Friday, July 23, 2010

တားကြ၊ ဆီးကြ၊ ကာကွယ်ကြ - လူထုစိန်ဝင်း


useinwin.jpg
ကမ္ဘာကြီးတစ်ခုလုံး အုန်းအုန်းကျွတ်ကျွတ်နဲ့ လက်ခုပ်သံတွေ သောသောညံခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ပြီးဆုံးသွားပါပြီ။ ထုံးစံအတိုင်း အောင်ပွဲခံ ပျော်ရွှင်ကျေနပ်သူက နည်းနည်း၊ မကျေနပ်သူက များများနဲ့ ကျန်ရစ်ပါတယ်။ ဘောလုံးပွဲတွေ ကြည့်နေတာကြောင့် ရေးနေကျ ဂျာနယ်များအတွက် ဆောင်းပါးတွေရေးဖို့ ပျက်ကွက်ခဲ့ပေမယ့် ထွက်စ ပြည်သူ့ခေတ်အတွက်တော့ မပျက်မကွက် ရေးလိုက်ရပါတယ်။

ကမ္ဘာ့အားကစား
ဘောလုံးအားကစားဆိုတာ ကမ္ဘာပေါ်မှာ ရှိသမျှနိုင်ငံတိုင်း၊ လူမျိုးတိုင်း နှစ်ခြိုက်အားပေးကြတဲ့အတွက် အခုဆိုရင် ကမ္ဘာ့အားကစားလို့တောင် ခေါ်နိုင်ပါပြီ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က စိတ်ဝင်စားမှု သိပ်မရှိခဲ့တဲ့ အမေရိကန်လို ဂျပန်လို နိုင်ငံတွေတောင် အခုဆိုရင် သဲကြီးမဲကြီး ဘောလုံးကစားနေကြပြီ။ အဆင့်အတန်းအားဖြင့်လည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲ နောက်ဆုံးအဆင့်ထိတောင် တက်ရောက်နိုင်တဲ့အထိ တိုးတက်လာခဲ့ကြတယ်။ ဘောလုံးကစားခြင်းကို စိတ်အားထက်သန်မှု ကြီးကြီးမားမား မရှိတာဆိုလို့ ကမ္ဘာတစ်ခုလုံးမှာ အိန္ဒိယ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာဆိုတဲ့ တောင်အာရှ လေးနိုင်ငံပဲ ကျန်တော့တယ်။ သူတို့တွေက ခုအချိန်ထိ ခရစ်ကတ်နဲ့ ဟော်ကီလောက် ဘောလုံးကို မစွဲမက်ကြသေးပါဘူး။ ခရစ်ကတ်နဲ့ ဟော်ကီကစားနည်းများ ဆိုရင်တော့ အိန္ဒိယနဲ့ ပါကစ္စတန်က ကမ္ဘာ့ထိပ်သီး စာရင်းဝင် ဖြစ်ပါတယ်။

အိပ်ရေးပျက်ရတာ မတန်
မြန်မာတွေကလည်း အင်္ဂလိပ်လက်အောက်မှာကတည်းက ဘောလုံးကစားခဲ့ကြတာ ဖြစ်လေတော့ တစ်မျိုးသားလုံး ဘောလုံးကို စွဲမက်ခဲ့ကြတယ်။ အခုဆိုရင် အမျိုးသားအားကစားတောင် ဖြစ်လို့နေပြီ။ ဘောလုံးလောက် ဘယ်ကစားနည်းကိုမှ စိတ်မ၀င်စားကြဘူး။ ကိုယ်တိုင်ကလည်း ငယ်စဉ်ကလေးဘ၀ကတည်းက ဘောလုံးကို စွဲစွဲလမ်းလမ်း ကစားခဲ့လေတော့ ကြည့်လို့ရသမျှ ဘောလုံးပွဲတိုင်းကို မလွတ်တမ်းကြည့်ခဲ့တယ်။ အခု ကမ္ဘာ့ဖလားပွဲတွေကိုလည်း ကြည့်ပါတယ်။ အစွဲအလမ်းကြီးလို့သာ ကြည့်ရတာ အိပ်ရေးပျက်ခံရတာ မတန်ဘူးလို့ ကြည့်ပြီးတိုင်း ကောက်ချက်ချမိတယ်။ နောက်ဆုံးဗိုလ်လုပွဲတောင်မှ ရင်ခုန်လှုပ်ရှား ဖြစ်စရာမရှိဘူး။ နှစ်သင်းစလုံးက ဂိုးသွင်းဖို့ထက် ဂိုးသွင်းမခံရဖို့ကိုသာ ဂရုစိုက်ပြီး ခံစစ်သေ ကစားနေကြတာကိုး။

