Tuesday, September 14, 2010

ကျွန်တော်တွေးမိသလို ပြောဆိုပါမည် - ကိုဉာဏ် (ပန်းလောင်မြေ)


အခြားမဟုတ်ပါဘူးဗျာ။ ရေးမယ် ရေးမယ်နဲ့ ကြံစည်နေတာ ကြာပြီဖြစ်တဲ့ ဂျာနယ်ဝေဖန်ရေးလေး ရေးမလို့ပါ။ အမလေး... ကိုဉာဏ်ရယ်.. မင်းလို မလောက်လေး မလောက်စားကောင်က ဂျာနယ်တွေကို ဝေဖန်ရအောင် ဘာကောင်မို့တုန်းလို့လည်း အပြစ်တင် မစောကြပါနဲ့ဦး။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာကောင်မှ မဟုတ်မှန်းလည်း သိပါတယ်ဗျာ။ အခုလည်း ဝေဖန်မယ်ဆိုပေမယ့် ဘာရေးထားက ဘယ်လိုမကောင်းဘူး၊ ဘယ်ဂျာနယ်က ဘာလိုအပ်နေတယ် စသည်ဖြင့် ဝေဖန်မှာ မဟုတ်ရပါဘူးဗျာ။ ကျွန်တော်ဖတ်မိသမျှ ဂျာနယ်တွေထဲက အမြင်မတော်တာလေးတွေ၊ ပြောချင်စိတ်ဖြစ်ပြီး ရင်ထဲမှာ ကျလိကျလိ ဖြစ်နေရတာလေးတွေကို ဖွင့်အံထုတ်မှာပါ။ မင်းသိင်္ခရဲ့ ပုံပြင်ထဲက လေသံနဲ့ပြောရရင်တော့ "အံမာ" လို့ အော်ရုံလေးပါဗျာ။ ကျွန်တော်ကိုဉာဏ် "အံမာ" လို့ အော်ရုံနဲ့ ဘယ်ဂျာနယ်မှ ဘာမှဖြစ်မသွားနိုင်ဘူး ဆိုတာလည်း ကောင်းကောင်းကြီး သဘောပေါက် နားလည်ပါတယ်ခင်ဗျ။ ဒါဖြင့်ရင်လည်း ကိုဉာဏ်ရယ်... ဘာကိစ္စနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး သူများဂျာနယ်တွေကို ဝေဖန်နေရသလဲလို့ မေးလာမယ်ဆိုရင်လည်း ဖြေပါ့မယ်ခင်ဗျ။ တစ်ပတ်တစ်ပတ် ကျွန်တော်ရဲ့ ကိုယ်ပိုင်ချွေးနဲစာ အသပြာလေးတွေသုံးပြီး ဂျာနယ်လေးတွေ ၀ယ်ဖတ်နေတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ အဲဒီဂျာနယ်တွေမှာ ဘာတွေကြိုက်တယ်၊ ဘာတွေမကြိုက်ဘူး၊ ဘာတွေက ဘယ်လိုဖြစ်နေတယ် စသည်ဖြင့် ပြောခွင့်ရှိတယ်လို့ ထင်လို့ပါခင်ဗျ။ အယ်ဒီတာ့ထံ ပေးစာတို့၊ အိတ်ဖွင့်ပေးစာတို့၊ အိတ်ပိတ်ပေးစာတို့၊ စာဖတ်သူအသံတို့ စသဖြင့်လည်း တကူးတကန့် စာရေးပြီး မပို့နိုင်လေတော့ ကျွန်တော့်အတွက် ပြောစရာ နေရာလေးဖြစ်တဲ့ ဒီဘလော့ဂ်လေးကနေပဲ ရင်ဖွင့်ရတာပါဗျာ။ ဘယ်ဂျာနယ်မှ ကျွန်တော်နဲ့ စီးပွားပြိုင် မဟုတ်ရပါဘူး။ ဘယ်သူကမှလည်း ဘယ်ဂျာနယ်ကို ဝေဖန်လိုက်စမ်းကွာလို့ မတိုက်တွန်းရပါဘူး။ ဘယ်စာရေးဆရာ၊ ဂျာနယ်လစ်မှလည်း ကျွန်တော်နဲ့ ရန်ငြိုးရန်စ မရှိရပါဘူး။ ဂျာနယ်တွေကို အပြစ်ပြောပြီး ကျေနပ်မှုရှာတာလည်း မဟုတ်ရပါဘူးဗျာ။ ကျွန်တော့်အတွက် သတင်းတွေ၊ ဗဟုသုတတွေ၊ ခံစားမှုတွေ၊ တွေးစရာတွေ၊ အသိဉာဏ်တွေကို အပတ်စဉ်ပေးနေတဲ့ ဂျာနယ်တွေကို ဒီထက်ပို ကောင်းသထက်ကောင်းစေချင်တဲ့ စိတ်ဆန္ဒကြောင့် အမြင်မတော်တာလေးတွေကို ထောက်ပြပြောဆို၊ အကြံပြု၊ ကောင်းတာလေးတွေကိုလည်း ချီးကျူးဝေမျှ လုပ်ရခြင်းသာ ဖြစ်ပါကြောင်းခင်ဗျား။

ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၀၊ ၉ စက်တင်ဘာ၊ ၂၀၁၀၊ ကြာသပတေးနေ့။

  • ပထမဆုံးပြောချင်တာက ဒီဂျာနယ်ရဲ့ အပြင်အဆင်ပိုင်းပါ။ စထွက်ကတည်းက ဒီအမှတ်စဉ်အထိ ထွက်ပြီးခဲ့သမျှ ဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေဟာ တစ်ခုခု လိုနေသလို ဖြစ်နေသလားလို့ပါ။ ခေတ်စကားနဲ့ပြောရရင် သိပ်မလန်းဘူးလို့ ထင်ပါတယ်။ ဂျာနယ်လိုဂိုကို ဖတ်ရတာကိုက တစ်မျိုးကြီးပဲ ဖြစ်ရတယ်လို့ မြင်မိပါတယ်။ ကြည့်လိုက်တဲ့လူကို တက်ကြွသွားစေမယ့်အစား ဆွေးဆွေးမြေ့မြေ့ ဖြစ်သွားစေသလို ဖြစ်နေပါတယ်။ ဘာလဲဆိုတာ သေချာရှင်းမပြတတ်ပေမယ့် တော်ရုံစာဖတ်ပရိသတ် အသစ်တစ်ယောက်ကတော့ ပြည်သူ့ခေတ်ကို မြင်လိုက်တာနဲ့ ဖတ်ချင်စိတ်ပေါက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖတ်နေကျလူကတော့ မျက်နှာဖုံးဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ၊ စွဲဆောင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အထဲမှာပါတဲ့ စာတွေဟာ တစ်ခုခုကို ပေးစွမ်းမယ်ဆိုတာ သိနေတာမို့ ဖတ်ဖြစ်ပါလိမ့်မယ်။ ဆရာမောင်ဝံသဟာ ပြည်သူ့ခေတ်ကို အတွေးအမြင်ဂျာနယ် သဘောမျိုး လုပ်ချင်နေပုံရပါတယ်။ (ဒါလည်း ကျွန်တော့်အထင်ပါ။) စေတနာစကားနဲ့ အကြံပေးလိုတာက ဂျာနယ်မျက်နှာဖုံးကို ကြည့်လိုက်တာနဲ့တင် စာဖတ်ပရိသတ်ကို စိတ်ဝင်စားသွားအောင် ဆွဲဆောင်မှုလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ မျက်နှာဖုံးဒီဇိုင်းလေးကို ပြင်ပါ့လား ဆရာမောင်ဝံသနဲ့ ဆရာဖေမြင့်ရယ်။
  • ဒီအမှတ်စဉ်အထိ ရောက်လာတဲ့အချိန်မှာ ကျွန်တော်သဘောမကျဆုံး၊ တစ်ပတ်တစ်ပတ် စိတ်အတိုရဆုံး ကိစ္စကတော့ စာလုံးအရွယ်အစား မငြိမ်တာပါပဲ။ ဒီဂျာနယ်ရဲ့ အဆင်အပြင်ရယ်၊ စာရွက်ကွာလတီရယ်ဟာ ကြိုက်တဲ့စာလုံးနဲ့ ရိုက်လို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ကျွန်တော်လို မျက်စိကောင်းတဲ့ သာမန်လူငယ် စာဖတ်ပရိသတ်တောင် အတော်အားစိုက်ပြီး ဖတ်ရတဲ့ အခြေအနေမျိုးမှာ တစ်ပတ်တစ်ပတ် စာလုံးအရွယ်အစားတွေက သေးလိုက်၊ ကြီးလိုက် ဖြစ်နေတာဟာ အတော်အကြည့်ရဆိုးပါတယ်။ ဖတ်ရတာလည်း အတော်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဆောင်းပါးတစ်ပုဒ်ကို ဒီနေရာမှာ မဆန့်ရင် အခြားစာမျက်နှာ တစ်နေရာကို ပြန်ညွှန်းပြီး ဆက်ဖော်ပြလို့ ရပါတယ်ဗျာ။ ဘာဖြစ်လို့များ တစ်နေရာတည်းမှာ ဆံ့အောင်ဆိုပြီး စာလုံးတွေကိုသေး၊ စာလုံးအကွာအဝေးတွေကို ချုံ့ လုပ်ပစ်ရသလဲ မပြောတတ်ပါဘူး။ စာဖတ်သူကို တစ်နေရာတည်းမှာ ဖတ်စေချင်တဲ့ စေတနာကြောင့် လုပ်တာဖြစ်မယ်လို့ တွေးလို့ရပေမယ့် ဖတ်ရတဲ့အချိန်မှာ တွေ့ရတဲ့ဒုက္ခကြောင့် အဲဒီစေတနာကို မမြင်နိုင်ဘဲ ဒေါသပွားရတာပဲ အဖတ်တင်တယ်ဗျ။
  • ဥပမာ ပြောရရင် ရွေးကောက်ပွဲအခင်းအကျင်းနှင့် ယနေ့နိုင်ငံရေးမြင်ကွင်း ဆိုတဲ့ မျက်နှာဖုံးအထူးဆောင်းပါးကို ဖော်ပြထားတဲ့နေရာမှာ မြန်မာစာလုံးအရွယ်အစား (၃)မျိုးအထိ အသုံးပြုထားတာကို ဖတ်ရတဲ့လူအနေနဲ့ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားသာကြည့်ပါတော့ဗျာ။ ပထမဆုံးအပိုဒ်မှာ ပုံမှန်စာလုံးအရွယ်အစားနဲ့ ဖော်ပြတယ်၊ နောက် ဒုတိယပိုဒ်ကျတော့ စာလုံးသေးသွားတယ်။ တတိယပိုဒ်ကစပြီး ပြီးတဲ့အထိ သေးသွားလိုက်တဲ့ စာလုံးအရွယ်အစားက ပြောမနေပါနဲ့တော့ဗျာ။ ဖြစ်ချင်တော့ ကျွန်တော်ကလည်း အဲဒီဂျာနယ်ကို ညဘက်ကြီးကျမှ အိပ်ရာထဲမှာ LED မီးအိမ်လေးထွန်းပြီး ဖတ်မိတာကိုးဗျ။
  • ထိုက် ရေးထားတဲ့ ကံအရေးပါတဲ့ စင်ကာပူအလုပ်ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်မိတော့လည်း စင်ကာပူရောက် မြန်မာတွေကို သနားမိသွားပြန်ပါရောလား။ အရင်အမှတ်စဉ်တွေထက်စာရင် ခြင်္သေ့မြို့က ဒိုင်ယာရီ-၉ က ကျွန်တော့်ရင်ကို လာထိတယ်။ အရင်အမှတ်စဉ်တွေမှာ သဘောကျပြီး မှတ်မိနေတာဆိုလို့ စင်ကာပူကလူတွေကို လူငယ်အိုလံပစ်ပွဲတော်လာ ဧည့်သည်တွေနဲ့တွေ့တိုင်း ပြုံးပြတတ်အောင် လှုံ့ဆော်နေတယ်ဆိုတဲ့ အကြောင်းပဲ။
  • မင်းဟန်စော ရေးတဲ့ ပရတ်(စ)ရုတွေဆီကို သွားပါ ဆိုတဲ့ဆောင်းပါးကတော့ အတွေးဆန်းလေးနဲ့ အခြားနိုင်ငံရေးဆောင်းပါးတွေနဲ့ မတူထူးခြားတဲ့ ရေးဟန်လေးပါ။ အတော်သဘောကျသွားမိတယ်။ ဂရတ်(စ်)ရု (grass root) တွေကို အလေးထားဖို့၊ သူတို့ဆီကို အရောက်သွားဖို့ လှုံ့ဆော်တိုက်တွန်း အကြံပြုထားတဲ့ အဲဒီဆောင်းပါးလေးကို ကျွန်တော်အတော်ကြီးကို အမှတ်ပေးမိတာပါ။ ဒါပေမယ့် နိဂုံးချုပ်မှာ ဆောင်းပါးရေးသူ ရေးထားတဲ့ အသုံးအနှုန်းအချို့ကြောင့် ထပ်တလဲလဲ စဉ်းစားခန်းဝင်ပြီး အတွေးတွေ ပွားနေရတယ်။ တော်တော်ကြာ ကျွန်တော်က အတွေးချော်ပြီး အဓိပ္ပါယ်ကောက် လွဲသွားမှာ စိုးလို့ပါ။ ဒါပေမယ့် ဘယ်နှခေါက်ပဲ ပြန်ဖတ်ပြန်ဖတ် အဲဒီလိုပဲ တွေးမိနေတဲ့အတွက် မမှားနိုင်ဘူးလို့ ယူဆမိပါတယ်။ ကျွန်တော့်အတွေးကို မပြောလိုပါဘူး။ စာဖတ်သူကိုယ်တိုင်ပဲ ဖတ်ကြည့်ဖို့ ပြန်ညွှန်းလိုက်ပါတယ်။ သူရေးထားတာက ဒီလိုပါ-
  • "...... တကယ်တော့ ဂရတ်(စ)ရုတွေ အနေနဲ့ အနီးဆုံးရန်သူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို တကယ်နားလည် သဘောပေါက်လာအောင် သူတို့တွေအနေနဲ့ ဟောက်စားလုပ်သူတွေကို မကြောက်တတ်အောင်၊ ဘယ်ကိစ္စကတော့ အမှန်၊ ဘယ်ပြောစကားတွေကတော့ အတုအယောင် အညာ အလှိုင်းတွေဆိုတာကို မှောက်ထားတဲ့ခွက်ကို လှန်လိုက်သလို ကွင်းကွင်းကွက်ကွက် မြင်တတ်လာကြအောင် လုပ်ဖို့က အရေးတကာထဲမှာ အရေးကြီးဆုံးပဲပေါ့ဗျာ"
  • စာရေးတဲ့နေရာမှာ ဘယ်စကားလုံးသုံးရင် ဘယ်ရောက်တယ်ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီအဓိပ္ပါယ်မျိုးကိုပဲ အခြားစကားလုံးသုံးပြီး ပြောလို့ပြောမှန်းမသိအောင် ရေးလို့ရတယ်လို့ မြင်မိပါတယ်။ မီဒီယာသမား တစ်ယောက်အနေနဲ့ အခုလိုမျိုး အရေးအသားမျိုးကို ဂရုပြုသင့်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။
  • ဒီအပတ်မှာ မြန်မာ့နိုင်ငံရေး ဗဟုသုတဉာဏ်စမ်းမေးခွန်းတွေ မပါတဲ့အတွက် ပေါ့ရွှတ်ရွှတ် ဖြစ်ရတယ်။ တစ်ပတ်တစ်ပတ် အဲဒီမေးခွန်းလေးတွေကို ဖြေကြည့်ရတာ သိပ်ပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ အများစုကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်ထင်တာကို ကိုယ်ဖြေလိုက်ရတာကို ကျွန်တော်သဘောကျတယ်။ မှန်သွားရင် အင်မတန်ပျော်ရတယ်။ မှားသွားရင် အဖြေမှန်ကိုကြည့်ပြီး ဗဟုသုတ အသစ်ရပါတယ်။ နောက်အပတ်ထုတ်တွေမှာ ပုံမှန် ပြန်ပါလာမယ်လို့ မျှော်လင့်နေကြောင်းပါ။
