ခဲတံလို့ဆိုလိုက်တာနဲ့ ကျောင်းသူကျောင်းသားတွေက မျဉ်းသားဖို့၊ ပုံဆွဲဖို့၊ စာရေးဖို့အတွက် အသုံးပြုတဲ့အရာ၊ ရုံးဝန်ထမ်းတွေကတော့ မျဉ်းသားမယ်၊ အကြမ်းမှတ်မယ်၊ စာရင်းတွက်မယ် စသည်ဖြင့်ပေါ့လေ၊ ပန်းချီဝါသနာပိုးတွေဆိုရင်တော့ ပုံကြမ်းဆွဲဖို့အတွက် အသုံးဝင်မယ် ထင်ပါရဲ့၊ တချို့ကျတော့လည်း ခဲတံကိုသုံးပြီး ခဲခြစ်ပန်းချီကားတွေ ဖန်တီးတတ်ကြပါသေးတယ်။ နောက်ပိုင်း ဖန်တီးတီထွင်တတ်တဲ့လူတွေက ခဲတံတွေသုံးပြီး ပုံစံအမျိုးမျိုးနဲ့ အလှတန်ဆာ ဆင်ကြတာတွေလည်း ဓာတ်ပုံအဖြစ်နဲ့ အင်တာနက်ထဲမှာ တွေ့ဖူးမြင်ဖူးကြမှာပါ။ ဒါက ခဲတံလို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့တွေရဲ့ အတွေးအာရုံထဲမှာ စွဲထင်နေတဲ့ အရာတွေပါ။
ခဲတံထဲမှာပါတဲ့ ခဲဆံခဲသားလေးတွေကို ပန်းပုထုတယ်လို့ ဆိုလိုက်လို့ရှိရင် အခုစာဖတ်နေတဲ့ မိတ်ဆွေက အံ့သြသွားမလားပဲ။ သစ်သားနဲ့လုပ်ထားတဲ့ ခဲတံကို မဟုတ်ဘူးနော်... အဲဒီခဲတံထဲမှာပါတဲ့ ခဲသားလေးတွေကို ပန်းပုထုတာကို ပြောတာပါ။ မဖြစ်နိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့၊ လူသားတွေရဲ့ တီထွင်ဖန်တီးမှု၊ ဆန်းသစ်တီထွင်မှုတွေဟာ ကျွန်တော်တို့တွေကို အမြဲတစေ ပါးစပ်အဟောင်းသား ဖြစ်ရအောင် လုပ်ခဲ့ကြတာချည်းပါ။ ဘယ်လိုမှ မစဉ်းစားမိတဲ့ အကြောင်းအရာတွေ၊ အတွေးအခေါ်တွေ၊ လုပ်ရပ်တွေကို ပြုလုပ်ပြတတ်တာလည်း အားလုံးအသိပဲ မဟုတ်လား။
အခုလည်း အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ်မှာ နေထိုင်လျက်ရှိတဲ့ ဘရာဇီးလ်နိုင်ငံဖွား ပန်းပုပညာရှင် ဒယ်လ်တွန်ဂတ်တီ (Dalton Ghetti) ဆိုသူက ခဲတံဖျားပေါ်မှာ ထွင်းထုတဲ့ ပန်းပုလက်ရာတွေဟာ အံ့သြတကြီးနဲ့ ပြောစရာတွေ ဖြစ်နေပါရောလား။ ကျွန်တော်တို့တွေက ခဲတံချွန်ရင်တောင် ခဲသားလေးညီနေအောင်၊ ဓားနဲ့ထိပြီး၊ ချွန်စက်နဲ့ထိပြီး ခဲဆံလေးကျိုးမသွားအောင် အတော်ကြီးကို ဂရုစိုက်ပြီး လုပ်နေရချိန်မှာ သူကတော့ ခဲသားလေးတွေကို ပန်းပုတောင် ထုပြလိုက်သေးတယ်။ အံ့လောက်ပါတယ်လို့ပဲ ပြောချင်ပါတော့တယ်ဗျာ။
သူထွင်းထုပြီးတဲ့ ခံတံထိပ်က ပန်းပုရုပ်ကလေးတွေက ၁၀၀ ကျော်သွားပြီလို့ ဆိုပါတယ်။ အများကြီးမို့ လွယ်လွယ်ကူကူ ထုလုပ်ခဲ့တယ်လို့တော့ မထင်မှတ်လိုက်ပါနဲ့။ ပန်းပုရုပ်တစ်ရုပ် ထုလုပ်ဖို့အတွက်ဆိုရင် လပေါင်းများစွာ အချိန်ယူရလေ့ ရှိပါတယ်တဲ့။ သူထုခဲ့တဲ့ ပန်းပုရုပ်တစ်ရုပ်ဆိုရင် အချိန်ကာလ ၂ နှစ်ခွဲ ကြာအောင်တောင် ထွင်းထုပုံဖော်ခဲ့ရပါသတဲ့။ သူရဲ့ရည်မှန်းချက်ကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ လူ ၃၀၀၀ ကို ရည်စူး၍ ပန်းပုရုပ် ၃၀၀၀ ထွင်းထုသွားဖို့ ဖြစ်ပြီး အဲဒီရည်မှန်းချက် ပြည့်မြောက်ဖို့အတွက် ၁၀ နှစ်လောက် အချိန်ယူရပါမယ်တဲ့။
အံ့သြစရာတစ်ခုကတော့ သူဟာ ထွင်းထုခဲ့သမျှ ပန်းပုတွေကို ဘယ်တုန်းကမှ ရောင်းချခြင်း မပြုခဲ့တာပါပဲ။ ခဲတံထိပ်မှာ ထွင်းထုပြီးတဲ့ ပန်းပုရုပ်ကလေးတွေကို မိတ်ဆွေသူငယ်ချင်းတွေကိုပဲ လက်ဆောင်ပေးလေ့ရှိပါသတဲ့။ ကဲ... သူထွင်းထုခဲ့တဲ့ ခဲသားပန်းပုလေးတွေကို မြည်းစမ်းကြည့်ရအောင်ပါ။ သဘောကျမယ်လို့ ထင်မိပါရဲ့။
Sources:
၁။ ပန်းပုလက်ရာအချို့ ကြည့်နိုင်မယ့်နေရာ
၂။ တယ်လီဂရပ်(ဖ်)
၃။ ဂူဂဲလ်
ပြည်တွင်းက ကွန်နက်ရှင်းနှေးတဲ့ ဘလော့ဂ်ဖတ်သူတွေကို အားနာတဲ့အတွက် ဓာတ်ပုံတွေအကုန်လုံး မတင်ပေးနိုင်တာကို နားလည်ပေးကြပါဦးနော်။ ကျေနပ်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၇ ရက်၊ စနေနေ့။
နံနက် ၁၁ နာရီ ၀၄ မိနစ်တွင်ပြီး၏။
No comments:
Post a Comment