Tuesday, October 05, 2010

စာဖတ်ကြစမ်းပါတဲ့ - ကိုဉာဏ် (ပန်းလောင်မြေ)


readkonyan.png

တစ်နေ့တုန်းက ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည် ပြောဆိုဖြစ်ပါတယ်။ မကြာခဏဆိုသလို ကျွန်တော့်ဆီကနေ စာအုပ်တွေ လာငှားပြီး ဖတ်နေတဲ့သူဆိုပါတော့။ စာအုပ်လာငှားတိုင်းလည်း ဘာစာအုပ် ဖတ်ချင်လို့ ဆိုတာမျိုး ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ သူအမြဲပြောတတ်တာကတော့ "အစ်ကိုရေ.. ကျွန်တော့်အတွက် စာအုပ်တစ်အုပ်လောက် ရွေးပေးပါ" တဲ့။ ကျွန်တော့်အတွက် အင်မတန်မှကို ခက်ခဲတဲ့အလုပ် ဖြစ်ပါတယ်။ သူကတော့ ကျွန်တော့်အတွက် ဘာမှအပန်းမကြီးတဲ့အလုပ်လို့ ထင်နေမှာပါပဲ။ သူ့အထင်လေးကို မပျက်စေချင်တဲ့အတွက် ဘာမှမပြောတော့ဘဲ ရွေးပေးလိုက်တာချည်းပါပဲ။ အဲဒီလိုဆိုလေတော့ အခုစာဖတ်နေသူက ထင်ပါလိမ့်မယ်။ စာအုပ်လေးတစ်အုပ် ငှားရတာများ အဲဒီလောက်အထိ ဇာချဲ့နေရသလားရယ်ပေါ့။ ဟုတ်ကဲ့… ရှင်းပြပါ့မယ်။ အဲဒီလို ရှင်းပြချင်တာကြောင့်လည်း ဒီစာလေးကို ရေးဖြစ်ပါတယ်။

စိတ်ဝင်စားမှုချင်း၊ အကြိုက်ချင်း မတူကြဘူး
လူတစ်ယောက်နဲ့တစ်ယောက်ဟာ စိတ်ဝင်စားမှုချင်း၊ အကြိုက်ချင်းမတူကြပါဘူး။ လူငယ်တွေ ပြောလေ့ရှိကြတဲ့ ရယ်စရာစကားနဲ့ ပြောရမယ်ဆိုရင် လူတိုင်း အကြိုက်ချင်းတူနေရင် ရှော့ခ်တွေ ဖြစ်ကုန်ကြမှာပေါ့ဗျ။ လူတွေကိုပဲ ပြောမယ်ဆိုရင်ကို တချို့က ခန္ဓာကိုယ် ပိန်ပိန်ပါးပါး လေးတွေကိုကြိုက်တယ်၊ တချို့ကျတော့ ၀၀ကစ်ကစ်လေးတွေမှ ချစ်တယ်၊ တချို့က အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းတွေကို သဘောကျတယ်၊ တချို့ကျတော့ ခန္ဓာကိုယ် ခပ်သွယ်သွယ်လေးမှ စွဲဆောင်မှုရှိတယ် ထင်ကြတယ်၊ စသည် စသည်ဖြင့်ပေါ့လေ။ လူအမျိုးမျိုး၊ အကြိုက်အမျိုးမျိုး ဆိုပါတော့။ ဒါက လူတွေကိုပြောတာပါ။ စာအုပ်တွေမှာလည်း အဲဒီလိုပါပဲ။ လူတိုင်းဟာ စာပေအမျိုးအစား တစ်ခုတည်းကို ကြိုက်နှစ်သက်ကြသူတွေ မဟုတ်ကြပါဘူး။ တချို့က ရာဇ၀င်တွေ၊ သမိုင်းတွေကို စိတ်ဝင်စားတယ်၊ တချို့ကတော့ ထူးဆန်းထွေလာ ဗဟုသုတတွေကို လိုချင်တပ်မက်တယ်၊ တချို့ကတော့ အပျော်ဖတ်စာတွေကိုပဲ စွဲလန်းတယ်၊ တချို့ကျပြန်တော့ ဘာသာရေးစာပေကလွဲရင် အခြားဘာကိုမှ စိတ်မ၀င်စားဘူး၊ စသည်ဖြင့်ပေါ့လေ။ အဲဒါကြောင့်မို့ အပေါ်မှာ ငြီးခဲ့တဲ့အတိုင်း စာအုပ်လာငှားတဲ့အခါ စာအုပ်ရွေးပေးပါဆိုရင် အခက်တွေ့ရတယ်လို့ ပြောတာပါ။ ကျွန်တော့်ဆီမှာ ၀ယ်ယူစုဆောင်းထားသမျှ စာအုပ်တွေဟာ ကျွန်တော်သဘောကျလို့၊ နှစ်ခြိုက်လို့ပေါ့ဗျာ။ ဘာရွေးစရာ လိုမလဲ။ ဒါပေမယ့် လာငှားတဲ့လူက ကျွန်တော်မှ မဟုတ်တာပဲ။ အဲဒီတော့ ကျွန်တော့်စိတ်နဲ့ယှဉ်ပြီး ဒါလေးကောင်းတယ်ကွ၊ ဒီစာအုပ်က အရမ်းမိုက်တယ်လို့ လုပ်လို့မရပါဘူး။

စာအုပ်မငှားခင် သူ့စိတ်ကို အရင်ငှားရတယ်
အဲဒီတော့ ဘာလုပ်ရသလဲဆိုတော့ သူ့ကိုပြန်ပြီး မေးခွန်းတွေ မေးရတာပေါ့။ ဘယ်လိုစာအုပ်တွေ ဖတ်ဖူးသလဲဆိုတာနဲ့ အဲဒီစာအုပ်တွေထဲက ဘယ်စာအုပ်တွေကို သဘောကျသလဲ။ အဲဒီအချက်က အရမ်းကို ထိရောက်ပါတယ်။ လူသဘောသဘာဝအရ ကိုယ်သဘောကျနှစ်သက်တဲ့ စာအုပ်မျိုးဆိုရင် အမြဲတစေ မှတ်မိနေတတ်တာကိုး။ အဲဒါကြောင့် သူက ဘယ်စာအုပ်တွေကို သူအရမ်းသဘောကျကြောင်း၊ ဘယ်စာအုပ်ကတော့ ထင်သလောက် မကောင်းတဲ့အကြောင်း ပြောတဲ့အခါ သူ့ရဲ့စိတ်ဝင်စားမှုကို ခန့်မှန်းရ လွယ်ကူသွားပါပြီ။ နောက်ထပ်တစ်ခါ အခုလတ်တလော ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေအကြောင်း မေးမြန်းရပါတယ်။ မကြာသေးခင်က ဘယ်လိုစာအုပ်မျိုး ဖတ်ခဲ့သလဲ ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကာတွန်းတွေ ဖတ်ဖြစ်သလား၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးဦးရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ဖြစ်ခဲ့သလား၊ ဘာသာရေးစာအုပ်လား စသည်ဖြင့်ပေါ့လေ။ သူ့ရဲ့ နောက်ဆုံးစိတ်အခြေအနေကို သိနိုင်တာမို့ပါ။ ကဲ.. မြင်တဲ့အတိုင်းပါပဲဗျာ… စာအုပ်လေးတစ်အုပ် ငှားရတာက ဘာမှအပန်းမကြီးပါဘူး။ မငှားခင် သူ့ကို ဘာဖတ်ခိုင်းရင် သင့်တော်မလဲဆိုတာကို စဉ်းစားရတာ တစ်နည်း သူ့စိတ်ကို အရင်ငှားပြီး ခံစားကြည့်ရတာက ပိုခက်၊ ပိုပင်ပန်းတယ်ဗျ။ ဒါပေမယ့် ကျွန်တော်ပျော်ပါတယ်။ အစပထမပိုင်းတော့ လွဲချော်မှုတွေ ရှိပါတယ်။ ငှားလိုက်တဲ့စာအုပ်ကို မကြိုက်တဲ့အတွက် နောက်နေ့မှာ ပြန်လာပေးတာမျိုး၊ ဖတ်ပြီးတဲ့အချိန်မှာ စာအုပ်က ဘာမက်ဆေ့ခ်ျကို ပေးချင်မှန်း နားမလည်တဲ့အကြောင်း ပြောပြတာမျိုးတွေပေါ့။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ စာအုပ်ငှားပေးရတဲ့ အကြိမ်အရေအတွက် များလာတဲ့အခါမှာ ဘယ်သူလာရင် ဘယ်လိုစာအုပ် ငှားပေးရမယ်ဆိုတာကို တော်တော်လေးကို ကျွမ်းကျင်လာပါတယ်။ လူတစ်ယောက်နဲ့ စကားပြောလိုက်တာနဲ့ သူ့ရဲ့ စိတ်ဝင်စားမှုဟာ ဘာလဲဆိုတာကို အနီးစပ်ဆုံး ခန့်မှန်းနိုင်နေပါပြီ။ ကြွားတာမဟုတ်ပေမယ့် အဲဒီအတွက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူမိတာ အမှန်ပါ။

မှတ်စုမှတ်တဲ့အကျင့်
တစ်ခါတစ်လေ စာအုပ်ငှားတဲ့ညီငယ်က အားငယ်တဲ့လေသံနဲ့ ပြောတတ်ပါသေးတယ်။ ကျွန်တော်က စာအုပ်တွေသာ ငှားဖတ်နေရတာ၊ အစ်ကို့လို မှတ်စုတွေ ဘာတွေနဲ့ သေချာမှတ်တာ၊ ပြုတာ မလုပ်နိုင်တော့ အကျိုးမရှိဘူး ထင်တာပဲတဲ့။ သူက ကျွန်တော့်ရဲ့ မှတ်စုစာအုပ်တွေကို ဖတ်ဖူးနေလို့ အဲဒါမျိုးပြောတာပါ။ အရင်တုန်းကတော့ စာအုပ်ဖတ်တဲ့လူတွေဟာ စာအုပ်ဖတ်တဲ့အခါ အဲဒီလို မှတ်စုတွေဘာတွေ မှတ်တတ်ကြတယ်လို့ သူတွေးထင်ခဲ့ပုံတောင် မရပါဘူး။ ဒါကလည်း သူကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်မယ်ထင်ပါတယ်။ တချို့တွေက စာအုပ်ပေါင်းများစွာ ဖတ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့မှာ မှတ်စုမှတ်တဲ့အကျင့် မရှိကြပါဘူး။ ကျွန်တော့်အထင် ပြောရမယ်ဆိုရင် စာအုပ်ဖတ်တဲ့လူတိုင်း မှတ်စုတွေဘာတွေ မှတ်ကြတယ်လို့ ပြောနိုင်မယ် မထင်ပါဘူး။ စာအုပ်ကို မဖတ်ရရင် မနေနိုင်လို့သာ စာအုပ်တွေ ဖတ်နေကြတာ။ မှတ်စုထုတ်ဖို့ အချိန်မပေးနိုင်ကြသူတွေလည်း ရှိနိုင်တာပါပဲ။ အဲဒီတော့ မေးစရာတစ်ခု ပေါ်လာပါတယ်။ ဘယ်လိုလူတွေက စာဖတ်တဲ့အခါ မှတ်စုထုတ်တတ်ကြသလဲပေါ့။ ကျွန်တော်ကတော့ အဲဒီညီငယ်ကို အခုလိုပြောလိုက်ပါတယ်။ စာအုပ်ဖတ်တာဟာ ကောင်းတဲ့အကျင့်ပါကွာ။ စာအုပ်ထဲမှာ မှတ်တာ၊ မမှတ်တာထက် ခေါင်းထဲမှာ မှတ်မိနေဖို့၊ ခေါင်းထဲကို ရောက်သွားဖို့က အဓိကလိုရင်းပါ။ တစ်နည်းနည်းနဲ့ ပြန်အသုံးချမယ့်လူတွေ (စာရေးမယ့်လူ၊ သုတေသန လုပ်နေတဲ့သူ၊ စာတမ်းတင်မယ့်သူ စသည်) အတွက်တော့ မှတ်သားစရာလိုလို့ မှတ်သားကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် စာဖတ်ပြီးတော့ မှတ်စုမမှတ်တာနဲ့ပဲ စာဖတ်တာဟာ အကျိုးမရှိဘူးလို့ မယူဆသင့်တဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။

စာတခြား လူတခြား တတ်ယောင်ကားတွေကြောင့်
တပ်လိုက်တဲ့ခေါင်းစဉ်ဟာ အနည်းငယ် မာနေမှန်း၊ ရိုင်းနေမှန်းတော့ သိပါတယ်။ ဒါပေမယ့် ဒီခေါင်းစဉ်ကိုပဲ တမင်သုံးပါရစေ။ စာအုပ်တွေ မရေမတွက်နိုင်အောင်ဖတ်ပြီး စာတခြား လူတခြား ဖြစ်နေတဲ့လူတွေကို မြင်တဲ့အခါတိုင်း အလိုလို စိတ်တိုရလွန်းလို့ပါ။ ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် သူတို့တွေရဲ့ အသုံးမကျမှုကြောင့် မကြာခဏဆိုသလို စာဖတ်သမားတွေကို ထိခိုက်ရလွန်းလို့ပါ။ ဒီနေ့ခေတ်အချိန်အခါမှာ လူအတော်များများဟာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို သိမြင်လာကြပြီ ဖြစ်ပေမယ့် "စာဖတ်တဲ့လူဆိုရင် ဂေါက်တောက်တောက်၊ ကြောင်တောင်တောင်" လို့ မြင်တတ်တဲ့လူ၊ ပြောတတ်တဲ့လူတွေ ရှိနေသေးတယ်ဆိုတာ စာဖတ်သူ သိမယ်ထင်ပါရဲ့။ တစ်ခါသားက ဗီဒီယိုတစ်ခုမှာတောင် စာအုပ်တွေအဖတ်များပြီး ရူးသွားတဲ့သဘောမျိုး ရိုက်ကူးထားလို့ ကျွန်တော်ရေးခဲ့ပါသေးတယ်။ အဲဒီလို ဖြစ်ရတာဟာ စောစောက ကျွန်တော်ပြောတဲ့ စာတခြား လူတခြားတွေကြောင့်ပါ။ "အဲဒီကောင်က စာအုပ်ကြီးသမားကွ" ၊ "အဲဒီကောင်က စာတွေဖတ်ပြီး သူသိ၊ သူတတ်ချည်းပဲ ထင်နေတော့တာ" ၊ "ဟေ့ကောင်တွေ၊ ဟိုကောင့်ကိုတော့ ရှောင်ဟေ့၊ လူတွေ့တာနဲ့ စာအုပ်ထဲက ကျက်ထားတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေနဲ့ ကိုင်ပေါက်ဖို့ပဲ ကြိုးစားနေတဲ့ကောင်" စသည့် စသည့် စကားသံတွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အတော်စိတ်တိုရတယ်။ ပြောတဲ့လူတွေကို ဒေါသတကြီးနဲ့ ရန်တွေ့ပစ်လိုက်ချင်ပေမယ့် သူတို့ပြောတဲ့ လူတွေကလည်း ပြောသလို ဟုတ်နေလေတော့ ခက်ရတာပေါ့ဗျာ။ ရှေးပညာရှိတစ်ဦးရဲ့ ဆိုစကားကိုပဲ ပြန်ကိုးကားရတော့မှာပေါ့။ "ဘာမှမတတ်တဲ့လူထက် တစ်ပိုင်းတစ်စ တတ်တဲ့လူက ပိုကြောက်ဖို့ကောင်းတယ်" တဲ့။ အကြောင်းအရာတစ်ခုခုကို နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်လည်း သိတာမဟုတ်ပါဘဲလျက် သိသလောက်ကလေးနဲ့ တတ်ယောင်ကားလုပ်တတ်၊ ပြောတတ်တဲ့သူတွေဟာ စာတခြား လူတခြားတွေ ဖြစ်တတ်ကြပါတယ်။

အသုံးချဖို့သာ အဓိက
စာအုပ်တွေ ဘယ်လောက်အများကြီးပဲ ဖတ်နေဖတ်နေ၊ ဘယ်လိုစာကြီးပေကြီးတွေပဲ ဖတ်ဖူးသည်ဖြစ်စေ ဖတ်ခဲ့သမျှတွေထဲကနေ သင်ခန်းစာမယူတတ်ရင်၊ လက်တွေ့ကို ဆွဲယူအသုံးမချတတ်ရင် မျက်စိညောင်းတာ၊ စာအုပ်ဖိုးကုန်တာပဲ အဖတ်တင်ပါတယ်။ ဘာမှအကျိုးရှိတဲ့ စာဖတ်ခြင်းမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ "ကျွန်တော်က အင်မတန်ဆင်းရဲတယ်၊ အဲဒါကြောင့် ကြီးပွားတိုးတက်ချင်လို့ တက်ကျမ်းတွေကို အကုန်ရှာဖတ်တယ်၊ ဒါပေမယ့် အခုအချိန်ထိ မကြီးပွား၊ မတိုးတက်သေးဘူး" လို့ အငေါ်တူးချင်တဲ့လူတွေ ရှိမှာပါပဲ။ စကားအများကြီးနဲ့ မရှင်းပြချင်ပါဘူး။ သူဖတ်တဲ့စာတွေထဲက အောင်မြင်ရေးနည်းလမ်းတွေကို တကယ်အသုံးမချသေးလို့သာ မအောင်မြင်သေးတာလို့ပဲ ဆိုချင်ပါတယ်။ တကယ့်ကို ဖြစ်ချင်တဲ့လူ၊ အောင်မြင်ချင်တဲ့လူဆိုတာ စာအုပ်တွေ အများကြီးမလိုပါဘူး၊ စကားလေးတစ်ခွန်း၊ နည်းလမ်းလေးတစ်ခု၊ စာအုပ်လေးတစ်အုပ်နဲ့လည်း ဖြစ်မြောက်သွားနိုင်တာမျိုးပါ။ ဒီနေရာမှာ ကံတရားကိုလည်း ကျွန်တော်တို့ မေ့လျော့လို့ မဖြစ်ပါဘူး။ ကံ ဉာဏ် ၀ီရိယ လို့ ဆိုထားတယ်မဟုတ်လား။

အပျော်ဖတ် ၀တ္ထုတွေမှာလည်း ကောင်းကွက်တွေ ရှိပါတယ်
"ကျွန်တော်က အဲဒီလိုစာအုပ်တွေ မဖတ်ဘူးဗျ။ ၀တ္ထုတွေတော့ဖတ်တယ်" လို့ ပြောလာမယ့်လူတွေလည်း ရှိမှာပါပဲ။ ဟုတ်တော့လည်း ဟုတ်သားဗျ။ ၀တ္ထုဖတ်တာလည်း စာဖတ်တာပဲလေ။ ခွဲခြားခွဲခြားလုပ်လို့ ဘယ်ဖြစ်မလဲ။ အချို့သော အပျော်ဖတ် ၀တ္ထုတွေဟာ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ ရေးထားတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါဖြင့်ရင် အဲဒီလို စာအုပ်တွေထဲက ဘယ်လိုကောင်းတဲ့အချက်တွေကို ယူနိုင်မှာလဲလို့ မေးစရာရှိတယ်။ ကျွန်တော်ဆိုရင်တော့ ပြန်ဖြေမိမှာပါပဲ။ အနည်းဆုံးအနေနဲ့ ၀တ္ထုထဲမှာပါတဲ့ ဇာတ်ကောင်ကို ကြည့်ပြီးတော့ သင်ခန်းစာ ယူနိုင်တာပေါ့လို့။ နည်းနည်းများ ရှုပ်သွားမလား မသိပါဘူး။ ကျွန်တော်ဖတ်ဖူးသမျှ ပြောရမယ်ဆိုရင်တော့ ဘယ်ဝတ္ထုထဲမှာမှ အဓိကဇာတ်ကောင်တွေဟာ လောကကြီးအတွက် အသုံးမ၀င်ကြသူတွေ မဟုတ်ကြပါဘူး။ အနည်းဆုံးတော့ သူ့မိသားစုအတွက်၊ သူ့ရပ်ကွက်အတွက်၊ သူ့သူငယ်ချင်းတွေအတွက် တစ်နည်းနည်းနဲ့ အသုံးဝင်နေကြတဲ့ လူတွေချည်းပါပဲ။ အချို့သော ၀တ္ထုတွေမှာ ဆိုးပေးမိုက်ကမ်းနေတဲ့ ဇာတ်ကောင်တွေ ရှိတယ်လေလို့ ပြောချင်ကြပါလိမ့်မယ်။ ကျွန်တော့်အတွေ့အကြုံအရ ဆိုရင်တော့ ဘယ်လောက်ပဲ ၀တ္ထုတစ်အုပ်လုံး မိုက်ကမ်းခဲ့ပါစေ… နောက်ဆုံးမှာတော့ အမြင်မှန်ရတာ၊ လိမ္မာသွားတာမျိုးနဲ့ ဇာတ်သိမ်းတတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အချို့သော စာအုပ်များမှာတော့ နောက်ဆုံးဇာတ်သိမ်းတဲ့အထိ အမြင်မှန်ရတာမျိုး၊ လိမ္မာသွားတာမျိုး မရှိပဲ ဖြစ်နေတာမျိုးတွေ ရှိနေတတ်ပါသေးတယ်။ ဒါပေမယ့် အဲဒီလို ဇာတ်ကောင်တွေဟာလည်း ဘ၀ဇာတ်သိမ်း မလှမပနဲ့ ပြီးသွားတတ်ကြတာချည်းပါပဲ။ ဘယ်လောက်ညံ့တဲ့ စာရေးဆရာပဲ ဖြစ်စေဦးတော့ ဟစ်တလာလို လူမျိုးကို လူ့လောကရဲ့ သူရဲကောင်းအဖြစ်၊ သူတော်ကောင်းအဖြစ် ပုံဖော်ကြမယ် မထင်ပါဘူး။ ကဲ… အဲဒီလို သင်ခန်းစာတွေကို ထုတ်ယူလို့ မရနိုင်ဘူးလား။ ကိုယ်ကရော လူ့ဘ၀ နေတဲ့အခိုက်မှာ ဘယ်လိုဇာတ်ကောင်မျိုး ဖြစ်ချင်ခဲ့တာလဲ။

ဘယ်လိုစာတွေ ဖတ်ရမှာလဲ
စာဖတ်တဲ့အကြောင်းကို အပေါ်မှာ အတော်များများ ရေးခဲ့ပေမယ့်လည်း သိပ်တော့ ကျေနပ်လှတယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မြန်မာ့လူနေမှု ပတ်ဝန်းကျင်မှာ စာဖတ်ကြဖို့ကိုတော့ တိုက်တွန်းတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ရမယ်၊ ဘယ်အသက်အရွယ်မှာ ဘယ်လိုစာအုပ်မျိုး ဖတ်သင့်တယ် စတာမျိုးကိုတော့ အကြံပေးတဲ့လူ၊ ရေးသားတဲ့သူ အင်မတန်မှ နည်းပါးပါတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ စာအုပ်အညွှန်းတွေ ရေးကြတာပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေဟာ လူတိုင်းအတွက် လက်လှမ်းမမီတဲ့ဟာတွေ၊ လူတိုင်းစိတ်ဝင်စားတဲ့ အရာတွေ မဟုတ်တာတော့ သေချာပါတယ်။ အားမနာတမ်း ပြောရမယ်ဆိုရင် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက သူတို့လက်ဆောင်ရတဲ့ စာအုပ်တွေလောက်ကိုသာ ပြန်ညွှန်းကြတာပါ။ တစ်ခါတစ်ရံမှသာ အချို့သော စာရေးဆရာကြီးတွေက နိုင်ငံရေးလုပ်မယ်ဆိုရင် ဘယ်လိုစာအုပ်မျိုးတွေကို လေ့လာသင့်တယ်၊ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ထားရင်တော့ ဘယ်လိုစာအုပ်မျိုးကို ဖတ်သင့်တယ် စသည်ဖြင့် ရေးတတ်ကြပါတယ်။ ဒါကလည်း သူ့နယ်ပယ်အလိုက်သာ အသုံးဝင်တာမျိုးပါ။ အဲဒီတော့ လူတစ်ယောက်ကို ခင်ဗျားက တိုက်တွန်းပြီဆိုပါတော့။ "စာဖတ်ကွ" လို့ပေါ့။ အဲဒီတော့ သူက ပြန်မေးပါလိမ့်မယ်။ "ဘာလိုစာတွေ ဖတ်ရမှာလဲ" တဲ့။ ခင်ဗျား ဘယ်လိုပြန်ဖြေမလဲ။

