သောင်းပြောင်းထွေလာ (၁၀)
This time for Shakira
ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘယ်ကစားသမားတွေ ထင်ပေါ်ခဲ့ပြီး ဘယ်အသင်းတွေ နာမည်ကျော်ခဲ့သလဲတော့ အတော်စဉ်းစားရတယ်။ ဒါပေမယ့် သေချာတာကတော့ ရှကီရာနဲ့ ကမ္ဘာ့ဖလား၊ ၀ါကာဝါကာနဲ့ ကမ္ဘာ့ဖလားဟာ ရေနဲ့ကြာလို ဖြစ်ခဲ့တာပါပဲ။ မီဒီယာခေတ်ကြီးဆိုတော့လည်း တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေဟာ အာဖရိကမြေကို အရောက်မသွားနိုင်ခဲ့ပေမယ့် ဂြိုလ်တုစလောင်းတွေကတစ်ဆင့် ကမ္ဘာ့ဖလားကို မြိန်ရည်ရှက်ရည် အားပါးတရ ကြည့်ရှုခံစားခွင့်ရခဲ့တာ အသေအချာပါပဲ။ ကမ္ဘာ့ဖလားပိတ်ပွဲ အခမ်းအနားကို တစ်ကမ္ဘာလုံးကနေ တိုက်ရိုက်ကြည့်ရှုသူ သန်း ၇၀၀ ရှိတဲ့အကြောင်း ဖီဖာကသတင်းထုတ်ပြန်တယ်လို့ ဖတ်လိုက်ရတယ်။ ကဲ... ဘယ်လောက်များ အံ့သြဖို့ကောင်းလိုက်သလဲ။ အဲဒီအရေအတွက်အားလုံးဟာ ဘောလုံးအသင်းအားလုံးကို အားပေးသူတွေ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ကမ္ဘာ့အဆင့် အခမ်းအနားတစ်ခုမို့ စိတ်ဝင်တစား ကြည့်ကြတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ ဘောလုံးအသင်းအားလုံးကိုသာ မကြည့်ခဲ့ရင် ရှိရလိမ့်မယ်။ ရှကီရာရဲ့ ၀ါကာဝါကာကိုတော့ မကြားဖူးတဲ့သူ၊ မကြည့်ဖူးတဲ့သူ ရှိမယ်မထင်ပါဘူး။ ကမ္ဘာကျော်ရုပ်သံလိုင်းတွေကနေ ကမ္ဘာ့ဖလားပွဲတွေ တိုက်ရိုက်မလာခင်မှာ ရှကီရာကိုတော့ အမြဲတမ်း မြင်တွေ့နေခဲ့ကြမှာပါ။ လက်ကိုင်ဖုန်းတွေရဲ့ ring tone တွေကလည်း Waka Waka ဖြစ်ကုန်တယ်။ ကလေးတွေပါးစပ်ကလည်း Waka Waka တဲ့။ လူကြီးတွေကလည်း Waka Waka အကမှာ ပြုံးလို့ဖြီးလို့။ စီးပွားရေးအကွက် မြင်သူတွေက အခွေတောင် ထုတ်ရောင်းလိုက်သေးတယ်။ ရှကီရာနဲ့ ၀ါကာဝါကာ ပေါက်ပုံကတော့ အံ့ရောဆိုသလိုပဲ။ ရှကီရာကတော့ သီချင်းထဲမှာ ဆိုရှာပါတယ်။ This time for Africa တဲ့။ ကျွန်တော်ကတော့ အဲဒီလို မကြားမိဘူး။ ခေါင်းစဉ်မှာ ပြောထားသလိုပဲ This time for Shakira လို့ပဲ ကြားနေမိတယ်။ :D
သောင်းပြောင်းထွေလာ (၁၁)မဆီမဆိုင် ကမ္ဘာကျော်သွားရတဲ့ ရေဘ၀ဲပေါလ်

