Wednesday, September 15, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


သီလက ဒါနထက် ပိုပြီးအားကိုးရတယ်
လူတွေ လောကမှာလည်း ဒီအတိုင်းပါပဲ။ အင်မတန်ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အ၀ မထိန်းချင်ကြဘူး။ အလှူအတန်းကြီးတွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ်ပေးတယ်။ အဆောင်အယောင်တွေ ပကာသနတွေနဲ့။ သီလထိန်းတာက လူမမြင်ရတော့ အရသာက တယ်မရှိဘဲကိုး။ မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာကတော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။ သာယာဖွယ်ဖြစ်တယ်။ အင်း သံသရာနဲ့ ကြည့်လိုက်တော့ လူချီးမွမ်းမခံရတဲ့ သီလကမှ စိတ်ချရတာကပဲ။ ဘ၀ကူးကောင်းဖို့နဲ့ ပတ်သက်လာလျှင် သီလက ဒါနထက်ပိုပြီး အားကိုးရတယ်။ တချို့များ သီလဖျက်ပြီးတော့ စီးပွားရှာလိုက်ကြတာ သားသမီးတွေလည်း မိဘလုပ်တဲ့အတိုင်း လိုက်လုပ်ကြတာပဲ။ သံသရာထဲမှာ ရင်လေးစရာပေါ့။ သံသရာခရီး တစ်လျှောက်လုံးအတွက်ပါ ကြည့်ရမှာ။

အထက်တက်ဖို့သာ ခက်တာ
ဘ၀သံသရာမှာ ခံစားဖို့ မမျှော်မှန်းကြပါနဲ့။ ပါရမီဖြစ်အောင်သာ ဆည်းပူးကြိုးစားကြမယ်လို့ အောက်မေ့ထားကြ၊ စိတ်ထားဖြူစင်ကြပါစေ။ အောက်ဆင်းဖို့ဆိုတာ မခဲယဉ်းဘူး။ အထက်တက်ဖို့သာ ခက်တာ၊ ဘ၀မြင့်လာဖို့သာ ခက်တာ။ ကုသိုလ်ဖြစ်တဲ့ စိတ်ကို အမြဲမွေးထားကြ။ အဲဒီလို မွေးမြူထားလျှင် ရောဂါလည်း ကင်းတယ်၊ အသက်လည်း ရှည်တယ်၊ ပါရမီလည်း တိုးလာမယ်။ တိုတောင်းလှတဲ့ ဘ၀ကလေးကို ဒီနည်းနဲ့ အသုံးပြုပါ။ အချိန်မဖြုန်းကြပါနဲ့။

1 comment:

  1. သိပ်ကောင်းတဲ့ အဆုံးအမပါပဲ ....

    ReplyDelete

 
Web Statistics