တော်စတွိုင်းထက် တက္ကသိုလ်ဘုန်းနိုင်က ပိုနီးစပ်ပါတယ်
တစ်ခါတလေ လာလာချည်သေးတယ်၊ "မသေခင် ဖတ်သွားရမည့် စာအုပ် ၁၀၀" တဲ့။ ရေးထားတာက မြန်မာဘာသာနဲ့၊ ဘာသာပြန်ပြီး ရေးတဲ့လူကလည်း မြန်မာစာရေးဆရာ၊ ထုတ်ဝေတာကလည်း မြန်မာပြည်မှာ၊ အဲဒီစာအုပ်ကို ဖတ်မှာကလည်း မြန်မာစာဖတ်ပရိသတ်၊ အဲ… ဒါပေမယ့် အဲဒီစာအုပ်ထဲမှာ ညွှန်းထားတာက မြန်မာစာအုပ် တစ်အုပ်မှ မပါဘူး။ မြန်မာလိုရေးတဲ့ စာအုပ်တွေကိုတောင် တစ်နိုင်ငံလုံးကလူတွေ ဖတ်ကြပါ၊ ဖတ်ကြပါလို့ တိုက်တွန်းနေရတဲ့ အချိန်မျိုးမှာ အင်္ဂလိပ်ဝတ္ထုစာအုပ်ကြီးတွေကို မသေခင် ဖတ်သွားပါဦးဆိုတော့ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ မြန်မာလို ဘာသာပြန်ထားတဲ့ စာအုပ်တွေ ရှိတာပဲလေလို့ ပြန်ပြောကြပါလိမ့်မယ်။ အဲဒီစာအုပ်တွေရဲ့ ဈေးနှုန်း၊ စာအုပ်အနေအထားတွေဟာ လူဦးရေ သန်းဘယ်လောက်အတွက် လွယ်လွယ်ကူကူ ဖတ်နိုင်မလဲဆိုတာ စဉ်းစားသင့်ကြပါတယ်။ အဲဒီလို ညွှန်းမယ့်အတူတူတော့ War and Peaceတို့၊ Gone with the wind တို့၊ The Jungle တို့၊ The Roots တို့ကို ညွှန်းမယ့်အစား ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား၊ မင်းဆွေရဲ့ ဓား၊ ညိုမြရဲ့ကုန်းဘောင်ရှာပုံတော်၊ ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီ၊ ဂျာနယ်ကျော်မမလေးရဲ့ သူ စတဲ့စာအုပ်တွေကို ညွှန်းပါတော့လားဗျာ။ အခုတော့ သူများရေးထားတဲ့ စာအုပ်အညွှန်းကိုပဲ ဘာသာပြန်ပြီး ထပ်ဆင့်ညွှန်းနေတော့ တစ်မျိုးကြီးဖြစ်ရတယ်ဗျ။ အဲဒီလို ရေးနေတဲ့လူတွေကို စော်ကားတာ မဟုတ်ရပါဘူး။ သူတို့တွေ အဲလိုတွေ ရေးနေလို့သာလည်း ကျွန်တော်တို့တွေက စာအုပ်တွေကို ရွေးချယ်ဖတ်ရှုခွင့် ရနေကြတာပါပဲ။ စော်ကားသလို ဖြစ်ခဲ့ရင် လက်အုပ်ချီမိုးပြီး ဒီနေရာကနေ တောင်းပန်ကန်တော့ပါတယ်။ အဲဒီလို စာရေးဆရာကြီးတွေရဲ့ ကျေးဇူးတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆိုတဲ့အထဲမှာ လူတိုင်းမဟုတ်ကြသေးပါ။ ကျွန်တော်ပြောချင်တာကို နားလည်ကြမယ် ထင်ပါရဲ့။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ မြန်မာစာပေဟာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘဲလျက်၊ ခိုင်ခိုင်မာမာ ရှိနေပါလျက်နဲ့ "မြန်မာလူမျိုးတစ်ဦး အနေဖြင့် မသေခင် ဖတ်သွားသင့်သော မြန်မာစာအုပ် ၁၀၀" ဆိုတဲ့ စာအုပ်ညွှန်းတစ်ခုတောင် ပြုစုဖို့ မဖြစ်နိုင်ဘူးလားလို့ တွေးမိလို့ပါ။

