Friday, July 23, 2010

ကျွန်တော်ကြိုက်သောပုံပြင်များ (၁၇)


တစ်ခါက လင်းယုန်ဥတစ်ဥဟာ ကြက်ခြံထဲ ကျသွားတယ်တဲ့။ ဒီဥကနေ လင်းယုန်လေးပေါက်လာတော့ ကြက်တွေကြားမှာပဲ ကြီးပြင်းလာတယ်။ သူ့ကိုယ်သူလည်း ကြက်လို့ပဲ ထင်နေမိတယ်။ တစ်နေ့တော့ ဒီလင်းယုန်ငှက်ကလေးဟာ ကောင်းကင်ကို ကြည့်လိုက်တဲ့အခါ ပျံဝဲနေတဲ့ လင်းယုန်ငှက်ကြီးတစ်ကောင်ကို လှမ်းမြင်သတဲ့။ ဒါနဲ့ သူက သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ကြက်ကလေးတွေကို ငါလည်း ဒီလင်းယုန်လို ကောင်းကင်ပေါ်မှာ ပျံဝဲချင်လိုက်တာလို့ပြောတော့ ကျန်တဲ့ ကြက်ကလေးတွေက စိတ်ကူးမယဉ်ပါနဲ့၊ လင်းယုန်ငှက်လို မင်းဘယ်လို ပျံနိုင်မှာလဲ၊ မင်းဟာ လင်းယုန်မှ မဟုတ်တာ။ မင်းဟာ တို့လိုပဲ ကြက်တစ်ကောင်သာ ဖြစ်တယ်လို့ ၀ိုင်းပြောကြတယ်။ အခုလို သူ့အနားမှာရှိတဲ့ ကြက်တွေက ပြောတာကို နားထောင်ပြီး လင်းယုန်ငှက်ကလေးက သူတို့ပြောတာ ဟုတ်တာပဲ၊ ငါဟာ ကြက်၊ လင်းယုန်မှ မဟုတ်တာဆိုပြီး အရင်အတိုင်းပဲ ကြက်တစ်ကောင်အဖြစ် ကြက်ခြံထဲမှာပဲ နေသွားသတဲ့။ သေတဲ့အခါကျတော့လည်း ကြက်အဖြစ် သေသွားတာပေါ့။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒီပုံပြင်လေးကပေးချင်တဲ့ message ကို ဆရာအောင်ထွန်းသက်က ဘယ်လိုရှင်းပြထားသလဲဆိုရင်.....
ဖေဖေက အကောင်းမြင်ဝါဒကို နှစ်သက်တယ်။ အရာရာကို အကောင်းပဲမြင်စေချင်တယ်။ ကြည့်စေချင်တယ်။ လောကမှာ အမှားအယွင်း လုံးဝမရှိတဲ့သူဟာ ဘာမှမလုပ်တဲ့သူသာ ဖြစ်ပါတယ်။ လုပ်ရင်တော့ မှားမှာပဲ။ ဒါကို အမှားလို့ မယူဆဘဲ သင်ခန်းစာရတယ်လို့သာ မြင်ဖို့လိုအပ်တာပါ။ တချို့တွေက သိပ်ပြီး စိတ်ပူတတ်ကြတယ်။ မကောင်းတာတွေ အာရုံပြုပြီး ကြောင့်ကြကြတယ်။ တကယ်တော့ ကိုယ်စိတ်ပူနေတာတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဘယ်တော့မှ ဖြစ်မလာတာ တွေ့ရပါတယ်။ ဖေဖေက အဆိုးမြင်ဝါဒကို ရှောင်စေချင်တာပါ။ ဒါကြောင့် ပရိသတ်တွေကို ဖေဖေကြားဖူးတဲ့ ပုံပြင်တစ်ခုကို ပြောပြမိတယ်။
(အပေါ်က ပုံပြင်ပါ)
အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ လင်းယုန်အစစ်ဖြစ်ရဲ့နဲ့ ကိုယ့်ရဲ့အကြောင်းကို မသိဘဲ သူများပြောသလို နေထိုင်မိတာ။ ဖေဖေက သမီးကို ဒီလိုမဖြစ်စေချင်ဘူး။ ကိုယ်ဟာ လင်းယုန်လို့ အမြဲမြင်စေချင်တယ်။ တွေးစေချင်ပါတယ်။

No comments:

Post a Comment

 
Web Statistics