ရင်မခုန်ရတော့ဘူး
ကိုယ့်ဘက်ကို ဘောလုံးရောက်မလာစေဖို့ အကောင်းဆုံးနည်းလမ်းဟာ တစ်ဖက်အသင်းရဲ့ ဧရိယာထဲမှာ အဆက်မပြတ် တိုက်စစ်ဆင်နေခြင်း ဖြစ်ပါတယ်ဆိုတဲ့ ဘောလုံးအဘိဓမ္မာကို ကိုင်စွဲခဲ့ကြတဲ့ ဘရာဇီးလို၊ အာဂျင်တီးနားလို၊ ပါရာဂွေး၊ ဥရုဂွေးလို တောင်အမေရိက အသင်းတွေတောင် ဒီဆယ်စုနှစ်တစ်ခု အတွင်းမှာ စုပြုံ ပိတ်ဆို့ပြီး ခံစစ်သေ ကစားနည်းဘက်ကို ပြောင်းသွားတာ တွေ့ရတယ်။ ဥရောပအသင်းတွေလည်း အလားတူပဲ။ ခံစစ်လုံဖို့ပဲ ဦးစားပေးလာကြတယ်။ အဲဒီတော့ ဘောလုံးပွဲတွေဟာ ရင်ခုန်စရာ မရှိတော့ဘူး။ ပျင်းစရာကောင်းလာတယ်။ အိပ်ရေးပျက်ခံဖို့ မတန်တော့ဘူး။

စိတ်ပျက်စရာတွေများ
ပျင်းစရာကောင်းတာထက် ပိုဆိုးတာက စိတ်ပျက်စရာတွေ များလွန်းလာတာဖြစ်တယ်။ ဖီဖာလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီးနဲ့ ဥရောပဘောလုံး အဖွဲ့ချုပ်ကြီးလို ဦးဆောင်အဖွဲ့ကြီးတွေ ကိုယ်တိုင်က အရာရာကို စီးပွားရေးမျက်စိနဲ့ ကြည့်လာကြတာ သိပ်စိတ်ပျက်စရာကောင်းတယ်။ နိုင်ငံတွေက အဖွဲ့ချုပ်တွေနဲ့ ဘောလုံးအသင်းတွေကလည်း စပွန်ဆာကြေးနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့် ဈေးကောင်းရရေးကို ဦးစားပေးလာကြတာ စိတ်ပျက်စရာကောင်းတယ်။ နောက်ဆုံး ဘောလုံးသမားတွေ ကိုယ်တိုင်က ဘောလုံးကစားတာကို ၀ါသနာကြောင့် လုပ်ခြင်းမဟုတ်တော့ဘဲ စီးပွားရေးကြောင့် လုပ်တဲ့သဘောနဲ့ ကိုယ်ဈေးကောင်းရအောင် ပရိယာယ် မာယာမျိုးစုံ သုံးနေကြတာတွေလည်း သိပ်စိတ်ပျက်ဖို့ကောင်းတယ်။

နင်းမယ်၊ ကန်မယ်၊ ထိုးမယ်
စီးပွားရေးလုပ်တဲ့နေရာမှာ စီးပွားရေးဆန်တာကို အပြစ် မပြောလိုဘူး။ စီးပွားရေးလုပ်တယ်ဆိုတာ အမြတ်ရဖို့ လုပ်ကြတာ သဘာဝပဲကိုး။ ဒါပေမယ့် အားကစားလို၊ ပညာရေးလို၊ ကျန်းမာရေးလို လုပ်ငန်းတွေမှာပါ စီးပွားရေးဆန်လွန်းတာတော့ မတင့်တယ်ဘူး။ လူသားတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးကုန်တယ်။ အခု ပူပူနွေးနွေးပြီးသွားတဲ့ ဘောလုံးပွဲတွေကိုပဲကြည့်။ အားကစားစိတ်ဓာတ်ဆိုတာ ဘယ်မှာတွေ့ရလို့လဲ။ မနိုင်နိုင်အောင် နင်းမယ်၊ ကန်မယ်၊ ထိုးမယ်၊ ကြိတ်မယ်၊ ဆောင့်မယ်၊ ဆွဲမယ်၊ တွတ်မယ်ဆိုတာတွေပဲ တွေ့ရတယ်။ ထောင့်ကန်ဘော ကန်တဲ့အခါများဆို မြင်မကောင်း ရှုမကောင်း သိပ်အရုပ်ဆိုးတယ်။

