ရွေးကောက်ပွဲတွေဟာ မင်္ဂလာလက်ထပ်ပွဲတွေနဲ့ အတော်တူတယ်။ ဘယ်သူကမှ ကျေနပ်မှု မရှိနိုင်တာမျိုးကို ဆိုလိုတာ ဖြစ်တယ်။ သတို့သားကို ကြည့်လိုက်တိုင်း ကောင်မလေးဟာ ဘာကြောင့် သူ့ကို ရွေးလိုက်ပါလိမ့်လို့ တွေးမိကြတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရသူတွေကို မြင်တိုင်းလည်း အလားတူ ဖြစ်မိကြတာကိုး။
ဝီလ်ရောဂျား
Elections are a good deal like marriages. There's no accounting for anyone's taste. Everytime we seea bridegroom we wonder why she ever picked him, and it's the same with public officials.Will Rogers
"ရတာမလို၊ လိုတာမရ၊ သဘာဝ" ဆိုတဲ့ စကားရှိတယ်။ "လူ့အလို နတ်မလိုက်နိုင်" ဆိုတာလည်း ရှိတယ်။ ရွေးကောက်ပွဲနီးလာတော့ ကမ္ဘာ့နိုင်ငံရေးလောကက အဆိုအမိန့်တွေ ပြန်ဖတ်ရင်း ၀ီလ်ရောဂျားရဲ့ စကားကို သတိရမိတယ်ဗျ။
နတ်ဖက်တဲ့ စုံတွဲလည်း ရှိ
မင်္ဂလာဆောင်တွေကို သွားရင် သတို့သား သတို့သမီးကို ကြည့်ပြီး အတင်း မပြောမိရင်တောင် ကိုယ့်ဘာသာ စိတ်ထဲ မှတ်ချက်တစ်ခုခုတော့ ချမိကြတာ ဓမ္မတာပါပဲ။ ၀ီလ်ရောဂျားပြောသလို စုံတွဲတိုင်းကိုတော့ မကျေမနပ် မဖြစ်ပါဘူး။ တစ်ခါတလေ နတ်ဖက်တဲ့ စုံတွဲလို့ ထင်ရလောက်အောင် လိုက်ဖက်ညီတဲ့ အတွဲတွေကို မုဒိတာဖြစ်ရတာတွေလည်း ရှိပါတယ်။
မင်္ဂလာပွဲလာ ပရိသတ်များ မအီမသာ ဖြစ်ရတဲ့ မြင်ကွင်းမျိုးက ဘယ်လို ဖြစ်နိုင်သလဲဆိုတော့ -
သတို့သားက မည်းမည်းသည်းသည်း ရုပ်ဆိုးကြီး၊ ကောင်မလေးက ဖြူဖြူချောချောလေး ဖြစ်နေလို့ မတန်လိုက်တာလို့ သာမန် အတင်းပြောတာ ဖြစ်ချင်ဖြစ်မယ်။
ကောင်မလေးက အထက်တန်းကျကျ ပညာတတ်၊ သတို့သားက ပိုက်ဆံသာပေါတာ၊ လူက ပေါချာချာမို့ မတန်လိုက်တာလို့ တီးတိုးပြောတာ ဖြစ်ချင်ဖြစ်မယ်။
သတို့သားက မုဆိုးဖို ခုနစ်အိုကျကြီး၊ ကောင်မလေးကို ချစ်တီး အကြွေးသိမ်းသလိုမျိုး သိမ်းပိုက်ခဲ့တာမို့ အကြောင်းသိတွေက စုတ်တသတ်သတ် ဖြစ်နေတာမျိုးလည်း ရှိတယ်။
ကောင်မလေးရဲ့ အရင် ယောက်ျားကို အမှုဆင်ဖမ်း၊ ထောင်ထဲထည့်ပြီး အတင်းအဓမ္မ သိမ်းပိုက်တာမျိုးလည်း ဖြစ်နေတတ်တယ်။ သူ့မယားလိုချင် သူ့လင်ကို လှံနဲ့ထိုးဆိုတာ ပဒေသရာဇ်တွေခေတ်ကသာ ရှိတယ်မထင်နဲ့။ တကယ့် ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်ဗျ။
တွေးလက်စနဲ့ ဆက်တွေးတဲ့အခါ သတို့သမီးဘက်က နာရတဲ့ မြင်ကွင်းမျိုးသာမက သတို့သားဘက်က နာစရာတွေလည်း ရှိခဲ့ဖူးတာပဲ။
လူပျိုနုနုထွတ်ထွတ်ကလေးကို တစ်လင်ကွာ နှစ်လင်ကွာ မိန်းမက အမိဖမ်းပြီး အရယူတာမျိုး ကြားဖူးကြမှာပေါ့။
မင်္ဂလာဆောင်မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်ခံစားမှုတွေဟာ ပြင်ပ ရုပ်ဆင်းသဏ္ဌာန်ကို မြင်တွေ့ရုံအပြင် ကန့်လန့်ကာ နောက်ကွယ်က ဇာတ်ကြောင်း အမှန်တွေကိုပါ သိခွင့်ရရင် ပိုလို့တောင် စာနာစိတ်နဲ့ ခံစားမိကြမှာ ဖြစ်ပါတယ်။
လိမ်မပြောတဲ့အချိန်