  • နန္ဒမင်းနိုင် ရေးတဲ့ ပြာဝါနီမှသည် ခန်ဂျီစာလုံးများသို့ ဆိုတဲ့ ဆောင်းပါးကိုလည်း အတော်သဘောကျတယ်။ အရင်တုန်းက သမိုင်းကြောင်းတွေကို သိရတာမို့ သဘောကျမိတာထက် ကျွန်တော့်အတွက် သဘောအကျဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက ဂျပန်စာလုံး "ခန်ဂျီ" ဆိုတာပါပဲ။ မြန်မာတွေကို ညွှန်းဆိုတဲ့နေရာမှာသုံးတဲ့ "ခန်ဂျီ" ဆိုတဲ့ စာလုံးအကြောင်းကို ကိုဉာဏ် မှတ်စုများမှာ သီးသန့်ရေးပြပါဦးမယ် အခုတော့ အဲဒီ စာလုံးအကြောင်း ဂျပန်ရောက် အွန်လိုင်းမိတ်ဆွေကြီး ကိုလုံးတုံးကို မေးမယ်၊ မေးမယ်နဲ့ အခုအချိန်အထိ မမေးဖြစ်သေးဘူး။ ဒီပို့စ်ရေးပြီးရင်တော့ အီးမေးလ်လေးရေးပြီး မေးဦးမှပဲလို့ တေးထားလိုက်ပါတယ်။
  • သယံဇာတကျိန်စာ ဆိုတဲ့ သန်းစိုးနိုင် ရေးတဲ့ ဆောင်းပါးကတော့ ၀တ္ထုတစ်ပုဒ် ဖတ်နေရသလို၊ ဗီဒီယိုတစ်ကား ကြည့်နေရသလို အရေးကောင်း၊ အဖွဲ့ကောင်း၊ တင်ပြကောင်းပါပေ့ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ပြည်သူ့ခေတ်မှာ ရေးတဲ့လူတွေဟာ ဆရာဖေမြင့်ရဲ့ ရေးဟန်တွေနဲ့ချည်း ဖြစ်လာတယ်လို့တောင် မြင်မိပါတယ်။ အာဆင်နယ်မှာ အွန်နရီကြီးစိုးခဲ့စဉ်က တစ်သင်းလုံးက ကစားသမားတွေရဲ့ ကစားဟန်ဟာ အွန်နရီစတိုင်လ် ဖြစ်နေပုံမျိုးပေါ့ဗျာ။
  • တင်မောင်မြင့် ရေးတဲ့ အပြုံးရှင် တော်လှန်ရေးသမား ဆိုတဲ့ မင်ဒဲလားအကြောင်း ဆောင်းပါးဟာလည်း ရင်ထဲမှာ အမှတ်ထင်ထင် စွဲကျန်ရစ်ခဲ့တယ်။
  • ကျန်တဲ့စာတွေကိုတော့ အချိန်အခက်အခဲကြောင့် တစ်ခုချင်းစီ မှတ်ချက်မပေးနိုင်တော့တာကြောင့် ပြည်သူ့ခေတ်ဂျာနယ်အကြောင်း ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

လျှပ်တစ်ပြက် သတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၂၊ ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၀။
  • လျှပ်တစ်ပြက်နီတိ မဖတ်ရတာ (၄)ပတ်လောက် ရှိသွားပြီ။ အမြဲစောင့်ဖတ်နေကျ အဆိုအမိန့်တွေ မဖတ်ရတဲ့အတွက် သိသိသာသာကြီးကို စိတ်ထဲမှာ ထိခိုက်မိတယ်။
  • ဒီအပတ်ထုတ်မှာ လျှပ်တစ်ပြက်ရဲ့ ဒီဇိုင်းကိုပါ ပြောင်းပစ်လိုက်တာ တွေ့ရတယ်။ လိုဂိုစာလုံးရော၊ အတွင်းက စာမျက်နှာတွေရဲ့ ဒီဇိုင်းတွေရောပဲ။
  • ဒီအပတ်မှာ မြတ်ခိုင်မှတ်စု မပါဘူး။ လမ်းလျှောက်အယ်ဒီတာရဲ့ လမ်းလျှောက်ဒိုင်ယာရီ မပါဘူး။ အချိန်မရလို့ မရေးဖြစ်တာလား၊ ရေးလို့မရတော့တာလား ဘယ်နားမှာမှ သဲလွန်စ ရှာလို့မရ။ အွန်လိုင်းမှာလည်း အဲဒီအကြောင်း ဘာသတင်းမှ မဖတ်ရဘူး။ နောက်အပတ်တော့ သိနိုင်ကောင်းရဲ့။
