Friday, April 23, 2010

နိုင်ငံရေးသမားနဲ့ နောက်တက်မယ့်အစိုးရ - မောင်ဝံသ


နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတွေ တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်ချိုးနှိမ်တတ်ကြတာ မဆန်းပါဘူး။ "ကိုယ်ကောင်း-သူမကောင်း" ပြောကြတာ နိုင်ငံရေးပါတီတွေ လုပ်နေကျအလုပ်ပဲ။ (ပါးစပ်က ပြောချင်သလောက် ပြောကြပါ။ "လက်" မပါကြပါနဲ့။ "လက်" ပါကြတာ များလာရင် ဒီမိုကရေစီပျက်ပြီး ခွန်အားကြီးစိုးရေးခေတ်ကို ပြန်ရောက်သွားလိမ့်မယ်။)

ဒီမိုကရေစီနည်းအရ ပါတီတစ်ခုဟာ သူ့မှာရှိသမျှ စွမ်းအားတွေကိုသုံးပြီး တစ်ခြားပါတီသည် တိုင်းပြည်ကိုအုပ်ချုပ်ဖို့ မထိုက်တန်ကြောင်း သက်သေပြဖို့ အမြဲတမ်း ကြိုးစားကြတာချည်းပဲ။ များသောအားဖြင့် နှစ်ဦးစလုံး အောင်မြင်ပါတယ်။ ပြီးတော့ မှန်လည်း မှန်ကြပါတယ်။

(အိပ်ခ်ျ အယ်လ် မင့်ကင်း)
Under democracy one party always devotes its chief energies to trying to prove that the other party is unfit to rule - and both commonly succeed, and are right.
(H.L. Mencken, 1956)

ပါတီတစ်ခုနဲ့တစ်ခု ကိုယ်ကောင်း-သူမကောင်း ပြောရင်း နောက်ဆုံးတော့ ဘယ်သူမှ မကောင်းဘူးလို့ ပေါ်သွားတာကို ဆိုချင်တာပါ။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားကတော့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဘ၀က "ကျွန်တော့်ဖခင်ထံမှ အိပ်မက်များ" (Dreams of My Father) ဆိုတဲ့ သူ့စာအုပ်နဲ့ ပတ်သက်လို့ သူ့ကို အမေဇုန်စာအုပ်တိုက်က တွေ့ဆုံမေးမြန်းစဉ် နိုင်ငံရေးယဉ်ကျေးမှုအကြောင်း ထည့်သွင်းရှင်းပြခဲ့ဖူးတယ်။

ပဋိပက္ခပဲ ဦးစားပေးနေကြလို့
အိုးဘားမား ပြောခဲ့ပုံလေးကို နားထောင်ကြည့်ပါ။

"နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးမှာ သဘောထားပြည့်သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ကံမကောင်းတာက နိုင်ငံရေးယဉ်ကျေးမှုကိုက ပဋိပက္ခကို ဦးစားပေးတာကိုး။ မီဒီယာတွေကလည်း ပဋိပက္ခကိုပဲ ဦးစားပေးတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲအတွက် မဲဆွယ်ကြတဲ့ အခါမှာလည်း တစ်ဖက်သားကို အဆိုမြင် အပျက်မြင်ပြီး ပြောကြတာပဲ။ အဲဒီအကြောင်းတွေကို ကျွန်တော့်ရဲ့ နောက်စာအုပ်မှာ ရေးပြထားတယ်။ နိုင်ငံရေး အမြတ်ထုတ်ဖို့ ရည်ရွယ်တာထက် ပြဿနာဖြေရှင်းရေးကို ဦးစားပေးမယ်ဆိုရင်၊ အယူအဆရေးရာတွေထက် အများလက်ခံနိုင်မယ့်သဘောကို ဦးစားပေးမယ်ဆိုရင် ဘယ်လောက်အောင်မြင်တယ်ဆိုတာ ခင်ဗျား အံ့အားသင့်စရာ တွေ့ရလိမ့်မယ်။ တစ်ခြားလူတွေကို အမှတ်ပေးဖို့ ခင်ဗျား လိုလိုလားလားရှိမယ်ဆိုရင် အများကြီး အလုပ်ဖြစ်တာ တွေ့ရလိမ့်မယ်။ သို့ပေမယ့် တစ်ခြားလူ ကောင်းကြောင်း ပြောဖို့ဆိုတာ နိုင်ငံရေးသမားတွေအနေနဲ့ အတော်ခဲယဉ်းတယ်ဗျ"

မှန်တယ်ဗျာ။ အမေရိကန်မှာတင် မကပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းမှာလိုလို ပဋိပက္ခကို ဦးစားပေးတဲ့ နိုင်ငံရေးယဉ်ကျေးမှုက ရှေ့တန်းရောက်နေတယ်။ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာထက် မိမိရဲ့ပြိုင်ဘက်ကို အပြတ်ရှင်းဖို့က အရင်ဆုံးစဉ်းစားတာ ဖြစ်လာတယ်။

