Saturday, September 11, 2010

နိုင်ငံရေးဟာသများ


နိုင်ငံရေးသမားဖြစ်မှာ
မွေးခါစကလေး သုံးလသားအရွယ် ကလေးကိုကြည့်၍ ဖခင်ဖြစ်သူက ပြောလိုက်သည်။
"ငါတို့သားလေးဟာ ကြီးလာရင် တကယ့်နိုင်ငံရေးသမားကြီး ဖြစ်လာမှာကွ"
"ရှင်က ဘယ်လိုလုပ်ပြီး အခုလို အတပ်ပြောနိုင်တာလဲ"
"ဒီလိုကွ မိန်းမရ၊ ငါတို့သားလေး တွတ်တီးတွတ်တာနဲ့ ပြောနေတာ ဘယ်လောက် နားထောင်လို့ ကောင်းသလဲ။ ဒါပေမယ့် သူပြောနေတာတွေကတော့ ဘာအဓိပ္ပါယ်မှ မရှိဘူးလေ။ ဒါကြောင့် ငါတို့သားဟာ ကြီးလာရင် နိုင်ငံရေးသမားဖြစ်မယ်လို့ ငါ ပြောနိုင်တာပေါ့"

တစ်နှစ်မှာ လေးကြိမ်
လူတစ်ယောက်အား ကွန်မြူနစ်ပါတီသို့ဝင်ရောက်ရန် ပါတီဝင်တစ်ယောက်က စည်းရုံးလျက်ရှိသည်။
"ကျုပ်တို့ ရုရှားနိုင်ငံတော်ကြီးဟာ လောကသစ်ကို ရောက်နေပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်မှာ ဂျုံတွေကို လေးကြိမ် ရိတ်သိမ်းနိုင်လို့ပဲ"
"လေးကြိမ်တောင် ဟုတ်လား၊ မဖြစ်နိုင်တာဗျာ"
"ဒီလိုလေ တစ်ကြိမ်က ရုရှားမှာ၊ နောက်တစ်ကြိမ်က ပိုလန်မှာ၊ နောက်တစ်ခါက ချက်ကိုစလိုဗက်ကီးယားမှာ၊ နောက်တစ်ကြိမ်က ဟန်ဂေရီမှာလေဗျာ"

သူ့အဖြေ
တစ်ခါတုန်းက လူငယ်တစ်ယောက်သည် ဆာဝစ်စတန်ချာချီအား နိုင်ငံရေးသမားတစ်ယောက်ဖြစ်ရန် မည်သည့်အရည်အချင်းများ လိုအပ်ပါသလဲဟု မေးမြန်းရာ ၀စ်စတန်ချာချီက အောက်ပါအတိုင်း မဆိုင်းမတွ ပြန်ပြောလိုက်သည်။
"နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ မနက်ဖြန်ခါမှာ၊ နောက်တစ်လမှာ၊ နောက်တစ်နှစ်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုပြောနိုင်ရတယ်၊ ပြောတဲ့အတိုင်း မဖြစ်လာလို့ရှိရင် ဘာကြောင့် မဖြစ်ရတာလဲ ဆိုတာကိုလည်း ပြောနိုင်ရမယ်"

တိုးတက်ရဲ့လား
ဆိုဗီယက်ခေါင်းဆောင်ကြီး လီနင် သေဆုံးသွားရာ စိန့်ပီတာရှိရာ ဘုံဗိမာန်သို့ ရောက်သွားလေသည်။ ထိုအခါ ဘုရားသခင်က စိန့်ပီတာအား လီနင်ကို စောင့်ကြည့်ပညာပေးရန် အမိန့်ပေးလိုက်သည်။ တစ်ပတ်ခန့် ကြာသောအခါ ဘုရားသခင်က စိန့်ပီတာအား မေးလိုက်သည်။
"လီနင်ရဲ့အခြေအနေ တိုးတက်ရဲ့လား"
"တိုးတက်လာပါတယ်၊ ရဲဘော် ဘုရားသခင်"

လုံလောက်နေပြီ
ရွေးကောက်ပွဲတစ်ခုအတွက် ကိုယ်စားလှယ်လောင်းတစ်ယောက်သည် မဲဆွယ်တရားဟောလျက် ရှိသည်။
"လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ၊ ကျွန်တော်ဟာ တိုင်းပြည်အတွက် တိုက်ပွဲပေါင်းများစွာ ၀င်လာခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀မှာဆိုရင် အိပ်ရာနဲ့ ဘယ်တော့မှ မအိပ်ခဲ့ရပါဘူး။ စစ်မြေပြင်သာ ကျွန်တော့်အိပ်ရာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ အမိုးအကာဆိုတာလည်း မရှိခဲ့ပါဘူး၊ ရှိခဲ့တာက မိုးကောင်းကင်ကြီးသာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ကြမ်းတမ်းခက်ထန်တဲ့ လမ်းပေါ်မှာ ခြေလှမ်းလိုက်တိုင်း သွေးတစက်စက် ကျသည်အထိ ချီတက်ခဲ့ရပါတယ်"
ထိုအခါ ပရိသတ်ထဲမှ တစ်ယောက်က ထ၍ပြောလိုက်သည်။
"တော်ပါပြီခင်ဗျာ၊ ခင်ဗျားဟာ အဲဒီလောက် တိုင်းပြည်အတွက် လုပ်လာခဲ့တာဆိုတော့ အခုအချိန်မှာ ဆက်ပြီးလုပ်နိုင်ဖို့ အင်အား ဘယ်ရှိတော့မလဲ၊ ဒီတော့ ကျုပ်တို့လည်း ခင်ဗျားအစား အခြားတစ်ယောက်ကိုပဲ မဲပေးလိုက်တော့မယ်ဗျာ"

ဘာလူမျိုးလဲ
ကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူက သူ့အတန်းမှ တပည့်များကို မေးလိုက်သည်။
"အာဒမ်နဲ့ ဧ၀ဟာ ဘာလူမျိုးလဲ"
ထိုအခါ ကျောင်းသားတစ်ယောက်က ဤသို့ ဖြေလိုက်သည်။
"သူတို့ဟာ ရုရှားလူမျိုးတွေပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အ၀တ်အစားလည်း မရှိဘူး။ နေတော့လည်း အမိုးအကာအောက်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ နှစ်ယောက်ပေါင်းမှ စားစရာဆိုလို့ ပန်းသီးတစ်လုံးပဲ ရှိတယ်။ ဒါတောင် သူတို့က ကောင်းကင်ဘုံ ရောက်နေတယ်လို့ ထင်နေကြတယ်"

No comments:

Post a Comment

 
Web Statistics