ရှကီရာက ကမ္ဘာ့ဖလားသီချင်းကြောင့် နာမည်ကျော်တာကို လက်ခံလို့ရပါတယ်။ ဒါပေမယ့် မဆီမဆိုင် ဂျာမနီက ရေဘ၀ဲကောင်က ကမ္ဘာကျော်သွားတာကိုတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဂျာမနီအသင်းရဲ့ ပွဲစဉ်အားလုံးကို မှန်ကန်အောင် ဟောပေးနိုင်ခဲ့တယ်ဆိုပြီး အခုဆိုရင် ပျိုတိုင်းကြိုက်တဲ့ ရေဘ၀ဲ ဖြစ်နေပါရော့လား။ အမယ်လေး... အဲဒီကိုယ်တော်က ဂျာမနီအသင်းပွဲတောင် မဟုတ်တော့ဘူး။ နောက်ဆုံးဗိုလ်လုပွဲမှာ စပိန်အသင်းအတွက်ပါ ခန့်မှန်းပေးခဲ့သေးသတဲ့။ အင်းပေါ့လေ... မဆီမဆိုင် သူ့ဘာသာသူ ဗိုက်ဆာလို့ဝင်စားတဲ့ ကမာကောင်အခန်းတွေမှာ အလံတွေကပ်ထားပြီး ပိုင်ရှင်လုပ်တဲ့လူက အဲဒီအသင်းနိုင်မယ်ဆိုပြီး ရေဘ၀ဲစကားကို ဘာသာပြန်ပေးနေတာကလည်း အံ့သြစရာပါပဲ။ အမယ်မင်း... ကိုယ်တော်ချောရဲ့ ကမာကောင်စားတဲ့ အခမ်းအနားကို နာမည်ကြီးရုပ်သံတွေကတောင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ရတဲ့အထိ နာမည်ကျော်သွားတာကိုးဗျ။ ကမ္ဘာ့ဖလားရအောင် အသေအကျေ ကစားခဲ့ရတဲ့ ဇာဗီတို့၊ အင်နီယေစတာတို့၊ ဗီလာတို့၊ ပူယိုးလ်တို့၊ ရာမို့စ်တို့ကိုတောင် သနားနေမိသေးတော့တယ်။ သူတို့ခမျာ ရေဘ၀ဲကြောင့် ဖလားရခဲ့သလိုတောင် ဖြစ်နေကြပြီလား မသိပါဘူး။ အင်နီယေစတာကို လူတိုင်းမသိပေမယ့် ဂျာမနီက ရေဘ၀ဲကို တစ်ကမ္ဘာလုံးသိသွားတာကတော့ "မဆီလေတဲ့မှအိုမဆိုင်"လို့သာ ကျွန်တော်ကိုဉာဏ် အော်လိုက်ချင်တော့တာပါပဲဗျာ။ အဲဒီရေဘ၀ဲကောင်ကို မနာလိုတောင် ဖြစ်မိသေးတော့တယ်။ :D
သောင်းပြောင်းထွေလာ (၁၂)နိုင်နိုင်ရှုံးရှုံး ချွတ်မှာပဲ

ဒီနှစ်ကမ္ဘာ့ဖလားကလည်း အတော်လေးတော့ ရယ်စရာအကောင်းသားဗျ။ ဖတ်ရသမျှ၊ ကြားရသမျှ၊ မြင်ရသမျှက ဘာတွေမှန်းကို မသိပါဘူး။ တကယ့်ကို ကဘောက်တိကဘောက်ချာတွေချည်းပါပဲ။ အဲဒီအထဲမှာ တစ်ခုအပါအ၀င်ကတော့ ပါရာဂွေးမော်ဒယ် လာရီဆာပဲ။ ပါရာဂွေးနဲ့စပိန် ကွာတားဖိုင်နယ်မှာတွေ့တယ်။ အဲဒီမော်ဒယ်က ပါရာဂွေးသူမို့ ပါရာဂွေးအသင်းကို အားပေးတာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် ပါရာဂွေးအသင်းဟာ စပိန်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် အ၀တ်အစားမပါဘဲ ၀တ်လစ်စလစ်နဲ့ လမ်းပေါ်မှာလျှောက်ပြေးပြီး အောင်ပွဲခံမယ်ဆိုတော့ တစ်ကမ္ဘာလုံးက ပုရိသတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ ပါရာဂွေးအသင်း နိုင်ပါစေလို့တောင် တစ်ကမ္ဘာလုံးက ၀ိုင်းဆုတောင်းရမလို ဖြစ်ကုန်ကြတယ်။ သူ့အရင် အဲဒီလိုစကား ပြောဖူးတာက မာရာဒိုနာပါ။ အာဂျင်တီးနားအသင်းသာ ကမ္ဘာ့ဖလားရခဲ့မယ်ဆိုရင် အ၀တ်မပါဘဲ အာဂျင်တိုင်းမြို့တော်မှာ လျှောက်ပြေးမယ်လို့ ပြောထားခဲ့ဖူးတယ်။ သူက အသင်းကိုကိုင်တွယ်နေတဲ့ နည်းပြ၊ ပြီးတော့ တစ်ချိန်က ကမ္ဘာ့ဖလားဆုရ အာဂျင်တီးနားအသင်းရဲ့ ဂန္ထ၀င်ကစားသမား။ အဲဒီလိုလူက နည်းပြဘ၀နဲ့ နောက်တစ်ကြိမ်ဖလားရမယ်ဆိုရင် ဘယ်လောက်ပျော်မလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်။ အခုတော့ မရွှေမော်ဒယ်လာရီဆာက ပါရာဂွေးအသင်းကို အားပေးသလိုလိုနဲ့ သူနာမည်ကြီးအောင် လုပ်ချလိုက်တာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အားလုံးကလည်း အဲဒီပွဲကို စိတ်ဝင်စားကြပါတယ်။ ဟော... ဖြစ်ချင်တော့ ပါရာဂွေးအသင်းက စပိန်အသင်းကို ရှုံးသွားပါလေရော။ ပုရိသတွေကတော့ တောက်တခေါက်ခေါက်နဲ့ နာလိုက်တာကွာပေါ့။ ဟားဟားဟား... အဲဒီအချိန်မှာပဲ မော်ဒယ်မက ဘာပြောသလဲဆိုတော့ ပါရာဂွေးအသင်းဟာ ကွာတားအဆင့်အထိ ရောက်ရှိအောင် ကစားခဲ့တဲ့အတွက် သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ချွတ်ပြီးပြေးပါ့မယ်တဲ့။ ကိုင်း၊ ကောင်းရောပေါ့။ အစောကြီးကတည်းက ကျွန်မနိုင်ငံ ပါရာဂွေးအသင်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အ၀တ်အစားမပါဘဲ လမ်းပေါ်မှာ ပြေးပြပါမယ်ဆိုလည်း ပြီးတာပဲကို။ သူ့ဟာသူ ချွတ်ချင်တာနဲ့ပဲ မဆီမဆိုင် ပါရာဂွေးအသင်းက ဓားစာခံဖြစ်သွားရသေးတယ်။ နောက်ဆုံးသတင်းကတော့ အ၀တ်အစားမပါဘဲ ဓာတ်ပုံအရိုက်ခံတာနဲ့ပဲ ပြီးသွားပါတယ်တဲ့။ လမ်းပေါ်မှာတော့ လျှောက်မပြေးဖြစ်ပါဘူး။ အင်း၊ အဲဒါကြောင့် တစ်ခါတလေလည်း စဉ်းစားမိတယ်။ ငါတို့ မြန်မာအသင်း ကမ္ဘာ့ဖလားပွဲ ၀င်မပြိုင်သေးတာပဲ ခပ်ကောင်းကောင်းရယ်လို့။ မဟုတ်ရင်....။ :D
ဆက်ပါဦးမယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်၊ ကြာသပတေးနေ့။
နံနက် ၉ နာရီ ၅၄ မိနစ်တွင်ပြီး၏။
ကိုဥဏ်ရေ
ReplyDeleteworld cup မှာ မြန်မာဝင်ပြိုင်နိုင်တဲ့ အချိန်ရောက်ရင်တော့ ပါရာဂွေးမော်ဒယ်လာရီဆာ လို မြန်မာမော်ဒယ် တစ်ယောက်လောက်တော့ ပေါ်လောက်ပါပြီ။ အခုတောင်မှ တော်တော်ချွတ်နေကြပြီ ဆိုတော့ကာ
ပါရာဂွေးမော်ဒယ်လ်ထက် ဆိုးလိမ့်မယ်ထင်တယ်ဗျ။ ဟားဟားဟား။ တစ်ယောက်တောင် မဖြစ်နိုင်ဘူး။ အသင်းဖွဲ့ပြီး အုပ်စုလိုက် အောင်ပွဲခံကြမလား မဆိုနိုင်ဘူး။ ရင်လေးပါဘိ။ အဲဒါကြောင့်လည်း မြန်မာအသင်းက တမင်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မ၀င်တာလေ။ တော်ကြာ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ပုံစံတွေနဲ့ အောင်ပွဲခံကုန်မှာစိုးလို့။ ကွန်းမန့်အတွက် ကျေးဇူးပါ။
ReplyDelete