ဆစ်ဒနီတက္ကသိုလ်မှာ မဟာဘွဲ့အတွက် ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ဆီက စာတစ်စောင်ရပါတယ်။ သူတို့ကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ နယူးဆောက်ဝေးပြည်နယ်က လွှတ်တော်အမတ် တစ်ယောက်နဲ့ တွေ့ဆုံတဲ့အကြောင်း၊ အဲဒီအမျိုးသမီးအမတ်က ဆရာ့အိမ်ကို ရောက်ဖူးတဲ့အကြောင်း၊ ဆရာ့ကို တော်တော်ခင်မင်ပုံရကြောင်း စတာတွေ ရေးထားပါတယ်။
ကျဉ်းသထက် ကျဉ်းလာတဲ့ ကမ္ဘာ
စာကိုဖတ်ပြီးတော့ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းကလေးပါလား ဆိုတဲ့စကားကိုပဲ ရေရွတ်လိုက်မိတယ်။ အဲဒီ အမျိုးသမီးအမတ်ဟာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရောက်လာပြီး စကားပြောဖူးတာ ဖြစ်တယ်။ နောက်ထပ် အဆက်အသွယ် မရှိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာကျောင်းသူတစ်ယောက်နဲ့ ဆုံတွေ့ပြီး စကားပြောဖြစ်ကြရာက "ဘုံမိတ်ဆွေ" တစ်ယောက်အကြောင်း ရောက်သွားပြီး သူတို့ချင်း ခင်မင်ရင်းနှီးသွားကြတာ ဖြစ်တယ်။ ကမ္ဘာကြီးဟာ တစ်နေ့တခြား ကျဉ်းသထက်ကျဉ်းလာတယ်။ ငပလီကမ်းခြေကို (၁၀) ခေါက်ပြည့်အောင် ရောက်ဖူးသူ ရှားပေမယ့် ဘန်ကောက်၊ စင်ကာပူတို့ကို အိမ်ဦးနဲ့ကြမ်းပြင် ကူးလူးသွားလာ နေကြသူတွေတော့ အများကြီးရှိတယ်။ တချို့များ တစ်လတစ်ခေါက် ဈေးဝယ်ထွက်သတဲ့။
ဖိနပ်ဝယ်ဖို့ သွားတာတဲ့
တစ်နေ့က ဂျာနယ်တစ်စောင်မှာ ရုပ်ရှင်မင်းသားတစ်ယောက်နဲ့ မေးဖြေလုပ်ထားတာ ဖတ်မိတယ်။ အဲဒီမင်းသားက တစ်ခါတလေမှာ ဖိနပ်တစ်ရန် ၀ယ်ချင်တာနဲ့လည်း ဘန်ကောက်ကို ထသွားလိုက်တယ်လို့ ပြောသွားတယ်။ ဒီခေတ်မှာ ဒါမျိုးတွေ မဆန်းတော့ဘူး။ တစ်ပတ်အတွင်း တစ်နေ့မပြတ် ထွက်နေတဲ့ ဂျာနယ်တွေထဲက ကြိုက်ရာတစ်စောင် ဆွဲလှန်ကြည့်လိုက်၊ ဖျော်ဖြေရေးနယ်ပယ်ကလူတွေ နိုင်ငံခြား ဈေးဝယ်ထွက်တဲ့ သတင်းမပါတဲ့ ဂျာနယ်ကို မရှိဘူးဆိုတာ တွေ့ရလိမ့်မယ်။ တချို့က ဈေးဝယ်ထွက်တာ မဟုတ်ဘူး။ အငြိမ့်ကဖို့၊ သီချင်းဆိုဖို့ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့ကို သွားကြတာတဲ့။
ဝမ်းသာတယ်၊ အားပေးတယ်
လူငယ်တွေ ခုလိုခရီးသွားကြတာ ကောင်းတယ်။ မျက်စိပွင့်၊ နားပွင့်တယ်။ အသိဥာဏ် ဗဟုသုတတွေ တိုးပွားလာစေတယ်။ ဒါကြောင့် ၀မ်းသာတယ်။ အားပေးတယ်။ ကိုယ့်အနားက လူတွေလည်း သွားလာနေကြတာပဲ။ တစ်ခုပဲရှိတယ်။ ပြန်လာရင်တော့ ရောက်ရောက်ချင်း ပူပူနွေးနွေး သူတို့နဲ့ မတွေ့ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောစကားတွေ နားထောင်ပြီး ကိုယ်ပါ သိမ်ငယ်စိတ်တွေဝင်ပြီး ၀မ်းနည်းသလို ခံစားရလို့ဖြစ်တယ်။ နေ့နဲ့ည မှားလောက်အောင် လင်းထိန်နေတဲ့ နေရာတွေက ထွက်လာခဲ့တာဆိုတော့ ဒီကလေဆိပ်ရောက်တာနဲ့ စိတ်ပျက်သွားတာပဲဆိုတဲ့ စကားသံတွေလည်း မကြားချင်ဘူး။
ရှာမှရှားနိုင်ငံ