  • လျှပ်တစ်ပြက်ရဲ့ ထုံးစံအတိုင်း အချပ်ပိုကို မျက်နှာဖုံးအဖြစ် တင်ပေးတာဆိုတော့ ဒီတစ်ပတ် မျက်နှာဖုံးမှာ တင်ပေးထားတဲ့ ဓာတ်ပုံတွေနဲ့ ခေါင်းစီးစာသားကို နားမလည်ဘူး ဖြစ်ရပြန်တယ်။ ပေးထားတဲ့ ခေါင်းစဉ်က "ပုဂ္ဂိုလ်ထူးဆိုတာ ဘာလဲ" တဲ့။ ကျွန်တော်ကလည်း ပြန်မေးလိုက်ချင်တယ်။ "ခင်ဗျားတို့ပြောချင်တာ ဘာလဲ" လို့။ အေးဗျာ... စာဖတ်ပရိသတ် အကုန်လုံးဟာ ခင်ဗျားတို့လို အကုန်သိ၊ အကုန်တတ်တွေ မဟုတ်ဘူးဗျ ဆရာမြတ်ခိုင်ရ....။ ပြောချင်တာကို တဲ့(ဒဲ့)ပြောဗျာ။ အခုတော့ စဉ်းစားရတာ ဦးနှောက်ခြောက်တယ်။
  • ဒီအပတ်ထုတ် လျှပ်တစ်ပြက်ရဲ့ ဦးစားပေးကတော့ ဆရာမြတ်ခိုင်တို့အဖွဲ့ သုံးဆယ်ဆရာတော်ကြီး တရားအားထုတ်ခဲ့တယ်ဆိုတဲ့ တောတွေ၊ တောင်တွေ၊ သုဿာန်တွေကို လိုက်လံရှာဖွေ ခြေရာခံတယ်ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒါတွေဖတ်ပြီးတော့ ဘာသိရသလဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်က ဖြေလိုက်ချင်ပါသေးတယ်။ ဘာမှမသိရဘူးဟု။ ဆရာမြတ်ခိုင် ဘာဖြစ်လို့ အဲဒီလောက် အသည်းအသန် လိုက်နေရသလဲဆိုတာကိုတော့ စိတ်ဝင်စားမိသည်။ သက်သေပြချင်တာလား? .................လား?
  • မော်နီတာနှင့် နှစ်ခုပေါင်းဖတ်ပြီးတဲ့အချိန်မှာတော့ သိလာတာ နည်းနည်းရှိသည်။ ကျွန်တော့်အမြင်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယခု နာမည်ကြီးနေသော သုံးဆယ်ဆရာတော်ကြီး၏ ဘေးနားမှာ ရှိနေကြသူတွေကို လုပ်စားနေကြသူတွေဟု ဆိုချင်ပုံရသည်။ ဆရာတော်ကြီး ကျင့်ကြံအားထုတ်ခဲ့တဲ့ အချိန်တုန်းက ဘယ်မှာနေမှန်း မသိခဲ့သည့် သူတွေက အခုလိုနာမည်ကြီးတော့မှ အနားကမခွာတော့တာ၊ စီးပွားဖြစ်လုပ်စားနေတာကို မြင်ပြင်းကပ်ပြီး "အဆိပ်ရှိတဲ့သတ္တ၀ါက အဆိပ်ကို အားကိုးတယ်" ဆိုသလို လုပ်နေသည်ဟုပဲ မြင်မိသည်။
  • ကြည့်ကောင်းဦးမှာတော့ သေချာသည်။ တစ်ခုရှိတာက မဟုတ်တာတွေနှင့် အချိန်တွေကုန်ပြီး လျှပ်တစ်ပြက်က အရည်အသွေးတွေ ကျလာနေတာကို ဆွဲတင်ခြင်း မပြုနိုင်မှာကိုတော့ စိုးရိမ်မိပါသည်။ ဒါလည်း စေတနာစကားပါ။

အခြားဂျာနယ်တွေကိုတော့ အချိန်ရတဲ့အခါမှပဲ ဆက်ပြီးတော့ "အံမာ" လုပ်ပါဦးမယ်ဗျာ။ အခုတော့ ဒီမျှနဲ့ ရပ်နားပါရစေဦး။ တစ်ခါတည်း ပြောလိုက်ပါဦးမယ်၊ ကျွန်တော်ကိုဉာဏ်ဟာ မြို့မေတ္တာခံယူမယ့် သားပေမို့ ပို့သလာသမျှ မေတ္တာအ၀၀ကို ကြိုဆိုလျက် ရှိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၃၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics