Wednesday, September 15, 2010

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၀)


တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်အဘိုးကြီး သားအဖနှစ်ယောက် ရှိကြသည်။ သူတို့က မြင်းမွေးသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားသည်။ အိမ်နီးချင်းတွေက တရုတ်ကြီးကို သနားကြသည်။

"စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျား ကံဆိုးရှာတယ်"

"ဘာဖြစ်လို့ ကံဆိုးတယ် ပြောတာလဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ်မဟုတ်လား"

"မြင်းတစ်ကောင် ပျောက်သွားတာနဲ့ ကံဆိုးတယ်လို့ ခင်ဗျား ဘာကြောင့်ပြောနိုင်သလဲ"

ဤသို့လျှင် လုံးလည်ပတ်ချာ လိုက်နေလေတော့ အိမ်နီးချင်းတွေကလည်း ခွစာကြီးဆိုပြီးလျှင် ဆက်မပြောကြတော့။ သည်လိုနှင့် တစ်ပတ်ဆယ်ရက်လောက် ကြာလေတော့ မြင်းဆိုသည့်မှာ အဖော်ခင်တတ်သည့် သတ္တ၀ါများ ဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်း ပြန်ရောက်လာသည်။ ရောက်လာတော့ တစ်ကောင်တည်းမဟုတ်။ မြင်းရိုင်းတစ်ကောင်ပါ အပိုပါလာသေးသည်။ သည်တော့ အိမ်နီးချင်းများက -

"ခင်ဗျား ကံကောင်းတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လေ"

"မြင်းတစ်ကောင် တိုးတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့် ပြောတာလဲ"

ရှေးနည်းတိုင်းပင် ခွစာကြီးကို ဆက်မပြောကြတော့။ သည်လိုနှင့် နောက်ရောက်လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်က လိမ့်ကျပြီး ခြေကျိုးသွားသည်နှင့် ခြေထောက်ကလေး ထော့နင်းဖြစ်သွားရှာသည်။

အိမ်နီးချင်းတွေက စိတ်မကောင်းကြ။

"ခင်ဗျား ကံဆိုးတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ ဒီသားလေး တစ်ယောက်ပဲရှိတာ။ ခြေကျိုးသွားတာကိုး"

"ကျုပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ"

ရှေးနည်းတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှ မပြောကြတော့ချေ။  သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ်ဧကရာဇ်က တစ်နယ်လုံးရှိ ရဲရင့်သန်မာသူ လူငယ်မှန်သမျှ စစ်ထဲလိုက်ရမည် အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားကလေးတစ်ယောက်သာ ခြေထောက်ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့သည်။

သည်တော့ အိမ်နီးချင်းတွေက - "တရုတ်ကြီး ကံကောင်းတယ်" တဲ့။

တရုတ်ပညာရှိကြီး လင်ယုတန်က "ကံဆိုးသည်၊ ကံကောင်းသည်" ဆိုသော အချက်မျိုးကို များသောအားဖြင့် အချိန်က ဆုံးဖြတ်သည်ဟု ဆိုလိုကြောင်း သိသာပါသည်။ လှသလောက် အတွေးပါသော ပုံပြင်ကလေးမို့ ကျွန်တော် အလွန်နှစ်သက်မိပါသည်။

No comments:

Post a Comment

 
Web Statistics