စနစ်တကျ စာဖတ်ကျင့်ပျိုးထောင်ရရင်
သူများနိုင်ငံက ပညာရေးစနစ်တွေမှာ ဘယ်အတန်းမှာ ဘယ်စာအုပ်ကို မဖတ်မနေရဆိုပြီး ပြဋ္ဌာန်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။ တက္ကသိုလ်တွေမှာလည်း မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်စာရင်းကို ဆရာတွေက ကျောင်းသားတွေကို ပေးထားလေ့ရှိပါသတဲ့။ ဖတ်ပြီးပါပြီဆိုပြီး လိမ်လို့ညာလို့ ရမယ်မထင်လိုက်ပါနဲ့။ သူတို့စနစ်နဲ့သူတို့ ညာလို့မရအောင် စီမံထားပြီးသားပါတဲ့။ နောက်ပြီးတော့ ရှေးရှေးတုန်းက စာအုပ်တွေကိုပဲ ထပ်ခါတလဲလဲ ပြန်ညွှန်းနေတာမျိုး မဟုတ်ပါဘူးတဲ့။ ဒီနေ့ထွက်တဲ့စာအုပ်ဟာ ဖတ်သင့်တဲ့စာအုပ်၊ အကျိုးရှိတဲ့ စာအုပ်မျိုးဆိုရင် နောက်နေ့မှာ ကျောင်းပညာရေးဘုတ်အဖွဲ့က ဘယ်အတန်းပညာ အဆင့်အတွက် ဖတ်သင့်တဲ့စာအုပ်ဆိုပြီး ပြဋ္ဌာန်းပေးတတ်ပါသတဲ့။ ထားပါတော့လေ… ဒါတွေက ပညာရေးတွေရော၊ စနစ်တွေရော.. နည်းနည်းရှုပ်သလိုဖြစ်ပါတယ်။ ကိုယ်တွေက အဲဒါတွေကို ပြုပြင်နိုင်တာမှ မဟုတ်တာပဲ။ အလှမ်းမဝေးဘဲ နီးစပ်တာတွေကိုပဲ စဉ်းစားကြည့်တဲ့အခါ စာရေးဆရာကြီးတွေကိုပဲ သတိရမိတာပါပဲ။ စာရေးဆရာတွေဟာ စာစုံဖတ်ကြတာကိုး။ တစ်ယောက်တည်းနဲ့တော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စာရေးဆရာတွေ ၀ိုင်းဝန်းစုပေါင်းပြီး ဘယ်လိုအသက်အရွယ်၊ ဘယ်အတန်းပညာအဆင့်မှာ ဘယ်လိုစာအုပ်မျိုးကို မဖတ်မဖြစ် ဖတ်သင့်တယ်ဆိုပြီး ပြုစုရေးသားကြလျှင်ဖြင့် အနာဂတ် ကလေးငယ်တွေအတွက် အင်မတန်မှပဲ အကျိုးရှိမယ်လို့ ယူဆမိပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရမယ်ဆိုရင် ကွန်ပျူတာပညာရပ်ကို သင်ကြားပေးတဲ့အခါမှာ Beginner အဆင့်မှာ ဘယ်အကြောင်းအရာ၊ Advanced အဆင့်မှာ ဘယ်လိုအကြောင်းအရာ စသည်ဖြင့် သူ့ Level အလိုက် တစ်ဆင့်ချင်း တက်သွားတာမျိုးပေါ့။ Advanced အဆင့်ကို ရောက်ပြီဆိုရင်တော့ သူ့ဟာသူ ပရိုဂရမ်မာပဲလုပ်လုပ်၊ ဒီဇိုင်နာပဲလုပ်လုပ်၊ စာစီစာရိုက်ပဲလုပ်လုပ်၊ စက်ပြင်တဲ့လူပဲလုပ်လုပ်… သူ့ဝါသနာ၊ သူ့အခြေအနေနဲ့ သူပေါ့လေ။ စာဖတ်တာကိုလည်း ကလေးအရွယ်မှာ အခြေခံကစပြီး ဘယ်စာအုပ်တွေဖတ်၊ အလယ်တန်းလောက်မှာ ဘယ်စာအုပ်တွေဖတ်၊ အထက်တန်းမှာ ဘယ်လိုစာအုပ်တွေကိုဖတ်၊ တက္ကသိုလ်တန်းမှာ ဘယ်လိုစာအုပ်တွေဖတ် စသည်ဖြင့် တစ်ဆင့်ချင်းတစ်ဆင့်ချင်း စာဖတ်ကျင့် ပျိုးထောင်သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက်၊ ကျွန်တော်တို့ရဲ့ အနာဂတ် ရင်သွေးငယ်တွေအတွက် ဘယ်လောက်အကျိုးရှိမလဲလို့ တွေးကြည့်မိပါတယ်။

သကြားဆိုတာ
ပြောချင်တာကတော့ ကိုယ့်သူငယ်ချင်းတွေကိုဖြစ်စေ၊ ကိုယ့်ရဲ့ ညီငယ်၊ ညီမငယ်တွေကိုဖြစ်စေ၊ ကိုယ့်သားသမီးတွေကိုဖြစ်စေ၊ ကိုယ့်တပည့်တွေကိုဖြစ်စေ၊ ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေကိုဖြစ်စေ စာဖတ်ကြစမ်းပါလို့ တိုက်တွန်းကြပါ။ အဲ.. အဲဒီလို တိုက်တွန်းရုံနဲ့ တာဝန်ကျေပြီလို့ မမှတ်ယူကြဘဲ သူတို့တွေ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သင့်သလဲဆိုတာကိုပါ အကြံပေးကြစေချင်ပါတယ်။ ကူညီကြစေချင်ပါတယ်။ စာဖတ်ဖို့တော့ တိုက်တွန်းကြပါရဲ့။ ဘယ်လိုဖတ်ရမလဲ၊ ဘာတွေဖတ်ရမလဲဆိုတဲ့ အကြံပေးမှုမရှိ၊ စာဖတ်နိုင်တဲ့ အနေအထား၊ ပတ်ဝန်းကျင်တွေ မဖန်တီးပေးဘူး နိုင်ဆိုရင်တော့ သကြားဆိုတာ ဘာမှန်းမသိတဲ့လူကို "သကြားဆိုတာ သိပ်ချိုတာကွ" လို့ ခဏခဏ ပြောနေတာနဲ့ တူနေပါလိမ့်မယ်။ တကယ်တမ်းဖြစ်သင့်တာက "သကြားကိုယူ၊ သူ့ကိုပြ၊ ပါးစပ်ထဲကို ခွံ့ပေးပြီး အဲဒါသကြားကွ" လို့ ပြောလိုက်တာဖြစ်မယ်လို့ ယုံကြည်မိတာပါပဲ။ ကျွန်တော့်ရဲ့ အတွေးသက်သက်မျှပါ။ ဝေဖန်အကြံပြုမှုတွေကိုလည်း လက်ကမ်းကြိုလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်၊ တနင်္လာနေ့။
ညနေ ၆ နာရီ ၁၃ မိနစ်တွင်ပြီး၏။

3 comments:

  1. ကောင်းပါတယ် ။ တကယ်ကိုအကျိုးရှိတဲ့ စာတပုဒ် ပါပဲ ။ နောက်လည်း အခုလိုအတွေးအခေါ်တွေပေးတဲ့ စာမျိုးတွေများများရေနိုင်ပါစေဗျာ ...။

    ReplyDelete
  2. ကိုဉာဏ်
    ခင်ဗျားရဲ့အတွေးအခေါ် ကို ရေးချလိုက်လို့ စာဖတ်သူတွေ အမြင်သစ်တခု ပွင့်သွားပြီ။ ကျွန်တော် အနေနဲ့ တခြားစာဖတ်သူတွေကို နောက် အမြင်သစ်တခု ထပ်ပွင့်စေချင်တာက -- ပို့စ်တခုဖတ်ပြီးလို့ ကြိုက်ရင် ၊ သဘောတူရင် comment ရေးပြီး ချီးကျူးတာထက် ကျော်ပြီးတော့ " ကိုယ်တိုင် တတ်နှိုင်သလောက် လုပ်ကြစို့ " ဆိုတာပါပဲ။
    ကဲ ရေးနေတာကြာတယ် ဒီလိုပြဋ္ဌာန်းနှိုင်တာဆို ပညာရေးဝန်ကြီးဋ္ဌာန၊ ခင်ဗျားရဲ့ပို့စ်ကို print ထုတ်ပြီး အောက်ကနေ ကျွန်တော်လက်ရေးနဲ့ ထောက်ခံကြောင်း အကြံပြုပြီး စာတိုက်ကနေ ပို့မယ်။ တခုတော့ရှိတယ်၊ ကျွန်တော့စာတစောင်ထည်းဆို ဖတ်ပြီး အမှိုက်ပုံးထဲ ရောက်ချင်ရောက်လိမ့်မယ်။ စာဖတ်သူ သောင်းနဲ့ချီ၊ သိန်းနဲ့ချီပို့ကြရင်ဖြင့် ၀န် ကြီးက တခုခုတော့လုပ်ရလိမ့်မယ် ။
    စာရေးဆရာလည်း သူ့စာပေတွေ အသိအမှတ်ပြုခံရ
    ကျောင်းသားလူငယ်တွေလည်း အရည်အချင်းပြည့်မှီ
    တိုင်းပြည်အနာဂတ်အတွက်လည်း .........
    ဒီတပါတ်အတွင်း ရေးပြီးပို့မယ်ဗျာ
    လေးစားလျှက်
    စိုင်းယီ

    ReplyDelete
  3. War and Peaceတို့၊ Gone with the wind တို့၊ The Jungle တို့၊ The Roots တို့ကို ညွှန်းမယ့်အစား ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား၊ မင်းဆွေရဲ့ ဓား၊ ညိုမြရဲ့ကုန်းဘောင်ရှာပုံတော်၊ ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီ၊ ဂျာနယ်ကျော်မမလေးရဲ့ သူ

    အင်း ညွှန်းတာတွေကလည်း ညွှန်းလောက်အောင် ကောင်းတယ် ကိုဥာဏ် ပြောတာတွေကလည်း ကောင်းတယ် အားလုံး ဖတ်သင့်တာပါဘဲ

    ReplyDelete

 
Web Statistics