Sunday, August 08, 2010

အညတရ သူရဲကောင်းများ


ကမ္ဘာ့သမိုင်းတွင် ကြီးမားသော အပြောင်းအလဲများအားလုံးကို အသေးစိတ် လေ့လာစစ်ကြောကြည့်ပါက အဆုံးတွင် လူပုဂ္ဂိုလ်တစ်စု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးကိုသာ တွေ့ရလိမ့်မည်ဆိုသော စကားကိုကြည့်လျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် လက်တစ်ဆုပ်စာ ခေါင်းဆောင်များ၏ ခေါင်းဆောင်မှု အရေးကြီးလှပုံကို မြင်တွေ့နိုင်ပေသည်။

အောင်မြင်သော အဖွဲ့အစည်းနှင့် မအောင်မြင်သော အဖွဲ့အစည်းတို့ နှိုင်းယှဉ်ကြည့်လျှင်လည်း ခေါင်းဆောင်မှု ကွာဟသောကြောင့် ဖြစ်သည်ကို တွေ့ရပေသည်။

အပြောင်းအလဲကြီးများကို ဖော်ဆောင်ခဲ့သူတို့ကို ခေါင်းဆောင်ကြီးများအဖြစ် သမိုင်းတွင် မော်ကွန်းထိုးထားတတ်ကြသောကြောင့် နောင်လာနောက်သားများက အလွယ်တကူ သိမြင်နိုင်ပြီး လေးစားကြည်ညိုနိုင်ပေသည်။

သို့သော်လည်း လူပုဂ္ဂိုလ်များစွာတို့သည်လည်း နာမည်ကျော်ခေါင်းဆောင်များနည်းတူ အသက်၊ သွေး၊ ချွေး စတေးခဲ့ရကာ ထိုသူတို့ မပါဝင်ခဲ့လျှင်လည်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်လာမည်မဟုတ်။

ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှုကြောင့် မြန်မာ့လွတ်လပ်ရေး ရရှိခဲ့သည် မှန်သော်လည်း ထိုစဉ်က မြန်မာပြည်သူလူထု တစ်ရပ်လုံးက တစ်တပ်တစ်အား မဆုတ်မနစ်တမ်း မပါဝင်ခဲ့လျှင် ယနေ့မြန်မာနိုင်ငံ၏ ကံကြမ္မာသည်လည်း တစ်မျိုးတစ်ဖုံ ဖြစ်နေပေလိမ့်မည်။

မြန်မာ့လွတ်လပ်ရေးဟူသော ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် ကိုယ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း၊ နှုတ်အားဖြင့်လည်းကောင်း ပံ့ပိုးကူညီခြဲ့သည့် မြန်မာပြည်သူတိုင်း၏ လုပ်ရပ်ကို မှတ်တမ်းတင်ရန် မဖြစ်နိုင်သော်လည်း ၎င်းတို့၏ သေးငယ်သော တစ်ဦးချင်း တစ်ယောက်ချင်း လုပ်ရပ်များ စုပေါင်းလိုက်သောအခါတွင် လွတ်လပ်ရေးကြီး ရရှိခဲ့ခြင်းမှာမူ များစွာထင်ရှားလှပေသည်။

ယနေ့မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခြင်းဖြင့် နောင်တွင် သမိုင်းမှတ်တမ်း အတင်မခံရလျှင်သော်မှ အညတရ သူရဲကောင်းများ unsung heroes များအဖြစ် နိုင်ငံကို တွန်းတင်ခဲ့သူများဟု ဂုဏ်ယူနိုင်ပါကြောင်း၊ တစ်ဦးအားဖြင့် မစွမ်းသာသော်လည်း ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါကြောင်း မီးမောင်းထိုးဖော်ပြလိုက်ရပေသည်။

အယ်ဒီတာ (၁၇-၇-၂၀၁၀)

No comments:

Post a Comment

 
Web Statistics