Sunday, November 14, 2010

ရခိုင်ပြည်ရောက် ကိုဉာဏ်တစ်ယောက်


(၁)
တိုက်တွန်းတဲ့လူတွေကလည်း တိုက်တွန်းကြလေတော့ ရေးတဲ့လူကလည်း
ရေးရတော့တာပေါ့။ ရောက်တဲ့ဒေသက အတွေ့အကြုံတွေကို ရေးပါဦးတဲ့။ အင်း...
သည်းခံ၍သာ ဖတ်ကြလေတော့လို့ပဲ အော်ရတော့မယ် ထင်ပါရဲ့။

(၂)
ကျွန်တော်ရောက်တဲ့ဒေသအကြောင်း ရေးမယ်ဆိုတော့ ဘာရေးရမှန်း မသိဘူး။
ဘာကြောင့်တုန်းဆိုတော့ ဒီဒေသအကြောင်းကို သေသေချာချာ သိမှမသိသေးဘဲကိုး။
မသိဆိုလည်း မလေ့လာဖြစ်သေးဘူးလေ။ မလေ့လာဖြစ်ဆို လေ့လာဖို့ အခြေအနေကလည်း
မပေးသေးဘူး။ အခြေအနေ မပေးဆို ကိုယ့်အလုပ်နဲ့ကိုယ် တစ်နေ့တစ်နေ့
ဘယ်လိုကုန်သွားမှန်းကို မသိဘူး။ အဲဒါကြောင့်ပါ။ အဲဒီတော့ မြင်ရသမျှ၊
ကြုံရသမျှ၊ ကြားရသမျှတွေထဲက အမှတ်ထင်ထင်လေးတွေကို ဝေမျှလိုက်ပါတယ်။
အချိန်ယူပြီး ရေးထားတာမဟုတ်တဲ့အတွက် စာမချောခဲ့ရင် သည်းခံပြီး
ဖတ်ပေးကြပါဦး။

(၃)
ပထမဆုံး ဒီမှာကြုံရတဲ့ အခက်အခဲကတော့ စကားပြောတာပါပဲ။ ကျွန်တော်ပြောတာကို
သူတို့နားလည်ပေမယ့် သူတို့ပြောရင် ကျွန်တော် နားမလည်တာပါပဲ။ ဗမာလို
ပြောနေတာဖြစ်ပေမယ့် ရခိုင်သံနဲ့ ပြောတဲ့ သူတို့စကားကို နားလည်အောင်
အတော်ကြီးကို ကြိုးစားရပါတယ်။ ဥပမာတွေ ပြောပါ့မယ်...
ရေသောက်တယ်ဆိုရင် ........ ရီသောက်တယ်တဲ့။ (ရီကို အနီးစပ်ဆုံး အရီလို့
ဆွဲပြီးတော့ ဖတ်ရမယ်ထင်ပါတယ်)
ရေနွေးကို ........ ရီပူတဲ့
တစ်ကို.... တိုက် တဲ့
နှစ်ကို နှိုက်တဲ့
(အဲဒါကြောင့် ဟိုစကားပေါ်လာတာ ဖြစ်မှာပါ။ လက်ဘက်ရည်တိုက်၊
နို့နှိုက်ဆိုတာပါ။ လက်ဘက်ရည်တစ်ခွက်၊ နွားနို့ နှစ်ခွက်လို့ မှာတာပါ)

(၄)
နမူနာအနေနဲ့ ရေးပြထားတာတွေပါ။ သေသေချာချာ မှတ်မှတ်သားသားနဲ့ ပြုစုပြီး
ရေးပြပါဦးမယ်။ ဒေသန္တရ ဗဟုသုတပေါ့လေ။ အခုတော့ ဒီမျှနဲ့ ကျေနပ်ကြပါဦး။

(၅)
ဟိုနားမည်းမည်း ဒီနားမည်းမည်း ဖြစ်နေတာကိုတော့ မြင်ရတာ တစ်မျိုးကြီးပဲ။
ရခိုင်တွေ စိတ်နာမယ်ဆိုလည်း နာသင့်ပါတယ်လို့ တွေးမိတယ်။ ထင်မှတ်ထားတာထက်
များနေတာကို တွေ့ရတဲ့ကျွန်တော့်အတွက် သက်ပြင်း ခဏခဏ ချမိတယ်။
ဂလိုဘယ်ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ခံရမှာကို သေမလောက် မုန်းသွားမိတယ်။
ဒီကိစ္စဟာ ဂလိုဘယ်နဲ့ မဆိုင်ဘူးလို့ ထင်မိတယ်။ အခြားသော အကြောင်းအရာ
အမျိုးမျိုး ရှိနေပါလိမ့်မယ်။ ရင်မောမိတာတော့ အမှန်ပါပဲ။ မည်းမည်း
မည်းမည်းတွေက ပိုက်ဆံရတဲ့အလုပ် အကုန်လုပ်ကြတယ်ဗျ။

(၆)
ရခိုင်မလေးတွေက အချောအလှလေးတွေပါ။ စကားမပြောတဲ့ အချိန်အထိ
ချစ်စရာကောင်းပါတယ်။ စကားပြောရင်တော့ သူတို့ ဘာပြောမှန်း
ကျွန်တော်နားမလည်တော့တဲ့အတွက် စိတ်ပျက်သွားရတယ်။ စော်ကားတာ
မဟုတ်ပါဘူးနော်။ ချစ်စနိုးတဲ့ နောက်တာပါ။ တော်ကြာ ရည်းစားစကား ပြောမိလို့
သူက ပြန်ကြိုက်ရင်တောင် ကျွန်တော့်ကို "နင့်ကို ငါချိုက်တယ်" ဆိုရင်
ကျွန်တော့်မှာ ဘယ်လိုခံစားရမလဲလို့ တွေးနေမိတယ်။ :P

(၇)
ကဲ... ဒီမျှနဲ့ နားခွင့်ပြုပါဦး။ နောက်များမှ ရေးပါဦးမယ်။ ပြန်လည်
ဝေမျှပါဦးမယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၁၅ မိနစ်တွင်ပြီး၏။

ရွှေဥမင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောသလ္လ ၏ သိမှတ်ဖွယ်ရာ မှတ်စုပဒေသာ


အသက်ရှည်လိုလျှင် - - -
အစာကို ကြာရှည်စွာ ကြေညက်အောင် ၀ါး၍ စားပါ။
ဓာတ်ကို အချိန်မှန်စွာ ဓာတ်သွားလိုသောစိတ်ဖြင့် ကုဋီ၌ ထိုင်နေပြီး
သူ့သဘောအတိုင်း သွားပါစေ။
ဤသို့ စားမှုနှင့် ဓာတ်သွားမှုကို အချိန်ယူ ကြာရှည်စွာ ပြုခြင်းဖြင့်
အသက်ရှည်စေနိုင်သည်။
[စားမှု သွားမှု ဤနှစ်ခု ကြာမှုပြုခဲ့လျှင် ကျန်းမာဝဖြိုး အားအင်တိုး
သက်ဇိုးရှည်မည်ပင်။]

အိပ်ပျော်နေသူကို နှိုးလိုက်ပါ။
မှားနေသူကို မှန်အောင်လုပ်ပေးပါ။
မှန်နေသူကို တော်အောင်လုပ်ပေးပါ။
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်။
သူ၏ကျေးဇူး အထူးသိတတ် ပုဂ္ဂိုလ်မြတ် သူတော်ကောင်းဟုမှတ်။

Thursday, November 11, 2010

ရေးမိရေးရာ တွေးမိတွေးရာ


(၁)
ပထမဆုံး နှုတ်ခွန်းဆက်ရမှာပါပဲ။ နေ့တိုင်းပို့စ်တွေ တက်နေပေမယ့်
အဲဒီပို့စ်တွေက အလိုအလျောက် တင်ပေးခဲ့တာတွေမို့ ကျွန်တော့်စိတ်ထဲမှာ
စာဖတ်သူတွေကို အားနာနေမိတယ်။ မြန်မာ့သွေးကို လာဖတ်တဲ့ စာဖတ်သူတွေနဲ့
ကျွန်တော် စိမ်းသွားသလို ခံစားရတယ်။ ပြီးတော့ ဘယ်လိုကြီးမှန်းလည်း
မသိဘူး။ တစ်ရက်ကို ပို့စ်တစ်ခုနှုန်း ပုံမှန်တက်အောင် ပြင်ဆင်ပေးခဲ့ပေမယ့်
အဖြစ်ပဲ လုပ်ပေးခဲ့ရသလို ဖြစ်နေတာကို စိတ်မကောင်းဘူး။ ဒါက
ကျွန်တော့်ခံစားချက်။ ဒါပေမယ့် မြန်မာ့သွေးကို လာတဲ့အချိန်မှာ ဟင်...
ဘာမှလည်း ဖတ်စရာအသစ် မရှိဘူးဆိုပြီး စိတ်ပျက်လက်ပျက်နဲ့
ပြန်သွားရမှာနဲ့စာရင်း ဖတ်စရာတစ်ခုခု ရှိတာက ပိုကောင်းမယ်လို့
ယုံကြည်တဲ့အတွက် ပြင်ဆင်ထားခဲ့တာပါ။ အဲဒီလို ပြင်ဆင်ခဲ့တာတွေကလည်း
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့အထိ
ကုန်သွားခဲ့ပြီ။ ကဲ... စကားတွေ ရှည်မနေတော့ပါဘူး။ အားလုံးပဲ
မင်္ဂလာပါခင်ဗျာ။

(၂)
မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်လာဖတ်သူ အရေအတွက်ဟာ ပြည်တွင်းအင်တာနက်
အခက်အခဲတွေကြောင့် အနည်းငယ် လျော့သွားတာ မှန်ပေမယ့် ပြည်ပက
စာဖတ်သူတွေကတော့ ပုံမှန် လာဖတ်ကြတာကို တွေ့ရပါတယ်။ အဲဒီအတွက်လည်း
ကျေးဇူးတင်ပါတယ်။

(၃)
အခု အင်တာနက်လာသုံးတဲ့အခါ မြန်မာ့သွေးဘလော့ဂ်ကို မြင်လိုက်ရတဲ့အချိန်မှာ
ခံစားရတဲ့ ကျွန်တော့်ပီတိကို ဘယ်လိုပြောပြရမလဲ မသိဘူးဗျ။ တစ်မျိုးကြီးပဲ။
ပထမဆုံး ကျွန်တော့်ဘလော့ဂ်ကို အချိန်သိပ်မကြာဘဲ ဖွင့်လို့ရတဲ့အတွက်
ဝမ်းသာရတယ်။ ပြီးတော့ တင်ထားတဲ့ပို့စ်တွေကို ဖတ်ရတဲ့အတွက်
(ကိုယ်တင်ထားတဲ့စာကို ကိုယ်ဖတ်ပြီး ကြည်နူးရတာ တစ်မျိုးတော့ဖြစ်တယ်ဗျး)
) ကြည်နူးရတယ်။ ကွန်းမန့်တွေ၊ စီဘောက်က အော်သံတွေကို ဖတ်ရတော့ အားလုံး
ပြီးပြည့်စုံသွားတယ်။ တကယ့်ကို ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်ပါဗျာ။

(၄)
အင်တာနက်မသုံးဖြစ်တဲ့ အချိန်တွေမှာ ကျွန်တော်တော့ စိတ်ညစ်နေမှာပဲနော်လို့
သူငယ်ချင်းတွေနဲ့ ဖုန်းရတဲ့အခါ မေးတတ်ကြတယ်။ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။
လုံးဝ စိတ်မညစ်ပါဘူးလို့။ တကယ့်ကို ကျွန်တော် ခံစားရတဲ့အတိုင်း
ဖြေလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ကို စိတ်ကြိုက်သုံးပြီး
ကျွန်တော့်မှာ အခွင့်အရေးတွေ ရှိခဲ့စဉ်တုန်းက ကျွန်တော်လုပ်ချင်တာတွေကို
လုပ်နိုင်ခဲ့တယ်လေ။ ပြန်တွေးတိုင်း ၀မ်းသာကြည်နူးရတာချည်းပဲ။
မြန်မာ့သွေးဘလော့ဂ်နဲ့ မြန်မာ့သွေးဂရု(ပ်)ဟာ ကျွန်တော့်အတွက် တကယ့်ကို
မှတ်တိုင်တွေပါပဲ။ အဲဒါတွေအတွက် ကျွန်တော်အမြဲတမ်း ဂုဏ်ယူနေမှာပါ။
အခုလည်း ဂုဏ်ယူနေပါတယ်။ အဲဒီတော့ လုပ်ခွင့်ရတဲ့အချိန်တုန်းက
ကျွန်တော်လုပ်ချင်တာတွေကို လုပ်ခွင့်ရခဲ့တာမို့ အခုအချိန်မှာ
ကျွန်တော်စိတ်ညစ်မနေပါဘူး။ တစ်ခုတော့ စိတ်မကောင်းဖြစ်ရတာပေါ့လေ။
ကျွန်တော်ဖတ်ထားတဲ့၊ ကျွန်တော်သိထားတဲ့ အသိတွေ၊ အတွေးအမြင်တွေ၊
အတွေ့အကြုံတွေကို အရင်လို စိတ်သွားတိုင်းကိုယ်ပါ မဝေမျှနိုင်တော့၊
မပြောပြနိုင်တော့တာကိုပါ။ အဲဒီအတွက်ဆိုရင်တော့ အင်တာနက် သုံးခွင့်မရတဲ့
အခုအခြေအနေကို နည်းနည်းတော့ စိတ်ညစ်မိတာ အမှန်ပါပဲ။

(၅)
ကျွန်တော်ရောက်နေတဲ့ဒေသဟာ လျှပ်စစ်မီး မရပါဘူး။ ညပိုင်းမှာ (၃)နာရီပဲ
မီးစက်ကပေးတဲ့မီးကို ရပါတယ်။ အဲဒီအချိန်လေးမှာ ဓာတ်ခဲအားသွင်းဖို့၊ LED
မီးအိမ်ကို အားသွင်းဖို့၊ စာရေးစရာရှိတာတွေ ရေးဖို့၊ စသည်ဖြင့်
လုပ်ရပါတယ်။ ည ၁၀ နာရီဆိုရင် လျှပ်စစ်မီး မရတော့ပါဘူး။ အားသွင်းထားတဲ့
မီးအိမ်အားကိုးနဲ့ စာဖတ်ရတာ အလွန်ဆုံး ၁ နာရီပါပဲ။ ဖယောင်းတိုင်နဲ့
ဆက်ဖတ်ရင် ရပေမယ့် အများကြီး သုံးရဦးမှာဖြစ်တဲ့
ကျွန်တော့်မျက်လုံးတွေကို သနားတဲ့အတွက် ဖယောင်းတိုင်နဲ့ စာမဖတ်ပါဘူး။
အဲဒီအတွက် အကျိုးရလဒ်ကတော့ ကျွန်တော်တစ်ခါမှ အိပ်ရာမ၀င်ဖူးတဲ့ ည ၁၁
နာရီဝန်းကျင်ဆိုရင် အိပ်ရာထဲမှာ လူးလှိမ့်ပြီး အိပ်ပျော်အောင်
ကြိုးစားရတာပါပဲ။ ဒါတွေကို စိတ်ညစ်သလားဆိုတော့ နည်းနည်းတော့
စိတ်ညစ်တာပေါ့ဗျာ။ ကိုယ်က အိပ်ရမှာကို အင်မတန် မုန်းတီးတဲ့လူ။ အဲဒီလိုလူက
တစ်နေ့တစ်နေ့ကို အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ ၇ နာရီလောက်
အိပ်နေရတာ ဘယ်လောက်များ စိတ်ညစ်ဖို့ ကောင်းလိုက်သလဲ။ အခြေအနေနဲ့
အချိန်အခါဆိုတာကို တော်တော်ကြီးကို သဘောပေါက်သွားတယ်။ အခုတော့ LED
မီးအိမ် ၃-၄ ခု ၀ယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ မအိပ်ချင်ဘဲ အိပ်ရတာ
အင်မတန် ပင်ပန်းတယ်ဗျ။ အိပ်စက်တယ်ဆိုတာ အနားယူပါတယ်ဆိုမှ အိပ်ရာပေါ်မှာ
ပင်ပန်းရတာကြီးကတော့ မနိပ်လှဘူးလေဗျာ။၏

(၆)
စာအုပ်စာတမ်းတွေ ဈေးကြီးတယ်။ စာအုပ်စာတမ်းရယ်မှ မဟုတ်ပါဘူး။
ကျန်တဲ့ပစ္စည်းတွေလည်း ဈေးကြီးတာပါပဲ။ အစားအသောက်တော့ ပေါတယ်။
တော်တော်ကိုပေါတယ်။ မနက်စာအတွက် ပိုက်ဆံ ၅၀၀ ကျပ် အကုန်ခံလိုက်ရင်
နေ့လည်စာ စားတဲ့အချိန်အထိ ဗိုက်ပြည့်နေအောင်ကို စားရတယ်။ ပြီးတော့
မြန်မာအစားအစာမျိုးစုံ ရနိုင်တာကို ကျွန်တော်သိပ်သဘောကျတယ်။
ပြင်ဦးလွင်မှာတုန်းက မစားခဲ့ရတဲ့ မြန်မာမုန့်မျိုးစုံကို နေ့တိုင်း
အားပါးတရ စားဖြစ်တယ်။ ငယ်ငယ်ကလေးတုန်းက စားခဲ့ရတဲ့ မုန့်ပေါင်းကိုတောင်
စားရသေးတယ်။ ဘယ်လောက်များ ကံကောင်းလိုက်တဲ့ ကျွန်တော်လဲ။

(၇)
ဂျာနယ်တွေ အကုန်မတင်ဘူး။ လူအဖတ်များတာပဲ တင်တယ်။ ပြည်သူ့ခေတ်ကို မတင်လို့
အတင်းမှာခိုင်းရတယ်။ ကျွန်တော်တစ်ယောက်ပဲ ယူတယ်။ တစ်စောင်ပဲ မှာပေးတယ်။
ရောက်ရောက်ချင်းအပတ်က ကျွန်တော်မှာလို့ သူတို့ဆိုင်မှာ ၅ စောင်တင်တာ
ကျန်တဲ့ ၄ စောင်မှာ ၁ စောင်ပဲ ရောင်းရတယ်တဲ့။ ၃ စောင်က ဘယ်သူမှ
မ၀ယ်ဘူးတဲ့။ ဘာပြောရမှန်းမသိအောင် ဖြစ်ရတယ်။ အဲဒါကြောင့်လည်း....
အင်း.... အဲဒါကြောင့်လည်းပေါ့ဗျာ..........။

(၈)
ဂျာနယ်တစ်စောင်ရဲ့ ပျမ်းမျှဈေးနှုန်းက ၇၀၀ ကျပ်ပဲ။ အဲဒါ အနည်းဆုံးဈေးဗျ။
ကျွန်တော်ဖတ်တဲ့ ဂျာနယ်အများစုက ၈၀၀ ကျပ်ချည်းပဲ။ Weekly Eleven, Bi
Weekly Eleven, Yangon Times, Voice, True News, Myanmar Times, First
Eleven, Premier Eleven, လျှပ်တစ်ပြက်၊ 7 Day News အဲဒီဂျာနယ်တွေကို
ကျွန်တော်ဖတ်ခွင့်ရတယ်။ Northern Star နဲ့ Myanmar Post ကိုတော့
မှာလို့လည်း မရဘူး။ မန္တလေးအရုဏ်ဦးလည်း မဖတ်ရတော့ဘူး။ ဘာပဲဖြစ်ဖြစ်
ထိုက်သင့်သလောက် ဖတ်ခွင့်ရတဲ့အတွက် ဈေးကြီးပေးရပေမယ့် တန်ပါတယ်။
အဲဒီဂျာနယ်တွေက လေယာဉ်စီးပြီး လာကြတာကိုး။ အဲလောက်တော့ ပေးရမှာပေါ့။
ဟုတ်ဘူးလား။

(၉)
ကဲ... အင်တာနက် အမြန်နှုန်းကြောင့် ဂျီမေးလ်ဝင်ဖို့ကိုလည်း
အကြာကြီးစောင့်ရတယ်။ ပြီးတော့ Standard View နဲ့လည်း သုံးလို့မရဘူး။ ရတဲ့
HTML View နဲ့ပဲ သုံးရတယ်။ အဲဒီတော့ အခုတင်တဲ့ပို့စ်ဟာ စာကြောင်းတွေ
မညီမညာနဲ့ မြက်ခင်းကို နွားစားထားသလိုဖြစ်နေရင် နားလည်ပေးကြပါဦးဗျာ။
ခင်ဗျားတို့မှာလည်း မြန်မာ့သွေးကိုလာတိုင်း နားလည်ပေးရတာတွေ
များနေရင်လည်း ထပ်ပြီးတော့ နားလည်ပေးကြပါဦးလို့။

အမှတ်တရ
ကိုဥာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။

Wednesday, November 10, 2010

စာတိုပေစ မှတ်သားမိသမျှ


ဒုက္ခဆိုတာ အရည်အချင်းရှိအောင် လုပ်ပေးတဲ့အရာတွေကွ....
ဒုက္ခဆိုတဲ့ နာမည်နဲ့ ကိုယ့်ဆီကို ရောက်လာတာ၊ ကြိုဆိုပါကွာ...
အခုလို ငယ်ရွယ်စဉ်မှာ ဒုက္ခလှလှကြီး တွေ့ထားတာဟာ နောင်တစ်ချိန်မှာ အရည်အချင်း ပြည့်ဝတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ် မောင်မိုးသီးရေ....။

(မင်းသိင်္ခ၊ မင်းဘာသိလို့လဲ၊ စာမျက်နှာ-၈၉ မှ)

ဉာဏ်ရှိယောက်ျား၊ မှားလတ်သောခါ၊ ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊ အကုခက်သို့၊ ဖျက်၍အမြဲ၊ ပြင်နိုင်ခဲ၏။ (မန်လည်ဆရာတော်)

လူတစ်ယောက် ဆောင်ရွက်လိုက်သော အလုပ်၏ အရည်အသွေးသည် ၎င်းလူနှင့် ပတ်သက်သည့် ကုန်အမှတ်တံဆိပ် တစ်ခုပင် ဖြစ်သည်။
(ဖေမြင့်၊ အားပြင်းတဲ့ မြားတစ်စင်း မှ)

Water afar won't quench a fires at hand.
လက်ထဲမှာလောင်တဲ့မီးကို အဝေးက ရေနဲ့ မငြှိမ်းနဲ့။

A cat in gloves catches no mice.
လက်အိတ်စွပ်ထားတဲ့ကြောင်ဟာ ကြွက်ကို ဖမ်းလို့မရဘူး။

မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်ဆိုတာ မရှိ၊ သင့်ဉာဏ်စွမ်းဟာ... သစ်ပင်သို့ကြီး၍ မြစ်သို့စီး၏။ သြဇာရှိသလောက် အပင်ပေါက်သည်။ စမ်းထွက်သလောက် ရေစီးသည်။
အချိန်တစ်ချိန်၊ နေရာတစ်နေရာ၊ အခြေအနေတစ်ခု၌ ဖတ်သင့်သော စာအုပ်ဆိုတာတော့ ရှိ၏။ လူတိုင်း လူတိုင်း မဖတ်မနေ ဖတ်ရမယ့် စာအုပ်ဆိုတာတော့ မရှိ။ (လင်ယုတန်)
(ကိုတာ၊ ကျွန်တော်သည် မျောက်ကဆင်းသက်၏ မှ)

Monday, November 08, 2010

မဟာဘုတ်တိုင်နှင့် ပတ်သက်သမျှ


မဟာဘုတ်တိုင်ထူနည်း

ဖွားသက္ကရာဇ်ကိုတည်၊ ၇ နဲ့စား၊ အကြွင်းအရ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ ပုတိ၊ အဓိပတိ၊ ၇ ဌာနတွင်၊ ၁-ခုကြွင်းမူ၊ အောင်-လံ-ထူ-စစ်-သူ-ကြီး-ပွဲ ဟု ချလေ။ ၂-ခု၊ ၃-ခု၊ ၄-ခု၊ ၅-ခု၊ ၆-ခု၊ သုညကြွင်းတို့မှာ၊ အက္ခရာနံအရ ရေး၍ထူ။

မဟာဘုတ်အဟော
(၁)
ပုတိဖွားမှာ၊ ငြိုငြင်စွာ၊ မွေးကာဖွားလတ်မည်။
ဝေးရပ်ခြားရွာ၊ အိမ်ထောင်မှာ၊ ပြုကာနေရမည်။
နှမြောတွန့်တို၊ ၀န်လည်းတို၊ စိတ်တိုဆတ်လိမ့်မည်။
(၂)
ဘင်္ဂဖွားမှာ၊ ပျက်ပြားစွာ၊ မွေးကာလာရမည်။
ကြံစည်ပြုကာ၊ ပျက်တတ်တာ၊ သေချာမှတ်ရမည်။
(၃)
မရဏဖွားမှာ၊ ဝေဒနာ၊ မွေးကာ များလတ်မည်။
မသေကြေလတ်၊ မင်းဖြစ်တတ်၊ မုချမှတ်ရမည်။
(၄)
အထွန်းဖွားမှာ၊ ထင်ရှားစွာ၊ မွေးကာလာလတ်မည်။
နာမည်သတင်း၊ ထင်ရှားခြင်း၊ မယွင်းဖြတ်လတ်မည်။
(၅)
သိုက်ဖွားသူမှာ၊ ကုသလာ၊ ပြုကာဖွားလတ်မည်။
ရောင်းဝယ်ဖောက်ကား၊ ကုန်သွယ်စား၊ မမှားဖြစ်ရမည်။
(၆)
ရာဇဖွားမှာ၊ ထက်မြက်စွာ၊ စိတ်မှာလျင်ရမည်။
ပန်းချီ-ပန်းပု၊ နှုတ်-လက်မှု၊ တတ်မှုစုံလိမ့်မည်။
(၇)
ဓိပတိဖွား၊ လူအများ၊ မမှားအုပ်စိုးမည်။
ရဟန်းရှင်လူ၊ အများလူ၊ ကြည်ဖြူညွတ်ခမည်။

ဓမ္မပဒဂါထာ (၁၁၃)


ယော စ ၀ဿသတံ ဇိဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ဖြစ်ပျက်မြင်မှ အနေမြတ်
ခန္ဓာငါးပါး
ရုပ်နာမ်နှစ်ပါးတို့ရဲ့
ဖြစ်ခြင်းပျက်ခြင်းကို
မသိမမြင်သူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
ခန္ဓာငါးပါး
ရုပ်နာမ်နှစ်ပါးတို့ရဲ့
ဖြစ်ခြင်းပျက်ခြင်းကို
သိမြင်သူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

Saturday, November 06, 2010

7 November 2010


တစ်ကြိမ်မှာ တစ်ခု - ဖေမြင့်


ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ”

“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။


မူရင်း - Jack Canfield နှင့် Mark V. Hansen တို့၏ One at a time

Friday, November 05, 2010

မှတ်မှတ်သားသား အဆိုအမိန့်များ - Quote of the day


ဓမ္မပဒဂါထာ (၁၁၂)


ယော စ ၀ဿသတံ ဇိဝေ၊ ကုသီတော ဟီန၀ီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယမာရဘတော ဒဠှံ။

ဝီရိယရှိမှ အနေမြတ်
အတွေးအတောတွေနဲ့
ငေးမောပျင်းရိပြီး
အချိန်ဖြုန်းနေသူ
ကြိုးစားအားထုတ်မှု
လုံ့လ၀ီရိယမရှိသူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
ခိုင်မြဲတဲ့ လုံ့လ၀ီရိယနဲ့
စိတ်ဇွဲသန်သန်
ကြိုးစားအားထုတ်သူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီးမြင့်မြတ်ပါတယ်။

