Wednesday, June 23, 2010

2010 World Cup Results (22 June)


၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ရောက်ရှိလာခဲ့ပါပြီ။ အသင်းတွေဟာ မျှော်လင့်ချက်အသီးသီးနဲ့ နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ကစားခဲ့ကြပါတယ်။ အထူးသဖြင့် နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေ အနိုင်ကစားရမယ့် အသင်းတွေ၊ အမှတ်ရဖို့လိုအပ်တဲ့ အသင်းတွေဟာ အနိုင်မခံ၊ အရှုံးမပေး ယှဉ်ပြိုင်ကစားသွားခဲ့တာကြောင့် အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ အုပ်စုအဆင့် အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့အတွက် တစ်ချိန်တည်းတစ်ပြိုင်တည်း ကစားခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်ကိုဉာဏ်တစ်ယောက် ESPN တစ်လှည့်၊ STAR Sport တစ်လှည့်နဲ့ ဗျာများခဲ့ရပြန်ပါရောလား။ ဒီပွဲကိုလည်းကြည့်ချင်၊ ဟိုပွဲကလည်း အရေးကြီးနေတာဆိုတော့ ကြည့်လို့ကောင်းမယ်မှန်းသိနေ စတဲ့အတွေးတွေကြားမှာ မျောက်အုန်းသီးရ ဆိုသလိုပဲ Remote Control တစ်ခုနဲ့ အလုပ်ရှုပ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဟိုနည်းနည်း ဒီနည်းနည်း ကြည့်လိုက်ရတဲ့ ပွဲစဉ်အားလုံးကို ခြုံငုံမိခဲ့တာတော့ အမှန်ပါပဲ။ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။

အုပ်စု (က)

ဒီနှစ်သင်းသာ သရေကစားခဲ့ရင်ဆိုတဲ့စိတ်နဲ့ တစ်ကမ္ဘာလုံးကပရိသတ်တွေ စောင့်ကြည့်ခဲ့ရတဲ့ပွဲပါ။ နှစ်သင်းစလုံးဟာ ၄ မှတ်စီနဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေတဲ့ အနေအထားဖြစ်တာကြောင့် နာမည်ကြီးပြင်သစ်ကို အုပ်စုအဆင့်မှာ ထားခဲ့ကြမယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအားလုံးရဲ့ အထင်တွေမဟုတ်ကြောင်းကို အုပ်စု(က)ရဲ့ ပွဲစဉ်နှစ်ခုစလုံးက သက်သေပြသွားခဲ့ပါတယ်။ မက္ကစီကိုနဲ့ ဥရုဂွေးဟာ အုပ်စုပထမနေရာအတွက် ကြိုးစားခဲ့ကြပါတယ်။ နှစ်သင်းစလုံးက သရေကန်ပြီး နောက်တစ်ဆင့်ကို အတူတူ တက်ကြမယ်လို့ ထင်ခဲ့ရပေမယ့် တကယ်တမ်းမှာတော့ မညှာတမ်း ကစားသွားခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း ဥရုဂွေးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို မက္ကစီကိုတို့ မချေပနိုင်ခဲ့ဘဲ အုပ်စုဒုတိယအဖြစ်နဲ့သာ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ကြရတာ ဖြစ်ပါတယ်။
suarez.png
Man of the Match - ဆူအာရတ် (ဥရုဂွေး)

ဘယ်သူမှ မထင်မှတ်ထားတဲ့ လူစာရင်းနဲ့ ပွဲထွက်လာတဲ့ ပြင်သစ်အသင်းဟာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ရလဒ်နဲ့အတူ ဘယ်သူမှမထင်မှတ်ထားတဲ့ အိမ်ရှင်တောင်အာဖရိကရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။ ပြင်သစ်နည်းပြရဲ့ လူထုတ်ပုံဟာ ဒီနေ့ပွဲမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ ယခင်ပွဲတွေမှာ ကစားခဲ့တဲ့ ကစားသမားတွေထဲက အနည်းငယ်ကိုသာ ပွဲထုတ်ပြီး အရံကစားသမားတွေကိုသာ ပွဲထုတ်ခဲ့ပါတယ်။ အိမ်ရှင်တောင်အာဖရိက အသင်းကတော့ မျှော်လင့်ချက် ရှိနေသေးတာမို့ လူကုန်ထုတ်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ပြင်သစ်တို့အနေနဲ့ တောင်အာဖရိကအသင်းအပေါ် အထင်သေးခဲ့ကြပုံ ပေါ်ပါတယ်။ အဲဒါကြောင့်လည်း တောင်အာဖရိကရဲ့ ဖိကစားမှုကို ပွဲချိန်အတော်များများ ခံခဲ့ရပြီး ဂိုးတွေပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲအတွက် အထူးခြေစွမ်းပြသွားတာကတော့ တောင်အာဖရိကရဲ့ ရှာဘာလာလာဖြစ်ပါတယ်။ သူ့ကစားတဲ့ တောင်ပံတွေကနေ အဓိကထားပြီး ထိုးဖောက်ခဲ့ပါတယ်။ ပြင်သစ်အသင်းက ကစားသမားတစ်ဦး အနီကတ်ပြပြီး အထုတ်ခံခဲ့ရတာကလည်း အထိနာစေခဲ့ပါတယ်။ ပထမပိုင်းမှာ တောင်အာဖရိကအသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိနေခဲ့တာမို့ အိမ်ရှင်ပရိသတ်တွေ မျှော်လင့်ချက်တွေ တိုးပွားခဲ့ရပါတယ်။ ပြင်သစ်အသင်းကတော့ အိမ်ပြန်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပြင်သစ်နည်းပြဟာ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပါတယ်။ အွန်နရီ၊ မာလူဒါနဲ့ ဂိုဗူးကိုတို့ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ချေပဂိုးတစ်ဂိုး ရရှိခဲ့တာဖြစ်ပြီး အိမ်ရှင်အသင်းအတွက် မျှော်လင့်ချက်တွေေ၀၀ါးသွားစေခဲ့တာပါ။ အိမ်ရှင်အသင်းကတော့ တစ်ပွဲသရေ၊ တစ်ပွဲနိုင် ရမှတ် (၄)မှတ်နဲ့ မက္ကစီကိုအသင်းနဲ့ အမှတ်တူဖြစ်ခဲ့ပေမယ့် ဂိုးကွာခြားချက်အရ နောက်တစ်ဆင့်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နာမည်ကြီးပြင်သစ်ကို အနိုင်ယူပြီး ပရိသတ်တွေကို ကျေနပ်စေခဲ့တာတော့ အမှန်ပါပဲ။
mphelak.png
Man of the Match - မတ်ဖီးလာ (တောင်အာဖရိက)

