Saturday, September 11, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


သက်တော်ထင်ရှား ဘုရားသာဆိုလျှင်
ရေတို့ ပန်းတို့ လှူတဲ့နေရာမှာလည်း သဘာဝကျဖို့ အလွန်လိုပါတယ်။ တချို့က ဘုရားကို ကြည်ညိုလှပါတယ်ဆိုပြီး ပန်းတွေကတော့ အများကြီးပါပဲ။ ဘုရားရှေ့မှာ ပန်းအိုးတွေ ပြည့်လို့ ညပ်လို့ စီလို့။ ဘုရားက သေးသေးဆိုလျှင် ပန်းအိုးတွေနဲ့တောင် ကွယ်နေတတ်သေးတယ်။ သက်တော်ထင်ရှား ဘုရားသာဆိုလျှင် အမိန့်ရှိမှာ "မင်းတို့ဟာတွေကလည်းကွာ ရှုပ်နေတာပဲ။ ငါ သွားလို့လာလို့တောင် မရတော့ဘူး" လို့။ သည်တော့ "ပန်းလှူတယ်" ဆိုတာ ဘုရားရှေ့ တည့်တည့်မှာ သွားချလို့ ဘယ်တော်မှာလဲ၊ ဘုရားနဲ့ ခပ်စောင်းစောင်း မနီးမဝေး လွတ်လွတ်နေရာမှာ ထားဖို့ကောင်းတာပေါ့။ ရေလည်း ဒီအတိုင်းပဲပေါ့။
မီးပူဇော်တဲ့သူတွေကိုလည်း ပြောစရာ အများကြီးပဲ။ "မီးပူဇော်တယ်" ဆိုတာ မှောင်တဲ့အခါမျိုးမှာ အလင်းရောင်ရအောင်လို့ ပူဇော်ရတာ၊ အခုတော့ မဟုတ်ကြဘူး။ နေအလင်းရောင် ရနေတဲ့အချိန်ကြီးမှာလည်း ဆီးမီးတိုင်တွေ ထွန်းတော့တာပဲ။ ကဲ စဉ်းစားကြည့်ကြစမ်းပါ။ နွေကာလကြီးမှာ အလိုလိုမှ ပူရအိုက်ရတဲ့အထဲ နေအလင်းရောင်လည်း ရနေတဲ့ အချိန်ကြီးမှာ မီးပူဇော်ကြသတဲ့။ "ပူပါတယ်" ဆိုတဲ့ အခါမျိုးမှာ ကိုယ့်အနားလာပြီး မီးစကြီးချလျှင် ကြိုက်နိုင်ပါ့မလား။ ဗေဒင်ဆရာက ဟောတိုင်း လျှောက်လုပ်နေကြတာ၊ ဗေဒင်ဆရာက ဘုရားကို ဆီမီးသက်စေ့ ပန်းသက်စေ့လှူပြီး ယတြာချေရမတဲ့ဆိုလို့ ကြောက်ကြောက်နဲ့ အချိန်အခါ ဟုတ်သည်၊ မဟုတ်သည်ကို မရွေးနိုင်ဘဲ လျှောက်လုပ်မိကြတာ၊ တန်ခိုးကြီး ဘုရားစေတီတွေမှာ ပိုပြီး များများတွေ့နိုင်ပါတယ်။

No comments:

Post a Comment

 
Web Statistics