မန္တလေးမှာနေတဲ့ ကျောင်းသားဟောင်းတစ်ယောက်က သူ့မွေးနေ့အတွက်ဆိုပြီး တယ်လီဖုန်းနဲ့ လှမ်းကန်တော့တယ်။ ခဏနေရင် ရန်ကုန်ရုံးခွဲက သူ့တပည့်တစ်ယောက် ကန်တော့ခြင်း လာပို့ပါလိမ့်မယ်လို့ပြောပြီး ပါးစပ်နဲ့ ကန်တော့လို့ ဖုန်းထဲကပဲ ဆုပေးလိုက်ရတယ်။
လေးလေးစားစားနဲ့
ဖုန်းချပြီး သိပ်မကြာဘူး မွန်မွန်ရည်ရည်ရှိတဲ့ လူငယ်တစ်ယောက် ခြင်းဆွဲပြီး တက်လာတယ်။ စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံနဲ့ ခြင်းကို ရှေ့မှာချပြီး လူငယ်က ကန်တော့တယ်။ ပြီးတော့ သူ့နာမည်ကတ်လေး ထုတ်ပေးပြီး အကြောင်းကြီးငယ်ရှိရင် ခိုင်းစရာရှိရင် အချိန်မရွေး ဖုန်းဆက်ခေါ်ပါ။ မန္တလေးက သူ့ဆရာက ဂရုစိုက်ဖို့ သေသေချာချာ မှာထားပါတယ်လို့ လေးလေးစားစားနဲ့ ပြောသွားတယ်။ သူပြန်သွားမှ သူ့ကတ်ကို ကြည့်လိုက်တော့ သူ့နာမည်နောက်က အထွေထွေမန်နေဂျာဆိုတဲ့ ရာထူးကို တွေ့ရတယ်။ ဘီအီးစက်မှု အင်ဂျင်နီယာဆိုတဲ့ ဘွဲ့အပြင် အမ်ဘီအေနဲ့ ကွန်ပျူတာ ဒီပလိုမာ နှစ်ခုလည်း ပါသေးတယ်။ မန္တလေးက ကျောင်းသားဟောင်းနဲ့ အသက်အားဖြင့် မတိမ်မယိမ်းလောက်ပဲ ရှိလိမ့်မယ်။ ကွာလှတောင် သုံးလေးနှစ်ထက် ပိုမယ်မထင်ဘူး။
စိတ်ထဲမှာ ကျလိကျလိဖြစ်
အတော်လေးကြာတော့ မန္တလေးက ကျောင်းသားဟောင်း ဖုန်းဆက်ပြီး သူ့တပည့် လာသွားပြီလားလို့ မေးရင်း ပိုက်ဆံ ၃ သိန်းကတော့ ဆရာ မလိုမှန်း သိပေမယ့် တခြား ဆရာသုံးနေတဲ့ လူမှုရေးလုပ်ငန်းတွေမှာ သုံးဖို့ပါလို့ ပြောတယ်။ သူ့စေတနာကို သာဓုခေါ်လိုက်ပြီး အကျိုးရှိတဲ့နေရာတွေမှာ သုံးပါမယ်လို့ ပြန်ပြောလိုက်ရတယ်။ "ကျွန်တော့်တပည့်က ဆရာ့ပရိသတ်ပဲ။ ခိုင်းစရာရှိရင် ခေါ်လိုက်ပါ။ အားမနာပါနဲ့" လို့လည်း ပြောပါတယ်။ သူနဲ့ ဖုန်းပြောပြီးသွားတော့ မြန်မာလူမျိုးများရဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ပုံစံတွေအကြောင်းကို စဉ်းစားရင်း စိတ်ထဲမှာ ကျလိကျလိ ဖြစ်လာတယ်။ ဒါကြောင့် ဒီစာ ရေးဖြစ်သွားတယ်။
ဆရာခေါ်တဲ့အကျင့်
မြန်မာပြည်က အလုပ်ခွင်တွေမှာ အစိုးရရုံးနဲ့ ဌာနတွေပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက လုပ်ငန်းတွေပဲဖြစ်ဖြစ် ဆရာခေါ်တဲ့အကျင့် ဘယ်ခေတ်က စခဲ့သလဲ မသိပေမယ့် အတော်ကြီး အမြစ်တွယ်နေတာတော့ သေချာတယ်။ မန်နေဂျာက အထွေထွေမန်နေဂျာကို ဆရာခေါ်တယ်။ လက်ထောက်မန်နေဂျာက မန်နေဂျာကို ဆရာခေါ်တယ်။ ရုံးအုပ်ကြီးက လက်ထောက်မန်နေဂျာကို ဆရာခေါ်တယ်။ စာရေးကြီးက ရုံးအုပ်ကြီးကို ဆရာခေါ်တယ်။ စာရေးလေးက စာရေးကြီးကို ဆရာခေါ်တယ်။ စာရေးလေးကိုတော့ ရုံးလုလင်က ဆရာခေါ်တယ်။ ရုံးလုလင်ကိုကျတော့ နေ့စဉ် ဆက်ဆံနေတဲ့ ဘော်တယ်ကုလားက ဆရာခေါ်တယ်လေ။
ခိုင်းစရာလို့ မြင်လာကြ
အဆင့်ဆင့်မြင်တဲ့သူကို ဆရာခေါ်ကြသလို မြင့်တဲ့သူတွေကလည်း သူ့ထက် အဆင့်နိမ့်သူတွေကို တပည့်လို့ သဘောထား ဆက်ဆံလေ့ရှိကြတယ်။ အဲဒီလို ဆက်ဆံရေးပုံစံရဲ့ အကျိုးဆက်က ဘာဖြစ်သလဲဆိုတော့ အထက်လူတစ်ယောက်က လူတိုင်းကို လုပ်ဖော်ကိုင်ဖက်လို့ သဘောမထားဘဲ ခိုင်းစရာလို့ မြင်လာတာဖြစ်တယ်။ ရုံးလုပ်ငန်း ခိုင်းတာဆိုရင် ပြောစရာမရှိပေမယ့် အများစုက ကိုယ်ရေးကိစ္စတွေမှာပါ ခိုင်းစေတတ်ကြတာကိုတော့ မသင့်တော်ဘူးလို့ ပြောရမှာပဲ ဖြစ်တယ်။ အထက်လူက မခိုင်းရင်လည်း အောက်လူက ကိုယ့်ဆရာအတွက် လုပ်ပေးရမှာ ၀တ္တရားပဲလို့ သဘောထားပြီး လုပ်ပေးလေ့ရှိကြတယ်။
ဆရာမွေး တပည့်မွေး
လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး မဟုတ်ဘဲ ဆရာတပည့် ဆက်ဆံရေးပုံစံကြောင့် ရုံးတွင်းမှာ ဆရာမွေး တပည့်မွေးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာရပြီး ရုံးဌာနတွင်း ညီညွတ်မှု ပျက်ပြားစေတယ်။ အကျိုးဆက်က လုပ်ငန်းကို ထိခိုက်လာခြင်း ဖြစ်တယ်။ တခြားနိုင်ငံတွေရဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ပုံစံဟာ ဆရာနဲ့ ကျောင်းသားလို ဆရာတပည့် ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးမျိုးသာဖြစ်တယ်။ ရုံးလုလင်လေးက ကုမ္ပဏီဒါရိုက်တာကြီးကိုဖြစ်ဖြစ်၊ ကုမ္ပဏီဥက္ကဋ္ဌကြီးကိုဖြစ်ဖြစ်၊ မစ္စတာ ဘယ်သူဘယ်ဝါလို့ပဲ ခေါ်ပါတယ်။ ဆရာဆိုတဲ့ အဓိပ္ပါယ်ထွက်တဲ့ "မာစတာ"လို့ မခေါ်ပါဘူး။ ကုမ္ပဏီဥက္ကဋ္ဌကြီးကလည်း သူ့လက်အောက်က ဒါရိုက်တာကို တပည့်လို့ ပြောလေ့မရှိသလို စာရေးလေးနဲ့ ရုံးလုလင်ကိုလည်း သူ့တပည့်လို့ ဘယ်တော့မှ မပြောပါဘူး။
လုပ်ဖော်ကိုင်ဖက်စိတ်ဓာတ်
အင်မတန် နှိမ့်ချရိုကျိုးတတ်တဲ့ အရှေ့တိုင်းသား တရုတ်၊ ဂျပန်၊ ကိုရီးယားတို့တောင် အလုပ်ထဲမှာ ဆရာ မခေါ်ပါဘူး။ ဌာနမှူး ၀မ် တို့၊ အဖွဲ့မှူး ကင် တို့၊၊ သတင်းထောက် ယွန်း တို့လို အလုပ်နဲ့နာမည် တွဲစပ်ပြီး ခေါ်တာမျိုးတွေ တရုတ်၊ ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ တွေ့နိုင်ကြတယ်။ အားလုံးကို လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး အတူသွား အတူစား အတူသောက်ကြတယ်။ အလုပ်ခွင်ဆိုတာ ကျောင်းစာသင်ခန်း မဟုတ်ဘူး။ ဆရာနဲ့တပည့် ဆက်ဆံရေးမျိုးနဲ့ အလုပ်လုပ်လို့ မဖြစ်ဘူး။ အလုပ်ခွင်ဟာ အလုပ်ခွင်နဲ့ တူရမယ်။ ၀န်ထမ်းချင်း ဆက်ဆံရေးမှာ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး ဖြစ်ရမယ်။ ဒါမှ အလုပ်လုပ်ရတာ တွင်ကျယ်ပြီး ပျော်စရာကောင်းတယ်။
မိသားစုဆက်ဆံရေးတဲ့
ဝန်ထမ်းအချင်းချင်း လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး အပြန်အလှန် ရိုသေလေးစားမှု ရှိတာကို ပရော်ဖက်ရှင်နယ် စိတ်ဓာတ်လို့ ခေါ်တယ်။ သားအဖပဲ ဖြစ်စေဦးတော့ အလုပ်ထဲမှာဆိုရင် အလုပ်သဘောနဲ့ ပရော်ဖက်ရှင်နယ်လို ဆက်ဆံရမယ်။ ကိုရီးယားကားတွေထဲမှာလို အလုပ်ခွင်ကျရင် အများခေါ်သလို "မန်နေဂျင်း" တို့ "သူဌေးကြီး" တို့ ခေါ်ပြီး အိမ်ကျမှ အဖေခေါ်တာဟာ ပရော်ဖက်ရှင်နယ် ပီသမှုကို ပြတာဖြစ်တယ်။ အတုယူကြရမယ်။ မြန်မာပြည်မှာ တချို့အလုပ်ရှင်တွေက အလုပ်သမားလို သဘောမထားဘူး၊ မိသားစုသဘောမျိုး ဆက်ဆံတယ်လို့ ပြောလေ့ရှိတယ်။ ဒါဟာ အလုပ်ရှင် မပီသရာ ရောက်တယ်။ အလုပ်ခွင့်ဆိုတာ အိမ်ထောင်စုကြီးတစ်ခု မဟုတ်ဘူး။ အသွင်မတူတဲ့ လူတွေစုပြီး အလုပ်လုပ်နေကြတဲ့ နေရာတစ်ခုဖြစ်တယ်။
ပရဟိတသမား မဟုတ်ဘူး
သူတို့အားလုံးဟာ စေတနာနဲ့ လုပ်အားလာပေးကြတဲ့ ပရဟိတသမားတွေ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်အားနဲ့ ထိုက်တန်တဲ့ အခေကြေးငွေရဖို့ လာလုပ်ကြတာ ဖြစ်တယ်။ အလုပ်ရှင်က လုပ်ငန်းတစ်ခု ထူထောင်ထားတာလည်း ကုသိုလ်ရချင်လို့ အလှူဒါနပေးဖို့ မဟုတ်ဘူး။ သင့်တင့်လျောက်ပတ်တဲ့ အမြတ်အစွန်း ရဖို့ဖြစ်တယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးဟာ လုပ်ငန်းသဘော ဆက်ဆံရေးပဲ ဖြစ်ရမယ်။ သားအဖပဲဖြစ်စေ အလုပ်ထဲမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားပဲ ဖြစ်ရမယ်။ လုပ်ငန်းသဘော ဆက်ဆံရေးပီသဖို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ တိတိကျကျ ရှိရမယ်။ အလုပ်သမားရဲ့ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေလည်း အတိအကျ သတ်မှတ်ရမယ်။ အလုပ်ရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေကိုလည်း အတိအကျ သတ်မှတ်ရမယ်။ ဆုကြေး အချိန်ပိုကြေးတို့ကိုလည်း အလုပ်ရှင်က ပေးချင်သလိုပေးတာမျိုး မဖြစ်စေရဘူး။ အလုပ်ရှင် အလုပ်သမား ဥပဒေသတ်မှတ်ချက် များနဲ့အညီ တိကျပြတ်သားစွာ ရေးဆွဲသတ်မှတ်ရမယ်။
အလုပ်နဲ့တူရမယ်
စည်းကမ်းသတ်မှတ်ချက် မှန်သမျှကိုလည်း ပါးစပ်နဲ့ပြောပြီး ခေါင်းထဲမှာ မှတ်ထားတာမျိုး မဖြစ်စေရဘူး။ အလုပ်ဝင်ချိန် စာချုပ်လက်မှတ် ရေးထိုးတဲ့အထဲမှာ အပြည့်အစုံ ထည့်သွင်းရေးသားထားရမယ်။ ဒါမှ အလုပ်နဲ့တူတယ်။ အလုပ်ဆိုတာ အလုပ်နဲ့တူရမယ်။ စာသင်ကျောင်းနဲ့ တူလို့ မဖြစ်ဘူး။ လူတွေ့တိုင်း တပည့်သတ်မှတ်ပြီး ဆရာအခေါ်ခံချင်လို့လည်း မဖြစ်ဘူးဆိုတာ ကောင်းကောင်းသိထားသင့်ပါတယ်။
No comments:
Post a Comment