နိုင်ငံရေးသမားတစ်ယောက် စကားပြောတာကို နားထောင်ဖို့ အကောင်းဆုံးအချိန်ဟာ လမ်းထောင့်က သစ်ငုတ်တို တစ်ခုပေါ်ကနေ သူ မဲဆွယ် စကားပြောနေတဲ့ အချိန်ပဲ။ ညကလည်း ည၊ မိုးတွေကလည်း ရွာနေမယ်၊ သူလည်း အရမ်း ပင်ပန်းနွမ်းနယ်နေမယ်။ အဲဒီလို အချိန်မျိုးမှာ သူ လိမ်မပြောဘူး။
သီယိုဒို အိပ်ခ်ျဝှိုက်
The best time to listen to a politician is when he's on a stump on a street corner in the rain late at night when he's sexhausted. Then he doesn't lie.Theodore H.White
ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးသမားတွေကို သရော်ထားတဲ့ အဆိုအမိန့် တစ်ခုပါ။ လူတွေဟာ စိတ်ပင်ပန်း ကိုယ်ပင်ပန်းပြီး နွမ်းနယ်မောဟိုက် နေပြီဆိုရင် အမှန်ပြောကြတာ များသတဲ့။ အထက်ကိုတက်နေတဲ့ လူတွေဟာ မုသား ပြောတတ်ကြတာများတယ်။ ကျလူတွေကတော့ မုသားကို ရှောင်ကြတယ်လို့ ဆိုပါတယ်။
အစိုးရကောင်း ရဖို့
နာမည်ကျော် အမေရိကန် နိုင်ငံရေးသမား ဟူအီလောင်းကတော့ "ကျုပ်နဲ့အတူ အခု ပါလာသူတွေဟာ မုန့်အကြီးကြီးရမယ်။ နောက်ကျမှ လိုက်လာတဲ့ လူတွေ မုန့်သေးသေးပဲ ရမယ်။ ကျုပ်နဲ့အတူ လုံးဝ လိုက်မလာသူတွေကတော့... အစိုးရကောင်းတစ်ခုကို ရလိမ့်မယ်" လို့ သရော်တော်တော်နဲ့ အမှန်ကို ပြောခဲ့သတဲ့။
Those of you who come in with me now will receive a big piece of the pie. Those of you who delay, and commit yourselves later, will receive a smaller piece of pie. Those of you who don't come in at all will receive - Good Government!
Huey Long
မိုးမမြင်မြေမမြင် ဇာတ်လိုက်
အဲဒီအဆိုအမိန့်ကို ပြောခဲ့တဲ့ လူဝီဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဟူအီလောင်းဟာ အမေရိကန် နိုင်ငံရေးလောကမှာ ရှားရှားပါးပါး ဖက်ဆစ်လိုကျင့်ခဲ့သူလို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူ ဖြစ်တယ်။ ၁၉၃၅ အသက် ၄၂ နှစ် အရွယ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။ သူဟာ ကျွန်တော် မြန်မာပြန်ခဲ့တဲ့ မိုးမမြင် မြေမမြင်ဝတ္ထု (All the King's Men, Robert Penn Warren) ထဲက မသမာနိုင်ငံရေးသမား ၀ီလီစတာ့ခ်ရဲ့ မူလ သက်ရှိဇာတ်ရုပ်လို့ ဆိုပါတယ်။
မည်သို့ရှိစေ သူ ပြောခဲ့တဲ့ စကားကတော့ အုပ်စုစွဲ ဂိုဏ်းဂနစွဲ ကင်းရှင်းသူတွေ များလာမှသာ၊ ဆရာမွေး တပည့်မွေး အကျင့်တွေ မရှိမှသာ အစိုးရကောင်းကို ရနိုင်တယ်လို့ ဆိုလိုတာ ဖြစ်တဲ့အတွက် စကားကောင်း ဖြစ်ခဲ့ပါတယ်။ သူလို လူမျိုးကတော့ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ အမျိုးအစားထဲ ထည့်ရမှာပါ။
ဟူအီလောင်းလို လူတွေကြောင့်လည်း နိုင်ငံရေးသမားတွေ နာမည်ပျက်ခဲ့ရတာ ဖြစ်တယ်။ သူလို လူမျိုးတွေဟာ ဘယ်နိုင်ငံမှာမဆို ရှိတယ်။ သတိထားနိုင်မှ သူတို့ဇာတိရုပ်ကို သိမယ်။ သိအောင် ကြိုးစားဖို့က မဲဆန္ဒရှင် ပြည်သူများရဲ့ တာဝန်သာ ဖြစ်ကြောင်းပါဗျာ။
he's sexhausted (typing error) :)
ReplyDelete