Wednesday, October 13, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


နောင်တဆိုတာ နောက်မှရတတ်တယ်
လူ့ဘ၀ဟာ ခဏတာလေးပါ။ ဒီအတွင်းမှာ လူတွေဟာ အပင်ပန်းခံပြီး ပညာတွေ သင်ကြရ၊ ပစ္စည်းဥစ္စာတွေ ရှာကြရ၊ ၀တ်ကြ စားကြ၊ ကြွားကြ မော်ကြနဲ့၊ တစ်ဘ၀ ပြီးသွားပြန်ရော။ တဏှာအလိုကို လိုက်ပြီးတော့ တဏှာခိုင်းတိုင်း လိုက်လုပ်နေကြရတာ။ ၀တယ်လို့လည်း မရှိ၊ ကျေနပ်အားရပြီလို့လည်း မရှိ။ ဒီလိုနဲ့ တစ်ဘ၀ဇာတ်သိမ်း သေသွားကြပြန်ရော။
ငယ်ငယ်ကစပြီး ကောင်းကောင်းနေကြပါ။ "ကြီးခါမှ ကောင်းကောင်းနေမယ်" လို့ မလုပ်ကြပါနဲ့။ နောင်တဆိုတာ နောက်မှ ရတတ်တယ်။ ငယ်ငယ်တုန်းက မဟုတ်တာတွေ လုပ်ထားမိရင် ကြီးခါကျတော့ နောင်တတွေ ရကုန်ရော။ "၀ိပ္ပဋိသာရ" လို့ ခေါ်တဲ့ နှလုံးမသာယာမှုတွေ ဖြစ်ကုန်ရော။ ဒါကြောင့် ကောင်းကောင်းနေကြ။

လမ်းလေးခွအဆုံမှာရှိတဲ့ ဇရပ်အို
မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ ကိုယ်နီးစပ်ရာနဲ့ မကင်းရာမကင်းကြောင်းတွေ စုနေရအောင် လုပ်တာလည်း ကံပဲ။ ကွဲကွာသွားအောင် လုပ်တာလည်း ကံပဲ။ ဇရာ၊ ဗျာဓိ၊ မရဏ လက်ချက်ကြောင့် ခွဲခွာကြရပြီဆိုတော့ မသေခင်က ကိုယ်စုဆောင်းထားခဲ့တဲ့ ကုသိုလ်ထုပ်၊ အကုသိုလ်ထုပ်ကလေးတွေကို ဆွဲဆင်းကြရတော့တာပဲ။
ဒီအသိုက်အ၀န်းတွေကို စုပေးလိုက်တာလည်း ကံပဲ။ ခွဲပေးလိုက်တာလည်း ကံပဲ။ ဒီကံတွေ အဖော်လုပ်ပြီးတော့ သံသရာလမ်းကို လျှောက်သွားနေကြရတာ။ ယခု တွေ့နေကြတာလည်း လမ်းလေးခွအဆုံမှာရှိတဲ့ ဇရပ်အို ဇရပ်ပျက်ကြီးပေါ်မှာ လာပြီး ခရီးသွားတွေ ဆုံကြသလို ကြုံကြသလိုဟာပဲ။

ရေလယ်ကြောမှာ လှေငယ်နဲ့မျော
ကိုယ့်ဘ၀မှာ မျှော်လင့်ချက်ဆိုတာ ထားရတယ်။ မျှော်လင့်ချက် မရှိဘဲနဲ့ သွားနေတဲ့သူကတော့ လူအ လူနပဲ။ ရည်ရွယ်ချက်မရှိဘဲနဲ့ ရေလယ်ကြောမှာ လှေငယ်နဲ့ မျောနေတဲ့သူနဲ့ တူတယ်။ သူ့ဘ၀မှာ ဘာမျှလည်း ထူးထူးခြားခြား ဖြစ်လာမှ မဟုတ်ဘူး။ ဘာအောင်မြင်မှုမှလည်း ပေါ်လာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက်မှ မရှိဘဲကိုး။ ဦးတည်ချက်မှ မထားဘဲကိုး။

No comments:

Post a Comment

 
Web Statistics