နည်းပညာနဲ့ ကစားတာ
တစ်ဖက်လူကို ကာတာ၊ တွန်းတာလောက် မကတော့ဘူး။ တစ်ကိုယ်လုံးကို လက်နှစ်ဖက်နဲ့ ဖက်ပြီးတော့ကို မလှုပ်နိုင်အောင် ချုပ်ထားတာ။ ရုပ်မြင်သံကြားမှာ အနီးကပ်မြင်နေရတာဆိုတော့ တော်တော် အကြည့်ရဆိုးတယ်။ အဲဒီ ဘောလုံးသမားတွေကိုယ်တိုင် သူတို့ မိသားစုတွေနဲ့ ၀ိုင်းထိုင်ပြီး ကြည့်ကြတဲ့အခါမှာ သူတို့ လုပ်ရပ်အတွက် မရှက်ကြဘူးလားလို့ မေးကြည့်ချင်လိုက်တာ။ ရှေးက ဘရာဇီးတို့ အာဂျင်တီးနားတို့ နာမည်ကြီးခဲ့တာက ပွဲတွေနိုင်လို့ဆိုတာထက် နိုင်နိုင်ရှုံးရှုံး ဘောလုံးပညာကို လှလှပပ ပြသွားနိုင်ခဲ့ကြလို့ ဖြစ်တယ်။ သူတို့က ကြမ်းကြမ်းရမ်းရမ်း မကစားတတ်ဘူး။ ကန်တင်ပြေးလည်း မကစားဘူး။ နည်းပညာနဲ့ ကစားကွက်နဲ့ ကြည့်သူရဲ့ မျက်စိထဲမှာ လှလိုက်တာ လှလိုက်တာနဲ့ ဖြစ်ကျန်ရစ်အောင် ကစားကြတာ။ ဒါကို လူတွေက စွဲမက်ကြတာ။ ချစ်ကြတာ။

မက္ကဆီကိုက ဘလန်ကို
ဒီနှစ် မက္ကစီကိုအသင်းမှာ ပြန်ပါလာတဲ့ သက်ကြီးကစားသမား ဘလန်ကိုရဲ့ လွန်ခဲ့တဲ့ လေးနှစ် ကမ္ဘာ့ဖလားပွဲ ကစားဟန်တစ်ခုကို မျက်စိထဲ စွဲနေတာလေး ပြန်ပြောချင်တယ်။ ဘောလုံးဝါသနာအိုများ မှတ်မိကြမှာပါ။ ဘလန်ကိုက မက္ကဆီကို ရှေ့တန်းတိုက်စစ်မှူးပါ။ သူ ဘောလုံးကိုင်ထားတုန်း ရှေ့မှာ လူနှစ်ယောက် ပိတ်ဆို့ထားတယ်ဆိုရင် သူက ဘောလုံးကို ခြေထောက်နဲ့ ညှပ်ထားပြီး လူနှစ်ယောက်ကြားထဲ ဖြတ်ခနဲ ခုန်ဝင်လိုက်ပါတယ်။ ရှေ့ကလူနှစ်ယောက် ရှဲကနဲ ဖြစ်သွားပြီး ဘောလုံးက သူ့ခြေထောက်ထဲ ပါလာပါတယ်။ အဲဒီအချိန်မှာ သူက ဂိုးရှေ့ကို ကန်တင်ပေးလိုက်နိုင်ပါတယ်။ အဲဒီပုံကို ဒီနေ့ထိ မျက်စိထဲမှာ စွဲနေတုန်းပါပဲ။ အလားတူပဲ ဘရာဇီးက ရိုမာရီယိုတို့၊ အီတလီက ရော်ဘတ်တိုဘက်ဂီယိုတို့၊ အာဂျင်တီးနားက မာရာဒိုနာတို့ရဲ့ ကစားဟန်တွေလည်း လူတိုင်းစွဲနေခဲ့ရပါတယ်။

ဘောလုံးမရရင် လူချ
ဒီနှစ်ပွဲတွေမှာ ဒီလိုစွဲလောက်တဲ့ ကစားသမား တစ်ယောက်မှကို ပေါ်ထွက်မလာခဲ့သလို ကောင်းလှချည်ရဲ့လို့ ချီးမွမ်းလောက်တဲ့ အသင်းလည်း တစ်သင်းမှ မရှိခဲ့ပါဘူး။ ယဉ်ယဉ်လေး လှလှလေး ဘောလုံးကစားတဲ့ ဘရာဇီးလို အသင်းမျိုးတောင် ခုတော့ လူချကစားလို့ အ၀ါကဒ်တွေ ပလူပျံခဲ့ပြီး အနီကဒ်နဲ့ အထုတ်ခံရတာတောင် ရှိခဲ့တယ်။ ဗိုလ်လုပွဲရောက် ဟော်လန်အသင်းဆိုလည်း အရင်က တစ်သင်းလုံး ဟန်ချက်ညီညီနဲ့ အားကြိုးမာန်တက် ကစားတတ်ပေမယ့် လူမချတတ်ဘူး။ အခုတော့ ဘောလုံးကို နိုင်အောင်မလုနိုင်ရင် လူကို ချပစ်လိုက်တော့တာပဲ။ ဒါကြောင့်လည်း အ၀ါကဒ်တွေ တစ်ယောက်ပြီးတစ်ယောက် ထိပြီး နောက်ဆုံးမှာ တစ်ယောက်လျော့နဲ့ ကစားသွားခဲ့ရတယ်။

မနိုင်ရင် လူချနိုင်ဖို့ အဓိက
အားကစားသမားစိတ်ဓာတ်တို့ သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ခြင်းတို့ဆိုတာတွေဟာ ဖီဖာရဲ့ ကြွေးကြော်သံအဖြစ်သာ ရှိနေတော့တယ်။ လက်တွေ့မှာတော့ မနိုင်ရင် လူချ၊ နိုင်ဖို့ အဓိက ဖြစ်နေတာ မမြင်ချင်အဆုံးပါပဲ။ အားကစားပွဲတွေမှာတောင် ဒီလိုဖြစ်နေတာဆိုတော့ အခြားနေရာတွေမှာဆို ပြောမနေနဲ့တော့ သြချရမယ်လို့ ဆိုရလောက်တယ်။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ သိပ်မကြာခင် ကာလအတွင်းမှာ လူအချင်းချင်း မသေမချင်း ဓားချင်းယှဉ်ခုတ်ခိုင်းတဲ့ ပွဲတွေနဲ့ လူနဲ့တိရစ္ဆာန် တိုက်ခိုင်းပြီး အရသာခံကြည့်ရင်း လောင်းကြေးထပ်တဲ့ပွဲမျိုးတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။

လူတွေကို ကြက်တိုက်သလို ခိုင်း
အခုတောင် တချို့နိုင်ငံတွေမှာ လူနဲ့ နွားရိုင်းတိုက်တာတို့ လူအချင်းချင်း ကြက်တိုက်သလို ရေလောင်းပြီး ရက်ရက်စက်စက် တိုက်ခိုင်းတာတို့ကို အားကစားနာမည်တပ်ပြီး ရုံသွင်းစားနေကြတယ် မဟုတ်လား။ ပြောရမယ်ဆိုရင် ဒီခေတ်လောက် ရက်စက်ကြမ်းကြုတ်မှုတွေ တင်းကြမ်း ပြည့်နှက်နေတဲ့ ခေတ်မျိုး မရှိဘူး ထင်တာပဲ။ ဘယ်နိုင်ငံမှာ ကြည့်လိုက် ကြည့်လိုက် အကြမ်းဖက် ဒုစရိုက်မှုမျိုးစုံကြောင့် လူတိုင်း ယောက်ယက်ခတ် ဖြစ်နေကြရတယ်။ ငြိမ်းချမ်းမှုဆိုတာ ဘယ်သူမှ မခံစားကြရဘူး။

တားကြ ဆီးကြပါ
အားကစားစိတ်ဓာတ်တို့ ဖဲပလေးဆိုတဲ့ သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်တဲ့ စိတ်ဓာတ်တို့ဆိုတာတွေ ပျက်စီးသွားတာနဲ့တစ်ပြိုင်နက် အားကစားပွဲတွေကို အားကစားပွဲလို့ မခေါ်ထိုက်တော့ပါဘူး။ လူအချင်းချင်း ထိုးကြ ကြိတ်ကြ တိုက်ခိုက်ကြတာတွေကို ရုံသွင်းပြစားတဲ့ ဆပ်ကပ်ပွဲလို့သာ ခေါ်သင့်ကြတော့တယ်။ အဓိက,ကတော့ ဘယ်နည်း နိုင်ရ နိုင်ရ နိုင်ဖို့အဓိကဆိုတဲ့ စိတ်ဓာတ်တွေ နေရာတကာ လွှမ်းမိုးလာတာကြောင့်ပဲ ဖြစ်တယ်။ ဒါမျိုးတွေကို တားဆီးကာကွယ်မှု မပြုဘဲ လျစ်လျူရှုထားကြမယ်ဆိုရင် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးဟာ ပစ္စန္တရစ်အရပ်ကြီးသဖွယ် ဖြစ်သွားပါလိမ့်မယ်။ ကျေးဇူးပြုပြီး တားကြ၊ ဆီးကြ၊ ကာကွယ်ကြပါ။
လူထုစိန်ဝင်း
၁၃-၇-၂၀၁၀

No comments:

Post a Comment

 
Web Statistics