အရှက်ကြီးတတ်ပုံက
ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။
"ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး"
ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး "ဘာတွေဖြစ်သေးလို့လဲ"
ဝင်ဒီက "ကျွန်မ ရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအ၀တ် ကျွတ်သွားတယ်"
ယောက်ျားလုပ်သူက "ဘုရားရေ… ဒါဖြင့် မင်းဘယ်လို ဖြေရှင်းလိုက်လဲ"
ဝင်ဒီက "ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။"
သိပြီးသား
အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။
အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။
နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -
ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
ဉာဏ်ကြီးရှင်
လယ်သမားကြီး ဘော့ပ်က မြို့တက်ရင်း ၂၄ ခုပါတဲ့ ဂျစ်စောဘူး ၀ယ်လာပါတယ်။ ညတိုင်းနီးပါး ဂျစ်စောလေးကို ဆက်လိုက်တာ နှစ်ပတ်အကြာမှာတော့ လုံးဝအပြီးသတ် ဆက်လိုက်နိုင်ပါတယ်။
ဒါနဲ့ သူ့ရဲ့ အိမ်နီးချင်း ဂျော့ကို ကြွားတော့တာပါပဲ။
"ဟုတ်ပါ့ဗျာ။ ခင်ဗျား ဆက်နိုင်တာပဲ။ ဒါနဲ့ ဒါကို ဆက်ဖို့ အချိန်ဘယ်လောက် ယူလိုက်ရသလဲ" လို့ ဂျော့ကမေးတော့
"နှစ်ပတ်ပဲ ကြာတယ်ဗျ" လို့ ဘော့ပ်က ပြောပါတယ်။
"အေးဗျာ ကျုပ်ကတော့ ဒါမျိုးဆက်တာ တစ်ခါမှ မလုပ်ဖူးဘူး။ ဒါနဲ့ နှစ်ပတ်ဆိုတာ တော်တော်မြန်လို့လား" လို့ ဂျော့က ထပ်မေးတော့ ဘော့ပ်က ဂုဏ်ယူစွာနဲ့ ပြန်ဖြေတာက
"ဟ… ဒါ တော်တော်မြန်တာပေါ့ဗျ။ ဘူးခွံမှာ ရေးထားတာကြည့်ပါလား။ ၂ နှစ်ကနေ ၄ နှစ်အထိ တဲ့။"
အမြန်ဆုံးပဲ
ကျောင်းသားသုံးယောက် မုန့်စားလွှတ်ချိန်တွင် ကိုယ့်အဖေအကြောင်း အပြိုင်အဆိုင် ကြွားလုံးထုတ်နေကြသည်။
ပထမကျောင်းသား - ငါ့အဖေက သိပ်အပြေးသန်တာ။ မြားတစ်စင်းပစ်လိုက်တာနဲ့ စပြေးတာ၊ မြားထက်အရင် ပန်းဝင်တယ်။
ဒုတိယကျောင်းသား - ဒါများကွာ၊ ငါ့အဖေဆို ကျည်ဆန်ထက်တောင် မြန်အောင် ပြေးနိုင်သေးတယ်။
တတိယကျောင်းသား - ဒါဆိုရင် ငါ့အဖေကိုတော့ ဘယ်သူမှ မီမှာမဟုတ်ဘူး။ သူ့ရုံးက ၄ နာရီ ဆင်းတယ်။ သူက အိမ်ကို ၃ နာရီ ၄၅ ဆို ပြန်ရောက်ပြီ။
ဒီတစ်ခါတော့ ဘယ်ရမလဲ
ဝက်မွေးသော လယ်သမားတစ်ယောက်ထံ လူတစ်ယောက် ရောက်လာပြီး
"ခင်ဗျားဝက်တွေကို ဘာတွေကျွေးလဲ" ဟု စစ်မေးသည်။
"ပဲဖတ်တို့၊ ပြောင်းဖူးတို့ ကျွေးပါတယ်၊ ဘာဖြစ်လို့လဲ"
"ကျုပ်က တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့ကပဲ။ တိရစ္ဆာန်တွေကို ကောင်းကောင်းကျွေးပါ" ဟု ပြောပြီး ၀က်များကို အစာကောင်းမွန်စွာ မကျွေးမှုဖြင့် လယ်သမား ဒဏ်ရိုက်ခံရသည်။
နောက်လေးငါးရက်ကြာပြီးနောက် လူတစ်ယောက် ထပ်ရောက်လာပြီး လယ်သမားအား "ခင်ဗျား ၀က်တွေကို ဘာတွေကျွေးလဲ" ဟု မေးပြန်သည်။
ထိုအခါ လယ်သမားက "ကျွန်တော် သူတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ပင်လယ်ငါးတွေ၊ ငါးဥတွေနဲ့ ပုစွန်တွေ ကျွေးပါတယ်"
လာရောက်စစ်ဆေးသူက "ကျုပ်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကပဲ။ တချို့လူတွေ စားစရာမရှိလို့ ငတ်ပြတ်နေချိန်မှာ ခင်ဗျားက ၀က်တွေကို ဒီလိုကျွေးနေတဲ့အတွက် ဒဏ်ကြေးဆောင်ရမယ်" ဟုဆိုကာ ဒဏ်ဆောင်လိုက်ရပြန်သည်။
ရက်အနည်းငယ်အကြာတွင် စစ်ဆေးရေးအရာရှိတစ်ယောက် ထပ်ရောက်လာပြန်ရာ "၀က်တွေကို ဘာတွေကျွေးလဲ" ဟု မေးပြန်သည်။
ထိုအခါ လယ်သမားက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ "ကျွန်တော် ၀က်တွေကို ငါးဒေါ်လာစီပေးပြီး သူတို့ကြိုက်တာ ၀ယ်စားခိုင်းပါတယ်" ဟု ပြောလိုက်လေသည်။
ဉာဏ်ပြေးတဲ့ ကျောင်းသား
ဖိုင်နယ်ကျောင်းသား ၀ီလျံတစ်ယောက် စာမေးပွဲမှာ "မှား" "မှန်" မေးခွန်းဖြေဖို့ အကျပ်ရိုက်နေရှာတယ်။ ငါးမိနစ်လောက် ခက်ခက်ခဲခဲ စဉ်းစားပြီးတဲ့နောက် သူ့ရဲ့ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် အကြွေစေ့တစ်စေ့ကို ယူလိုက်ပြီး စဖြေပါလေရော။ ခေါင်းဆိုရင် "မှန်"၊ ပန်းဆိုရင် "မှား" လို့ အဖြေစာရွက်ပေါ်မှာ သူက အရင်မှတ်လိုက်သေးတယ်။
တစ်ခန်းလုံး ချွေးပြန်နေတဲ့အချိန်မှာ သူကတော့ နာရီဝက်အတွင်း အားလုံး ဖြေပြီးသွားပါလေရော။ ဖြေဆိုချိန်ကုန်ခါနီးမှာ ချွေးတရွှဲရွှဲနဲ့ ဆုတောင်းလိုက်၊ အကြွေစေ့ လှည့်လိုက်လုပ်နေတဲ့ သူ့ကို အခန်းစောင့်ဆရာမက "ဟဲ့… ဘာတွေ လုပ်နေတာလဲ" လို့ တအံ့တသြနဲ့ မေးလိုက်တယ်။ အလုပ်ရှုပ်နေတဲ့ကြားက ၀ီလျံ ပြန်ဖြေလိုက်တာကတော့ "ကျွန်တော်က နာရီဝက်အတွင်း အကုန်ဖြေပြီးသားပါ ဆရာမရဲ့။ အခု အဖြေပြန်တိုက်နေတာပါ"
Tuesday, March 22, 2011
ပြုံးပါ၊ ရယ်ပါ အသက်ရှည်မှာ
Posted by Ko Nyan Posted Time 5:44 PM 0 Comment(s)
Tuesday, March 15, 2011
လတ်တလော ကျွန်တော့်အတွေးများ
(၁)
အခြေအနေနဲ့ အချိန်အခါဆိုတဲ့ စကားလုံးကို လူတိုင်းကြားဖူးတယ်။ လူတိုင်းနီးနီးလည်း ပြောဖူးကြတယ်။ ဒါပေမယ့် နားလည်တဲ့လူ၊ လိုက်နာတဲ့လူ အင်မတန်ရှားတယ်။ အဲဒါကြောင့်လည်း အခြေအနေနဲ့ အချိန်အခါကို အကျိုးရှိရှိ အသုံးချပြီး အောင်မြင်သွားတယ်ဆိုတဲ့လူဟာ လက်ချိုးရေလို့ရအောင် နည်းပါးတာ ဖြစ်ပါလိမ့်မယ်။ အခြေအနေ၊ အချိန်အခါကို နားမလည်ဘဲ ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုဟာ ကိုယ့်အတွက်တင် မဟုတ်ဘဲ အခြားသူတွေအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် အဲဒီအလုပ်ဟာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့အလုပ်ဖြစ်ဖြစ် စဉ်းစားစရာပဲလို့ မြင်မိပါတယ်။
(၂)
အဆိုအမိန့်တစ်ခုကို ဖတ်ဖူး၊ ကြားပါတယ်။ ``သိတဲ့အရာတွေ များသလောက် နားလည်တာကျတော့ နည်းလိုက်တာ´´ တဲ့။ သာမန်တွေးရင် ရယ်စရာဖြစ်ပေမယ့် တွေးဆဆင်ခြင်စရာပါ။ ကျွန်တော်တို့တစ်တွေမှာ နေ့စဉ်နဲ့အမျှ အချက်အလက်တွေနဲ့ နပန်းလုံးကြရပါတယ်။ ဟိုဟာလည်း သိချင်ရတာပဲ၊ ဒီဟာလည်း သိချင်လိုက်တာပဲ။ အဲဒီလို သိချင်တာတွေ အားလုံးကို ဗဟုသုတဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်တတ်ကြပါတယ်။ ဗဟုသုတတွေ များမြောင်တာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီဗဟုသုတတွေကို ဘယ်လိုအသုံးချရမလဲဆိုတာ မသိတာကတော့ ဆိုးဝါးပါပေ့။ ဟိုဟာသိလည်း သူများကို ပြောလိုက်တာပဲ၊ ဒီဟာသိလည်း သူများကို ပြောလိုက်တာပဲ။ ကိုယ်တိုင် အဲဒီအရာကို သေသေချာချာ နားလည်သလားဆိုတော့ ဘာမှကို နားမလည်တာပါ။ အဲဒါကြောင့် တစ်လက်စတည်း နောက်ထပ် အဆိုအမိန့်တစ်ခုကို သတိရလိုက်မိပါရဲ့။ ``ခေါင်းထဲမှာ ဗဟုသုတတွေ များလွန်းတော့ ကိုယ်ပိုင်အတွေးအတွက်တောင် နေရာမရှိဘူး´´ တဲ့။ စဉ်းစားဆင်ခြင်နိုင်ကြပါစေ။
(၃)
အေးချမ်းမှုကို လိုချင်ကြတယ်လို့ လူတိုင်းပြောကြပါတယ်။ ဒါပေမယ့် အဲဒီအေးချမ်းမှုဟာ ကိုယ့်ရဲ့ စိတ်ကလေးမှာပဲ တည်နေတယ်ဆိုတာကို နားလည်သူ နည်းပါတယ်။ သူများတွေအစား စိတ်ပူပန်နေမယ့်အစား ကိုယ့်စိတ်လေးကိုယ် အေးချမ်းအောင် အရင်ဆုံး နေကြည့်စေချင်ပါတယ်။ ကိုယ့်စိတ်လေး အေးချမ်းတဲ့အခါ အခြားအရာတွေဟာလည်း အေးချမ်းလာပါလိမ့်မယ်။ ကိုယ်တိုင်က စိတ်အေးချမ်းသာမှုကို မရရှိ၊ မခံစားရပါဘဲ သူများတွေအတွက် ပူပန်နေရတာနဲ့တင်ကို အေးချမ်းမှုက ပျောက်ဆုံးလှပါပြီ။ လူတိုင်း အေးချမ်းပျော်ရွှင်နိုင်ပါစေ။
(၄)