အရည်အချင်းရှိဖို့ အားပေးရမယ်
စင်ကာပူမှာကျတော့ အတိုက်အခံပါတီတွေမှာ အရည်အချင်းမရှိတဲ့ နိုင်ငံရေးသမားတွေ များနေတာကို အာဏာရပါတီရဲ့ လူကြီးသူမတစ်ယောက်ဖြစ်တဲ့ လီကွမ်းယူကြီးကိုယ်တိုင်က အားမလိုအားမရ ဖြစ်နေတယ်။ အရည်အချင်းရှိတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ပေါ်ထွန်းလာရေးကို အားပေးရမယ်လို့တောင် သူက ပြောနေတယ်ဗျ။

လီကွမ်းယူက သူတို့ရဲ့ ပီအေပီပါတီ (ပြည်သူ့အက်ရှင်ပါတီ) ခေါင်းဆောင်ပိုင်းမှာ တရားသူကြီးဟောင်း၊ သင်္ချာပညာရှင်၊ အထက်တန်း ဥပဒေအရာရှိ၊ ထိပ်တန်းအဆင့် ရှေ့နေတွေ၊ ဆရာဝန်တွေ၊ စီးပွားရေးပညာရှင်များ၊ ပညာရှင်များ၊ ၀ါရင့်သတင်းစာဆရာများ ပါဝင်တယ်။ ဒါကြောင့် အာဏာရပါတီဟာ ပြည်သူလူထုရဲ့ ယုံကြည်အားထားခြင်းကို ခံနေရတယ်လို့ ပြောသွားသတဲ့။

အတိုက်အခံတွေထဲမှာလဲ အရည်အချင်းရှိသူတွေ များပြားလာဖို့၊ မိမိတို့ပါတီကလူတွေနဲ့ ယှဉ်နိုင်သည်အထိ အဆင့်မီလာဖို့ ကြိုးစားကြမယ်ဆိုရင် မိမိတို့က အားပေးမယ်လို့ လီကွမ်းယူက ပြောကြားခဲ့တယ်။

နိုင်ငံရေးယဉ်ကျေးမှု အားမျှဖို့
သူက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရှေးရှုသူဖြစ်တယ်။ တိုင်းပြည်တိုးတက်ဖို့အတွက် အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးသမားတွေ လိုအပ်တယ်။ အာဏာရပါတီတစ်ခုတည်းမှာ လူတော်လူကောင်းတွေ ရှိနေရုံနဲ့ မပြီးဘူး။ အတိုက်အခံတွေမှာလဲ လူတော်လူကောင်းတွေရှိမှ နိုင်ငံရေးယဉ်ကျေးမှု အားမျှမယ်လို့ ဆိုလိုတာပါ။

စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က ပါမောက္ခ ယူဂျင်းတန်ကလည်း စင်ကာပူအတိုက်အခံတွေထဲမှာ ဉာဏ်ပညာမြင့်မားသူတွေ နည်းပါးသေးတယ်။ နောက်တက်မယ့် အစိုးရ ("government-in-waiting") အနေအထားမျိုးနဲ့ လေးစားခြင်းခံရဖို့ဆိုရင် လူတော်လူကောင်းတွေနဲ့ တည်ဆောက်ရမယ်လို့ ပြောတယ်ဗျ။

ပါမောက္ခတန် ပြောတာကို အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ အလုပ်သမားပါတီရဲ့ ဥက္ကဋ္ဌ ဆီလ်ဗီယာလင်းကလည်း ထောက်ခံတယ်။ အတိုက်အခံပါတီတွေဟာ ပါလီမန်ထဲကို ပြည်သူလူထု ယုံကြည်လေးစားတဲ့လူတွေ ရွေးကောက်တင်မြှောက် ခံရအောင် ပိုပြီး ကြိုးစားကြရဦးမယ်လို့ ပြောတယ်ဗျ။

အောင်ဆုပန်လက်မှတ် အိတ်ထဲရှိနေသလို
သမီးနဲ့ သဘောမတူဘူးလို့ အပြတ်မပြောလိုက်နဲ့၊ သူ့အိတ်ထဲမှာ အောင်ဆုပန်ထီလက်မှတ်နဲ့ ဆိုတဲ့ ဦးဘဂျမ်းရဲ့ ကာတွန်းကို သွားသတိရတယ်။ "နောက်တက်မယ့် အစိုးရ" လို့ ယုံကြည်ချက်ထားခြင်း ခံရသူတွေဟာ အောင်ဆုပန်ထီလက်မှတ် အိတ်ထဲ ထည့်ထားသလို မျှော်လင့်ချက် ပေးနိုင်ရမယ်ဗျ။

လီကွမ်းယူကြီးက ပီအေပီခေတ် ကုန်သွားရင် "နောက်အစိုးရ" ဖြစ်လာမယ့် နိုင်ငံရေးသမားတွေကို တိုင်းပြည်အုပ်ချုပ်ရေးမှာ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားစေချင်သတဲ့။

