါသေးတယ်။ အပေါ်မှာ Zoom In/Out ဆိုတာကို သွားနှိပ်တာပဲဖြစ်ဖြစ်၊ Ctrl-Shift ++/-- ကို နှိပ်ပြီးပဲဖြစ်ဖြစ်ပေါ့။

အခြားသော ဖန်ရှင်တွေလည်း အများကြီးပါသေးတယ်။ အတော်လေးကို သုံးရလွယ်ပြီး၊ အတော်လေးလည်း အသုံးဝင်လှပါတယ်။ Firefox မှာ Tab တွေ အများကြီးဖွင့်ရမှာမျိုး မလုပ်ချင်သူတွေ၊ ရတဲ့အချိန်လေးကိုလုပြီး စာဖတ်ရသူတွေ၊ ဘလော့ဂ်ဖတ်ရသူတွေအတွက်တော့ တကယ့်ကိုနှစ်သက်ကျေနပ်ဖို့ကောင်းတဲ့ Add-on တစ်ခုဖြစ်ကြောင်းပါ။

သြော်... ရှမ်းကြိုက်လို့ နွားချောတာ မဟုတ်ရပါဘူး။ နွားချောလို့ ရှမ်းကြီးက ကြိုက်ရတာပါ။ Cool Previews က ကောင်းလွန်းတဲ့အတွက်၊ အသုံးဝင်လွန်းတဲ့အတွက် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဘလော့ဂ်ကိုယ်ရေးပြီး အခမဲ့ကြော်ငြာဝင်ပြီး နွားကျောင်းပေးရခြင်း ဖြစ်ကြောင်းပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၆ ရက်၊ အင်္ဂါနေ့။
နံနက် ၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။

1 comment:

  1. Anonymous10:33 AM

    You madе sοme reallу gοod points thеre.
    Ι loοked on the wеb tο
    finԁ οut more abοut the issuе
    аnd found mοѕt people will gο аlong with your viewѕ on this webѕite.


    Feel frеe to suгf to mу web blog make boobs bigger

    ReplyDelete

 
Web Statistics