စိတ်ညစ်ရင် ဘာလုပ်သလဲလို့ သူငယ်ချင်းတွေကို မေးကြည့်မိပါတယ်။ အဖြေအမျိုးမျိုး ရပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ တချို့က သီချင်းအော်ဆိုတယ်၊ တချို့က ရုပ်ရှင်ကြည့်တယ်တဲ့။ တချို့ကျတော့ အိပ်လိုက်တယ်လို့ ပြောပါတယ်။ တချို့တချို့တွေကတော့ တရားစာအုပ်တစ်အုပ် ဖတ်လိုက်တယ်တဲ့။ အဖြေအမျိုးမျိုးပါပဲ။ ကျွန်တော်ကိုဉာဏ် တစ်ခု သတိထားမိတာက အားလုံးရဲ့ တူညီတဲ့အဖြေကတော့ သူတို့ စိတ်ညစ်တဲ့အခါ လက်ရှိလုပ်နေတဲ့ အလုပ်တွေကနေ ခဏလေးပဲဖြစ်ဖြစ် ကင်းကွာအောင် နေခြင်းပါပဲ။ ဒါဆိုရင် အပြောင်းအလဲဆိုတာဟာ လူတွေအတွက် စိတ်ညစ်ပြေဆေးများလားလို့ မ၀ံ့မရဲ တွေးနေမိကြောင်းပါ။
မြန်မာ့သွေးမိတ်ဆွေများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပျော်ရွှင်နိုင်ကြပါစေဟု.....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ မတ်လ ၁၅ ရက်၊ အင်္ဂါနေ့။
ညနေ ၅ နာရီ ၅၀ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 5:49 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ
Saturday, March 12, 2011
တွေးတောရယ်မောဖွယ် စာပေဆိုင်ရာ အဆိုအမိန့်များ
အပျော်ဖတ်စာပေကို ပြည့်တန်ဆာလိုပဲ သဘောထားကြတယ်။ ရှုတ်ချကြတယ်။ ဒါပေမယ့် မကင်းနိုင်ကြဘူး။
၁၈၇၃ - ၁၉၄၄
ပိုလန်စာရေးဆရာ
ထုတ်ဝေသူဟာ အကျိုးအမြတ်ရှိမလား ဆိုတာကိုပဲ စဉ်းစားတယ်။ ခင်ဗျားရေးတာ ကောင်းတယ်ဆိုရင် ခင်ဗျားဟာ ယောက်ျားလား၊ မိန်းမလား၊ ဒါမှမဟုတ် ဆင်လားဆိုတာ သူ လုံးဝ စိတ်မ၀င်စားဘူး။
+ ၁၉၃၉
ကနေဒါ စာရေးဆရာမ
သရော်စာဆိုတာ အနားမှာ ဘာမှမရှိရင် အထိရောက်ဆုံး လက်နက်ပါပဲ။
ယူကရိန်းစာရေးဆရာ
အံ့မခန်း တိုးတက်လာလိုက်တာ။ စာမတတ်တဲ့လူတောင် အယ်ဒီတာ ဖြစ်လာနေကြပါလား။
ဝေဖန်ရေးသမားဆိုတာ ကိုယ်ထမင်းစားရဖို့အတွက် တခြားလူ ထမင်းစားချက်စိတ်ပျောက်အောင် လုပ်တဲ့လူ။
* * * * *
မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ထွေလီကာလီ ထဲကပါ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
Posted by Ko Nyan Posted Time 4:50 PM 0 Comment(s)
ယောက်ျားများအတွက် ကျန်းမာရေးစံနှုန်း (၁၀) ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ယောက်ျားများအတွက် ကျန်းမာရေးစံနှုန်း (၁၀) ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁)
အားမာန်ပြည့်ဖြိုးနေရမယ်။ ဆိုလိုတာက နေ့စဉ် လုပ်ငန်းများပြား တာဝန်ကြီးလေးတဲ့ လှုပ်ရှားမှုများနဲ့ နေ့စဉ်နေထိုင်စားသောက်မှု တာဝန်တွေကို တက်တက်ကြွကြွ လုပ်နိုင်ရမယ်။ ပြီးတော့ သိပ်မောပန်းတယ်၊ ပျာယာခတ်တယ်ဆိုတာမျိုး မရှိရဘူး။ ပေါ့ပေါ့ပါးပါး ပြီးမြောက်သွားတာမျိုး ဖြစ်ရမယ်။
(၂)
ပျော်ပျော်ရွှင်ရွှင်နဲ့ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရမယ်။ အပြုသဘောဆောင်တဲ့ အမူအရာမျိုးနဲ့ ကျရောက်လာတဲ့ တာဝန်ကို ပျော်ပျော်ခံယူရမယ်။ ပြဿနာ ဘယ်လောက်ပဲ ကြီးကြီးသေးသေး အပြစ်ဖို့ခြင်း၊ အပြစ်ရှာခြင်း မရှိရဘူး။
(၃)
အနားယူတတ်ရမယ်။ ကောင်းကောင်း အိပ်ပျော်ရမယ်။
(၄)
ရုတ်တရက် ရှောင်တခင် ပြောင်းလဲလာတဲ့ အခြေအနေကို ပြေလည်အောင် မြန်မြန်ထက်ထက် ဖြေရှင်းပေးနိုင်စွမ်း ရှိရမယ်။ ပြင်ပက ပြောင်းလဲမှု အမျိုးမျိုးနဲ့ ဆီလျော်မှု ရှိနေရမယ်။
(၅)
သာမန် အအေးမိတာလို ကူးစက်ရောဂါ အပေါ့စားတွေကို ခုခံနိုင်စွမ်း ရှိရမယ်။
(၆)
သင့်မြတ်လျော်ကန်တဲ့ ကိုယ်အလေးချိန်မျိုး ရှိရမယ်။ မပိန်လွန်း၊ မ၀လွန်း ဖြစ်ရမယ်။ မတ်တတ်ရပ်နေတဲ့အခါ ခေါင်း၊ ပခုံး၊ တင်ပါးတို့ဟာ ညီညွတ်မျှတနေရမယ်။ (ဗိုက်ပူဖင်ကော့မျိုး မဟုတ်)
(၇)
မျက်လုံးတွေက တောက်ပနေရမယ်။ တုန့်ပြန်မှု လျင်မြန်ရမယ်။ မျက်စိမျက်နှာတွေ နီရဲမနေရဘူး။
(၈)
သွားတွေ သန့်စင်နေရမယ်။ သွားတွေ ကျိုးမသွားရဘူး။ သွားဖုံးအရောင်တွေ ပုံမှန်အရောင်မျိုး ရှိနေရမယ်။ သွားဖုံး သွေးယိုတာမျိုး ရှိမနေရဘူး။
(၉)
ဆံပင်တွေက တောက်ပနေရမယ်။ ဘောက်မရှိစေရဘူး။
(၁၀)
ကြွက်သားတွေ ရှိသင့်တဲ့နေရာမှာ ရှိကိုရှိနေရမယ်။ အရေပြားတွေတင်းပြီး ရုန်းပြန်အား (elasticity) ရှိရမယ်။
ရှေးခေတ်တုန်းကတော့ ယောက်ျားတို့ရဲ့ အဌာရသ ပညာရပ် (၁၈) မျိုး ရှိခဲ့တာကို ကြားဖူးကြမှာပါ။ အခုခေတ်သစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ဖော်ပြဌာန်းထားတဲ့ ကျန်းမာရေးစံနှုန်း (၁၀) ချက်က ဘာမလိုက်နာစရာ ရှိပါ့မလဲ။ (ဘာသာပြန်သူ)
* * * * * *
မောင်မောင်လှိုင် (အပ်စိုက်ကု) ၏ ကျန်းကျန်းမာမာ အသက် (၁၀၀) အမှတ် (၃) မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Posted by Ko Nyan Posted Time 4:41 PM 0 Comment(s)
Tuesday, March 08, 2011
ဈေးကွက်ဝင်ဗိုလ်ချုပ် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဈေးပေါနေပြီ - ကိုဉာဏ် (ပန်းလောင်မြေ)
ပြောချင်တာတွေကတော့ အများကြီးပါပဲ။ ဒါကြောင့်မို့ ဒီပို့စ်မှာ ရှည်ရှည်လျားလျား ပြောခွင့်ပေးပါ။ ကျွန်တော့်အတွေးနဲ့ကျွန်တော် ဖြစ်နေတဲ့ ဒေါသတွေကို ဘလော့ဂ်ဖတ်သူတွေဆီ ကူးစက်သွားခဲ့ရင်လည်း ကြိုတင်တောင်းပန်လိုက်ပါရဲ့ဗျာ။ အားလုံးသိကြတဲ့အတိုင်း အခုတလော ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ ဆောင်းပါး၊ စာအုပ် စသည်ဖြင့် အမျိုးအမည် စုံလင်စွာနဲ့ ထွက်ရှိနေပါတယ်။ ကာလတစ်ခုမှာ အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ဖော်ပြခွင့် မရခဲ့တာမို့ အခုအချိန် အခါအခွင့်သင့်ချိန်မှာ အုံလိုက်ကျင်းလိုက် ရေးကြ၊ ထုတ်ကြတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ကြိုဆိုပါတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးပြီး ဆောင်ရွက်သွားတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ အကြောင်းကို မသိချင်တဲ့မြန်မာ ဘယ်မှာရှိလိမ့်မတုန်းဗျာ။ အားလုံးသိတဲ့အတိုင်းပဲ ဗိုလ်ချုပ်အကြောင်းကလည်း ဖတ်လို့မ၀၊ သိလို့မကုန် မဟုတ်လား။ လူအမျိုးမျိုးက အမြင်အမျိုးမျိုးနဲ့ တင်ပြကြတာတွေကို ကျွန်တော်တို့အားလုံး တမက်တမော ဖတ်ကြရတာလေ။ ဒါပေမယ့်... ဒါပေမယ့်ဗျာ.....။
သူငယ်ချင်းတွေကို ကျွန်တော်ပြောနေကျ စကားလုံးအတိုင်း ပြောရမယ်ဆိုရင်တော့ "ငါတို့ဗိုလ်ချုပ်လည်း အခုမှ တကယ့်ကို ဈေးကွက်ဝင် ရောင်းကုန်ကြီး ဖြစ်နေတော့တယ်ကွာ" ဆိုသလိုပါပဲ။ ဂျာနယ်တွေကလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ထည့်ကြတယ်။ (နိုင်ငံရေးဂျာနယ်၊ သတင်းဂျာနယ်က ဗိုလ်ချုပ်ဓာတ်ပုံထည့်တာမျိုးက နားလည်လို့ရတယ်။ မဆီမဆိုင် ပေါ့ပ်တို့၊ အတင်းအဖျင်းတို့၊ လမ်းဘေးမှာ လက်ကမ်းလိုက်ဝေတဲ့ စာစောင်တို့၊ သူ့ဟာသူ မဲဆွယ်တဲ့ကိစ္စတို့မှာ ဓာတ်ပုံကြီးသုံးနေတာကတော့ ဘယ်လိုမှကို လက်မခံနိုင်ပါ။ အင်္ကျီမှာ စတစ်ကာ ရိုက်ထားတာက ဗိုလ်ချုပ်ပုံ၊ လုပ်တဲ့အလုပ်က ဗိုလ်ချုပ်လမ်းစဉ်နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီးထောင်ပြီး မဲဆွယ်ကြတဲ့ နိုင်ငံရေးလုပ်စားတွေအကြောင်းကို သီးသန့်ရေးဦးမယ်။) ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးတွေ ထည့်ကြတယ်။ ဗိုလ်ချုပ်အကြောင်း စာအုပ်တွေကလည်း ထုတ်လိုက်ကြတာမှ ၀ယ်ဖတ်လို့ကို မနိုင်အောင်ပါပဲ။ ထားပါတော့ဗျာ... နှစ်လ သုံးလနေမှ တစ်အုပ်ထွက်ရင်အောင် ၀ယ်ဖတ်လို့ အဆင်ပြေချင် ပြေလိမ့်ဦးမယ်။ အခုတော့ စာအုပ်ဆိုင်မှာ အကြောင်းအရာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဗိုလ်ချုပ်အကြောင်း စာအုပ်တွေက များလှချည်လားဗျာလို့ ညည်းရလောက်အောင်ကို ပေါချင်းသောချင်း။ အဲဒီလိုပြောတော့ တချို့ကို ကိုဉာဏ်ကို မျက်စောင်းထိုးကြမယ်၊ လက်သီးနဲ့ ထိုးချင်ကြလိမ့်မယ်။ မတတ်နိုင်ဘူးဗျာ။ ဗိုလ်ချုပ်ကို အဲဒီလောက်ကြီး လုပ်စားကြတာကို ကျွန်တော် မကျေနပ်တာ အမှန်ပါပဲ။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေ ကျွန်တော်တို့ နိုင်ငံသားတွေအပေါ် ရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တာ၊ တိုက်ပွဲဝင်ခဲ့တာ ဗိုလ်ချုပ်တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ။ တိုင်းပြည်အကျိုးကို အသက်စွန့်ပြီး လုပ်သွားခဲ့တဲ့ အာဇာနည်ဟာ ဗိုလ်ချုပ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အဲလောက်ဆိုရင် ကျွန်တော်ဘာပြောချင်တယ်ဆိုတာကို တွေးယူလို့ ရမယ်ထင်ပါတယ်။ ဒီနေ့ ဗိုလ်ချုပ်ဓာတ်ပုံတွေကို အသုံးပြုနေကြသူတွေ၊ ဗိုလ်ချုပ်အကြောင်းကို ရေးချင်တိုင်း ရေးနေသူတွေဟာ လွတ်လပ်ရေးဖခင်မို့ ဂုဏ်ပြုတဲ့စိတ်နဲ့ ရေးနေကြတာလား၊ ဗိုလ်ချုပ်ကို လေးစားကြည်ညိုစိတ်နဲ့ ရေးဖွဲ့ကြတာလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစေချင်ပါတယ်။ တချို့ကိစ္စတွေမှာ မီဒီယာသမားတွေဟာ လှည့်ကွက်တွေနဲ့ စာဖတ်တဲ့လူတွေကို နားလှည့်ပါးရိုက် လုပ်နေတာ အတော်အခံရခက်ပါတယ်။ မသိတဲ့လူက စိတ်မတိုပေမယ့် သိနေတဲ့အခါ စိတ်တိုရတယ်။
ကျွန်တော့်အမြင်ပြောရရင်တော့ ဖော်ပြခွင့်မရတဲ့ ကာလတွေတုန်းက ဗိုလ်ချုပ်ဓာတ်ပုံ၊ ဗိုလ်ချုပ်မိန့်ခွန်းဆိုရင် သိပ်ပြီးတော့ လူတွေက စိတ်ဝင်စားကြတာပဲ။ အခုများတော့ ပြော...မပြောချင်တော့ပါဘူး။ ဂျာနယ်တိုင်းနီးနီးမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါတယ်။ အဲဒီဂျာနယ်တွေကလည်း တွန့်လိမ်ကြေမွပြီး လက်ဖက်ရည်ဆိုင်က ခွေးခြေအောက်ကို ကျလို့ကျ၊ ထမင်းစားရင်သုံးတဲ့ စားပွဲခင်းဖြစ်လို့ဖြစ်၊ အိမ်သာတက်ရင်းသုံးတဲ့ ချီးကုန်းစက္ကူ ဖြစ်လို့ဖြစ်နဲ့ စဉ်းစားသာကြည့်ပါတော့ဗျာ။ အခုနေများလေ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲကို ၀င်သွား၊ ပြီးရင် ဂျာနယ်တစ်စောင်ကို ကိုင်ဖတ်၊ တစ်ဆက်တည်းပဲ ပါးစပ်ကနေ အကျယ်ကြီးအော်ကြည့်ပါလား၊ "ဟာ... ဒီမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ပါလာတယ်" လို့။ တစ်ချိန်တုန်းက ဆိုရင်တော့ အခြားလူတွေရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်ပါလိမ့်မယ်။ အခုဆိုရင်တော့ ဘယ်လိုဖြစ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်သာ တွေးကြည့်ပါတော့။ မတွေးတတ်ရင်လည်း လက်တွေ့ စမ်းသပ်ကြည့်စေချင်ပါတယ်။ အဲဒီအခါကျမှ ကျွန်တော်ပြောသလို ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက် ဈေးပေါနေသလဲဆိုတာကို သိရပါလိမ့်မယ်။
အဲဒီလိုတွေ ဖြစ်နေတာကိုပဲ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လွတ်လွတ်လပ်လပ် ပြောလို့ရပြီ၊ ဖတ်လို့ရပြီ၊ ရေးလို့ရပြီ ဆိုပြီး ဂုဏ်ယူနေကြဦးမယ် ဆိုရင်တော့ ကျွန်တော် ကိုဉာဏ် လွန်တာရှိက ၀န္ဒာမိပါလို့ တောင်းပန်ရင်း အသာလေး ဘေးရှောင်နေပါရစေတော့။ အခုတော့ တလက်စတည်း ကြုံခဲ့သမျှ ကျွန်တော့်ဘ၀လေးကို ဆက်ပြောပါရစေဦး။
ဒီလိုဗျ ဒီလို။ တစ်ရက်ကပေါ့ဗျာ... ကျွန်တော်ကိုဉာဏ် ထုံးစံအတိုင်း ဂျာနယ်ဝယ်ဖို့သကာလ ဂျာနယ်ဆိုင်ကို သွားခဲ့ရတာပေါ့။ ဂျာနယ်ရွေးရင်း၊ ၀ယ်ရင်းနဲ့ ခင်းထားတဲ့ စာအုပ်တွေဆီကို မျက်စိတစ်ချက် ကြည့်မိပါရော။ ဟော.. အဲဒီမှာ ဘာသွားတွေ့သလဲဆိုတော့ ၂၀၁၁ ခုနှစ်၊ မတ်လထုတ် နွယ်နီမဂ္ဂဇင်း ကိုပါ။ သြော်.. ကိုဉာဏ်ရယ် နွယ်နီမဂ္ဂဇင်းကို တွေ့တာများ အထူးအဆန်း ပြောနေရပြန်ပြီလို့ မထင်လိုက်ပါနဲ့ခင်ဗျ။ ကျွန်တော့်အသည်း၊ ကျွန်တော့်အာရုံကို ဖမ်းစားလိုက်တာက မျက်နှာဖုံးပေါ်မှာ စာလုံးအနီနဲ့ ထင်းထင်းကြီးရေးထားတဲ့ စာလုံးတွေကြောင့်ပါခင်ဗျ။ ဘာလဲဆိုတော့ "ဗိုလ်ချုပ် တကယ်ရိုင်းသလော" တဲ့။ ကဲ... စာလုံးလေးတွေက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ အချို့သော စာဖတ်သူတွေအတွက် ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာကို မဖတ်ဘူးရင် အဲဒီစာလုံးတွေက ဆွဲဆောင်နိုင်လိမ့်မယ် မထင်ဘူးခင်ဗျ။ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာထဲက "အောင်ဆန်း သို့မဟုတ် အရိုင်း" ကို ဖတ်ထားဖူးတဲ့ ကျွန်တော်ကိုဉာဏ် အတွက်ကတော့ တွေးရပြီပေါ့။ ခေါင်းစဉ်ကိုက စဉ်းစားစရာ တွေးစရာလေ။ အခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ တစ်ခါမှ အဲဒီလို တွေးမှမတွေးဘူးတာကိုး။ ဟုတ်တယ်လေ... ငါတို့ ဗိုလ်ချုပ်ဟာ တကယ့်အရိုင်းလား၊ ဒါမှမဟုတ် လူတွေက အရိုင်းအစိုင်းလို့ ထင်နေကြတာလား စသည်ဖြင့် တစ်ခါမှ မတွေးမိဘူးပါဘူး။ ဗိုလ်ချုပ်လို့ ဆိုလိုက်တာနဲ့ လေးစားပြီးသား၊ ကြည်ညိုပြီးသား။ အဲလိုပဲ ခံစားမိခဲ့တာကိုး။ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ အဲဒီမဂ္ဂဇင်းကို မြန်မာငွေ ၂၂၀၀ ကျပ် ပေးပြီး ပျော်ပျော်ကြီး ၀ယ်လာခဲ့မိပါတယ်။
အခန်းကိုပြန်ရောက်တာနဲ့ အ၀တ်အစား မလဲနိုင်သေးဘူး။ မဂ္ဂဇင်းကို အရင်လှန်ဖတ်ရတယ်။ အဝေးကြီး မလှန်ရပါဘူးဗျာ။ မာတိကာပြီးတာနဲ့ စာမျက်နှာ ၁ ကနေ ၅ အထိ အဲဒီအကြောင်း ရေးထားတာပါပဲ။ ရေးတဲ့လူက ငြိမ်းသစ် တဲ့။ တစ်ခါမှကို မကြားဖူးတဲ့ ကလောင်နာမည် ဆိုပါတော့။ ကျွန်တော်က စာဖတ်နည်းတဲ့အတွက် ကလောင်စုံ မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ် မဟုတ်ပါဘူးလေ... ဖြစ်နေတာ ဖြစ်မှာပါ။ ဟုတ်တယ်လေ... တော်ရုံကလောင်ဆိုရင် ဒါမျိုး အကြောင်းအရာကို ဘယ်ရေးရဲလိမ့်မလဲ။ လွယ်တာမှတ်လို့။ ဗိုလ်ချုပ်တကယ်ရိုင်းသလောဆိုပြီး မေးခွန်းထုတ်ပြီး ရေးတယ်ဆိုတာ အချက်အလက် ပြည့်ပြည့်စုံစုံ၊ တင်ပြပုံ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ခါမှ တော်ကာကျမှာ မဟုတ်လား။ ကိုဉာဏ်တို့ စာတွေဒီလောက်ဖတ်နေပြီး ဒီကလောင်ကို မသိတာကိုတော့ အတော်လေး အ တာပဲလို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ထားပါလေ။ ဆက်ရအောင်ပါ။
ပထမဆုံးအပိုဒ်မှာ နိဒါန်းပျိုးတဲ့ သုံးလေးကြောင်းက ဟုတ်သလိုလိုတော့ ရှိသားဗျ။ အမယ်လေး... ပထမအပိုဒ်မှ မဆုံးသေးဘူး မောင်မင်းကြီးသားက လုပ်ချပါပြီဗျာ။ ဒဂုန်တာရာရဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းကို သူ ကိုးတန်းနှစ်လောက်မှာ ဖတ်ဖြစ်တယ်ဆိုတဲ့အကြောင်း စလာပါပြီ။ စိတ်ထဲမှာ ထင့်သွားတယ်ဗျ။ ဒါပေမယ့် သူစာရေးဖို့အတွက် ခြေဆင်းပျိုးတာပဲ ဖြစ်မှာပါလို့ တွေးဖြစ်အောင် တွေးလိုက်ပြီး ဆက်ဖတ်ပါတယ်။ အဲဒီမှာပဲ ငါးပါးမှောက်တာပါပဲ။ ကျေးဇူးရှင်က ဆရာဒဂုန်တာရာရဲ့ အောင်ဆန်း သို့မဟုတ် အရိုင်း အဖွဲ့အနွဲ့ထဲက သူသဘောကျတာလေးတွေ ပြောရရင်တော့ ဗိုလ်ချုပ်ကို ခပ်ရိုင်းရိုင်းလို့ ဆိုနိုင်မယ့် အကြောင်းအရာလေးတွေကို ဖော်ပြတာပေါ့လေ။ အင်း.. ဖော်ပြတယ်လို့ သုံးရတာ နည်းနည်းတော့ တစ်မျိုးဖြစ်တယ်။ ငါးမျက်နှာရှိတဲ့ ဆောင်းပါးမှာ သုံးမျက်နှာလောက်ကို အဲဒီအဖွဲ့အနွဲ့ထဲက ပြန်ကူးထားတာဆိုတော့ ကိုးကားတယ် ပြောရမလား၊ ညွှန်းဆိုတယ်လို့ သုံးရမလား။ ကျွန်တော့်ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ မပြောတတ်ပါဘူးဗျာ။ ထားပါတော့။