ပြောသူတိုင်းက စေတနာကောင်းနဲ့ ပြောကြတာပါ။ သောက်ရေကိုတောင် နယ်နိမိတ်ချင်းဆက်နေတဲ့ နိုင်ငံက ၀ယ်သောက်နေရတဲ့ နိုင်ငံသေးသေးလေးက ခြေဖျားတစ်ထောက်ထောက်၊ ခေါင်းတမော့မော့ ဖြစ်နေတာကိုကြည့်ပြီး မခံချည့်မခံသာ ဖြစ်လွန်းလို့ ပြောကြတာ ဖြစ်တယ်။ အဲဒီနိုင်ငံလေးမှာ သယံဇာတဆိုလို့ သဲတောင် ရှိတာမဟုတ်ဘူး။ ဘာမဆို နိုင်ငံခြားက ၀ယ်ရတာ။ မြန်မာနိုင်ငံဆိုတာက ကမ္ဘာမှာ ရှာမှရှား ဆိုလောက်တဲ့နိုင်ငံ။ စားနပ်ရိက္ခာဆိုလည်း ပူစရာမရှိဘူး။ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ ဘယ်နေရာ ကြဲလိုက်ကြဲလိုက် အပင်တွေ ထွက်လာတယ်။ ၀တ်စရာအတွက်လည်း ပူစရာမရှိဘူး။ ၀ါချည်ထွက်တယ်။ ပိုးထွက်တယ်။ ရက်ကန်းစင်တွေ ရှိတယ်။ နေစရာအတွက် သစ်ဝါးဆိုတာလည်း ပေါမှပေါ။
ပူစရာမလိုဘူး
ဒါတင် ဘယ်ဟုတ်မှာလဲ။ ကမ္ဘာတစ်ခုလုံး သဲကြီးမဲကြီး လိုက်ရှာနေကြရတဲ့ ရေနံဓာတ်ငွေ့ သယံဇာတတွေနဲ့ ရွှေ၊ ငွေ၊ ခဲသတ္တုတွင်းတွေလည်း ကြွယ်ပိုးကြွယ်ဝ ရှိတယ်။ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာစတဲ့ တွင်းထွက်ရတနာတွေကလည်း ကမ္ဘာကျော်ခဲ့တယ်။ လူသား လုပ်အားကလည်း အလုံအလောက် ရှိတယ်။ ဒီလောက် လိုလေသေးမရှိ ကြွယ်ဝတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ဘယ်နှနိုင်ငံ ရှိလို့လဲ။ ဘာမှပူစရာ မလိုဘူး။ ၀မ်းနည်းစရာ မလိုဘူး။
ကြွားတာမဟုတ်ဘူး
စီးပွားရေး တိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဘာမှမခက်ဘူး။ တက်ညီလက်ညီနဲ့ နည်းစနစ်တွေ မှန်မှန်ကန်ကန်နဲ့ ကြိုးစားလုပ်လိုက်ကြရင် ၁၀ နှစ်လောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ဒေါင်ဒေါင်မြည် ထိပ်သီးနေရာ ရောက်လာမှာ သေချာပါတယ်။ ကြွားနေတာ မဟုတ်ဘူး။ တကယ်ယုံလို့ ပြောတာ။ မြန်မာလူမျိုးရဲ့ ဉာဏ်ရည်အဆင့်ဟာ အာရှက ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် မညံ့ပါဘူး။ အာရှမှာ ထိပ်ဆုံးလို့ ပြောနေကြတဲ့ နိုင်ငံတွေကဘွဲ့ရပြီး အရွယ်စုံ ယောက်ျား၊ မိန်းမ အတော်များများကို ဆရာလုပ်ပြီး အင်္ဂလိပ်စာ သင်ကြားပေးခဲ့ဖူးလို့ ပြောတာဖြစ်ပါတယ်။
တန်းတက်ဆာဗေး
စီးပွားရေး ပြုပြင်ပြောင်းလဲဖို့က မခက်ဘူး။ ခက်တာက စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်။ ပြည်သူ့ဆိုင်ခေတ်နဲ့ တစ်ပါတီစနစ်အောက်မှာ အကြာကြီးနေခဲ့ရတဲ့ လူတိုင်းရဲ့စိတ်တွေဟာ "မလုပ်၊ မရှုပ်၊ မပြုတ်" ဆိုတဲ့ စိတ်တွေနဲ့ ဘာအလုပ်လုပ်လုပ် "တန်းတက်ဆာဗေး" နဲ့ လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေဟာ ခေါက်ရိုးကျိုးသလို ဖြစ်နေကြပြီ။ ဒီစိတ်တွေက မိဘက သားသမီးအထိ ကူးစက်သွားလေ့ ရှိတယ်။ ၁၉၆၂ ခုနှစ်က မွေးဖွားခဲ့သူ တစ်ယောက်ဟာ အခုဆိုရင် အသက် ၅၀ တန်း ရောက်နေပြီ။ သူ့သားသမီးများတောင် အိမ်ထောင်ရက်သားကျပြီး ကလေးတွေ ရလောက်ပြီ။ ပထမမျိုးဆက်က ဒုတိယမျိုးဆက်၊ အခုဆို တတိယမျိုးဆက် ဖြစ်နေပြီ။
စိတ်ချတယ်
ဒါကြောင့် လူတွေရဲ့ ခေါင်းထဲမှာ စွဲထင်နေတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲဖို့ သိပ်ခက်ပါတယ်။ အဲဒါကိုပဲ စိုးရိမ်တယ်။ စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျတာတော့ နည်းနည်းလေးမှ စိုးရိမ်ကြောင့်ကြ မဖြစ်ပါဘူး။ မြန်မာတွေရဲ့ အစွမ်းအစကို ယုံကြည်စိတ်ချတယ်။
No comments:
Post a Comment