အုပ်စု (ခ)
အများစုထင်မှတ်ထားခဲ့တဲ့အတိုင်းပဲ မာရာဒိုနာဟာ အဓိက ကစားသမားတွေကို အနားပေးခဲ့ပါတယ်။ မက်ဆီကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးပြီး ကစားစေခဲ့တာကလွဲရင် တိဗက်ဇ်၊ မာရှေရာနို၊ ဟိန့်ဇ်၊ ဒီမာရီရာ၊ ဟီဂူအင် တို့အားလုံးကို အနားပေးခဲ့ပါတယ်။ ဒါပေမယ့် အများထင်မှတ်ထားသလို ဂရိတို့ အသားစီးမရခဲ့ဘဲ အာဂျင်တီးနားအရန်အသင်း (ကျွန်တော့်ဘာသာ ကင်ပွန်းတပ်တာပါ) ကပဲ တစ်ပွဲလုံးကို ခြေစွမ်းအသာနဲ့ ကစားသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မက်ဆီဟာ ဂရိတို့အတွက် နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ပြီး သူ့ကိုထိန်းမနိုင်တာကြောင့်ပဲ ဂိုးတွေပေးခဲ့ရတာ ဖြစ်ပါတယ်။ ဟိုဖက်မှာ တောင်ကိုရီးယားအသင်းက ဂိုးတွေသွင်းနေတာကို သိနေတာကြောင့်လည်း ဂရိတို့ စိတ်ဓာတ်ကျခဲ့ရပုံ ပေါ်ပါတယ်။ သေချာတာကတော့ အာဂျင်တီးနားအသင်းကို အနိုင်ကစားနိုင်တဲ့ ဂရိအသင်း မဟုတ်ခဲ့တာပါပဲ။ မာရာဒိုနာရဲ့ အင်ဂျင်တီးနားအသင်းကတော့ ပွဲတိုင်းနိုင်ပြီး ရမှတ်(၉)မှတ်နဲ့ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
messio.png
Man of the Match - မက်ဆီ (အာဂျင်တီးနား)

နိုင်ဂျီးရီးယားအသင်းက အဖွင့်ဂိုး သွင်းယူလိုက်တဲ့အချိန်မှာ ငါတို့အာရှအသင်းခမျာ ကိုယ်ကျိုးနည်းရှာပြီ ထင်ပါရဲ့လို့ တွေးလိုက်မိပါသေးတယ်။ ဒါပေမယ့်လည်း ပက်ဂျီဆန်ဦးဆောင်တဲ့ တောင်ကိုရီးယားအသင်းဟာ ပြန်လာနိုင်ခဲ့ပါတယ်။ ဘောလုံးကို စိတ်ရှည်လက်ရှည်ကစားပြီး လိုချင်တဲ့ရလဒ်ကို ကိုရီးယားတို့ ပုံဖော်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း နောက်ထပ်နှစ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကနူးကို ပွဲထွက်ကစားသမားအဖြစ် ဦးဆောင်ယှဉ်ပြိုင်စေခဲ့ပေမယ့် နိုင်ဂျီးရီးယားတို့အတွက်တော့ အာဖရိကမြေမှာ မျက်နှာပန်း မလှခဲ့ပါဘူး။ အမှန်ဆိုရင် နှစ်ဂိုးတစ်ဂိုးနဲ့ပဲ ပွဲပြီးသင့်ပေမယ့် ကိုရီးယားနောက်ခံလူရဲ့ ပေါ့လျော့မှုကြောင့် ပင်နယ်တီကတစ်ဆင့် ချေပဂိုး ပေးလိုက်ရတာကြောင့် နှစ်ဂိုးစီသရေနဲ့ပဲ ကျေနပ်ခဲ့ကြရတာပါ။ ဘာပဲပြောပြော ကိုယ့်မြန်မာအသင်း မစွမ်းနိုင်သေးတော့လည်း ကိုယ့်အာရှအသင်း တောင်ကိုရီးယား နောက်တစ်ဆင့်တက်တာကို ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ဂုဏ်ယူမိတာ အမှန်ပါပဲ။ ကျွန်တော်လည်း အာရှသားလေ။
parkjisung.png
Man of the Match - ပက်ဂျီဆန် (တောင်ကိုရီးယား)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁၂ နာရီ ၄၇ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics