Wednesday, October 13, 2010

မြန်မာ့နိုင်ငံရေး အလွယ်တွေးမရ - မောင်စူးစမ်း


noteasytothinkaboutmyan.png

အကဲဖြတ်နည်း
ဒီမိုကရေစီကို လက္ခဏာနှစ်ပါးဖြင့် အကဲဖြတ်နိုင်သည်။ ပထမလက္ခဏာမှာ လွတ်လပ်သော ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရစနစ်သစ် ပေါ်ထွန်းရမည် ဟူ၍ဖြစ်သည်။ ဒုတိယလက္ခဏာမှာ ဒီမိုကရေစီသည် လူ့အခွင့်အရေးတို့ကို လမ်းဖွင့်ပေးခြင်း ဖြစ်သည်ဟူ၍ အကဲဖြတ်သည်။ အမေရိကား၌ ဒီမိုကရေစီနှင့် ပတ်သက်၍ အငြင်းပွားမှုသည် အသွင်တစ်မျိုး ဆောင်သည်။ လွတ်လပ်သော စီးပွားရေးလုပ်ပိုင်ခွင့် ဓနပိုင်ဆိုင်ခွင့် ဈေးကွက်လူ့အဖွဲ့အစည်း အီဗော်လူးရှင်းတရား၏ သက်ရောက်မှုတို့ကို အခြေခံ၍ အငြင်းအခုံဖြစ်သည်။

ဒီမိုကရေစီအောင်ပွဲခံသည်မှာ လူ့အဖွဲ့အစည်းသည် အဆင့်မြင့်မြင့် လှုပ်ရှားခွင့်ရခြင်း၊ ဈေးကွက်လူ့အဖွဲ့အစည်းနှင့် ထူးချွန်ထက်မြက်သူများ ပေါ်ပေါက်ခြင်းတို့ကြောင့် ဖြစ်သည်။ ဤနေရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်သော ဒီမိုကရေစီနှင့် လူတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တစ်နည်းပြောလျှင် လူထု၏ ယေဘုယျစိတ် ပြဋ္ဌာန်းချက်တို့သည် ကွဲပြားခြားနားမှု ရှိသည်။ အချို့ပညာရှင်တို့က ဒီမိုကရေစီသည် "လူတစ်ကိုယ် မဲတစ်မဲ" ဟူသောအမြင်ဖြင့် ရှုမြင်သည်။ အချို့က ဒီမိုကရေစီကို အင်စတီကျူးရှင်းတို့ကို ရည်ညွှန်းကြသည်။ အချို့က ဒီမိုကရေစီသည် လူတို့၏ ဘ၀နေဟန်ကို ရည်ညွှန်းသည်ဟု အကဲဖြတ်သည်။

ဝိညာဉ်နှင့် အင်စတီကျူးရှင်း
မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီ၏ ၀ိညာဉ်သည် အင်စတီကျူးရှင်းတို့၏ ထူးခြားမှုကဲ့သို့ပင် အရေးပါ အရာရောက်သည်။ သဘောမှာ ဒီမိုကရေစီ၏ ၀ိညာဉ်ကို အဓိကထား ကြည့်မလား၊ သို့တည်းမဟုတ် အင်စတီကျူးရှင်းတို့ကို အဓိကထား ကြည့်မလားဟူ၍ ကွဲပြားခြားနားသည်။

အထက်ပါတို့မှာ ဒီမိုကရေစီနှင့် ပတ်သက်၍ အခြေခံမူတို့အကြောင်း ဖြစ်သည်။ လူထုကို အခြေခံအဖြစ် ထားကြည့်ရသည်မှာ လူတို့၏ သဘောထားအမြင်အပေါ် အခြေစိုက်နိုင်ရန် ဖြစ်သည်။ သို့ဖြင့် ဒီမိုကရေစီလိုလားသော နိုင်ငံရေးသမားတို့အဖို့ ပြည်သူ၏ သဘောထားအမြင်ကိ ပို၍ အရေးစိုက်မလား၊ သို့တည်းမဟုတ် ပေါ်လစီမူဝါဒရေးရာတို့အပေါ် အရေးစိုက်မလားဟူ၍ ဖြစ်လာသည်။ အရေးစိုက်မှု နှစ်ရပ်စလုံးသည် ပညာရေးအပေါ် မူတည်နေလေရာ နိုင်ငံရေးသမားတို့သည် ပညာရေးအကြောင်း ကြွေးကြော်သံများ ထုတ်ကြသည်။

မီဒီယာ
သဘောမှာ နိုင်ငံရေးသမားတို့သည် ခံစားမှုကို လှုံ့ဆော်သော ကြွေးကြော်သံတို့ကို ထုတ်လုပ်ကြခြင်းဖြစ်သည်။ ပညာပိုင်းဆိုင်ရာ အငြင်းအခုံတို့ကို မမွေးထုတ်နိုင်ကြပေ။ ထို့ကြောင့် ပညာရှင်တစ်ဦးက ပညာတတ်ဒီမိုကရေစီသည် ပေါ်ပေါက်ရန် ခဲယဉ်းသည်ဟု အကဲဖြတ်ဖူးသည်။ ဤနေရာ၌ မီဒီယာတို့လည်း အပြစ်မကင်းပေ။ မီဒီယာတို့သည် ပြည်သူ့အကျိုးစီးပွားဆိုသော စကားရပ်ကို ရှုပ်ထွေးနောက်ကျိအောင် ပြုလုပ်သည်။

ဒီမိုကရေစီဆိုသော စကားရပ်သည် အဓိပ္ပါယ်မျိုးစုံကို သယ်ဆောင်သဖြင့် လူအမျိုးမျိုးက အနက်အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။ ပို့စ်မော်ဒန်အမြင်အရ မဟာအိုင်ဒီယာကြီးများ ကျဆုံးနေချိန်ဖြစ်သဖြင့် ဒီမိုကရေစီကို သူ့အရပ် သူ့ဇာတ်ဖြင့် ရှုမြင်ရသည့်သဘော ဖြစ်လာသည်။ ထို့ကြောင့် လာမည့် နိုဝင်ဘာရွေးကောက်ပွဲအပြီး ကာလကို မဟာအိုင်ဒီယာကြီးတို့ဖြင့် ရှုမြင်အကဲခတ်လျှင် တရားမျှတမှု ရှိလိမ့်မည်မဟုတ်ပေ။ ရွေးကောက်ပွဲမှ ပေါ်ပေါက်သည့် ဒီမိုကရေစီသည် ကိုယ့်ခြံပေါက် ဒီမိုကရေစီဖြစ်၍ သူ့အတိုင်းအတာနှင့်သူ အဖြေများ ပေါ်နိုင်သည်။ အဖြေတို့တွင် (၁) အင်စတီကျူးရှင်း၊ (၂) ပေါ်လစီ၊ (၃) မဟာဗျူဟာ ရှေးရှုချက်၊ (၄) လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ဟူ၍ ပေါ်ပေါက်နိုင်သည်။

အုပ်စိုးသူ၏ စေတနာ
ရှေးဦးပထမ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးသည်နှင့် အင်စတီကျူးရှင်းနှင့် ပေါ်လစီတို့ အပြောင်းအလဲဖြစ်မည်။ လွှတ်တော်နိုင်ငံရေး ပေါ်လာမည်။ ပေါ်လစီတို့ကို အချီအချစကား ပြောလာကြမည်။ ဤသို့ ပေါ်လာခြင်းသည်ပင်လျှင် ရှိရင်းစွဲအခြေအနေ တစ်နည်းပြောလျှင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲပစ်မည်။ တစ်ဖက်စွန်း ယူဆသူတို့က ရွေးကောက်ပွဲမှ မည်သည့်အပြောင်းအလဲမျှ မပေါ်ပေါက်နိုင် ဟူ၍လည်းကောင်း၊ အကယ်၍ ပေါ်ပေါက်မည်ဆိုလျှင် အတုအယောင် အပြောင်းအလဲသာ ဖြစ်မည်ဟူ၍လည်းကောင်း အကဲဖြတ်နေကြသ်ည။ ဤသို့ အကဲဖြတ်ချက်မျိုးသည် သမိုင်းတွင် တစ်ခါပေါ်ပေါက်ခဲ့ဖူးပြီး ဖြစ်သည်။ အင်္ဂလိပ်ပေးသော လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေးဟု စွပ်စွဲခဲ့ဖူသည်။ ယခုသည် စစ်ဘက်မှ စပွန်ဆာလုပ်သော ဒီမိုကရေစီကို အတုအယောင် ဒီမိုကရေစီဟု သမိုင်းတစ်ကျော့ ပြန်စွပ်စွဲနေသည်။ နိုင်ငံရေးတွင် အာဏာရှိသူတို့၏ စေတနာကို သုညအဖြစ် ထားတွက်ခြင်းသည် ဆင်ခြင်တုံတရားမဲ့သော သုံးသပ်မှုဟု ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ အုပ်ချုပ်သောသူ၏ စေတနာကို ထည့်မတွက်ချင်သည့်တိုင်အောင် သူ့စေတနာ၏ အကျိုးသက်ရောက်မှု ရလဒ်ကိုမူ ထည့်တွက်ရမည်။

မြန်မာ့နိုင်ငံရေး၌ ကလေးဆန်သော အယူအဆတစ်ရပ် ရှိသည်။ ၎င်းမှာ အုပ်စိုးသူအုပ်စု၏ စေတနာကို ထည့်မတွက်ခြင်း ဖြစ်သည်။ ဤကဲ့သို့ ထည့်မတွက်ခြင်းကို ခပ်လွယ်လွယ် ပြီးစလွယ် စဉ်းစားခြင်း (Simplistic Thinking) ဟု ခေါ်သည်။ မြန်မာ့နိုင်ငံရေးသည် ရှုပ်ထွေးသည်။ ထို့ကြောင့် ပြီးစလွယ် ခပ်လွယ်လွယ်တွေး၍ မရနိုင်ပြီ။

No comments:

Post a Comment

 
Web Statistics