အားရက် တနင်္ဂနွေတစ်ရက်မှာ အမျိုးသမီးရဲ့ တူမတစ်ယောက်ဆီ အလည်အပတ် သွားခဲ့တယ်။ အမျိုးသမီးတူမက သားနှစ်ယောက်မိခင်ပါ။ သားအကြီးက (၅)တန်း၊ အငယ်က (၃)တန်း ကျောင်းသား။ စာရေးသူရောက်တော့ သူတို့နှစ်ယောက်က စားပွဲမှာ စာရေးနေဖတ်နေကြတယ်။ စာရေးသူကိုတွေ့တော့ "ဘဘ လာလည်တာလား" လို့ လာနှုတ်ဆက်ကြပြီး စာဆက်လုပ်နေကြတယ်။ တစ်နာရီကြာလောက် စာလုပ်ပြီးတဲ့အခါ ကျူရှင်သွားဖို့ ပြင်ဆင်ကြပြန်တယ်။ သူ့အမေက စာရေးသူနှင့် အဒေါ်ကို ထားခဲ့ပြီး ကားမောင်းထွက်သွားတယ်။ ကျူရှင်မှာ သားနှစ်ယောက်ထားခဲ့ပြီး သူမက အပြေးပြန်ပေါက်ချလာတယ်။ ဒီကျူရှင်ပြီးရင် နောက်ကျူရှင်တစ်ခုကို ပို့ရဦးမှာဖြစ်ကြောင်း၊ သူ့မှာလည်း ကလေးများနည်းတူ တစ်နေ့လုံး ၀လချီးလည်အောင် ပြေးလွှားနေရကြောင်း ညည်းညူရှာပါတယ်။ ကလေးတွေ ဘယ်အချိန်မှာ ကစားရသလဲလို့ မေးတော့ "ဘယ်လာ ကစားချိန်ရှိမှာလဲ ဦးရယ်" တဲ့။ စာကျက်၊ အိမ်စာတွေပြီးတဲ့အခါကျပြန်တော့ တီဗီကြည့်၊ ဂိမ်းကစားနဲ့ ကလေးတွေနှင့် ကစားချိန်ဆိုတာ သူစိမ်းပြင်ပြင်လို ဖြစ်နေကြပါပြီတဲ့။ ဒါက ယခု လက်ရှိ မြို့နေလူတန်းစားတွေရဲ့ လူနေမှုစတိုင်ရဲ့ ပြယုဂ်လို့ ဆိုရမလားပဲ။
မိဘတွေက သားသမီးတွေအတွက် ပညာလိုလားတာကတော့ ကောင်းပါတယ်။ အားပေးရမှာပါ။ ဒါပေမယ့် နေ့စဉ်ရက်ဆက် စာချည်းလုပ်နေရပြီး ကစားချိန် (တစ်နည်း) ကိုယ်လက်လှုပ်ရှားမှု (Physical activity) အလျဉ်းမရှိသလောက် အခြေအနေမျိုးက ကောင်းပါ့မလားဆိုတာ စဉ်းစားသင့်ပါတယ်။ "All work and no play makes Jack a dull boy" ဆိုတဲ့ စာရေးသူတို့ ငယ်စဉ်က မှတ်သားလာခဲ့တဲ့ စကားပုံလည်း ရှိသားမဟုတ်ဘူးလား။ အလုပ်ချည်း၊ စာချည်း လုပ်နေပြီး ကစားချိန်မရှိတဲ့ ကလေးက ဉာဏ်ထိုင်းမယ့်ကလေး ဖြစ်လာမယ်လို့ ဆိုထားတာပါ။ ဒီစကားပုံလေးက သာမန်လို့ ထင်ရပေမယ့် တိုးတက်လာနေတဲ့ ဆေးပညာနယ်ပယ်မှာ ခေတ်သစ်သုတေသနတွေကြောင့် အလွန်လေးနက်တဲ့ အဓိပ္ပါယ်ဆောင်လာပါတယ်။ စကားပုံရဲ့ ဆိုလိုရင်းအဓိပ္ပါယ် မှန်ကန်ကြောင်း ထောက်ခံချက်အသစ် အသစ်တွေက တိုးပွားလို့သာ လာနေပါတယ်။ ဒါကလည်း လတ်တလော ပြုလုပ်ရရှိလာတဲ့ သုတေသနရလဒ်များကြောင့် ပြောနိုင်ခြင်း ဖြစ်ပါတယ်။
ခွန်အားဗလနှင့် ဦးနှောက်အကြား အရေးကြီးတဲ့၊ လျှမ်းသွားနိုင်တဲ့ ဆက်နွယ်မှု ရှိမလားဆိုတဲ့အချက်ကို စတင်တွေးမိသူကတော့ အီလီနွိုက်တက္ကသိုလ် ဦးနှောက်နှင့် အာရုံကြော ဓာတ်ခွဲခန်းမှ ချားလ်စ်ဟီလ်မန်ပဲ ဖြစ်တယ်။ အားကစားရုံမှာ နာရီများစွာ လေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားများကို တည်ဆောက်ပေးနိုင်ရုံပဲလား။ ဦးနှောက်ကိုလည်း ဖွံ့ဖြိုးအောင် မလုပ်နိုင်ပေဘူးလား။ ဒါနှင့်ဟီလ်မန်က သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၃ တန်းနှင့် ၅ တန်း ကျောင်းသားလေးများကို စုစည်းပြီး သူတို့ကို ပုံမှန်လုပ်နေကျ ကာယလေ့ကျင့်ခန်းများကို လုပ်စေတယ်။ ထိုင်ထ၊ ခပ်မြန်မြန်ပြေး စသည်တို့ ပါဝင်တယ်။ ယင်းနောက် ဟီလ်မန်က ကျောင်းသားလေးတွေရဲ့ ကိုယ်ကာယစွမ်းရည်နှင့် ပြည်နယ်တစ်ဝန်း ပုံမှန်စစ်ဆေးတဲ့ စာမေးပွဲတွေမှာ သူ့ကလေးတွေရဲ့ သင်္ချာနဲ့ စာဖတ်စွမ်းရည် ရမှတ်များကို နှိုင်းယှဉ်စစ်ဆေးကြည့်တယ်။ အားလုံးခြုံကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ် အကြံ့ခိုင်ဆုံး ကလေးတွေက ဉာဏ်စွမ်းရည် အကောင်းဆုံးဖြစ်နေတာ တွေ့ရတယ်။ ဒီတော့ ဟီလ်မန်က အားကစား (Sports) က ကျောင်းသားများရဲ့ ဉာဏ်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်ပုံရတယ်လို့ ကောက်ချက်ချခဲ့တယ်။
လေ့ကျင့်ခန်း (Exercise) က ကလေးတွေရဲ့ ဖွံ့ဖြိုးဆဲ ဦးနှောက်အပေါ် ပိုမိုတာရှည်ခံတဲ့ အကျိုးဆက်မျိုး ရှိနိုင်ဖွယ် ရှိတတ်တယ်လို့ ဂျော်ဂျီယာတက္ကသိုလ် လေ့ကျင့်ခန်းသိပ္ပံပညာ ပါမောက္ခက ပြောပါတယ်။ လူကြီးများမှာလို ကလေးများမှာလည်း ဦးနှောက်ထဲရှိ ဟစ်ပ်ပိုကင်ပတ်စ် (Hippocampus) နေရာက လေ့ကျင့်ခန်းမှ အကျိုးကျေးဇူး အများအပြားကို ရရှိခံစားရပါတယ်။ ဒါကြောင့်လည်း ADHD ဝေဒနာ ခံစားရတဲ့ ကလေးများရဲ့ မိဘများက ကိုယ်လက်လှုပ်ရှားမှု (Physical activity) ကို ဆေးဝါးများအစား ဒါမှမဟုတ် ဖြည့်စွက်အနေနဲ့ အသုံးချနေပြီ ဖြစ်ပါတယ်။ ADHD ဝေဒနာသည် ကလေးများရဲ့ ဟစ်ပ်ပိုကင်ပတ်စ် အရွယ်အစားက ကြီးလာပြီး ကျန်ဦးနှောက် အစိတ်အပိုင်းများနှင့် မူမမှန် ဆက်သွယ်ထားမှုကြောင့် ယင်းရဲ့လုပ်ဆောင်ချက် ထိခိုက်တာပဲ ဖြစ်တယ်။
သို့သော် ကာယလေ့ကျင့်ခန်းကို ကောင်းကောင်းလုပ်မယ်ဆိုရင် ဒီနေရာမှာ ဆူဆူညံညံ ပျော်ပျော်ပါးပါး ဘောလုံးကန်ခြင်းကလည်း ကလေးရဲ့ ဦးနှောက်အပေါ် ပိုမိုကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုများ ရှိနိုင်ပါတယ်။ အသက် ၂၀ မပြည့်မီမှာ ကလေးများရဲ့ ဦးနှောက်အရှေ့ခြမ်း ဖုလုံး (Frontal Lobes) က အပြည့်အ၀ ဖွံ့ဖြိုးမှု မရှိသေးဘူး။ ဒါကြောင့် လိုအပ်တဲ့ လုပ်ဆောင်မှုများကို လုပ်နိုင်ဖို့ရာ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းများကို စုဆောင်းသိမ်းသွင်း အသုံးချရတယ်။ ဒီအထဲမှာ စာပေပညာ သင်ကြားမှတ်ယူမှုလည်း ပါဝင်တယ်။