Thursday, November 04, 2010

မြန်မာ့ရိုးရာရှေးထုံး နေ့ရက်ရွေးနည်းများ


နားထွင်းနေ့ ရွေးနည်း
အုံ - လဲ - နာ - ကျင် - စွာ နားထွင်းမပြုရာ။
ရွှေ - ပန်း ခေါ်ထ နေ့နှစ်ဝ၊ ထွင်းကြ နားကိုသာ။

ရောင်းဝယ်နေ့ ရွေးနည်း
လွန်း - ဘုံ - သာ ၀ယ်ပါလေ။
အောင် - ကျော် - စံ - နှောင်း မ၀ယ်ကောင်း။

ကြွေးချေးရာ၊ မချေးရာသော နေ့ရွေးနည်း
ငါ့ - သား - ထွေး ကြွေးမပေးနှင့်။
ဥ - စ္စာ - ၀င် - ပွါး ကြွေးချေးငှား။

ရေးချိုးနေ့ ရွေးနည်း
ငါ့ - သား - ရွှေ - ဒေါင် ရေကိုရှောင်။
အောင် - စံ - ဖြိုး ရေချိုးရက်။

ခေါင်းလျှော်ရက် ရွေးနည်း
က - ရင် - သား - မွေး ခေါင်းမဆေးနှင့်။
အိုး - စည် - တီး ပြီးအောင်ဆေး။

ခေါင်းရိတ်ရက် ရွေးနည်း
မွေးနေ့, သော - ကြာ - တနင်္လာ ကေသာဆံဖြတ်၊ မပြုအပ်။

Wednesday, November 03, 2010

ရတနာ့သုတ်ဖြင့် ဝေသာလီကို အလှဆင်ခြင်း - ဓမ္မစေတီဆရာတော် ဦးကောသလ္လ


အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လ ဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၅ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
* * * * * * * * * * * *
ရတနာ့သုတ်ကို ဝေသာလီမှာ ဟောကြားခဲ့တယ်။

နိကာယ် = စုဆောင်းခြင်း

ဓမ္မသံဂါဟက = တရားတော်များကို စုဆောင်းထားသူ
ပဋ္ဌာန်း = ပ (အများကြီး) + ဋ္ဌာန်း (အကြောင်းများရှိ)
ပဗ္ဗဇ္ဇ = ရဟန်းခံတယ်။
ဒုလ္လဘ = သိမ်သမုတ်တယ်။

ပဋ္ဌာန်းဆိုသည်မှာ....
၁။ အကြောင်းတရားတွေ အများကြီး
၂။ အဲဒါတွေကို ကုသိုလ်၊ အကုသိုလ်၊ ကဗျာကထာတွေနဲ့ ဝေဖန်ရ
၃။ သဗ္ဗညုတဉာဏ်ရဲ့ ကျက်စားရာဖြစ်တယ်။
(ပဋ္ဌာန်းကို ဘယ်သူမှ ပြည့်စုံအောင် မသိနိုင်ဘူး။ သဗ္ဗညုတရှိမှသာ သိနိုင်)

ကျောင်းလှူတာဟာ အမြိုက်နိဗ္ဗာန်ချမ်းသာကို ပေးလှူရာ ရောက်ပါတယ်။

စေတနာ သဒ္ဓါတရား ကောင်းရုံ၊ ပေးလှူရုံနဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ဘူး။

ကုသိုလ် = အပြစ်ကင်း၊ ကောင်းကျိုးပေး။
ပဋ္ဌာန်းတွင် ကျေးဇူးတရားသည် [ကောင်းတာ၊ ဆိုးတာ] နှစ်မျိုးစလုံးကို ပြဆိုသည်။

တံတားဆောက်တာ ကျေးဇူးပဲ...
ဒါပေမယ့် တံတားကို မပြုပြင်ဘဲ ပစ်ထားရင် ကျေးဇူးမဲ့ပါတယ်...။

ဟေတုပစ္စယောဝါဒကို အခြေပြုပြီး အိုင်းစတိုင်းက Relativity Theory ကို တီထွင်ခဲ့တာ။

ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာဖို့အတွက် (၉) ဌာန ရှိပါတယ်။
၁။ သရဏဂုံ
၂။ သိက္ခာပုဒ် ၁၀ ပါး
၃။ ၃၂ ကောဋ္ဌာန
၎။ ကုမာရ - ပညာ
၅။ မင်္ဂလသုတ်
၆။ ရတနသုတ်
၇။ တိလောသုတ္တ
၈။ နိယိကန္ဒ
၉။ မေတ္တာသုတ်

သရဏဂုံဆိုတာ... First essential thing ဖြစ်တယ်။
သရဏဂုံပျက်ရင် ထေရ၀ါဒ မဟုတ်တော့ဘူး။

“သီလ” is A, B, C, D of Buddhism. (အရှင်သိဒ္ဓိလ)

တရား တစ်ပါး - အာဟာရ
တရား နှစ်ပါး - နာမ် ရုပ် ၂ ပါး
တရား သုံးပါး - ဝေဒနာ ၃ ပါး
တရား လေးပါး - သစ္စာလေးပါး
တရား ငါးပါး - ဥပါဒါန်ခန္ဓာ ၅ ပါး

လူ့ခန္ဓာကိုယ်မှာ ၃၂ ဌာန ရှိတယ်။
32 parts of body တွေဟာ
မူလနေရာမှာရှိရင် OK
နေရာရွေ့သွားရင် Not OK

အမှန်တရားအတွက်ဆိုရင် တစ်ခုခုတော့ စွန့်ရတယ်...
အသက်
ဂုဏ်သိက္ခာ
ငွေကြေး
တစ်ခုခုပေါ့။

မင်္ဂလသုတ် - ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ဖို့ (အတ္တ ရက္ခ)
ရတနသုတ် - လောကကြီးကို စောင့်ရှောက်ဖို့ (ပါရာ ရက္ခ)
တိလောကုတ္တ - နံရံ၏ အခြားတစ်ဖက် (အခြားလူတွေကို ကုသိုလ်အမျှ ပေးဝေဖို့)
နိယိကန္ဓ - ပစ္စည်းဥစ္စာတွေ ပြည့်စုံဖို့
မေတ္တာသုတ် - ဒေါသတွေ ပယ်နိုင်ဖို့

Democracy is like your little child.
ကလေးတွေဟာ သူတို့မိခင်ရဲ့ ရင်ခွင်တွင်းကို ရောက်တဲ့အခါ Nuclear Bomb ကိုတောင် မကြောက်တော့ဘူး။ အမေ့ရင်ခွင်ဆိုတာ ဘာအန္တရာယ်မှ မသက်ရောက်တဲ့ ငြိမ်းချမ်းရာ၊ အားကိုးရာ နေရာပါ...။

မင်းကျင့်တရား (၁၀) ပါး
၁။ ဒါန (ပေးကမ်းခြင်း)
၂။ သီလ (ဆောက်တည်ခြင်း)
၃။ ပဋိစာဂ (စွန့်ကြဲခြင်း)
၎။ အဇ္ဇ၀ါ (ဖြောင့်မတ်ခြင်း)
၅။ မတ္တ၀ါ (နူးညံ့သိမ်မွေ့ခြင်း)
၆။ တပ (ဥပုသ်သီတင်း ဆောက်တည်ခြင်း)
၇။ အဒေါသ (ဒေါသ မထွက်ခြင်း)
၈။ အကောဒ (မေတ္တာထားခြင်း)
၉။ အ၀ိဒေါ (ကရုဏာထားခြင်း)
၁၀။ ခန္တီ (သည်းခံခြင်း)

နှစ်ဆန်းတစ်ရက်နေ့မှာ သံပုံးတီးပြီး မောင်းတာဟာ ထေရ၀ါဒ မဟုတ်ဘူး။
မယာယန အယူတွေဖြစ်တယ်။ မေတ္တာသုတ်မှာ မပါဘူး။
မလုပ်ပါနဲ့။

အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။
ဒါမှ နတ်ကောင်းနတ်မြတ်တွေ လာချင်/နေချင်မှာပေါ့။
အဲဒီအခါ ဘယ်နတ်ဆိုးတွေ နေဦးမလဲ။

ဆွေမျိုး
ဧည့်ကူ
မျိုးကွယ်သူ
မင်းမူ
နတ်များ
ဗလိငါး မှတ်သားအပ်စဖွယ်။

ရတနာ့သုတ်ရဲ့ တန်ဖိုး...
လေးစား
မြတ်နိုး
အဖိုးထိုက်တန်
တုမဲ့ဟန်နှင့်
မြင်ရန်ခဲလတ်
သူမြတ်တို့သာ သုံးဆောင်ရာ ရတနာအနှစ်မှာ။

မင်းက မင်းကျင့်တရားဆယ်ပါးနဲ့ ညီနေပြီဆိုရင် ပြည်သူတွေ ဂရုစိုက်ပါ။
တရားဓမ္မတွေ မမေ့နဲ့။
ဒါမှ တိုင်းပြည် တိုးတက်မယ်။

တရားဓမ္မဆိုတာ သူတော်ကောင်းတွေရဲ့ ပစ္စည်းပါ။
လိုသလို သုံးလို့ ရပါတယ်။

သင်္ကြန်မှာ ရေလောင်းတဲ့ကိစ္စကို စဉ်းစားကြပါ။
အခု ကမ္ဘာမှာ ရေချိုတွေ ရှားနေပြီ။

Tuesday, November 02, 2010

စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ


စာဖတ်သော အယ်ဒီတာ
ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။

စာဖတ်သောရှေ့နေ
အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။

စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို့
နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူးပေါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။

စာဖတ်သော အမျိုးသားခေါင်းဆောင်
သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ  ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော ထောင်ထွက်အလှူရှင်
ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့ ဓားပြဖြစ်ပြီး ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ်
အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။

စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။ ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း ဖြစ်ပါတယ်။ နန်းတော်မှာလည်း အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။

* * * * * * * *
Forward Mail ကနေ ဖတ်ရတဲ့စာပါ။ ဘယ်သူရေးထားတယ်၊ ဘယ်စာအုပ်ကလည်းဆိုတာ မပါတဲ့အတွက် ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။

Monday, November 01, 2010

November ရောက်လေပြီ


အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး၊ တစ်လပြီးတစ်လ ဖြတ်သန်း၊ တစ်နှစ်ပြီးတစ်နှစ် ပြီးဆုံးသွားတာဟာ အထူးအဆန်းကိစ္စတော့ မဟုတ်ပါဘူး။ ပြက္ခဒိန်စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ကုန်ဆုံးသွားလိုက်တာ အခုဆိုရင် ၂၀၁၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလကိုတောင် ရောက်လာခဲ့ပါပေါ့။

နိုဝင်ဘာလဆိုတာ အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ၁၁ ခုမြောက် “လ” ပေါ့။ ဘာမှ မထူးဆန်းပါဘူး။ အဲ... အဲဒီလက မထူးဆန်းပေမယ့် အဲဒီလအတွင်းမှာ ရေးထိုးကြမယ့် သမိုင်းမှတ်တမ်းတွေ၊ အဖြစ်အပျက်တွေ၊ ပုံရိပ်တွေကတော့ စိတ်ဝင်စားစရာတွေ၊ ပျော်ရွှင်စရာတွေ၊ တသသဖြစ်စရာတွေ၊ စတဲ့စတဲ့ ရင်ခုန်မှုများစွာနဲ့ အသက်ဝင်နေမှာပါ။ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်း တွင်ကျန်ရစ်ဦးမှာပါ။

စကားတွေမရှည်ဘဲ လိုရင်းကို ပြောကြရအောင်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဟာ စိတ်ဝင်စားစရာအတိ၊ စိတ်လှုပ်ရှားစရာ အတိပြီးတဲ့ လတစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ? လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပမယ့် အခါသမယ ဖြစ်လို့ပါပဲ။ စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ ၂၀၁၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလဟာ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ သမိုင်းမှတ်တိုင်တစ်ခုကို အခိုင်အမာ စိုက်ထူတော့မှာ အသေအချာပါပဲ။ လက်ရှိမှာ နိုင်ငံတော်တာဝန်ကို ယူထားရတဲ့ တပ်မတော်အစိုးရက ကြီးမှူးကျင်းပပေးမယ့် ဒီရွေးကောက်ပွဲကြီးကို နိုင်ငံတကာကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ... ဒီရွေးကောက်ပွဲဟာ မြန်မာတွေအတွက်တော့ အလှည့်အပြောင်းတစ်ခုပါပဲ။

ကာလကြာရှည် အုပ်ချုပ်ရေးစနစ်တစ်မျိုးနဲ့ အုပ်ချုပ်လာခဲ့ရာက ရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေကတစ်ဆင့် အုပ်ချုပ်ရေးစနစ်သစ်တစ်မျိုးနဲ့ ပြောင်းလဲအုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်မဖြစ်ဆိုတာက ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် အမတ်တွေအပေါ်မှာ မူတည်ပါတယ်။ သူတို့တွေရဲ့ စေတနာမှန်နဲ့ ကြိုးစားမှုတွေသာ ဖြစ်တည်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေအတွက် တိုးတက်ဖွံ့ဖြိုးမှု အသီးအပွင့်တွေ ခံစားလာရမယ်လို့ ယုံကြည်ပါတယ်။

အဲဒီလို ယုံကြည်ဖို့အတွက် မဲပေးခွင့်ရှိတဲ့ ပြည်သူတွေအားလုံး မိမိတို့အကျိုးစီးပွားကို အမှန်တကယ် ထမ်းဆောင်ပေးနိုင်တယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးရွေးချယ်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်တော့ မဲမပေးဘူး၊ ဘေးထိုင်ဘုပြော လုပ်နေပြီးကာမှ တက်လာတဲ့အစိုးရကို မကောင်းဘူးပြော၊ အပုပ်ချမယ်ဆိုရင်တော့ မဲပေးခဲ့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို စော်ကားရာ ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ လူအများစုက ရွေးကောက်တင်မြှောက်လိုက်တဲ့သူကို မိမိသဘောမကျလျှင်သော်မှ လက်ခံပေးရပါလိမ့်မယ်။ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် တစ်နိုင်ငံလုံးက ကြိုက်နှစ်သက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အများစုက လက်ခံသဘောကျတဲ့အတွက် သူ့ကို သမ္မတအဖြစ် အသိအမှတ်ပြု လက်ခံရပါတယ်။ ဒါဟာ... ဒီမိုကရေစီရဲ့ သဘောသဘာဝပါပဲ။

ကိုယ်တိုင် မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အများပြည်သူရဲ့ မဲပေးရွေးချယ်မှုအရ ဖြစ်ပေါ်လာမယ့် အမတ်တွေ၊ လွှတ်တော်တွေ၊ အကြီးအကဲတွေနဲ့ အစိုးရသစ်ကိုတော့ လက်ခံအသိအမှတ် ပြုပေးရပါလိမ့်မယ်။

သင်ကြိုက်တဲ့လူကို သင် မဲပေးနိုင်တဲ့ အခွင့်အရေး သင့်လက်ထဲမှာ ရှိနေပါတယ်။
မြန်မာ့သမိုင်းရဲ့ အထင်ကရ မှတ်တိုင်တစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ခဲ့တယ်ဆိုတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခွင့် သင့် လက်ထဲမှာ ရှိနေပါတယ်။

မဲပေးဖို့ ဘယ်လောက်မှ မလိုတော့ပါဘူး။ ဘယ်သူ့ကို ရွေးချယ်ပြီး မဲပေးမလဲဆိုတာ ဆုံးဖြတ်ထားပါတော့။ ဘယ်သူတွေဟာ တကယ် အလုပ်လုပ်နေသလဲ၊ ဘယ်သူတွေဟာ ပြည်သူ့အကျိုးကို လိုလားသလဲ။ အရွေးမမှားဘဲ မှန်မှန်ကန်ကန်ဖြစ်အောင် လေ့လာပါ၊ စုံစမ်းပါ၊ မဲထည့်ပါ။ ကိုယ်မသိတဲ့ လူတစ်ယောက်ကို သူကတော့ ကောင်းအောင်လုပ်ပေးမယ် ထင်ပါရဲ့ဆိုပြီး မဲမထည့်မိပါစေနဲ့။ သူ့အကြောင်းကို သေသေချာချာ သိမှသာ မဲထည့်ပေးပါ။

ကဲ... မဲထည့်ဖို့ ပြင်ဆင်ဆုံးဖြတ်ထားကြရအောင်ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

 
Web Statistics