မေးခွန်း (၁၆)
မလေးရှားကျွန်းဆွယ် တောင်ဘက်အစွန်း၌ ကျွန်းငယ်ပေါင်း ၄၀ ပါဝင်သော ကျွန်းစု နိုင်ငံငယ်တစ်ခု တည်ရှိသည်။ တရုတ်လူမျိုးနှင့် မလေးလူမျိုး အများစု နေထိုင်သည်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး ဆိပ်ကမ်းမြို့လည်း ဖြစ်ကာ ကျန်းမာရေး၊ လူမှုရေးနှင့် အိုးအိမ် အဆင့်အတန်း မြင့်မားသည်။ နိုင်ငံတကာ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု အားကောင်းသော နိုင်ငံလည်း ဖြစ်သည်။ ထိုနိုင်ငံ၏ အမည်ကို ဖော်ပြပါ။
မေးခွန်း (၁၇)
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီက မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ မြန်မာကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံ လွတ်လပ်ရေး ဆွေးနွေးရန် ဘိလပ်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ဦးဘဘေ၊ ဦးတင်ထွတ်၊ သခင်မြ၊ သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဦးကျော်ငြိမ်း၊ သခင်အောင်သန်း (ဗိုလ်စကြ်ာ) နှင့် ဦးဘရင် တို့ ပါဝင်ခဲ့သည်။ ၁၉၄၇ ခု ဇန်န၀ါရီ ၂ ရက်နေ့တွင် ရန်ကုန်မှ လန်ဒန်သို့ ထွက်ခွာခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ အမှတ် (၁၀)၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှအစိုးရ ၀န်ကြီးချုပ်ဂေဟာတွင် ဆွေးနွေးပွဲ စတင်ခဲ့သည်။ ၁၉၄၇ ခု ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် သမိုင်းဝင် (အောင်ဆန်း-အက်တလီ) စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီတို့ လက်မှတ်ရေးထိုးခဲ့သည်။ လွတ်လပ်ရေးရရှိရန် ပဏာမခြေလှမ်းဖြစ်သော အောင်ဆန်း-အက်တလီ စာချုပ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ နှစ်ဦးက သဘောမတူ ကန့်ကွက်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ အမည်ကို ဖော်ပြပါ။
မေးခွန်း (၁၈)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စတော့ဈေးကွက် တည်ရှိရာ လမ်းမကြီး၏ အမည်ကို သိပါသလား။ အမေရိကန်နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ကိစ္စရပ်များအကြောင်း ရည်ညွှန်းလိုလျှင် ထိုဝေါဟာရကို ညွှန်းဆို သုံးစွဲလေ့ရှိသည်။
မေးခွန်း (၁၉)
၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် ဗမာ့လွတ်လပ်ရေးအတွက် ပြည်ပအကူအညီ ရှာရန် တရုတ်ပြည်သို့ ထွက်ခွာခဲ့သည်။ ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် ဂျပန်ပြည်၊ တိုကျိုမြို့သို့ ရောက်ရှိသွားခဲ့သည်။ ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် မီနာမီ အဖွဲ့အစည်း၏ အမိန့်အမှတ် ၁ ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်အရ မြန်မာလူငယ်များကို ဂျပန်ပြည်သို့ ခေါ်ဆောင်၍ စစ်ပညာသင်ပေးရန်နှင့် မြန်မာ့လွတ်လပ်ရေးအတွက် သခင်အောင်ဆန်းအား အကူအညီပေးရန်တို့ ပါဝင်ခဲ့သည်။ သခင်အောင်ဆန်းသည် နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ကာ ရုပ်ဖျက်ပြီး မြန်မာနိုင်ငံသို့ ပြည်လည်ဝင်ရောက်လာခဲ့ရာ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့သည်။ မတ်လ ၄ ရက်နေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် သခင်အောင်ဆန်းသည် ဂျပန်သင်္ဘော စွန်တန်မာရူးဖြင့် ဂျပန်ပြည်သို့ ပြန်သောအခါ ရဲဘော်သုံးကျိပ်၏ ပထမဆုံးအသုတ်ကို ခေါ်ဆောင်သွားခဲ့သည်။ ရဲဘော်သုံးကျိပ် ပထမဆုံးအသုတ်တွင် ပါဝင်သူများကို ဖော်ပြပါ။
မေးခွန်း (၂၀)
ဂျာမန်နာဇီခေါင်းဆောင် ဟစ်တလာ၏ အမိန့်အတိုင်း ဂျူးလူမျိုးများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူ ဂျာမန်နာဇီ လူသတ်သမားတစ်ဦး ရှိခဲ့သည်။ သူသည် အကျဉ်းစခန်းများကို ဦးစီးကွပ်ကဲပြီး ဥရောပတစ်ဝန်းမှ ဂျူးလူမျိုး ခြောက်သန်းကို အကျဉ်းစခန်းများသို့ ပို့ပြီး သုတ်သင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အာဂျင်တီးနားနိုင်ငံသို့ ထွက်ပြေးပြီး ဘ၀သစ်ပြောင်းကာ ခိုလှုံနေခဲ့သော်လည်း ၁၉၆၀ တွင် အစ္စရေး ထောက်လှမ်းရေးမှူးများက သူ့ကို ခြေရာခံမိကာ အစ္စရေးနိုင်ငံ၌ ရုံးတင်စစ်ဆေးပြီး ၁၉၆၂ တွင် သေဒဏ်စီရင် ကွပ်မျက်ခြင်း ခံခဲ့ရသည်။ ထို နာဇီလူသတ်သမားမှာ မည်သူနည်း။
RELATED:
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၁)
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၂)
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၃)
No comments:
Post a Comment