သိပ္ပံပညာနယ်ပယ်မှာ အထက်ပါ တွေ့ရှိမှုတွေကြောင့် ယခုအခါ ပညာသင်ကြားရေးပိုင်း ပုဂ္ဂိုလ်အများအပြားက အစိုးရကျောင်းများမှာရှိတဲ့ "ကာယပညာ" (Physical Education, P.E) နှင့် ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့ တိုက်တွန်းနေကြတယ်။ ဒီမှာက (PT) လို့ ခေါ်တဲ့ "ကာလလေ့ကျင့်ခန်း" (PE) အချိန်ကို ပိုအချိန်ပေးပြီး ဦးနှောက်ကို သန်စွမ်းအားကောင်းစေမယ့် နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းကို ပိုမိုဦးတည်ပေးခြင်းဖြင့် ဆရာတွေက ယင်းတို့ရဲ့ တပည့်များ အခြားဘာသာရပ်တွေမှာ ထူးချွန်အောင်မြင်ဖို့ ပိုမိုလုပ်ဆောင်နိုင်ပါတယ်လို့ ပညာရေးပိုင်းပုဂ္ဂိုလ်တွေက ပြောဆိုနေကြတယ်။ ဟီလ်မန်ရဲ့ သုတေသနအပေါ် အားရမှုရှိတာကြောင့် ၈ တန်း ကျောင်းသားများအထိ "ကာလလေ့ကျင့်ခန်း" အချိန်ကို နေ့စဉ် နာရီဝက် မလုပ်မနေရ ဥပဒေကြမ်းကို ကင်တာကီပြည်နယ်၊ ဆီနိတ်တာတစ်ဦးက တင်သွင်းခဲ့တယ်။ ယင်းဥပဒေကြမ်း ပြီးခဲ့တဲ့လက ဆီးနိတ်ရဲ့ အတည်ပြုချက် ရရှိခဲ့တယ်။ အီလီနွိုက်ပြည်နယ်၊ နေပါဗီးလ်ဒေသရှိ ကျောင်းတွေမှာ စကားပြောရာမှာ အခက်အခဲရှိတဲ့ ကျောင်းသူကျောင်းသားများကို စာသင်ခန်းထဲ သင်ကြားမှု မစတင်မီ "ကာလလေ့ကျင့်ခန်းများ" ကို လုပ်ဆောင်စေတယ်။ အဲဒီကလေးတွေရဲ့ တိုးတက်မှု အစီရင်ခံစာမှာက အခြေအနေ ပိုမိုကောင်းမွန်ကြောင်း ပြသထားတာ ရှိတယ်။
ပညာရေးပိုင်းပုဂ္ဂိုလ်များရဲ့ မျှော်လင့်ချက်က ကျောင်းသားလူငယ်များကို စာပေပညာဘက်မှာသာ တော်စေရုံမျှမကဘူး။ ရေရှည်ရည်မှန်းချက်များလည်း ရှိနေသေးတယ်။ ကလေးတွေ ငယ်စဉ်ကာလကတည်းက အားကစားကို ခုံမင်လာခဲ့ရင် ကြီးလာတဲ့အခါမှာ တက်ကြွတဲ့ လူကြီးတွေဖြစ်လာဖို့ အလားအလာ ပိုရှိနိုင်တယ်ဆိုတဲ့ အချက်ပါ။ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် သူတို့တစ်တွေက သူတို့ရဲ့ ဘိုးဘွားဘီဘင်များ ရင်ဆိုင်ခံစားနေရတဲ့ ကံကြမ္မာမျိုးကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဒီကံကြမ္မာ ဆိုတာကတော့ အသက်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ် တဖြည်းဖြည်း ဆုတ်ယုတ်ယိုယွင်း ပျက်စီးလာပြီး နောက်ပိုင်းမှာ "အယ်လ်ဇိုင်းမားရောဂါ" (Alzheimer disease) ကျရောက်လာခြင်းပဲ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာ ယင်းရောဂါ အဖြစ်များတာက လှုပ်ရှားမှုနည်း၊ အပျင်းဖက်တဲ့ အမေရိကန် လူနေမှုပုံစံကြောင့်ပဲ ဖြစ်တယ်လို့ ပညာရှင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် မိဘများအနေနှင့် မိမိသားသမီးများရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ဖွံ့ဖြိုးရေးနှင့် ရေရှည်မှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး နှစ်မျိုးစလုံးအတွက် မိမိသားသမီးများကို စာပေပညာ လေ့လာမှုနှင့် အားကစားလှုပ်ရှားမှုအကြား အချိန်ကို မျှတအောင် စီမံလုပ်ဆောင် ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment