Friday, August 31, 2007

လပေါ်က တစ်ရက်ဆိုတာ


လပေါ်က တစ်ရက်ဆိုတာ ဘယ်လောက်ကြာသလဲ ???

တကယ်လို့ အာကာသယဉ်က သင့်ကို လပေါ်သို့ အလည်ခေါ်သွားမယ်ဆိုရင် ခင်ဗျား လပေါ်ရောက်တဲ့အချိန်မှာ ဆင်းသက်တဲ့ နေရာဟာ ညအမှောင်စတင်ချိန်ဆိုရင် ခင်ဗျားဟာ လပေါ်မှာ ရှည်ကြာတဲ့ အချိန်တစ်ခုကို ဖြတ်သန်းပြီးမှ နေကို မြင်တွေ့ရလိမ့်မယ်။ ဒီအချိန်ပိုင်းဟာ ကမ္ဘာပေါ်က ၁၅ ရက်လောက် ရှိတယ်။

ဒါဖြင့် လပေါ်က တစ်နေ့ဟာ ဘယ်လောက် ကြာပါသလဲ။ နက္ခတ္တဗေဒ ပညာရှင်များက ကျွန်ုပ်တို့ကို ဒီလို ပြန်ပြော ပြတယ်။ လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲ နဲ့ ညီမျှတယ်။

ကမ္ဘာ မိမိဘာသာ လည်ပတ်ခြင်းက နေ့နဲ့ည တစ်လှည့်စီ ဖြစ်ပေါ်စေတယ်။ ၄င်းရဲ့ နေကို မျက်နှာမူတဲ့ဘက်ဟာ နေ့ဖြစ်ပြီး နေကို ကျောခိုင်းတဲ့ဘက်ဟာ ညဖြစ်တယ်။ တစ်လှည့်စီ တစ်ကြိမ်ဖြစ်ရင် ကျွန်တော်တို့ ကမ္ဘာပေါ်က တစ်နေ့ပါပဲ။

လဟာလည်း မိမိဘာသာ လည်ပတ်နေတယ်။ နေကို မျက်နှာမူရင် နေ့၊ နေကို ကျောခိုင်းရင် ည။ လ မိမိဘာသာ လည်ပတ်တာဟာ ကမ္ဘာထက် အများကြီးနှေးတယ်။ ကမ္ဘာပေါ်က ၂၇.၃ ရက်နဲ့ ညီမျှတယ်။ ဒါကြောင့် လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က တစ်ရက်ထက် ရှည်တယ်။

လ မိမိဘာသာ တစ်ပတ်လည်ပတ်ရင် ကမ္ဘာပေါ်က ၂၇.၃ ရက် ဖြစ်တယ်ဆိုရင် လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲနဲ့ ညီမျှပြီး ဘာကြောင့် ၂၇.၃ ရက် မဟုတ်တာလဲ။

စင်စစ် လဟာ မိမိဘာသာ လည်ပတ်ရင်း ကမ္ဘာကို ပတ်ပြီး လည်ပတ်နေသေးတယ်။ ၄င်းက မိမိဘာသာ တစ်ပတ်လည်တာနဲ့ ကမ္ဘာကို တစ်ပတ်ပတ်တဲ့ အချိန်ဟာ ညီမျှတယ်။ ကမ္ဘာကတော့ နေကို ပတ်နေဆဲပဲ ရှိသေးတယ်။ လဟာ တစ်ပတ်ပတ်မိပြီးနောက် ကမ္ဘာဟာလည်း နေကို ပတ်တဲ့ လမ်းကြောင်းပေါ်မှာ အကွာအဝေး တစ်ခုထိ ရောက်နေပြီ။ ဒါကြောင့် လက နေဘက်လှည့်နေတဲ့ အမှတ်ဟာ နေကို တည့်တည့်မျက်နှာမူမနေသေး ဘူး။ နောက်ထပ် ဒီဂရီ တစ်ခု ပတ်မိမှ နေကို တည့်တည့် မျက်နှာမူနိုင်မယ်။ ဒီအချိန်ပိုင်းဟာ ၂.၂၅ ရက် လိုတယ်။ ၂၇.၃ ရက်ကို ၂.၂၅ ရက် ပေါင်းရင် ၂၉ ရက်ခွဲလောက် ကြာတယ်မဟုတ်လား။

( ချွမ်ဟိုကျင်း )

( ကြည်ကြည်မာ ပြန်ဆိုသည့် အဘယ်ကြောင့်တစ်သိန်း စာအုပ်မှ )


ဖွဲ့စည်းပုံအခြေခံဥပဒေ


အားလုံးသိသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကုန်လုံးမပါပါဘူး။ စိတ်ဝင်စားမယ် ထင်တဲ့ဟာ လေးတွေကိုပဲ ရွေးပြီးထုတ်နှုတ်ပေးထားတာဖြစ်ပါကြောင်း…။

-

အခန်း (၂)

နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ

၁။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။

၂။ နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (Region) (၇)ခု၊ ပြည်နယ် (State) (၇)ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်-

- ကချင်ပြည်နယ်၊

- ကယားပြည်နယ်၊

- ကရင်ပြည်နယ်၊

- ချင်းပြည်နယ်၊

- စစ်ကိုင်းတိုင်းဒေသကြီး၊

- တနင်္သာရီတိုင်းဒေသကြီး၊

- ပဲခူးတိုင်းဒေသကြီး၊

- မကွေးတိုင်းဒေသကြီး၊

- မန္တလေးတိုင်းဒေသကြီး၊

- မွန်ပြည်နယ်၊

- ရခိုင်ပြည်နယ်၊

- ရန်ကုန်တိုင်းဒေသကြီး၊

- ရှမ်းပြည်နယ်၊

- ဧရာဝတီတိုင်းဒေသကြီး၊

- ပြည်ထောင်စုနယ်မြေများ။

၃။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့သည် အဆင့်အတန်း တူညီကြသည်။

၎။ တိုင်းဒေသကြီးတစ်ခုခု၏ အမည်ကို ဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ် လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများ၏ ဆန္ဒရယူပြီး ဥပဒေပြဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်မည်။

ပြည်ထောင်စုနယ်မြေများ သတ်မှတ်ခြင်း။

၅။ (က) နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။

(ခ) နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့်တို့နှင့် စပ်လျဉ်းပြီး ထူးခြားသော အခြေအနေရှိသည့် နယ်မြေများကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်လျှင် ဥပဒေပြဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်နိုင်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသတ်မှတ်ခြင်း။

၁၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်-

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊

(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊

(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး `၀´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။

-

( ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ ကောက်နုတ်ဖော်ပြပါသည် )

ဖွဲ့စည်းပုံအခြေခံဥပဒေ


အားလုံးသိသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကုန်လုံးမပါပါဘူး။ စိတ်ဝင်စားမယ် ထင်တဲ့ဟာ လေးတွေကိုပဲ ရွေးပြီးထုတ်နှုတ်ပေးထားတာဖြစ်ပါကြောင်း…။

-

အခန်း (၁)

နိုင်ငံတော် အခြေခံမူများ

၁။ နိုင်ငံတော်နှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူများ-

(က) မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်၊

(ခ) နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်မည်၊

(ဂ) နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်၊

(ဃ) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တည်သည်၊

(င) နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထုပါဝင်သော နယ်နိမိတ်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည် ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။

၂။ နိုင်ငံတော်၏ ဦးတည်ချက်နှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူများ-

နိုင်ငံတော်သည်-

(က) ပြည်ထောင်စုမပြိုကွဲရေး၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊

(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊

(င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊

(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။

၂၉။ နိုင်ငံခြားရေးနှင့်စပ်လျဉ်းသည့် အခြေခံရမည့်မူများ-

(က) နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်၊

(ခ) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြု၊

(ဂ) နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။

၃၀။ ပြစ်မှုပြစ်ဒဏ်နှင့် စပ်လျဥ်းသည့် အခြေခံရမည့်မူများ-

(က) မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိ၊

(ခ) လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့်ပြစ်ဒဏ် ပြဌာန်းခွင့်မရှိ။

-

( ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ ကောက်နုတ်ဖော်ပြပါသည် )

Thursday, August 30, 2007

မာဒေးကားဗိုလ်လုပွဲရောက် မြန်မာ(၂၀၀၇)


မာဒေးကား ဖလား (၂၀၀၇) နှင့် မြန်မာအသင်း

မလေးရှား ၃း ၁ မြန်မာ

---

သူငယ်ချင်း ကျော်ခိုင်ရေ…

မာဒေးကားဖလားပွဲကတော့ ပြီးသွားပြန်ပြီနော်။ အားလုံးသိတဲ့အတိုင်းပဲ မြန်မာအသင်း ရှုံးသွားတယ်လေ။ ဘောလုံးကန်တဲ့နေရာမှာ အရှုံးအနိုင်ဆိုတာ ရှိစမြဲမို့ စိတ်မကောင်းတာကလွဲရင် ရလာတဲ့အရှုံးကို လက်ခံရပါမယ်။ ဒါပေမယ့် အခုပြီးသွားတဲ့ ဖိုင်နယ်မှာ မြန်မာအသင်းဟာ ဘောလုံးတင်မဟုတ်ဘူး၊ ဂုဏ်သိက္ခာပါ ရှုံးသွားခဲ့ပါတယ်။ မင်းလည်း မနေ့က ဘောလုံးပွဲကြည့်ရင်း ငါ့လိုပဲ အံတကျိတ်ကျိတ် ဖြစ်နေမယ်လို့ ငါထင်ပါတယ်။ ဟုတ်တယ် သူငယ်ချင်းရေ မြန်မာအသင်းလုပ်ပုံက ငါတို့ မြန်မာတွေဟာ အရှုံးကို လုံးဝရင်မဆိုင်ရဲတဲ့၊ ရှုံးပြီဆိုရင် တကယ့်ကို ကလေးဆိုးကြီးတွေလို လုပ်တတ်တဲ့ လူမျိုးတွေလို့ အခြားလူမျိုးတွေ ထင်သွားတော့မှာပဲဆိုတဲ့စိတ်နဲ့ အတော်ကို ဘ၀င်မကျဖြစ်ရ၊ စိတ်တိုရတာပေါ့ကွာ။

သူငယ်ချင်းလည်း ကြည့်ခဲ့ရပေမယ့် ဘောလုံးပွဲလေးကို နည်းနည်းပြန်ပြောပြချင်သေးတယ်ကွ။ မင်းသိတဲ့အတိုင်း ပထမပိုင်းမှာ မြန်မာအသင်းဟာ တစ်ဂိုးအရှုံးနဲ့ ကစားခဲ့ရတယ်။ ၁၂ မိနစ်မှာ အသွင်းခံထားရတဲ့ဂိုးကို ပထမပိုင်း တစ်ခုလုံးမှာ ပြန်မချေပနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒုတိယပိုင်းဆိုတာကြီး ရှိနေသေးတဲ့အတွက် အားလုံးရင်ထဲမှာ အဲဒီ ရလဒ်ကို ဘာမှ အလေးအနက်ထားကြလိမ့်မယ်မဟုတ်ဘူးဆိုတာကို ငါသေချာကို သိနေတယ်။ ဟုတ်တယ် သူငယ်ချင်း ငါလည်း အဲဒီလိုပဲ မျှော်လင့်ခဲ့တာပါပဲ။ ငါတို့မြန်မာဟာ ဒုတိယပိုင်းမှာ ချေပဂိုးသွင်း ပြီးရင် အနိုင်ဂိုးတွေဆက်သွင်းပြီး ဖလားကို ရအောင်ယူမယ်လို့ ငါတို့အားလုံးက မျှော်လင့်ခဲ့ကြတာလေ။

ပထမပိုင်းတစ်ပိုင်းလုံးမှာ မြန်မာအသင်းကစားတာ ပြောစရာမရှိဘူးလို့ ပြောလို့မရပေမယ့် အများအားဖြင့်တော့ လက်ခံလို့ရတဲ့အဆင့်မှာရှိပါတယ်။ အရင်တုန်းက ကစားခဲ့တဲ့ ကစားကွက်တွေ၊ နေရာယူပုံတွေနဲ့ နှိုင်းယှဉ်လိုက် ရင် အများကြီး တိုးတက်လာတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းကို မြင်သာပါတယ်။ အပေးအယူတွေလည်း အတော်ကို ကောင်းလာတယ်။ အရင်က ငါတို့ အမြဲတမ်းကန်လာခဲ့တဲ့ ကန်တင်ပြေး စနစ်ကနေ အခု မြန်မာ အသင်းကို နည်းပြနေတဲ့ မားကို့စ် လက်ထက်မှာ ဘရာဇီးလ်ဟန် အပေးအယူ၊ အချိတ်အဆက်၊ ကစားပုံလေးတွေ နဲ့ အစားထိုးလာတာကို မြင်ရတာ အားရစရာပါ။ ရောက်ချင်ရာရောက် ကန်တင်နေတဲ့ မြန်မာဘောလုံးသမားလေး တွေက အခုဆိုရင် လူဖွင့်ကစားတာတို့၊ ကစားကွက်ဖော်တာတို့၊ အပေးအယူလှလှပပကစားတာတို့ကို မြင်ရတော့ အတော်ကို သဘောကျမိတယ်။ ဒါပေမယ့် သူငယ်ချင်းသိတဲ့အတိုင်းပဲ ဘောလုံးပြိုင်ပွဲဆိုတာက လက်ဝှေ့ပွဲတွေ မှာလို သရေကျရင် ဒိုင်လူကြီးတွေက အမှတ်နဲ့ ဆုံးဖြတ်တာမျိုးမဟုတ်လေတော့ ဘယ်လောက်ပဲ ကစားကွက် ကောင်းကောင်း၊ ဘောလုံးပိုင်ဆိုင်မှု များများ နောက်ဆုံးမှာ ဂိုးများများ သွင်းထားတဲ့အသင်းက အနိုင်ရတာပဲ မဟုတ်လား။ ငါတို့မြန်မာအသင်းရှေ့တန်းလူတွေ ဂိုးမသွင်းနိုင်ခဲ့ကြဘူး။ ဂိုးသွင်းခွင့်မရအောင် မလေးရှားက ပိတ်ဆို့ကစားလို့ဆိုတဲ့ အကြောင်းပြချက်ကလည်း ဘောလုံးမှာ မှန်ကန်တဲ့ဆင်ခြေမဟုတ်ပြန်ဘူးကွာ။ အထူး သဖြင့် Goal Luck မရှိတဲ့ ရန်ပိုင်ကို အားကိုးနေတာဟာ ငါတို့မြန်မာအသင်းရဲ့ အားနည်းချက်တစ်ခုလို့ ငါတော့ မြင်မိတာပါပဲ။ ပထမပိုင်းတစ်ခုလုံးမှာ ရန်ပိုင်ဟာ ထိရောက်တဲ့ ခြိမ်းခြောက်မှုဆိုလို့ တစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ ပိုပြီး စိတ်တိုဖို့ ကောင်းတာက သူ့ဆီကို ဘောလုံးပေးတဲ့အခါတိုင်းမှာ တစ်ပုံစံတည်း နောက်ကို ပြန်ပြီးပေးတဲ့ ကစားဟန်ကိုပါပဲ။ သူဟာ ရှေ့တန်းလူတစ်ဦး၊ ဂိုးသွင်းရမယ့်လူတစ်ဦးဖြစ်ပါလျက်နဲ့ တစ်ဖက်နောက်တန်းတွေကို လိမ်ခေါက်ပြီး ကျော်ယူမယ်၊ Skill ပြပြီး လှည့်ထွက်မယ်၊ အတင်းတိုးပြီး အခြားလူတွေအတွက် နေရာလွတ်တွေ ဖြစ်အောင် လုပ်ပေးမယ်လို့ စိတ်ကူးရှိခဲ့ရင်တောင် တစ်ခုမှကို လုပ်မပြနိုင်ခဲ့တာ မင်းလည်း ကြည့်ခဲ့ရမှာပါ။

ငါတို့ မြန်မာရှေ့တန်းအကြောင်းပြောတော့ တစ်ဖက်အသင်းက ရှေ့တန်းကစားသမားနဲ့ နှိုင်းယှဉ်ကြည့်မိတယ်။ မလေးရှားက နံပါတ် ၁၈ ဟာ မနေ့ကပွဲမှာတော့ Man of the Match ပါပဲ။ သူ့ကို မထိန်းနိုင်တာဟာ မြန်မာအသင်းရဲ့ ရှုံးရခြင်း အကြောင်းခံပဲဖြစ်မယ်လို့ ငါတော့ ထင်မိတယ်ကွာ။ မလေးရှားအသင်းဟာ အိမ်ရှင် အသင်းဆိုပေမယ့် အုပ်စုတွင်းမှာ ရှုံးထားတဲ့ရှုံးကြွေး၊ မြန်မာအသင်းရဲ့ သမိုင်းဂုဏ်တွေကြောင့် အတော်ကို ဂရုစိုက်ပြီး ကစားခဲ့တာကို တွေ့ရတယ်။ အဲဒီအကျိုးကိုလည်း သူတို့တွေ ခံစားခဲ့ရပြီလေကွာ။ မြန်မာအသင်း ကစားသင့်တဲ့ ခံစစ်ကစားပြီး Counter ကနေတစ်ဆင့် ဂိုးသွင်းခွင့်တွေရအောင် ကစားတဲ့ကစားကွက်ကို သူတို့ အသင်းက ပိုင်ပိုင်နိုင်နိုင် ကစားသွားနိုင်ခဲ့တယ်။ မြန်မာအသင်းဟာ ငါတို့သေချာပေါက်နိုင်မှာပဲဆိုတဲ့ စိတ်နဲ့အတူ အနည်းငယ်တော့ ပေါ့လျော့ပြီးကစားခဲ့တယ်၊ အနည်းငယ် ဘ၀င်မြင့်ပြီးကစားခဲ့တယ်လို့ ငါထင်မိတာပါပဲကွာ။ အဲဒီအတွက် ခံစားရတဲ့ အကျိုးကတော့အတော်ကို ခါးသီးတယ်ဆိုတာ မင်းလည်းအသိပါပဲကွာ။

သူများအသင်းကို အထင်ကြီးတာလည်းမဟုတ်ဘူး၊ နှိမ်ချတာလည်း မဟုတ်ဘူးကွာ။ ငါပြောချင်သေးတယ်။ မနေ့က ကစားခဲ့တဲ့ ကစားကွက်အရ မလေးရှားအသင်းကစားတာဟာ ဘာမှ စွဲမက်ဖို့မကောင်းတာကို တွေ့ရပါတယ်။ ငါက မြန်မာအသင်းဖက်ကနေပြီး မြန်မာမျက်စိနဲ့ ကြည့်လို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့ကွာ။ သူတို့ ကစားကွက်ဟာ ၁-၉-၁ ကစားကွက်လို့ ပြောရလောက်အောင်ကို ခံစစ်ကို ကစားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ အတွက် ကံကောင်းတာက သူတို့ထားခဲ့ ရှေ့ဆုံးက ၁ ဟာ မြန်မာတွေပြောတဲ့စကားနဲ့ပြောရရင် စစ်သည် တစ်သိန်းအားနဲ့ ညီတယ်ဆိုသလိုပါပဲ။ အဲဒီ နံပါတ် ၁၈ တစ်ယောက်တည်းနဲ့ မြန်မာနောက်တန်းတစ်ခုလုံးကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ဂိုးတွေသွင်းပြခဲ့ပါတယ်။ ရန်ပိုင်အနေနဲ့ အဲဒီ နံပါတ် ၁၈ ကန်တာကို ပြန်ပြန်ကြည့်ပြီး ရှေ့တန်းဆိုတာ ဒီလိုပါလားဆိုပြီး သင်ခန်းစာတွေ ယူသင့်ပါတယ်။ အဲဒီလိုတွေ မြင်ရတော့ ငါတို့ ကြည့်ခဲ့၊ မြင်ခဲ့၊ အားပေးခဲ့ရတဲ့ မျိုးလှိုင်ဝင်းတို့၊ သန်းတိုးအောင်တို့၊ တင်မြင့်အောင်တို့၊ ၀င်းအောင်တို့၊ စိုးနိုင်တို့ကို လွမ်းမိတယ်ကွာ။ နောက်တစ်ခု ချီးကျူးဖို့ကောင်းတာက မလေးရှားကစားသမားတွေဟာ ရလာတဲ့ ဘောလုံးတွေကို အဲဒီ နံပါတ် ၁၈ ဆီကို ရောက်အောင် ပေးပို့နိုင်တာပါပဲ။

သူငယ်ချင်း ကျော်ခိုင်ရေ… ဒုတိယပိုင်းမှာလည်း ငါတို့တွေကသာ မျှော်လင့်ထားတယ်။ မြန်မာအသင်းကတော့ သိတဲ့အတိုင်းပဲ ကစားကွက်တက်လာတာကလွဲလို့ ဂိုးပေါက်ပျောက်နေခဲ့တုန်းပဲကွာ။ ဟိုအချိန်သွင်းနိုးနိုး၊ ဒီအချိန် သွင်းနိုးနိုး ငါတို့တွေက ရင်တခုန်ခုန်နဲ့စောင့်၊ တကယ်ထပ်သွင်းသွားတာက မလေးရှား။ ကောင်းရောပေါ့ကွာ။ မင်းရော၊ ငါရော၊ မြန်မာပရိသတ်တွေ အားလုံးရော အဲဒီအချိန်မှာ ဘယ်လိုတွေ ခံစားနေရမလဲဆိုတာ ဗေဒင် မေးစရာမလိုပါဘူးကွာ။ ပဉ္စမအကြိမ် ချန်ပီယံဖြစ်မယ့် အခွင့်အရေးတစ်ခုတော့ ဆုံးရှုံးသွားခဲ့ပြီ ဆိုတာကို တတိယဂိုး ပေးလိုက်ရတဲ့အချိန်မှာ ငါသိလိုက်တယ်။

ကိုယ့်အသင်း မနိုင်တော့တဲ့အတွက် စိတ်မကောင်းစွာ ထိုင်ကြည့်ဖို့ပဲ ရှိတော့တာပေါ့ကွာ။ ဒါပေမယ့် ငါတို့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေက ဖြစ်လာခဲ့တယ်လေ။ မြန်မာအသင်းဟာ ၃ ဂိုးပေးလိုက်ရတဲ့နောက် ဘယ်လို ဖြစ်သွားတယ်မသိဘူး။ ကစားကွက်က ဖရိုဖရဲ၊ ကန်တာက တောရောက်တောင်ရောက်၊ ပိုဆိုးတာက ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တာပါပဲ။ ကိုယ်ရှုံးထားတဲ့ ဂိုးတွေကို ပြန်ချေပမယ်လို့ အားမထုတ်ဘဲ တစ်ဖက် ကစားတွေ နာကျင်အောင်၊ ဒေါသဖြစ်အောင် မလိုအပ်ဘဲ အတင်းဝင်၊ အတင်းဖျက်၊ ပြစ်ဒဏ်ဘောတွေ လုပ်နေကြတာဟာ အတော်ကို အရုပ်ဆိုး အကျည်းတန်တယ်ကွာ။ အဲဒီနေရာမှာ တလက်စတည်း အသင်း အုပ်ချုပ်သူတွေကို ငါဝေဖန်ချင်တယ်။ ကိုယ့်အသင်းကို မထိန်းနိုင်ကြတာလား၊ ဒီအတိုင်းကို လွှတ်ပေးထားတာ လား၊ သူတို့ကိုယ်တိုင်ကကို အရှုံးကို ရင်မဆိုင်ရဲကြတာလားဆိုတာကိုပါ။ နောက်ပြီး ဆိုးဝါးတာတစ်ခုက မြန်မာအသင်းက နောက်ခံလူဟာ အနီကဒ် ထိလို့ ကွင်းပြင်ထွက်လာတော့ ဦးကြည်လွင်က လာခေါ်တာကို ကောင်းကောင်းမွန်မွန်မလိုက်ဘဲ ပခုံးပေါ်တင်ထားတဲ့လက်ကို ပုတ်ချတာပါပဲ။ ကင်မရာကလည်း အဲဒီအချိန်မှာ သူ့ကို ရိုက်ပြနေတော့ ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရတာပါ။ ဦးကြည်လွင်ဟာ သူတို့ကို သင်ပေးနေတဲ့ နည်းပြဆရာဖြစ်သလို၊ သူတို့တွေ အားကျခဲ့ရတဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးပါ။ အဲဒီ ကစား သမားရဲ့ စိတ်ကို ဘယ်လိုမှကို ခန့်မှန်းလို့ မရပါဘူး။ ဒါဟာ နဂိုကတည်းက အလိုလိုက်ခဲ့တဲ့ ဆရာတွေကြောင့် လား၊ ကစားသမားတွေကိုယ်တိုင်ကကို ယဉ်ကျေးမှုမရှိတဲ့အတွက်လားဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိမှာပါ။

ဒုတိယပိုင်း ရဲ့ မိနစ် ၃၀ လောက်ကတော့ မြန်မာအသင်းအနေနဲ့ ရှက်ဖွယ်လိလိ အဖြစ်အပျက်တွေကို ဖန်တီး နေတာနဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ ပြောရမှာပါပဲကွာ။ သူများရသွားရင် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တယ်။ ပြစ်ဒဏ်ဘောတွေပေးရရင် ဒိုင်လူကြီးကို ပြန်ပြောတယ်၊ တစ်ဖက်ကစားသမားကို မခံချင်အောင်တွေ ပြောတယ်၊ အမူအရာအားဖြင့် ရန်လိုတဲ့အပြုအမူတွေပြတယ် စတဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ မြန်မာအသင်းအတွက် ဘယ်မှာလာပြီး အပေါင်းလက္ခဏာ ဆောင်နိုင်ပါတော့မလဲ။ သူတို့လောက် မြန်မာ့လက်ရွေးစင်အဖြစ် ကန်ကြတာလဲ သူတို့ပဲ ရှိတယ်။ သူတို့လောက် မတိုးတက်တာ၊ မရင့်ကျက်တာလည်း သူတို့ပဲ ရှိမယ် ထင်ပါရဲ့ကွာ။ တစ်ဖက်မလေးရှားအသင်းရဲ့ ကစားကွက်ထဲကို တန်းတန်းကြီးကို လိုက်ဝင်သွားကြတော့တာပဲ။ မလေးရှားအသင်းဟာ နိုင်နေတဲ့အသင်း ဖြစ်တဲ့အတွက် အချိန်ဆွဲတာတွေ၊ လက်ပစ်ဘောတွေကို မပစ်ဘဲ လူလွှဲနေတာတွေ၊ မလိုအပ်ဘဲ မြက်ခင်းပြင်ကို ဟိုနင်းဒီနင်းလုပ်နေတာတွေ၊ ဘောလုံးကို အကြာကြီး တည်နေတာတွေ လုပ်မှာပါပဲ။ ဒါဟာ ဘောလုံးလောကမှာ ဘာမှ မထူးဆန်းတဲ့ အလုပ်တွေပါ။ ဒီအပေါ်မှာ စိတ်တိုနေဖို့၊ အဲဒါတွေကို ကြမ်းတမ်းမှုတွေနဲ့ တုန့်ပြန်ဖို့ မလိုပါဘူး။ ကိုယ်ရှုံးနေတဲ့ ဂိုးတွေကို ချေပနိုင်အောင် ကြိုစားရမယ့်အစား လူချကစားဖို့ကိုပဲ အာရုံထဲမှာ ရှိနေတော့ ဘယ်လိုလုပ်ပြီး ဂိုးသွင်းနိုင်ပါတော့မလဲကွာ။ ကိုယ့်အသင်း အနိုင်ရနေတဲ့အချိန်တွေမှာလည်း ကိုယ်တွေဆိုရင် ဒီလိုပဲ အချိန်ဆွဲတာတွေ၊ မကြာကြာအောင် လုပ်တာတွေ လုပ်ကြမှာပါပဲ။ ဒါကို နားမလည်ဘဲ ခံစားချက်ကို ရှေ့တန်းတင်ပြီး လုပ်ချင်ရာတွေ လုပ်ကြတော့ မြန်မာအသင်းဟာ အမဲစက်တစ်စက် ထပ်ပြီး ရေးခြစ်မိတာက လွဲလို့ တခြားဘာမှ ရမလာပါဘူး။ စင်ကာပူမှာ ခြစ်ခဲ့တဲ့အမဲစက်တောင် မပျက်သေးဘူး၊ နောက်ထပ်အမဲစက်တစ်စက်က ထပ်ပြီး ရေးမိပြန်ပြီလေ။ မြန်မာတွေ ဟာ ဒီလိုပဲ ရှုံးရင် လူချတတ်တယ်၊ ညစ်တတ်တယ်၊ ကြမ်းတမ်းတယ်လို့ ပြောလာမယ့် စကားတွေကို ကျွန်တော်တို့တစ်တွေ လက်ခံကြရုံပဲ ရှိတော့တာပေါ့ဗျာ။ ကိုယ့်အသင်းကလည်း အဲဒီလို အပြောခံရအောင်ကို လုပ်ခဲ့ကြတာကိုး။

ကျော်ခိုင်ရေ…စာလည်း အတော်ရှည်သွားပြီကွ။ ငါလည်း ကိုယ့်မြန်မာအသင်း အောင်မြင်မှုရတာတွေကိုပဲ ပြောချင်တာပါကွာ။ ဒါပေမယ့် မြန်မာအသင်းကလည်း အကောင်းပြောစရာထက် အဆိုးပြောစရာများအောင်ကို လုပ်ကြတယ်ကွာ။ အရင်တစ်ခါ ဖိတ်ခေါ်ပြိုင်ပွဲ ဗထူးမှာ လုပ်တုန်းက ကိုယ့်မြန်မာနှစ်သင်း ဗိုလ်လုပွဲရောက်အောင် လုပ်ပြီး ကစားသွားကတည်းက အစာမကြေတဲ့ ငါဟာ အခုမာဒေးကားဗိုလ်လုပွဲကို ကြည့်ပြီးတဲ့အချိန်မှာ စည်းကမ်းဆိုတဲ့ စကားလုံး၊ ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးကို သူတို့တွေ ဘယ်လိုနားလည်သလဲလို့ မေးချင်လိုက်တာမှ ပါးစပ်ကို ယားနေတာပါပဲကွာ။ ဘောလုံးပွဲတစ်ပွဲဟာ သူ့နိုင်ငံရဲ့ အဆင့်အတန်း၊ သူ့နိုင်ငံရဲ့ စိတ်ဓာတ်၊ သူ့နိုင်ငံရဲ့ စည်းကမ်းတွေကို ဖော်ကြူးနေတယ်လို့ ငါကပြောရင် မင်းက ကြီးကြီ။ကျယ်ကျယ်ကွာလို့ ပြောဦးမှာပါ။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လူတွေကို ငါတစ်ခုတော့ မေးချင်တယ်ကွာ။ ``မြန်မာနိုင်ငံမှာ ဘောလုံးသမား ဒီလောက်ရှားသလားလို့။´´ အချိန်တန်ရင် ငါတို့ပဲ ကန်ရမှာပါဆိုတဲ့စိတ်နဲ့ ကစားနေကြတဲ့ ကစားသမားတွေရဲ့ အထင်တွေ မှန်နေသရွေ့တော့ မြန်မာ့ဘောလုံးလောကကြီး တိုးတက်လာဖို့ မမြင်ပါကြောင်း သူငယ်ချင်း ကျော်ခိုင်ရေ…။ ကျန်းမာပါစေကွာ…။

မင်းရဲ့

ကိုဉာဏ် (ပန်းလောင်မြေ)

Saturday, August 25, 2007

ကွန်ပျူတာတွင် မြန်မာဝင်းဒိုး သုံးနိုင်တော့မည်လော




မနေ့က သတင်းစာထဲမှာဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက် မိတ်ဆက်ပွဲ သတင်းလေးပါ။ အစကတော့ သတင်းရဲ့ဆိုလိုချက်ကို ကိုယ်နားလည်သလို ပြန်ပြောပြဖို့ပါ။ ဒါပေမယ့် အခုတော့ အဲဒီသတင်းအတိုင်းပဲ ကူးယူဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ ဘလော့ဂ်တွေအများစုမှာ သုံးနေကြတာက ဇော်ဂျီပဲဖြစ်မယ်လို့ ထင်ပါတယ်။ မိုင်မြန်မာယူနီကုတ်ကို ကျွန်တော်မသုံးဖူးပါဘူး။ အဲဒီအတွက် ပြောဆိုဝေဖန်ဖို့ ကျွန်တော့်မှာ အခြေအနေ၊ အခြေခံမရှိပါ။ ဒါပေမယ့် ၀င်းဒိုးတစ်ခုလုံးကို မြန်မာလို သုံးလို့ရမယ်ဆိုတာကိုတော့ အတော်ကို စိတ်ဝင်စားပါတယ်။ မျှော်လည်းမျှော်လင့်မိပါတယ်။ ကိုယ်တိုင်မလုပ်နိုင်ပေမယ့် လုပ်နေတဲ့လူတွေကို ချီးကျူးပါတယ်။ MS Word, MS Excel တို့အကြောင်းတွေကို မြန်မာလို ဘာသာပြန်ပြီး ရှင်းပြရင်တောင်မှ အချို့ စာလုံးတွေကို မြန်မာလိုသုံးနှုံးဖို့ အများကြီးခက်ခဲနေတဲ့အတွက် အင်္ဂလိပ်လိုပဲ မပြောင်းဘဲသုံးနေရတာတွေ ရှိပါတယ်။ အဲဒီအတွက် မိုင်မြန်မာဝင်းဒိုးဟာ ဘယ်လိုများ စွမ်းဆောင်နိုင်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ စောင့်မျှော်နေမိပါကြောင်း….။

-

ကွန်ပျူတာအသီးသီးတွင် အသုံးပြုနိုင်သော မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက် (MyMyanmar Unicode System Second Generation) နှင့် ကွန်ပျူတာတစ်ခုလုံးကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် မိုင်ဝင်းဒိုးစ် (My Windows) စနစ်တို့ စမ်းသပ်အသုံးပြုနိုင်ရန် စတင်မိတ်ဆက်တင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်များလှိုင်နယ်မြေရှိ မြန်မာအင်ဖိုတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ………………………….. တက်ရောက်ကြသည်။

မိုင်မြန်မာယူနီကုတ်စနစ်ကိုတီထွင်သူ မောင်ထူးမြင့်နောင် က မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက် ဆက်လက်တီထွင်ရသည့် အကြောင်းရင်းနှင့် မိုင်မြန်မာယူနီကုတ်စနစ်နှင့် စွမ်းဆောင်ရည်များအကြောင်း ဆက်လက် ရှင်းလင်းတင်ပြသည်။

မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက်သည် ယူနီကုတ်ကွန်ဆိုဒီယံက ၂၀၀၇ ခုနှစ် ဧပြီလက သတ်မှတ် အတည်ပြုခဲ့သော ယူနီကုတ်စံသတ်မှတ်ချက် ၅ ဒသမ ၁ နှင့်အညီ တီထွင်ထားသောစနစ် ဖြစ်သည်။ Myanmar2 font အပါအ၀င် အဆိုပါ စံသတ်မှတ်ချက်ကို လိုက်နာသော ယူနီကုတ်မြန်မာ font များအားလုံး အသုံးပြုနိုင်မည့် My Input ခေါ် ကွန်ပျူတာအတွင်း သတင်းအချက်အလက်များ ရိုက်သွင်းသည့်စနစ် တစ်ပါတည်းပါရှိသည်။ My Input သည် မြန်မာဘာသာစကားအပြင် အခြားတိုင်းရင်းသားဘာသာစကားများဖြစ်သည့် ကရင်၊ မွန်၊ ရှမ်း ဘာသာစကားများအတွက်ပါ ယူနီကုတ်စနစ်နှင့်အညီ အသုံးပြုနိုင်စေရန် ဆောင်ရွက်ထားသည့် input method editor စနစ်တစ်ခုဖြစ်သည်။ ထို့ပြင် မိုင်မြန်မာယူနီကုတ်စနစ်သည် ကွန်ပျူတာပေါ်တွင်သာမက မိုဘိုင်းလ်ဖုန်းများ ပီဒီအေများ၊ အီလက်ထရွန်းနစ်အဘိဓာန်များ၊ တီဗွီ၊ ဗွီစီဒီ၊ ဒီဗွီဒီဖွင့်စက်များ အစရှိသည့် အခြားအီလက်ထရောနစ် ပစ္စည်းများတွင်လည်း အသုံးပြုနိုင်သည်။

ထို့နောက် မောင်ထိန်လင်းထူး က ကွန်ပျူတာစနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် My Windows စနစ်နှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းတင်ပြသည်။ မိုင်ဝင်းဒိုးစ်စနစ်သည် ယနေ့ကွန်ပျူတာ အများစုတွင် အသုံးပြုနေကြသော Windows XP စနစ်တစ်ခုလုံးအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင် စေရန် တီထွင်ထားသော စနစ်ဖြစ်သည်။ Windows တွင် ပါဝင်သော menu များ၊ command များကို မြန်မာဘာသာဖြင့် တိုက်ရိုက်အသုံးပြုနိုင်ပြီး ကွန်ပျူတာအတွင်းရှိ ဖိုင်အမည်များကို မြန်မာဘာသာဖြင့် အမည် ပေးခြင်း၊ ရှာဖွေခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် အင်တာနက် အသုံးပြုခြင်း၊ အီးမေးလ်ပေးပို့ခြင်းများကို လည်း မြန်မာဘာသာဖြင့်ပင် တိုက်ရိုက်ပေးပို့နိုင်၊ လက်ခံနိုင်၊ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

ယနေ့ ရှင်းလင်းတင်ပြသော မိုင်မြန်မာယူနီကုတ်စနစ်နှင့် မိုင်ဝင်းဒိုးစ် စနစ်များကို အသုံးပြု၍ ကွန်ပျူတာ တစ်ခုလုံးကို မြန်မာစာဖြင့် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ဘာသာစကား အခက်အခဲကြောင့် ကွန်ပျူတာ အသုံးပြုမှုအခက်အခဲ ရှိနေမှုများ လျော့နည်းသွားစေပြီး မြန်မာစာတတ်သူတိုင်း ကွန်ပျူတာကို အသုံးပြုနိုင်မည် ဖြစ်သဖြင့် အနာဂတ်အိုင်တီဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။ မိုင်မြန်မာ ယူနီကုတ်စနစ် ဒုတိယမျိုးဆက်နှင့် မိုင်ဝင်းဒိုးစ် စနစ်များကို လာမည့် အောက်တိုဘာလတွင် အများပြည်သူတို့ အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်ဖြန့်ချိမည်ဖြစ်ကြောင်း သိရှိရသည်။ မိုင်မြန်မာယူနီကုတ်စနစ်၊ မိုင်ဝင်ဒိုးစ်စနစ် များ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက www.mymyanmar.net သို့ ၀င်ရောက်ကြည့်ရှု လေ့လာနိုင်သည်။

ယနေ့ မိတ်ဆက်တင်ပြသော မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက်နှင့် မိုင်ဝင်းဒိုးစ်စနစ်များကို တီထွင် အကောင်အထည်ဖော်ခဲ့သော မောင်ထူးမြင့်နောင် နှင့် မောင်ထိန်လင်းထူး တို့သည် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ဂုဏ်ထူးတန်းနှင့် နောက်ဆုံးနှစ်များတွင် တက်ရောက်ပညာသင်ကြားနေသူများ ဖြစ်ကြသည်။ မောင်ထူးမြင့်နောင် သည် မိုင်မြန်မာယူနီကုတ်စနစ်ကို ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကတည်းက အောင်မြင်စွာ တီထွင်ခဲ့ပြီး မိုဘိုင်းလ်ဖုန်းများပေါ်တွင် အသုံးပြုနိုင်သော မြန်မာစာစနစ်ကိုလည်း ၂၀၀၆ ခုနှစ်တွင် တီထွင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့သွေး အီးမေးလ်များ


မြန်မာ့သွေးအဖွဲ့မှ ပေးပို့သော နေ့စဉ်အီးမေးလ်များ ရယူလိုပါက

ဘလော့ဂ်မှာ ကျွန်တော်တို့က Vote လုပ်စေချင်တဲ့အတွက် Poll လေးတစ်ခု တင်ပေးထားပါတယ်။ မြန်မာ့သွေး အီးမေးလ်များအပေါ် သဘောထားကို စစ်တမ်းကောက်ခြင်းဖြစ်ပါသည်။ တစ်နေ့ကအီးမေးလ်ဖြင့် မေးလာပါသည်။ မြန်မာ့သွေးအီးမေးလ်ဆိုသည်မှာအဘယ်နည်း။ ဘယ်လိုယူရမလဲ။ သူတို့ယူချင်ပါတယ်ဟု။ သူကတော့ အင်္ဂလိပ်လိုရေးခြင်းဖြစ်ပါသည်။ အခုဟာက မြန်မာလို ဆီလျော်အောင်ပြန်ပြောပြရခြင်းဖြစ်ပါသည်။ ထို့အတွက် မြန်မာ့သွေး အီးမေးလ်များ ရယူပုံကို အနည်းငယ်မျှ ပြောပြလိုပါသည်။

ပြောပြမည်ဆိုသော်လည်း ဘယ်ကစပြောရမှန်းမသိပါ။ သိပြီးလူတွေအတွက်ကတော့ တကယ့်ကို ကလေးကလား ဖြစ်နေပါလိမ့်မည်။ သို့သော် မသိသူများအတွက်သက်သက် ရည်ရွယ်ပြီး ပြောပြခြင်းဖြစ်ကြောင်း ကြိုတင် ပြောကြားလိုပါသည်။ သိပြီးသူများအတွက်ကတော့ ရာဟုဂရုပ် တစ်ခုခုမှ အီးမေးလ်လိုချင်လျှင် ထိုဂရုပ်သို့သွား၊ ရာဟုအကောင့်ဖြင့် ဆက်သွယ်၊ ပြီးလျှင် အီးမေးလ်များကို မည်သို့မည်ပုံ ရယူမည်ဆိုသည်ကို ရွေးချယ်၊ ဒါဆိုလျှင် ပြီးပါသည်။ မသိသူများအတွက်၊ ရာဟုကို သုံးလို့ မရသူများအတွက်၊ ရာဟုအီးမေးလ်အကောင့် မရှိသူများအတွက် ကတော့ အခက်အခဲတစ်ခု ဖြစ်ပါသည်။

အလွယ်ဆုံးနည်းလမ်းတစ်ခုကို ပြောပြပါမည်။ စမ်းသပ်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့အတွက်တော့ အဆင်ပြေပြေ အလုပ်လုပ်ပါသည်။ ဘာရာဟုအကောင့်မှ ရှိရန်မလိုပါ။ ဘာပုံစံမှလည်း ဖြည့်ရန်မလိုပါ။ အီးမေးလ်လေးတစ်စောင် ပေးပို့ရန်သာဖြစ်ပါသည်။

-

အဆင့် (၁)။ မြန်မာ့သွေးမှပေးပို့သည့် အီးမေးလ်များကို လက်ခံရယူလိုသည့် အီးမေးလ်လိပ်စာတစ်ခုကို ဆုံးဖြတ်ပါ။ မြန်မာ့သွေးမှပေးပို့သော အီးမေးလ်အားလုံးသည် ထိုမေးလ်အကောင့်၏ Inbox အတွင်းသို့ ရောက်ရှိပါလိမ့်မည်။ မိမိ၏ အီးမေးလ်ကို Sign In လုပ်ပါ။ ထို့နောက် အီးမေးလ်တစ်စောင် Compose/Send ရန် ပြုလုပ်ပါ။ ပေးပို့ရမည့် To လိပ်စာနေရာတွင် myanmarthway-subscribe@yahoogroups.com ဟု ရေးပါ။ ထို့နောက် Send ခလုတ်ကိုနှိပ်ပါ။ (အချို့အီးမေးလ်ဝန်ဆောင်မှုများသည် Empty Message ဖြစ်နေသည်ဟူသည့် Error ကို ပြန်ပေးတတ်ပါသည်။ ထို့အတွက် အကြောင်းအရာနေရာတွင် မည်သည့်စာလုံးကို မဆို ရိုက်နိုင်ပါသည်။ ဥပမာ - A, B, Email, Group, Name, စသဖြင့် စာလုံးလေးတစ်လုံးရေးသားလျှင်ပင် ရပါသည်။
-

အဆင့် (၂)။ အချိန်အနည်းငယ်အကြာတွင် သင်၏ အီးမေးလ် Inbox ထဲသို့ “Please confirm your request to join myanmarthway” ဆိုသောအကြောင်းအရာခေါင်းစဉ်ဖြင့် အီးမေးလ်တစ်စောင် ရောက်ရှိပါ လိမ့်မည်။ အဆိုပါမေးလ်ကိုဖွင့်ပါ။ အဆိုပါမေးလ်ထဲတွင် အောက်ပါအတိုင်း တွေ့မြင်ဖတ်ရှုရပါလိမ့်မည်-


အဆင့် (၃)။ ထိုမေးလ်ထဲတွင် မြန်မာ့သွေးအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် နည်းလမ်းနှစ်သွယ်တွေ့ရမည် ဖြစ်ပါသည်။ ပထမနည်းလမ်းသည် ရာဟုအကောင့်ရှိသူများ၊ ရာဟုသုံးစွဲရန် အဆင်ပြေသည့်သူများအတွက်တော့ အသုံးဝင်ပါသည်။ သို့သော် ရာဟုမေးလ်အကောင့်မရှိသူများ၊ ရာဟုဝင်ရောက်သုံးစွဲရန် အဆင်မပြေသူများ အတွက်မူ ဒုတိယနည်းလမ်းကိုသာ အသုံးပြုစေလိုပါသည်။ ထို့ပြင်ဒုတိယနည်းလမ်း၏ အားသာချက်မှာ အဖွဲ့မှ ပေးပို့သော အီးမေးလ်များကို မိမိနှစ်သက်ရာ အီးမေးလ်အကောင့်၏ Inbox ထဲသို့ ရောက်ရှိစေနိုင်ခြင်းဖြစ်ပါသည်။
-
အဆင့် (၄)။ အဆိုပါရရှိသော အီးမေးလ်အား Reply လုပ်ခြင်းဖြင့် မြန်မာ့သွေးအဖွဲ့သို့ ၀င်ရောက်ပြီး ဖြစ်ပါလိမ့် မည်။ မကြာမီ မြန်မာ့သွေးမှ ကြိုဆိုပါကြောင်း အီးမေးလ်နှင့်အတူ နေ့စဉ်ပေးပို့လျက်ရှိသော အီးမေးလ်များကို လက်ခံရရှိပါလိမ့်မည်။ ထို့အတူ မိတ်ဆွေအနေဖြင့် မြန်မာ့သွေးမှ အခြားမိတ်ဆွေများအားလုံးကို ဝေငှပေးဝေ လိုသည်များ၊ ဝေငှခံစားစေလိုသည်များရှိပါက အဖွဲ့သို့ အီးမေးလ်ပေးပို့ခြင်း၊ Forward ပြုလုပ်ခြင်းများ ပြုလုပ်နိုင် ပါသည်။ myanmarthway@yahoogroups.com သို့ လိပ်မူရန် ဖြစ်ပါသည်။
-
အဆင့် (၅)။ အကယ်၍ အထက်ပါအတိုင်း ပြုလုပ်သော်ငြားလည်း အဆင်မပြေရှိလာခဲ့အံ့။ မြန်မာ့သွေး အယ်ဒီတာ ထံသို့ အီးမေးလ်ပေးပို့၍ အကူအညီတောင်းခံနိုင်ပါသည်။ myanmarthway@gmail.com သို့ လိပ်မူ၍ အီးမေးလ်ရေးသားနိုင်ပါသည်။
-
မြန်မာ့သွေးမိတ်ဆွေအားလုံး အဆင်ပြေလိမ့်မည်ဟု ယူဆပါသည်။ မြန်မာ့သွေးအဖွဲ့မှ မြန်မာမိတ်ဆွေများ အားလုံးအား ကြိုဆိုပါသည်။ မြန်မာ့သွေးအဖွဲ့သည် မြန်မာမိတ်ဆွေအားလုံးအတွက် ဖြစ်ပါသည်။ စိတ်နှလုံး ရွှင်လန်းနိုင်ကြပါစေ….။

Wednesday, August 22, 2007

မာဒေးကားအနိုင်အရှုံးများ


မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ ရလဒ်များ

****

**

*

၂၀-၈-၂၀၀၇ မြန်မာ ၁ - ၀ လီဆိုသို

၂၀-၈-၂၀၀၇ မလေးရှား ၂ - ၀ လာအို

၂၁-၈-၂၀၀၇ စင်ကာပူ ၄ - ၂ ဇင်ဘာဘွေ

၂၁-၈-၂၀၀၇ ဘင်္ဂလားဒေ့ရှ် ၀ - ၁ အင်ဒိုနီးရှား

၂၂-၈-၂၀၀၇ လီဆိုသို ၃ - ၁ လာအို

၂၂-၈-၂၀၀၇ မလေးရှား ၁ - ၂ မြန်မာ

၂၃-၈-၂၀၀၇ စင်ကာပူ - ၁ ဘင်္ဂလားဒေ့ရှ်

၂၃-၈-၂၀၀၇ အင်ဒိုနီးရှား ၁ - ၂ ဇင်ဘာဘွေ

၂၅-၈-၂၀၀၇ စင်ကာပူ ၂ - ၀ အင်ဒိုနီးရှား

၂၅-၈-၂၀၀၇ ဘင်္ဂလားဒေ့ရှ် - ၂ ဇင်ဘာဘွေ

၂၅-၈-၂၀၀၇ မလေးရှား ၄ - ၀ လီဆိုသို

၂၅-၈-၂၀၀၇ မြန်မာ - ၀ လာအို

၂၇-၈-၂၀၀၇ ဆီမီးဖိုင်နယ်(၁)---- မြန်မာ ၃ - ၁ ဇင်ဘာဘွေ

၂၇-၈-၂၀၀၇ ဆီမီးဖိုင်နယ်(၂)---- မလေးရှား ၃ - ၁ စင်ကာပူ

၂၉-၈-၂၀၀၇ ဗိုလ်လုပွဲ ...... မလေးရှား ၃ - ၁ မြန်မာ

*

**

***

၂၀၀၇ ခုနှစ်၊ မာဒေးကားဖလားဘောလုံးပြိုင်ပွဲချန်ပီယံအသင်းမှာ (မလေးရှား) ဖြစ်ပါသည်။

မိလက္ခူညည်းချင်း - မအိ



၁၃-၇-၂၀၀၇ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်ကို တစ်နေ့ကဖတ်ဖြစ်ပါတယ်။ အဲဒီမှာ အောက်က ကဗျာလေးကိုဖတ်မိတာပါ။ ပထမတစ်ခေါက်တော့ ဂျာနယ်ထဲမှာပါတဲ့အတွက် ဖတ်မိတာပါ။ ဖတ်ရင်းနဲ့ အတော် ကလေး သဘောကျမိပါတယ်။ နောက်တစ်ခေါက်ထပ်ဖတ်ပါတယ်။ ဖတ်ရင်းနဲ့ အတော် သဘောကျမိတဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကူးယူထားလိုက်ပါတယ်။ ဘလော့ဂ်မှာတင်မယ်တင်မယ်နဲ့ အချိန်လည်းမရ၊ လူကလည်း ပျင်းနေတာနဲ့ အခုမှပဲ တင်ပေးဖြစ်ပါတယ်။ ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။ ကဗျာဆရာမ မအိ ရဲ့ လက်ရာပါ။ ကဗျာခေါင်းစဉ်က ``မိလက္ခူ ညည်းချင်း´´

မျိုးကြီးဆွေကြီးမဟုတ်

သူကြွယ့်သမီးမဖြစ်

ပညာတတ် မပီ

မိရိုးဖလာ အလယ်အလတ်တန်းစား

လောကဓံနဲ့ ညားမှတော့

ဆင်နင်းယပ်တောင်သဖွယ် အခါခါပြားပေါ့။

*

၁၂၆ ကျပ်စား

၁၂၆ ကျပ်စားနဲ့ပဲ ဖူးစာဆုံ

ဒုက္ခတစ်စုံလုံး လိုင်စင်ရ

ပါရမီလမ်းခွဲမှ တစ်ဆင့်

ဟိမ၀န္တာ မြေး၊ မြစ်၊ တီ၊ ကျွတ်အထိ

*

ဆင်းရဲချမ်းသာ အဓိက မကျလှ

ယုံကြည်မှုပဓာန တံခွန်ထူ

``သူလိုလူ´´ မှတ်ခဲ့သကိုး

*

အဆက်မပြတ်

စက္ကန့်တံလို လျင်မြန်ရွေ့လျား

ဖ၀ါးခြေထပ် တံလျှပ်ချိုချို

ပျော်လိုနေရဲ တောထဲငုံ့လျှိုး

ချုံတိုးအိပ်စက် အိပ်မက်မက်ချင်

*

ကျောက်ခဲရေညှစ် ချွေးပွင့်သွေးစက်

ကိုယ့်အသက်... သူ့လက်ထဲ

သူ့အသက်.. ကိုယ့်လက်ထဲ

အနေဆင်းရဲ.. အစားဆင်းရဲ

နှင်းပုလဲဝတ်ရုံ ခပ်ထူထူဖုံး

အသည်းမာဆုံး အချိန်။

*

တိမ်တွေက ကျွန်မရဲ့ စာသင်ကျောင်းလေးအောက်မှာ

တောင်တွေက ကျွန်မရဲ့ ဖ၀ါးအောက်မှာ

သစ်တော်ပင်၊ သစ်ကြားပင်၊ သစ်စိမ့်ပင်၊ ၀က်သစ်ချပင်၊ လက်ဖက်ခင်း၊ တောင်ကတုံး၊ တောင်စောင်း

တောအုပ်၊ လျှိုမြောင်၊ ချောက်ကြား

ကိုစိမ်းကားတို့နဲ့ တူတူပုန်းတမ်းကစား

အိန္ဒိယဇာတ်လမ်းထဲက လပ်ဖ်ဆင်းန် မဟုတ်ဘူးနော်

ခုနေပြောတော့ ပုံပြင်တစ်ပုဒ်။

*

ရေးချင်လို့ ရေးတယ်။

ရွတ်ချင်လို့ ရွတ်တယ်။

သည်အရွယ် သည်ဘဝ

သည်အချိန်အခါကျမှ

သည်အခွင့်အရေးလောက်မျှ မရရင်

*

ဂိုဏ်းဖွဲ့…

အသိုင်းအ၀ိုင်းချဲ့…

စာမျက်နှာတွေပေါ် ရိုင်းနေလိုက်ကြတာ မရှက်

*

ရွာပျောက် ကမ်းပျောက် လယ်ပျောက် နွားပျောက်

ဆွေပျောက် မျိုးပျောက် အိုးပျောက် အိမ်ပျောက်

ပန်းတိုင်ရောက် ရန်သူပျောက် ချစ်သူပျောက် မုန်းသူပျောက်

တစ်ယောက်နဲ့တစ်ယောက်

*

ကောသလအိပ်မက် (၁၆)ချက်

ဘယ်နှချက် ထပ်တိုးရင် ကောင်းမလဲလေ…

အဖေတို့ အမေတို့ ပြောပါများ

ဗြဟ္မစိုရ်တရား ထွန်းကာတဲ့မြေ….ဆို။

ပုံတူမျိုးပွားမှုများနှင့် လူသားတို့၏ ကျန်းမာရေး




တစ်နေ့က သတင်းစာဖတ်တော့ နိုင်ငံတကာသတင်းကဏ္ဍမှာ ထူးထူးခြားခြား သတင်းလေးတစ်ပုဒ်ကို သွားဖတ်မိပါတယ်။ ဂျပန်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက ဇီဝပညာရှင်တွေဟာ ၀က်သတ္တ၀ါ ပုံတူမျိုးပွားမှုကို စတုတ္ထမျိုးဆက် အထိ ပြုလုပ်နိုင်ပြီဆိုတဲ့အကြောင်းပါပဲ။ အရင်ကတော့ အမေရိကန် ပညာရှင်တွေဟာ ဓာတ်ခွဲခန်းသုံး ကြွက်ကို မျိုးဆက်ခြောက်ခုအထိ မျိုးပွားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ဓာတ်ခွဲခန်းသုံးကြွက်ရဲ့ ကိုယ်အင်္ဂါများဟာ လူသားများရဲ့ ကိုယ်အင်္ဂါများနဲ့ နီးစပ်မှုမရှိတဲ့အတွက် နည်းပညာအောင်မြင်မှုအရ သက်သက်သာ ပြောဆိုနိုင်ခဲ့ပါတယ်။ အခု ဂျပန်က ပြုလုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုရဲ့ အကျိုးရလဒ်က ၀က်ရဲ့ ကိုယ်အင်္ဂါများဟာ လူနဲ့နီးစပ်တဲ့အတွက် လူတွေရဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အစားထိုးကုသမှုတွေ ပြုလုပ်တဲ့အခါ အသုံးဝင်လာမယ်လို့ ဆိုပါတယ်။ သူတို့ ဥပမာပေးထားတာက ၀က်ရဲ့ ပန်ကရိအင်္ဂါကိုသုံးပြီး လူသားတွင် အစားထိုးကုသပေးခြင်းဖြင့် ဆီးချိုဝေဒနာရှင်များကို ရောဂါပျောက်ကင်းအောင် ကုသ အသုံးပြုနိုင်ပါတယ်တဲ့။ တကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်ခဲ့ရင် တော်တော့်ကို အသုံးဝင်မယ့်ကိစ္စကြီးပါ။ တစ်ဆက်တည်း ဆက်တွေးမိတာက လူတွေရဲ့ အသိလွန်၊ အတတ်လွန်မှုဟာ ဘယ်အချိန်မှာ ပြန်ပြီး ဒုက္ခပေးမလဲဆိုတာပါပဲ……။ အခုထိတော့ လူတွေဟာ မိမိစိတ်ကူးမိသမျှကို ဖြစ်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာချည်းပါပဲ။ ချီးကျူးရမှာလား…. ရင်ထိတ်ရမှာလားဆိုတာတော့…..။

မာဒေးကားပွဲအကြိုစကားလုံးများ


မာဒေးကားဖလား နှင့် မြန်မာ

မြန်မာတွေက မာဒေးကားမှာတော့ အစဉ်အလာကောင်းတွေ ရှိထားတယ်။ အဲဒီအတွက်လည်း ဒေသတွင်း ပြိုင်ဘက်တွေက မာဒေးကားမှာဆိုရင် မြန်မာကို အလေးထားကြတယ်။ ဘယ်လောက်ပဲ ခြေစွမ်းတွေ ကျနေပါစေ မာဒေးကားဖလားဆိုရင် မြန်မာအသင်းက ရေကုန်ရေခန်း ကြိုးစားတတ်တဲ့ အကျင့်ရှိတယ်။ ငါတို့က ဒီဖလားကို ခဏခဏ ယူနေကျဆိုတဲ့ စိတ်က သူတို့ရင်ထဲမှာ လွှမ်းမိုးထားကြတယ်။ အဲဒါကပဲ အချိန်တန်ရင် အောင်လိုစိတ် ဖြစ်သွားတယ်။ အဲဒီ တိုက်ပွဲဝင်စိတ်ဓာတ်ရှိနေရင် ဘယ်အသင်းကိုမှ ကြောက်စရာ မရှိတော့ဘူး။ အနိုင်ဆိုတာ လက်တစ်ကမ်းမှာပါပဲ။

ပြောချင်တာက မြန်မာပရိသတ်တွေအကြောင်းပါ။ အခု ဘယ်နေရာဖြစ်ဖြစ် မာဒေးကားအကြောင်းပြောနေကြပြီ။ လက်ရှိချန်ပီယံအသင်းကွ။ ဒီနှစ်လည်း ပိုတောင်ကောင်းလာသေးတာ။ ဖလားကို ရမှာပါ။ ဘရာဇီးလ် နည်းပြကြီး ရဲ့ ကြပ်မတ်နည်းပြမှုအောက်မှာ မြန်မာအသင်း အတော်ကို တိုးတက်လာတယ်ဆိုတဲ့ ဂျာနယ်တွေအပေါ်က သတင်းတွေကလည်း ပရိသတ်ကို စိတ်လှုပ်ရှားစေတာကိုး။ ကိုယ့်နိုင်ငံအသင်းကို ကန်တိုင်းနိုင်စေချင်တာ နိုင်ငံသားတိုင်းရဲ့ မျိုးချစ်စိတ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ကိုယ့်လူမျိုးကို မချစ်ရင် ဘယ်ကလာပြီး ကိုယ့်အသင်းကို အားပေးတော့မလဲ။ တစ်ချို့ကပြောတယ်။ ဘောလုံးကိုအားပေးတာ နိုင်တဲ့အသင်းကို အားပေးကြတဲ့လူက များပါတယ်တဲ့။ အောင်မြင်မှုရှိတဲ့အသင်း၊ နာမည်ကြီးဘောလုံးသမားတွေ ကစားတဲ့ အသင်းကို အားပေးကြတာတဲ့။ အခြားကလပ်တွေတို့၊ ပြိုင်ပွဲတွေကို ကြည့်တာဆိုရင်တော့ မှန်မှာပေါ့။ ကိုယ့်နိုင်ငံ အသင်းဆိုရင်တော့ မမှန်တော့ဘူးဗျ။ ကိုယ့်နိုင်ငံအသင်းမှာ ဘယ်သူတွေပဲ ကန်ကန် အင်္ကျီရင်ဘတ်မှာ မြန်မာနိုင်ငံတော်အလံ တံဆိပ်တပ်ပြီး ကန်ကြတဲ့လူအားလုံးဟာ ငါတို့ မြန်မာနိုင်ငံကို၊ ငါတို့မြန်မာလူမျိုးကို ကိုယ်စားပြုပြီး ကန်နေကြတာဆိုပြီး မျိုးချစ်စိတ်အပြည့်နဲ့ အားပေးကြတာပါ။ ရှုံးနိမ့်တဲ့အခါ ဆဲကြ၊ ဆိုကြ၊ ဝေဖန် ကြတာဟာ မြန်မာအသင်းကို နာစေချင်လို့ မဟုတ်ပါဘူး။ ကိုယ့်အသင်းကို အမြဲတမ်းနိုင်စေချင်တဲ့အတွက်ပါ။ ဒါပေမယ့် နိုင်ချင်လို့အားပေးတာမဟုတ်ဘူး။ အားပေးရင်းနဲ့ကို ကိုယ့်အသင်းကို နိုင်ချင်တာ။ ဘရာဇီးလ်နဲ့ မြန်မာ ကန်ရင်တော့ ကိုယ့်မြန်မာအသင်းကို အားပေးကြမှာပဲ မဟုတ်ဘူးလားဗျာ။ သေချာပေါက်နိုင်တဲ့အသင်းကို အားပေးချင်မှတော့ ဘရာဇီးလ်အလံတွေကိုပဲ ဝှေ့ယမ်းပြီး အားပေးတော့မှာပေါ့။ ဟုတ်ပါတယ်နော။

ကဲ မြန်မာအသင်းရဲ့ အုပ်စုအနေအထားလေးကို ကြည့်ရအောင်။ အုပ်စုကို မကြည့်ခင် ဒီနှစ် မာဒေးကားဖလားကို ဖိတ်ခေါ်ထားတဲ့အသင်းတွေကို ဆန်းစစ်လိုက်ရအောင်။ ဒီနှစ်မှာ အရှေ့တောင်အာရှက ၅ သင်း၊ အာဖရိက က ၂ သင်း၊ တောင်အာရှက ၁ သင်း၊ စုစုပေါင်း ၈ သင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ အာဖရိကအသင်းတွေဟာ အသင်းကြီးတွေ မဟုတ်တဲ့အတွက် နာမည်တောင် စိမ်းနေနိုင်ပါတယ်။ ဒါပေမယ့် သက်လုံနဲ့ ခွန်အားကောင်းတဲ့ အဲဒီအသင်းတွေနဲ့ ကစားရတာ အတော်ခက်ခဲမယ်လို့ မြင်မိပါတယ်။ မြန်မာတွေအတွက် တကယ့်ကို အထူး အခွင့်အရေးပါပဲ။ အတွေ့အကြုံများစွာ ရမယ့် ပြိုင်ပွဲပါ။ ဒါပေမယ့် ဒေသတွင်း အသင်းကြီးတစ်သင်းဖြစ်တဲ့ ထိုင်းအသင်းကို စာရင်းမှာ မတွေ့ရဘူး။ မလေးရှားက မဖိတ်တာလား။ ထိုင်းကပဲ မကန်ဘဲ ငြင်းပယ်ထားတာလား တော့မသိပါဘူး။

အုပ်စု (က) - မြန်မာ၊ မလေးရှား၊ လီဆိုသို၊ လာအို။

အုပ်စု (ခ) - အင်ဒိုနီးရှား၊ စင်ကာပူ၊ ဇင်ဘာဘွေ၊ ဘင်္ဂလားဒေ့ရှ်။

မြန်မာအသင်းက စစချင်းပွဲမှာ အာဖရိကအသင်း လီဆိုသိုနဲ့ တွေ့မှာပါ။ ပြီးရင် မလေးရှား၊ နောက်ဆုံးပွဲကျမှ လာအိုနဲ့ပါ။ ပွဲစဉ်ကတော့ အတော်ကို ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

ကဲဗျာ…ရှုံးမှာနိုင်မှာတွေကို နောက်ထား။ အခုလောလောဆယ်တော့ ကိုယ့်မြန်မာအသင်းကို အားပေးဖို့သာ ပြင်ထားပေတော့။ နိုင်ရင် ပျော်ရ၊ ဂုဏ်ယူရသလို၊ ရှုံးတော့လည်း ထုံးစံအတိုင်း ကစားကွင်းတို့၊ ဒိုင်လူကြီးတို့၊ ရာသီဥတုတို့ကို အပြစ်ပုံချကြတာပေါ့ဗျာ။ မဟုတ်ဘူးလား။

မြန်မာအသင်း အောင်ပွဲဆင်နိုင်ပါစေဟု….။

Wednesday, August 08, 2007

U-20 ဘောလုံးပွဲ(၂၀၀၇)


အာစီယံ ယူ-၂၀ ဘောလုံးပြိုင်ပွဲ - ASEAN U-20 Championship
-
ဆီမီးဖိုင်နယ်ပွဲစဉ်များ
ဗီယက်နမ် ၃ - ၁ မြန်မာ
မလေးရှား ၂ - ၁ ထိုင်း

တတိယနေရာလုပွဲ (9-8-2007)
ထိုင်း ၂ - ၀ မြန်မာ

ဗိုလ်လုပွဲ (9-8-2007)
ဗီယက်နမ် ၁ - ၀ မလေးရှား
-
၂၀၀၇ ခုနှစ် အာစီယံ ယူ-၂၀ ဘောလုံးပြိုင်ပွဲ ချန်ပီယံအသင်း - ဗီယက်နမ်

Sunday, July 29, 2007

ပိုင်စိုးကိုကို၏ စာသင်ခန်းဟာသများ


ဘယ်မှမသွားတဲ့မျက်နှာ

ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။

``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´

``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´

-

ကတ်သီးကတ်သပ်

ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။

ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။

အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။

-

သူ့မနော

မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။

``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´

ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…

``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´

ဆရာကြီး ကျေနပ်သွားတယ်။

``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´

``ဟို… ဘယ်တစ်ယောက်လဲဟင်´´

-

အလေးသာတဲ့ဘက်

ကျောင်းသားသုံးယောက်ဟာ နေသာတဲ့ နေ့ခင်းတစ်ခုမှာ ကျောင်းကနေ အိမ်ပြန်လာကြတယ်။

``ငါတို့ ဘာလုပ်ရင် ကောင်းမလဲ´´

တစ်ယောက်က မေးလိုက်တယ်။

``ခေါင်းပန်းလှန်ကြည့်ကြတာပေါ့´´တဲ့။

ကျန်တဲ့တစ်ယောက်က အကြံပြုတယ်။

``ခေါင်းကျရင်… ငါတို့ ဘောလုံးသွားကန်မယ်။ ပန်းကျရင်တော့… ရေသွားကူးကြမယ်´´

``ဒီအကြံကောင်းတယ်။ တကယ်လို့ ပိုက်ဆံက ပစ်လိုက်တဲ့အခါ တည့်တည့်သွား ထောင်နေရင်တော့ ငါတို့ အိမ်ပြန်ပြီး စာမေးပွဲအတွက် စာကျက်ကြတာပေါ့´´

-

အကြောင်းသိပြီးသား

ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။

သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။

``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´

``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။

ဘာတီက သွက်သွက်လက်လက်ဖြေတယ်။

``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´

``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´

-

သူသိတာက

ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။

အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။

ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။

အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။

-

တူသလိုလိုပဲ

ဒါရန့်ရုပ်ရည်က ကြည့်ရ နည်းနည်းဆိုးပါတယ်။ သူဟာ သူ့သူငယ်ချင်း အသစ်ဖြစ်တဲ့ ရှရွန်ကို သူ ကျောင်းပိတ်ရက် ခရီးထွက်တုန်းက ဓာတ်ပုံတွေ ပြနေတယ်။ သူ့ပြတဲ့ပုံက ပင်လယ်ကမ်းခြေမှာ မြင်းစီးရင်း ရိုက်ထားတဲ့ပုံပါ။

ရှရွန် - ဒါ… မင်းပုံလား။

ဒါရန် - ဟုတ်တယ်လေ။

ရှရွန် - ဟင်… မင်းကျောပေါ်က ဘယ်သူလဲ။

-

ပြောမိတာ မှားပါတယ်

တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။

``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´

ကျောင်းသားက ပျာပျာသလဲနဲ့…

``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။

တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း

``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´

တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…

``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´

တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။

``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´

-

သူမြန်ပုံက

ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။

ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။

ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊ သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။

ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။

ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရထား ရောက်မလာခင် နာရီဝက်လောက်အလိုကတည်းက ဘူတာ ကြိုရောက်နေတာကွ။

တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။ သူကလည်း အားကျမခံပါပဲ။

တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊ ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီ ပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။

-

မဖြစ်နိုင်ဘူးထင်တယ်

ဆရာတစ်ယောက်ဟာ တပည့်တွေကို လူဦးရေ တိုးပွားနှုန်းအကြောင်း သင်ကြားပို့ချနေတယ်။

ဆရာ - ကမ္ဘာပေါ်မှာ တရုတ်ပြည်ဟာ လူဦးရေ တိုးပွားနှုန်း အများဆုံးပဲကွ။ တရုတ်ပြည်ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ဘယ်လောက်မြန်သလဲဆိုရင် တရုတ်ပြည်က လူတွေကိုသာ လေးယောက်စီ တန်းစီပြီး တောင်တစ်တောင်ကို ကျော်ခိုင်းရင် အဲဒီ လူတန်းကြီးဟာ ဘယ်တော့မှ ဆုံးမှာကို မဟုတ်ဘူး။

ပို့ချချက်အဆုံးမှာ အတန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဆမ်ဟာ ဆရာပြောသွားတာကို နားမလည်သလို ပြူးကြောင်ကြောင် ကြည့်တယ်။ ဒါနဲ့ ဆရာလည်း သူ့စကားကို ထပ်ရှင်းရတာပေါ့။

ဆရာ - ဒီလိုလေကွာ၊ သူတို့ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ သူတို့ တောင်ပေါ်တက်သွား နိုင်တာထက်တောင် မြန်နေသေးတယ်ကွ။ လူတစ်တန်း တောင်ပေါ် တက်သွားချိန် လောက်မှာပဲ နောက်ထပ် လူတစ်တန်းက ထပ်ဖြစ်(ထပ်မွေးဖွား)နေပြီ။

ဒီအထိလည်း ဆမ်က ပြူးကြောင်ကြောင် ဆက်ကြည့်နေတုန်းပါပဲ။ စိတ်မရှည်တော့တဲ့ ဆရာက ဆမ့်ကို လက်ညှိုးထိုးပြီး လှမ်းမေးလိုက်တယ်။

ဆရာ - မင်းက ဘာကြည့်နေတာလဲ ဆမ်။ ဆရာပြောတာကို နားမလည်ဘူးလား။

ဆမ် - ဟို… သူတို့ တောင်ပေါ် ဖြတ်သွားနေကြချိန်မှာ လူဦးရေတိုးပွားဖို့ကိစ္စတွေ အတွက် အချိန်မှ ရပါ့မလားဟင်။

Friday, July 27, 2007

ပစ္စည်းလေးပါး


(သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သော ပစ္စည်းမျိုးလေးပါး)

၁။ ဆွမ်းပစ္စည်း -ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ်၊ နို့ စသော ၀တ္ထုများ။

၂။ သင်္ကန်းပစ္စည်း - ၀တ်ရုံသုံးဆောင်ကောင်းသော သင်္ကန်း (၉) ထည်။

၃။ ကျောင်းပစ္စည်း - ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး။

၎။ ဆေးပစ္စည်း - ကျန်းမာရေးဆိုင်ရာ ဆေးအဖျော်အမျိုးမျိုး။

Saturday, July 21, 2007

လူနှင့် သူ၏စက်ရုပ်


လူနှင့် သူ၏ စက်ရုပ်

တာရာမင်းဝေ

-

``A.Z´´

``ခင်ဗျာ…ကျွန်တော် ရှိပါတယ်´´

``O.S မနိုးသေးဘူးလား´´

``နိုးတော့ နိုးပြီ ခင်ဗျ´´

``ဘာဖြစ်လို့ မလာသေးတာလဲ´´

``သူက အရင်လို မဟုတ်ဘူးခင်ဗျ၊ အရမ်း လူဆန်နေတယ်´´

``ဘယ်လို အရိပ်အခြည် တွေ့ရလို့လဲ´´

``နှိုးနေတာကို ချက်ချင်းမထဘူး ဆရာ၊ လူတွေလိုပဲ သမ်းသမ်းဝေေ၀ ရှိတယ်။ ပြီးတော့ ပျင်းကြောဆန့်တယ်၊ ပြီးမှ မျက်လုံးကို ဇိမ်ယူပြီး ဖွင့်တယ်…´´

ကျွန်တော်ပြုံးလိုက်မိသည်။

``အဲဒါ ကောင်းတာပေါ့…´´

``မကောင်းသေးဘူးဆရာရဲ့…´´

``ဘာမကောင်းတာလဲ´´

``သူမျက်နှာသစ်ရမယ့်ရေကကော ဟောင်းနေလားလို့ စစ်ဆေးသေးတယ်´´

- ကျွန်တော် ရယ်မိ၏။ A.Z သည် ကျွန်တော့်စက်ရုပ်ဖြစ်ပြီး O.S သည်လည်း ကျွန်တော် တီထွင်ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။ ထူးခြားသည်က A.Z အပါအ၀င် အခြား စက်ရုပ်များသည် အခိုင်းအစေသဘော တီထွင်ထားသည့် စက်ရုပ်များဖြစ်ပြီး O.S ကတော့ လူနှင့်ထပ်တူဖြစ်ရန် ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။

- တစ်စထက်တစ်စ လူဆန်လွန်းနေပြီဖြစ်သော O.S အတွက် ၀မ်းသာအားရ ကျွန်တော် ရယ်မောမိခြင်း ဖြစ်သည်။

``ဒီကောင် လက်ဖက်ရည် သောက်ပြီးပြီလား´´

``ဂဂျီဂဂျောင် လုပ်နေတယ်ဆရာ…´´

``ဘယ်လိုလုပ်တာလဲ´´

``သူ့အတွက် လက်ဖက်ရည်ကို ကုလားမခြင်းဆွဲနို့ဆီနဲ့ ဖျော်လို့တဲ့…´´

``အဲဒီ နို့ဆီက သူနဲ့ မတည့်လို့လား´´

``မဟုတ်ဘူးဆရာ…နာမည်ကြားရတာနဲ့တင် မချိမဆန့် နိုင်လွန်းလို့တဲ့…´´

``ငါ နားမလည်ဘူး…´´

``သြော်… ကုလားကိုလည်း မ ထားရသေးတယ်၊ ခြင်းကိုလည်း ဆွဲ ထားရသေးတယ် မသက်မသာကြီးတဲ့…´´

- အစပိုင်းမှာ ရယ်မောရုံသက်သက်သာ ရှိနေသော ကျွန်တော်သည် ယခုတော့ နှစ်နှစ်ခြိုက်ခြိုက် ရယ်မိပါတော့သည်။ မည်သို့ပင် ဆိုစေ စက်ရုပ်ကို လူဆန်အောင် ဖန်တီးနေသော ကျွန်တော့်အတွက်တော့ လက်တွေ့ကျသော အောင်မြင်မှု တစ်ရပ်ပင်။

``ကဲလေ…အဲဒါတွေ ထားလိုက် အဲဒီကောင်ကို ငါ့ဆီလွှတ်လိုက်´´

``ဟုတ်ကဲ့ ဆရာ…´´

``ဟုတ်ကဲ့…´´

- မကြာခင်မှာ ကျွန်တော့်ထံသို့ O.S ရောက်လာသည်။ ကျွန်တော်က ဆီး၍ ဆူလိုက်သည်။

``မင်း ဘာကြောင့် အခုမှ ရောက်လာရတာလဲ´´

- သူက လူသားဝတ်ရုံ အပြည့်အစုံနှင့် ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော့်မေးခွန်းကို ထစ်ငေါ့စွာ ပြန်ဖြေ၏။

``ဟို…ဟို… ကောင်းကင်က အသီး ကျွန်တော့်မှာ ပြုတ်နေလို့ပါ…´´

``ဘာရယ်…´´

- သူဘာကို ဆိုလိုမှန်း အတော်ဆွေးနွေးပြီးမှ သိလိုက်သည်။ သူ့အင်္ကျီမှာ ကြယ်သီး အချို့ ပြုတ်နေခြင်း ဖြစ်သည်။ ရယ်ရင်းနှင့် သက်ပြင်းမောကို ချရ၏။

``အခု… မင်း ဘာလုပ်ချင်လဲ´´

``ရေခဲတွေက ခုန်တဲ့ရာသီမှာ ကျွန်တော် ခရီးထွက်ချင်တယ်…´´

``အာ…ဘာ… ဘယ်လို´´

``ဟို… ရေခဲတွေပျော်ပြီး ကခုန်ကြတဲ့ ရာသီ…´´

``ဟိုး…ဟိုး…တော်ပြီ…ငါသိပြီ…´´

- သူက ရေခဲတွေ အရည်ပျော်သည့် နွေရာသီကို ဆိုလိုခြင်း ဖြစ်သည်။

``ဟိုလေ…အခြေခိုင်တဲ့မြို့ကို သွားချင်လို့…´´

``ဘယ်မြို့လဲ…´´

``သုံးခွမြို့…´´

``ဘာသွားလုပ်မှာလဲ…´´

``မီးရထားလိုလူနဲ့ ဝေးချင်လို့ပေါ့…´´

``မီးရထားလိုလူ ဆိုတာ ဘယ်သူလဲ´´

``ဆရာပေါ့.. အမြဲတမ်း ခေါင်းမီးခိုးထွက်အောင် စဉ်းစားနေတဲ့လူ…´´

``အေးပါကွာ....အေးပါ… ဒါ့ထက် မင်း အခု ဘာစားမလဲ´´

``ကျွန်တော် မသောက်ပဲ ၀ါးရတဲ့ မုန့်ကို စားချင်တယ်´´

စားဖိုမှူးကို ခေါ်ကာ ဒီကောင့်ကို ရေမုန့်ကျွေးရသည်။

``မင်း လူတွေကြားထဲရောက်ရင် စိုးရိမ်စရာ ဘာရှိမလဲ´´

``ကျွန်တော့်ကို ရူးသွပ်သွားစေမယ့် တနင်္ဂနွေနံမျိုးနဲ့ မကြုံချင်ဘူး´´

သူ့စကားကို ကျွန်တော် အတော်စဉ်းစားယူရ၏။ ပြီးမှ ရူးသွပ်စေသော ဦးခေါင်းကို အလေးထားကာ…

``ဘာလဲ မင်းဦးခေါင်းကို အုန်းသီးမှန်မှာ စိုးလို့လား´´

``မဟုတ်ပါဘူး´´

``ဥသျှစ်သီးလား´´

``မဟုတ်ပါဘူး´´

``ဒါဖြင့် ပြောကွာ ဘာလဲ´´

```ဟိုလေ… ကျွန်တော် ဥမ္မာဒန္တီနဲ့ မတွေ့ချင်ဘူး…´´

``သေဟ…´´

ထို့နောက်မှာမှ…

``အေး…အေး… မတွေ့စေရပါဘူးကွာ၊ မင်းကို ငါ လူကြားထဲ စိတ်ချလက်ချ လွှတ်လိုက်တော့မှာပါ။ လူတွေနဲ့ အဆင်ပြေအောင်နေ၊ နို့မို့ဆို မင်းမှာရှိတဲ့ အစေ့နှစ်စေ့ ကွဲသွားမယ်´´

``ဟာဗျာ.. ဆရာကလဲ´´

``မင်း မျက်နှာက ဘယ်လို ဖြစ်သွားရတာလဲ၊ ငါက မင်းရဲ့ နောက်စေ့နဲ့ မေးစေ့ ကွဲသွား မှာကို ပြောနေတာ၊ ကိုယ့်ဘာသာကိုယ် သတိထားပြီး နေထိုင်သွားလာ…´´

``ဟုတ်ကဲ့…´´

``ကျဆုံးတဲ့အခါတိုင်း မင်းကိုယ်မင်း ပြန်အသက်သွင်းတဲ့ အတတ်ပညာ မင်းကို ပေးထားပြီပဲ၊ အေး… ငါကိုတော့ မမျှော်နဲ့တော့…´´

``ဗျာ… ဘာဖြစ်လို့လဲ..´´

``မင်း လူကြားထဲ ၀င်ချင်တယ်… လူတောတိုးချင်တယ် မဟုတ်လား…´´

``ဟုတ်ကဲ့…´´

``အေး.. မင်းလူတောတိုးနိုင်ဖို့ မင်းကို လူကြားထဲ ချပေးပြီးရင် ငါ က ဧကစာရီ ကျင့်တော့မယ်…´´

``အင်း… ဆရာ ဘာပြောတယ်…´´

``မင်း လူတွေကြားရောက်ပြီး လူတောတိုးစေပြီးရင် ငါကတော့ တစ်ယောက်တည်း ဧကစာရီထွက်ပြီး တရားကျင့်တော့မယ်ကွာ၊ လူတွေကို ငါ ငြီးငွေ့နေတာ ကြာပြီ…´´

``ဗျာ…´´

-

( အလံမထူခဲ့သော လက်များ စာအုပ်မှ ပြန်လည် ကူးယူဖော်ပြပါသည် )

Friday, July 20, 2007


စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်တိုက်ပွဲဝင်နည်း

(၁) ပြဿနာတွေကို မေ့လိုက်ပါ။

- သဘောက စိုးရိမ်ပူပန်ဖွယ် ကိစ္စအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ပြဿနာတွေ အားလုံးကို တတ်နိုင်သလောက် ကြာကြာမေ့ထားနိုင်သလောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပါ။ ဒီလိုပြဿနာအကြောင်းကို မစဉ်းစား၊ ဂရုမစိုက်ဘဲ ကြာကြာထားနိုင်လေ၊ သင့်ရဲ့ စိတ်တွေဟာ တည်ငြိမ် ငြိမ်းချမ်းလာပြီး သင့်ခန္ဓာကိုယ်ဟါ အဲဒီပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ တိုက်မလား၊ ပြေးမလားဆိုတဲ့ (Fight and Flight) စနစ်ကို ပြင်ဆင်နိုင်ဖို့ အချိန်ပိုရလာမှာ ဖြစ်ပါတယ်။ သို့မှသာ ပြဿနာလျော့နည်းသွား အောင် စီစဉ်ရင်ဆိုင်နိုင်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

(၂) ပျော်ပျော်နေပါ။

- ပျော်ပျော်နေသေခဲ ဆိုသလို စိတ်ကို ပေါ့ပါးသွက်လက် ပျော်အောင်နေပါ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လျှောက်လည်ပါ။ တွေ့ဆုံစကားပြောပါ။ နေ့လယ် နေ့ခင်း အလုပ်အားလပ်ချိန်၌ ဈေးဝယ်ထွက်ပါ။ အလုပ်အားလပ်ရက်တွေမှာ အလည် အပတ် ခရီးတို သွားပါ။ အဲဒီလို မိမိရဲ့ စိတ်ကို မိမိပျော်ရွှင်အောင်ထားပြီးနောက် ပြဿနာအရွယ်အစား ဘယ်လောက်အထိ လျော့နည်းကျဆင်းသွားခဲ့တယ်ဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။

(၃) ကာယလှုပ်ရှားမှုတွေ လုပ်ပါ။

- စိတ်ဖိစီးမှုတွေကနေ လွတ်ချင်ရင် ကာယလေ့ကျင့်ခန်း မည့်သည့် ပုံစံမျိုးကိုမဆို လုပ်ပါ။ ကာယလေ့ကျင့်ခန်းမှန်သမျှဟာ စိတ်ဖိစီးမှုဒဏ်ကို တိုက်ဖျက်နိုင်စွမ်းရှိပြီး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးပါက စိတ်လက်ပေါ့ပါးသွားပြီး ပြဿနာတော်တော်များများ ကို ဖြေရှင်းပြီးသားဖြစ်နေတတ်ပါတယ်။

(၄) တစ်စုံတစ်ဦးထံမှ အကြံဉာဏ်၊ ထင်မြင်ယူဆချက် ရယူပါ။

- စိတ်ဖိစီးမှု ပြဿနာ တော်တော်များများဟာ လူအတော်များများမှာ တစ်ဦးနဲ့တစ်ဦး သိပ်ကွာခြားလေ့မရှိဘဲ သီးသီးသန့်သန့်ဖြစ်မှု သိပ်မရှိပါ။ ဒါကြောင့် မိမိလိုပဲ ပြဿနာ ရင်ဆိုင်ခဲ့ဖူးသူများထဲမှာ အကြံဉာဏ်ရယူခြင်းဟာ အလွန်တန်ဖိုးရှိလှပါတယ်။ ပြဿနာ ကို ဝေမျှခံစား အဖြေရှာခြင်းဟာ ပြဿနာတစ်ဝက်လောက်ကို ဖြေရှင်းပြီးသား ဖြစ်နေပါ လိမ့်မယ်။

(၅) မိမိရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ နည်းလမ်းရှာကြံပါ။

- စိတ်ဖိစီးမှုးဒဏ်တွေဟာ တစ်ခါတစ်ရံ မိမိရဲ့အချိန်ကို ကောင်းစွာစီမံအသုံးမချနိုင်မှု ကနေ ဖြစ်လာရတာဖြစ်ပါတယ်။ အချိန်ကို လွဲမှားစွာ အသုံးချမိတာကြောင့် အလုပ်တွေ မပြီးစီး၊ ရုံးအလုပ် အိမ်ပါ စတဲ့ ပြဿနာတွေ ဖြစ်လာရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိ လုပ်ရမယ့် အလုပ်တွေကို ဦးစားပေးအစီအစဉ်နဲ့ စီမံချက်ချပါ။ အရေးကြီးတာကိုအရင် လုပ်ခြင်းဖြင့် မိမိရဲ့အချိန်ကို အကောင်းဆုံးအသုံးချပါ။ ရက်သတ္တတစ်ပတ်အတွင်း မိမိ လုပ်ရမယ့်ကိစ္စတွေကို စာရွက်ပေါ်ရေးချပါ။ အစီအစဉ်ကျနစွာလုပ်ပါ။ သတ်မှတ်ချိန် အတွင်း ပြီးမပြီးကို ပြန်လည်ဆန်းစစ်ဝေဖန်ပါ။ ဘယ်နေရာတွေမှာ အချိန်ကို လွဲမှားစွာ ဖြုန်းတီးပစ်နေခဲ့သလဲဆိုတာ အဖြေရှာထုတ်ပါ။

(၆) ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကို တရားလွန်မဖြစ်ပါစေနှင့်။

- မိမိလုပ်နိုင်တဲ့စွမ်းရည်၊ မိမိမှာရှိတဲ့ အရည်အချင်းကို မိမိဘာသာ သေချာနားလည် သဘောပေါက် သိထားဖို့လိုပါတယ်။ ဒါမှ မိမိရဲ့ လုပ်နိုင်တဲ့စွမ်းရည်ထက် ကျော်လွန်ပြီး ဖြစ်ချင်တာတွေ၊ ဆန္ဒတွေဖြစ်လာရင် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ ဖြစ်ချင် တာတွေ၊ ဆန္ဒတွေကို မိမိရဲ့ လုပ်နိုင်တဲ့ စွမ်းရည်ဘောင်အတွင်းမှာသာ ရှိနေစေဖို့ ရည်ရွယ်ပါ။ သို့မဟုတ်ပါက မိမိလည်း မစွမ်းဆောင်နိုင်၊ လိုချင်စိတ်ဆန္ဒကလည်းလွန်ကဲ၊ သဟဇာတ မဖြစ်တော့ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

(၇) ရှေ့ဆက်ဇွတ်မတိုးဘဲ နောက်ဆုတ်ပေးလိုက်ပါ။

- စိတ်ဖိစီးမှုကို တိုက်ဖျက်ရင်ဆိုင်ဖို့ နောက်ထပ် အကောင်းဆုံး အစားထိုးနည်းလမ်း ကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ စွန့်ခွာလိုက်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် အလုပ်ရှင်နဲ့ ဘယ်လိုမှ သဟဇာတမဖြစ်တော့ရင် အလုပ်ထွက်၊ အလုပ်ပြောင်း ဖို့ လုပ်ပါတော့။ လက်ရှိနေထိုင်တဲ့ အိမ်အခန်းကို လုံးဝ သဘောမကျတော့ရင် အိမ်အသစ် အခန်းအသစ်ကို ပြောင်းနေထိုင်ပေတော့။ ဒါဟာ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။

-

(၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Health Digest ဂျာနယ်

အတွဲ (၄) အမှတ် (၄၂) မှ ပြန်လည်ကူးယူ ဖော်ပြပါသည်)

Thursday, July 19, 2007

ငါတို့မျက်ရည်သည် (ဇူလိုင်၁၉)


ငါတို့ မျက်ရည်သည်

ကိုဉာဏ် (ပန်းလောင်မြေ)

- မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ဆောင်ရွက်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတို့သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ လျှို့ဝှက်အစည်းအဝေး ကျင်းပနေစဉ် မြန်မာ့သစ္စာဖောက် လောက်ထွက် ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။

- ထိုကိစ္စအတွက် မြန်မာတစ်နိုင်ငံလုံး အံ့သြတုန်လှုပ်ခဲ့ရပြီး များစွာ ယူကြုံးမရ ၀မ်းနည်း ခဲ့ကြသည်။ ထိုကိစ္စကို ``နိုင်ငံတော်လုပ်ကြံမှုကြီး´´ဟု ခေါင်းစဉ်တပ်ပြီး အမှုဖွင့်ခဲ့ကြ သည်။ ထိုကဲ့သို့ ခေါင်းစဉ်တပ်ခဲ့ခြင်းကြောင့် တစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသော ကြီးမားလှသည့် လုပ်ကြံမှုကြီး ဖြစ်ခြင်းကြောင့်တစ်ကြောင်းတို့ကြောင့် လူသတ်သမားများမှာ ဒိတ်ဒိတ်ကြဲ နိုင်ငံပုန်ကန်သူများအဖြစ် တစ်မဟုတ်ချင်း နာမည် ကြီးသွားခဲ့ရသည်။ အမေရိကန် သမ္မတကြီး အေဘရာ ဟယ်လင်ကွန်း အား လုပ်ကြံခဲ့ သည့် အမှုနှင့်ပင် ပြောဆိုခိုင်းနှိုင်းခဲ့ကြသည်။

- အမှုစစ်သော တရားသူကြီးတို့သည် ``အမှုမှန် မပေါ်မချင်း မသင်္ဂြိုဟ်နိုင်ပါ။ ဗိုလ်ချုပ် တို့၏ ၀ိဥာဉ်များက တရားခံအမှန်ကို ဖော်ထုတ်ပေးကြပါ´´ဟု အဓိဌာန်၍ အလောင်းများကို ဆေးထိုး၍ထားပြီး အမှုကို ပြီးဆုံးအောင် စစ်ခဲ့ကြသည်။

- ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၀၆၃၀ နာရီတွင် ဈာပနအခမ်းအနားကို စတင် ကျင်းပသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လူ ၆၀၀၀၀ ခန့် နေထိုင်ရာတွင် ဈာပနအခမ်း အနားသို့ လူ ၄၀၀၀၀ ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ လူအုပ်ကြီးမှာ များပြားလွန်း လှပြီး အချို့မှာ အလောင်းများ ဘယ်မှာ ရှိမှန်းပင် မသိခဲ့ကြချေ။ လိုက်ပို့သူ ပြည်သူ အပေါင်းတို့၏ ငိုကျွေးသံမှာ ဘ၀ဂ်ညံခဲ့လေသည်။ အချို့မှာ မူးမေ့၍ လဲကျသွားသဖြင့် ကြက်ခြေနီနှင့် သူနာပြုများ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရရာ ဆေးရုံ များ၌ လူလျှံခဲ့ရသည်။ ထို့နောက် ညနေ ၁၆၃၅ နာရီတွင် အာဇာနည်ကုန်း၌ ဂူသွင်းခဲ့ ကြသည်။

- ထိုသို့ ဂူမသွင်းမီ ဗိုလ်မှူး အောင် က ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအတွက် မြန်မာပြည်သူတို့၏ ``အဓိဌာန်စာတမ်း´´ ကို ဖတ်ကြားပေးသည်-

(၁) အို - ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့သည် မြန်မာ့ လွတ်လပ်ရေးလမ်းစဉ်ကို ချမှတ်ရေးဆွဲနေစဉ်အတွင်း မသမာသူ လူယုတ်မာတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့်တိုင် ဗမာ့လွတ်လပ်ရေးကြီးကို ရရှိအောင် ဆက်လက် ဆောင်ရွက်သွားနိုင်စေရန် ငါတို့အား ခေါင်းဆောင်ကြီးတို့၏ သွေးရောင်ခြည်သည် ငါတို့၏ မီးရှူးတန်ဆောင်အဖြစ် ထွန်းတောက်ခဲ့ချေပြီ။

(၂) အို - ဗမာ့သားကောင်းရတနာ ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့ ကိုယ်ခန္ဓာ အတွင်းမှ သက်ဆင်းခဲ့ရသော သွေးရောင်ခြည်တို့ဖြင့် ထွန်းတောက်နေသည့် လွတ်လပ်ရေး မီးရှူးပန်းပမာ ညွှန်ပြရာသို့ တစ်သွေမတိမ်း ငါတို့ လိုက်နာကျင့်ဆောင်ခဲ့ ခြင်းအားဖြင့် ယခုအခါတွင် ဗမာ့လွတ်လပ်ရေးကြီးသည် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ အကောင်အထည် ပေါ်ပေါက်လာခဲ့ပြီ။

(၃) အို - ဗမာ့အာဇာနည် ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ တိုင်းပြည် အတွက် သွေးနှင့်ဆက်၍ အသက်ကို စွန့်လွှတ်ခဲ့သော အာဇာနည်စိတ်ဓာတ်များအား ငါတို့သည် မရပ်မနား အကြိမ်ကြိမ် အဖန်ဖန်ထပ်ပြန်တလဲလဲ အမြဲတစေ ချီးကျူးကြပါ ကုန်၏။ လေးစားကြပါကုန်၏။ အစဉ်ထာဝရ သတိရပြီး တမ်းတပူဆွေး မိကြပါကုန်၏။

(၄) အို - ဗမာ့သူရဲကောင်း ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ သွေးဖြင့် ရေးမှတ်ခဲ့သော ဗမာ့လွတ်လပ်ရေးကြီးကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် ထားရန်နှင့် ဗမာ့လွတ်လပ်ရေး၏ ရန်သူမှန်သမျှ တွန်းလှန်ချေမှုန်းကြပါမည်ဟု ယနေ့ ဤကုန်းတော်ပေါ်တွင် လာရောက်စုဝေးနေကြသော လူထုကြီးက ခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် အဓိဌာန်ပြုကြပါကုန်၏။

(၅) အို - ဘ၀တစ်ပါးပြောင်းသွားကြသော ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့ အတွက် ရည်မှန်းတမ်းတပြီး လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ် အဖို့မှန်သမျှကို အမျှ ပေးဝေကြပါကုန်၏။ ဘ၀တစ်ပါးသို့ ပြောင်းသွားပြီး လားရာသုဂတိမှနေ၍ သာဓုအနုမော ဓနာ ပြုကြပါကုန်လော့…။ ခေါင်းဆောင်ကြီးတို့၏ ၀ိဥာဉ်အပေါင်းသည် ငါတို့၏ ဤအဓိဌာန်ချက်ကို မပျက်မကွက် ဖောက်ဖျက်သွေဖည်မှု မရှိစေရန် အလင်းရောင် ပေးနိုင်ကြပါစေကုန်သတည်း - ဟူ၍ ဖြစ်လေသည်။

- ကျွန်ုပ်တို့ တစ်နိုင်ငံလုံးက အလေးအမြတ်ချစ်ခင်လေးစားကြရသော နိုင်ငံခေါင်းဆောင် ကြီးများအား လုပ်ကြံသွားသည်မှာ ကြက်ကလေး၊ ငှက်ကလေး သတ်သလို လွယ်ကူ လွန်းလှသည်။ ပို၍ ခံပြင်းမိသည်မှာ ကိုယ့်မြန်မာထဲက ဂဠုန်ခေါင်းဆောင်တစ်ဦး၏ လုပ်ဝံ့မှု၊ လုပ်ရက်မှု၊ လုပ်ရဲမှုပင် ဖြစ်သည်။ ကျွန်ုပ်သည် အာဇာနည်ခေါင်းဆောင်ကြီး များ အကြောင်း စာအုပ်များကို ဖတ်တိုင်း ထိုနေရာသို့ရောက်လျှင် စာအုပ်ကို အလိုလို ပိတ်မိသည်။ တက်ခေါက်မိသည်။ အံကြိတ်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ ခံပြင်း ဒေါသနှင့်အတူ မျက်ရည်စတို့ ဝေ့၀ဲလာတတ်သည်။ ``ကိုယ့်မြန်မာ နိုင်ငံ အတွက် အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးအချင်းချင်း လုပ်ရက်လေခြင်းကွာ´´ ဆိုပြီး ယူကြုံးမရ ဖြစ်မိသည်။

- မဖြစ်နိုင်တော့ပါ။ သို့သော် ``ဗိုလ်ချုပ်သာ ယခုအချိန်ထိရှိခဲ့ရင်´´ဆိုသည့် အတွေးသည် ကျွန်ုပ်ရင်ထဲ၊ နှလုံးထဲ၊ ဦးနှောက်ထဲ၌ တွေးမိနေဆဲပင်။ ကျောင်းသားဘ၀ ကပင် လူငယ်အခွင့်အရေးများကို လက်လွှတ်၍ အခြေအနေအရ လူကြီးဆန်ခဲ့ရသော ဗိုလ်ချုပ်၊ တက္ကသိုလ် ပညာအစား နိုင်ငံရေးအလုပ်များနှင့် ပျော်မွေ့ခဲ့ရသော ဗိုလ်ချုပ်၊ ကိုယ့်မြေနှင့် တစ်နယ်ရပ်ခြားတိုင်းတစ်ပါးတွင် ရဲဘော်ရဲဖက်များနှင့်အတူ နေပူ၊ မိုးရွာ မရှောင်၊ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ပါးရိုက်ခံ၊ အဆဲခံ၍ စစ်ပညာသင်ခဲ့သော ဗိုလ်ချုပ်၊ မိမိမှာ အ၀တ်အစာ ဘယ်နှစုံရှိမှန်းပင် မသိခဲ့သော ဗိုလ်ချုပ်၊ အိမ်တွင် မိသားစုနှင့် နေရချိန်ထက် ရုံး၌သာ စာရွက်စာတမ်းများနှင့် အလုပ်များခဲ့သော ဗိုလ်ချုပ်၊ လွတ်လပ်ရေး ရပြီးရင် မိသားစုနှင့်အတူနေရင်း စာရေးဆရာလုပ်ချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ကို အခုအချိန်မှာ ရှိနေစေချင်ပါသေးသည်။

- လွတ်လပ်ရေးအရသာကို ဗိုလ်ချုပ်ခံစားစေချင်ပါသေးသည်။ ဗိုလ်ချုပ်၏ ရဲရဲတောက် မိန့်ခွန်းများကိုလည်း နားထောင်ချင်ပါသေးသည်။ မိသားစုနှင့်အတူ ဗိုလ်ချုပ်ကို ပျော်စေချင်ပါသေးသည်။ ဗိုလ်ချုပ်ရေးသော စာများကိုလည်း တခုတ်မက်မက် ဖတ်ချင် ပါသေးသည်။ သြော်… ဗိုလ်ချုပ်ရယ်.. မြန်မာပြည်သူတွေ လွတ်လပ်အောင် အချိန်တွေ ပေး၊ ဘ၀တွေစတေးပြီး ကြိုးစားခဲ့ရပေမယ့် လွတ်လပ်ရေးကို ဗိုလ်ချုပ် မြင်မသွားခဲ့ရဘူး။ လွတ်လပ်ရေးအရသာကို မခံစားသွားခဲ့ရဘူး။ ဗိုလ်ချုပ်ဟာ ကွယ်လွန်ခါနီးအချိန်အထိ ``ငါ့နိုင်ငံအတွက်တော့ ငါ ဘာမှ လုပ်မပေးနိုင်တော့ပါလား၊ ငါတို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးခရီးလမ်းက ဘယ်လိုပါလိမ့်၊ ဘယ်သူတွေဆက်ပြီး ခေါင်းဆောင်ကြမှာပါ လိမ့်´´ ဆိုတဲ့ အတွေးတွေနဲ့ မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံအတွက် ဗိုလ်ချုပ် နောက်ဆံတင်းခဲ့မှာပါပဲ။ လွတ်လပ်ခဲ့ပါပြီ ဗိုလ်ချုပ်ရယ်။

- မိုးဖွဲလေးတွေက တဖြောက်ဖြောက်ကျနေသည်။ သြော် ဒီနေ့ ရောက်ပြီဆိုရင် ဘယ်နှစ် ဘယ်အချိန်ခါပဲ ဖြစ်ဖြစ် မပျက်မကွက် မိုးဖွဲလေးတွေ ရွာတတ်ပါတယ်။ မြန်မာတစ်နိုင်ငံ လုံးက သတိတရ လွမ်းဆွတ်နေတဲ့ ဒီလိုနေ့မျိုးမှာ ရွာတဲ့မိုးတွေဟာ ပြည်သူတွေရဲ့ ကိုယ်စား မျက်ရည်မိုးတွေပါ။

- ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ နှစ်ပေါင်း (၆၀) တောင် ရှိခဲ့ပြီနော်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့စိတ်ထဲမှာ ဒီနေ့ ရောက်ပြီဆိုတာနဲ့ မနေ့တစ်နေ့ကလို ခံစားနေရဆဲပါ။ ဗိုလ်ချုပ်တို့ အကြောင်းတွေကို ၀မ်းနည်းစွာ ပြောနေကြတုန်းပါပဲ။ ပြည်သူတွေအပေါ်မှာ အလွန်ချစ်ခဲ့တဲ့၊ စေတနာထားခဲ့တဲ့ ဗိုလ်ချုပ်ကို ကျွန်ုပ်တို့ မေ့မရတာဟာ သဘာဝ ကျပါတယ်။

- အာဇာနည်ဗိမာန်ကြီးကို ကြည့်ရင်း ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့နေမိ တယ် မသိပါဘူး။ ဘေးက ဇနီးဖြစ်သူက ``မိုးတွေစိုပြီး ဖျားနေဦးမယ်၊ ပြန်ကြရအောင် လေ´´ ဆိုတော့မှ အသိပြန်ဝင်လာပါတယ်။ ကျွန်တော့်မှာ ကျလာတဲ့ မျက်ရည်ပေါက် လေးကို ဇနီးဖြစ်သူ မမြင်အောင် သုတ်ရင်း ဂူဗိမာန်ကို အလေးပြုလိုက်ပါတယ်။ စိတ်ထဲ ကတော့ ``ကျွန်တော်ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုကို ဗိုလ်ချုပ်နှင့်တကွ ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အမျှပေးဝေပါတယ်´´ ဟု အမျှပေးဝေ လိုက်ပါတယ်။

- မိုးဖွဲဖွဲလေးတွေက လူကို တပေါက်ပေါက်နဲ့။ တိုင်ဝက်လွှင့်ထူထားတဲ့ မြန်မာနိုင်ငံတော် အလံကိုကြည့်ရင်း ကျွန်တော့်မျက်နှာမှာတော့ မိုးရေတွေနဲ့ မျက်ရည်တွေ ရောလို့ပေါ့ဗျာ။

- ဇူလိုင် ၁၉ မို့ မျက်ရည်မိုးတို့ ဖြိုင်နေချေပြီ…။

- ဘယ်မေ့နိုင်မှာလဲ ၁၉ ဇူလိုင် ရယ်…။

-

(ဤစာမူကို ၂၀၀၁ ခုနှစ် အာဇာနည်နေ့ကာလတုန်းက ရေးခဲ့ခြင်းပါ။ အနှစ် ၆၀ ဆိုသော နေရာမှ လွဲ၍ ကျန်အရေးအသားများအားလုံးကို ယခင်အတိုင်းသာ အမှတ်တရ ပြန်လည် ဖော်ပြပေးထားပါသည်။)

-

(အထူးကျေးဇူးတင်ပါသည် - ဤစာလေးတစ်ပုဒ် ဖြစ်လာဖို့အတွက် အတွေးမျိုးစေ့နှင့် အကြောင်းအရာ မြေသြဇာ ပေးခဲ့သော အစ်ကိုကြီး သွေးသစ်ဝေ (ဧရာဝတီ)အား မမေ့ မလျော့ အထူး ကျေးဇူးတင်ရှိပါကြောင်း)

 
Web Statistics