သူက ဗြိတိန်က ကွန်ဆာဗေးတစ်နဲ့ လေဘာပါတီတို့ကို အားကျပုံရတယ်။ အဲဒီပါတီကြီးနှစ်ခုဟာ ဘတစ်ပြန်ကျားတစ်ပြန် သူတစ်လှည့်ကိုယ်တစ်လှည့် အာဏာယူနေကြတာဖြစ်လို့ မိမိတို့ အစိုးရဖြစ်ချိန်မှာ ပီဘိအစိုးရလုပ်၊ မိမိတို့ အတိုက်အခံဖြစ်ချိန်မှာ ရှဲဒိုး ကက်ဘိနက်ဖွဲ့ထားပြီး အစိုးရအဖွဲ့နဲ့ စင်ပြိုင်အလုပ် လုပ်နေကြတာပဲ။ "government-in-waiting" ဆိုတာကို ဗြိတိန် အတိုက်အခံ ပါတီစနစ်က နမူနာပြနေတယ်ဗျာ။

အမေရိကန်နမူနာကို မယူ
အမေရိကန်ပြည်ထောင်စုက သမ္မတအုပ်ချုပ်ရေးစနစ်ဆိုတော့ လီကွမ်းယူက အမေရိကန်ကို နမူနာမယူဘူး။ အမေရိကန်စနစ်အရ လွှတ်တော်နှစ်ရပ်ရဲ့ အမတ်တွေဟာ အစိုးအဖွဲ့ဝင် (၀န်ကြီး) ဘယ်တော့မှ မဖြစ်ဘူး။ အမတ်ဟာ အမတ်ပဲဖြစ်တယ်။ ၀န်ကြီးတွေကို သမ္မတက သူ့စိတ်ကြိုက် ရွေးခန့်တယ်။ ကစ်ဆင်းဂျားတို့ ကွန်ဒိုလီဇာရိုက်စ်တို့လို တက္ကသိုလ် ပါမောက္ခတွေကို နိုင်ငံခြားရေးဝန်ကြီး ခန့်ခဲ့တာ သာဓကတွေပဲ။ ဘဏ်လုပ်ငန်းရှင်ကို ၀န်ကြီးခေါ်ခန့်ချင် ခန့်တယ်။ ကုမ္ပဏီပိုင်ရှင်ကို ၀န်ကြီးအဖြစ် တာဝန်ပေးချင် ပေးတယ်။ အမေရိကန်စနစ်မှာ နိုင်ငံရေးသမားတွေ ၀န်ကြီးဖြစ်တာ အလွန်နည်းတယ်။ နိုင်ငံရေးသမားက သမ္မတအရွေးခံလို့ အောင်နိုင်ခဲ့ရင် တိုင်းပြည်ထဲက (သူ့အထင်) အတော်ဆုံး ဦးနှောက်တွေကို ရှာဖွေခေါ်ယူပြီး သူရဲ့ အတွင်းရေးမှူးများ (secretary) အဖြစ် ခန့်အပ်တာပါပဲ။ သမ္မတရဲ့ အတွင်းရေးမှူးများဟာ အခြားနိုင်ငံများက minister ခေါ် ၀န်ကြီးများနဲ့ အဆင့်တူတာမို့ ၀န်ကြီးလို့ပဲ ခေါ်လိုက်ကြတာဗျ။ သမ္မတနဲ့ အကြံပေးအဖွဲ့က လူရွေးတော်ရင် တိုင်းပြည်အတွက် ကံကောင်းတယ်။ လူရွေးညံ့ခဲ့သော် တိုင်းပြည် ကံဆိုးပြီမှတ်။

ပါလီမန်ဒီမိုကရေစီစနစ်ခေါ် ၀န်ကြီးချုပ် အဓိကဦးဆောင်တဲ့ စနစ်ကို ကျင့်သုံးတဲ့ စင်ကာပူလို နိုင်ငံတွေမှာ လီကွမ်းယူပြောသလိုပဲ နိုင်ငံရေးသမားတိုင်းဟာ "government-in-waiting" ဖြစ်လောက်တဲ့ အရည်အချင်းရှိသူတွေဖြစ်ဖို့ အထူးလိုအပ်တယ်။ အမေရိကန်စနစ်မှာတော့ နိုင်ငံရေးသမားရဲ့ အဓိက အရည်အချင်းဟာ လူထုဆီက မဲများများရအောင် လုပ်တတ်ဖို့ပဲဖြစ်တယ်။
(Popular News)
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလထုတ် အတွေးအမြင် အမှတ် (၂၁၅)၊
မောင်ဝံသ ၏ ဝေါမြို့ကလာခဲ့တယ် ဆောင်းပါးမှ ပြန်လည်ကူးယူဖော်ပြပါသည်။
စာမျက်နှာ - ၂၁၁ မှ ၂၁၄

No comments:

Post a Comment

 
Web Statistics