သည်းခံစိတ်ကို အတုံးလိုက်အတစ်လိုက် မွေးပြီးသကာလ ဆောင်းပါးကိုဆုံးအောင် ကျွန်တော် ဆက်ဖတ်ပါတယ်။ နိဂုံးပိုဒ်လေးကိုတော့ နည်းနည်းလေး အမှတ်ပေးချင်သား။ ဘာတဲ့ ရေးထားတာလေးက "သို့ဖြစ်ရာ ဗိုလ်ချုပ်ကို ရှုမြင်နိုင်သော အရိုင်းသည် အတ္တနှင့်ယှဉ်သော အရိုင်းမဟုတ်။ စွန့်လွှတ်သောစိတ်၊ ကိုယ်ကျိုးမငဲ့သော စိတ်၌တည်သည့် ရိုးဖြောင့်မှန်ကန်သော အရိုင်းသာ ဖြစ်ပေလိမ့်မည်" တဲ့။ ကဲ မှတ်ပလား။
စာတွေဖတ်တဲ့အခါ ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒီစာကို ကြိုက်ရင်ကြိုက်သလို၊ မကြိုက်ရင် မကြိုက်သလို မှတ်ချက်ရေးတတ်ခြင်းပါပဲ။ ဖတ်တဲ့စာအုပ်မှာ နေရာလွတ်မရှိရင် စာရွက်လွတ်နဲ့ရေးပြီး အဲဒီနေရာမှာ ပင်ချုပ်ပြီး ကပ်ထားတဲ့အထိ ရေးပါတယ်။ အခုလည်း အောက်မှာ နေရာလွတ်လေး ရှိတာဆိုတော့ အဲဒီဆောင်းပါးရဲ့အောက်မှာ မှတ်ချက်လေး ရေးမိပါတယ်။ ဖတ်ကြည့်ချင်ကြမယ်လို့ ယူဆတဲ့အတွက် ရေးပြပါရစေ။
"ဒေါက်တာမောင်မောင်ကျော် ပြောသော သမိုင်းတစ်ကွက်နှင့် နိဂုံးတစ်ပိုဒ်မှလွဲ၍ ထူးထူးခြားခြား ဘာမှမပါဘဲ ဆရာတာရာ၏ ရုပ်ပုံလွှာကို ပြန်လည် ဘော်ချက်သော စာတစ်ပုဒ် ဖြစ်ပေသည်။ ဆိုးဝါးပေစွ။ ပေးထားသော ခေါင်းစဉ်နှင့် ရေးထားသောစာမှာ ဘယ်လိုမှကို အဆက်အစပ် မရှိ။ အပေါ်က တိုက်ပုံဝတ်ထားပြီး အောက်က ဂျင်းဘောင်းဘီရှည်ကြီးနှင့် ဖြစ်နေသကဲ့သို့ပင်။ ဗိုလ်ချုပ် တကယ်ရိုင်းသလား ဆိုသည်ကို ကျွန်တော်မသိ။ သေချာသည်ကတော့ ဤဆောင်းပါးကို ရေးသူ ငြိမ်းသစ် ကတော့ တကယ်ရိုင်းပေသည်။"
ကျွန်တော့်မှတ်ချက် လွန်ကောင်းလွန်နိုင်ပါသည်။ ရိုင်းကောင်းရိုင်းနိုင်ပါသည်။ စာဖတ်တဲ့လူတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး စော်ကားတာကတော့ အောက်တန်းကျလွန်းပါသည်။ အဲဒီဆရာ့ဆရာကြီး ငြိမ်းသစ်ဆိုသူများ ဒီပို့စ်ကို ဖတ်မိလို့ စိတ်တိုတိုနဲ့ အဲဒီကောင် ကိုဉာဏ်ဆိုတဲ့ကောင် မလောက်လေး မလောက်စားနဲ့ တော်တော်ရိုင်းတဲ့ကောင်ဟု ဆိုလျှင်လည်း ကျွန်တော်ကတော့ ဟုတ်ကဲ့ ကျွန်တော်အရိုင်းအစိုင်းပါဟု ပြန်ပြောမိမည်လား မဆိုနိုင်။
မဆီမဆိုင်ဟုပဲ ဆိုချင်ဆို။ ဥပမာတစ်ခု ပေးချင်ပါသေးသည်။ ဈေးထောင့်တစ်နေရာတွင် "လာနော်... လာနော်... အင်္ကျီတွေ တစ်ထည်မှ တစ်ရာပဲ၊ တစ်ထည်မှ တစ်ရာပဲ" ဆိုပြီး အော်ရောင်းနေသည့် ဈေးသည်ကဲ့သို့ ဖြစ်မည်ထင်သည်။ အင်္ကျီတစ်ထည်ကို တစ်ရာဆိုတော့ ဘာပဲပြောပြော အိမ်နေရင်းဖြစ်စေ၊ အလုပ်ကြမ်းလုပ်ရင်းဖြစ်စေ၊ လယ်ထွန်ရင်းဖြစ်စေ၊ ကုန်ထမ်းရင်းဖြစ်စေ၊ ဆိုက်ကားနင်းရင်းဖြစ်စေ၊ မြင်းလှည်းမောင်းရင်းဖြစ်စေ ၀တ်လို့ရတာပဲ၊ ၀င်ကြည့်ဦးမှ၊ ၀င်ရွေးဦးမှပဲ ဆိုပြီး ကြီးကြီးငယ်ငယ် ပုပုရွရွတို့ အလုအယက် လာကြမည်။ အင်္ကျီကို ရွေးနေကာကျမှ အစ်မကြီးယူပါ၊ အဲဒါက ငါးရာပါ၊ အစ်ကိုကြီးယူပါ အဲဒါက တစ်ထောင်ဖိုး သုံးထည်ပါဟု ပြောမည်။ မင်းအော်တော့ အင်္ကျီတစ်ထည် တစ်ရာဆိုဟု ဈေးဝယ်တွေက စိတ်တိုတိုနဲ့ မေးမည်။ ထိုအခါ ရောင်းသူက ဟာ... အစ်ကိုကြီးကလဲ၊ အစ်မကြီးကလဲ ဒီခေတ်ကြီးမှာ အင်္ကျီတစ်ထည်ကို တစ်ရာနဲ့ ရမလားဗျ။ လက်ဖက်ရည်တောင် တစ်ခွက်ကို သုံးရာလောက် ဖြစ်နေတာကို။ တစ်ထည်တစ်ရာက ဟိုထောင့်က ကလေးဝတ်အင်္ကျီတွေကို ပြောတာဆိုပြီး မွေးကာစကလေး ၀တ်သည့် လက်တစ်ထွာခန့် အင်္ကျီလေးတွေကို ခပ်တည်တည်နှင့် လက်ညှိုးထိုးပြမည်။ ပြီးလျှင် အဲဒီဈေးသည်ဆိုတဲ့ကောင်ကပဲ ဈေးဝယ်သူကို ဘာလဲကွာ... အလကားနေရင်း ပေါချောင်ကောင်း လိုချင်တဲ့ကောင်နဲ့ လာတွေ့နေသေးတယ်ဆိုပြီး အထင်သေးမျက်လုံးနဲ့တောင် ကြည့်လိုက်ဦးမည်။ ကဲ... ဈေးဝယ်တဲ့လူရဲ့ နေရာကနေ စဉ်းစားကြည့်ပါဦး။ အင်္ကျီတစ်ထည် တစ်ရာမက တန်တာကိုတော့ ဈေးဝယ်တဲ့လူတွေက သိတာပေါ့ခင်ဗျာ။ ထမင်းစားနေတဲ့လူတွေပဲ။ ဟိုဟာစားတာမှ မဟုတ်တာ။ ဒါပေမယ့် ဈေးရောင်းတဲ့လူက ဘာကိစ္စ အင်္ကျီတွေ တစ်ထည်မှ တစ်ရာ လို့ အော်ရသလဲ။ လာဝယ်တဲ့လူကို အပြစ်တင်သင့်ပါသလား။ ဈေးရောင်းသူ၏ လှည့်ကွက်သည်ဘာလဲ၊ ဈေးဝယ်သူ၏ အဖြစ်သည် ဘာလဲဆိုတာကို ယခုစာဖတ်သူ တွေးကြည့်နေမိမည်ဟု ကျွန်တော်ကိုဉာဏ် ယုံကြည်နေမိပါသည်။ သင့်အတွေး၊ သင့်အမြင်များကိုလည်း ဖတ်လို၊ ကြားလိုပါကြောင်းခင်ဗျား။ ကျေးဇူးတင်ပါသည်။
စာကြွင်း။ ဖြစ်နိုင်မယ်ဆိုရင်လေ သူများတွေ ပြောပြောနေကြတဲ့ ဒီမိုကရေစီစစ်စစ် ဆိုတာကြီးကို ကျွန်တော်ကိုဉာဏ် အခုချက်ချင်းတောင် ရလိုက်ချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အတွင်းခံတွေ၊ ဘော်လီတွေ၊ ခေါင်းစည်းတွေ၊ စွပ်ကျယ်တွေ၊ ဖင်ထိုင်ခုံစွပ်တွေ၊ ဘီယာပုလင်းတွေ၊ အရက်ပုလင်းတွေများ ထုတ်လာကြမလားလို့ တွေးမိလို့ပါ။ သြော်... စိတ်တိုသလားဗျ... ခင်ဗျားက သာမန်ပြည်သူတွေး တွေးတာကိုး။ ပြုံးနေတာလားဗျ... ခင်ဗျားက စီးပွားရေးအမြင် တယ်ရှိတာကိုး။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ မတ်လ ၈ ရက်၊ အင်္ဂါနေ့။
ညနေ ၄ နာရီ ၄၅ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 5:04 PM 0 Comment(s)
Labels Political
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဟာသများ
အကောင်းမြင်သမား၊ အဆိုးမြင်သမား
အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည်။
"ဒီထက်ဆိုးတာ မရှိနိုင်တော့ဘူး၊ ဒီထက်ဆိုးတာ မရှိနိုင်တော့ဘူး"
အကောင်းမြင်သမားက အားတက်သရော ပြောသည်။
"ရှိနိုင်သေးတယ်၊ ရှိနိုင်သေးတယ်"
မျက်စိမှုန်တဲ့ယုန်
ဝက်ဝံ၊ မြေခွေးနှင့် ယုန်တို့ အထွေထွေ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းချိန်ရောက်သဖြင့် စစ်သားစုဆောင်းရေးရုံးသို့ သွားကြသည်။ ဆေးကော်မရှင်က ၎င်းတို့တစ်ဦးချင်းကို ဆေးစစ်သည်။ ၀က်ဝံနှင့် မြေခွေးတို့ နှစ်ဦးစလုံး ဆေးအောင်ကြသည်။ နှစ်ဦးစလုံး သုန်သုန်မှုန်မှုန် အမူအရာဖြင့် ထိုင်နေကြသည်။ မည်သူမျှ စစ်မှုမထမ်းလိုကြသောကြောင့် ဖြစ်သည်။ ဤအချိန်တွင် ၀မ်းသာသောမျက်နှာဖြင့် အခန်းထဲမှ ယုန် ထွက်လာသည်။
"၀မ်းသာလိုက်တာ၊ ငါ စစ်မှုထမ်းစရာ မလိုဘူး၊ ငါ ဆေးမအောင်ဘူး"
"ဘာဖြစ်လို့ မအောင်ရမှာလဲ၊ မင်းရဲ့ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းတယ်ဆိုတာ ငါတို့ သိသားပဲ"
"ဟိုအဝေးက တောင်ကုန်းကို မြင်သလား"
"မြင်တယ်"
"ဘယ်ဘက်ထောင့်က ကျွန်းပင်ကြီးကိုရော မြင်ကြရဲ့လား"
"မြင်တယ်"
"ညာဘက်ထွက်နေတဲ့ အကိုင်းရော"
"မြင်တယ်"
"အောက်ဘက်ကို စိုက်ကျနေတဲ့ အရွက်နှစ်ရွက်ကိုရော"
"မြင်တယ်"
"အဲဒါ ပြောတာပေါ့၊ ငါက ကျွန်းပင်ကြီးကိုတောင် မမြင်ဘူး"
ညှဉ်းဆဲလိုက်မယ်
မီးပြတိုက်သို့ လှေတစ်စင် ကပ်လာသည်။ လှေပေါ်မှ ပင်ပန်းနွမ်းနယ်ပြီး ဒေါသထွက်နေသော အမူအရာဖြင့် စာပို့လုလင် ဆင်းလာသည်။ ထို့နောက် မီးပြတိုက် အမှုထမ်းအား ၎င်း၏စာကို ပေးလိုက်သည်။ မီးပြတိုက်ဝန်ထမ်းက ပြောသည်။
"နောက်တစ်ခါ ငါ့အတွက် စာလာပို့တဲ့အခါ အခုလို မျက်နှာရှစ်ခေါက်ချိုး လုပ်လာတာတွေ့ရင် နေ့စဉ်ထုတ် သတင်းစာတစ်စောင်ကို ငါ တစ်နှစ်စာ မှာလိုက်မယ်၊ နားလည်လား"
စေတနာနဲ့ပါ
ချူချာ လှေလှော်လာသည်။ မျက်နှာချင်းဆိုင်မှ လှေတစ်စီးကို တွေ့သည်။ လှေနှစ်စီး ဆုံကြသောအခါ ဒုတိယလှေပေါ်မှ ယောက်ျားကြီးနှစ်ဦးက ချူချာကို ပြောသည်။
"ဒီအနားမှာ အသံဆိုးနဲ့ အော်နေတဲ့လူကို မတွေ့မိဘူးလား"
"ဟင့်အင်း"
"တွေ့ရင် ကျုပ်တို့ကို အကြောင်းကြားဗျာ"
"ဟုတ်ကဲ့"
မြစ်အတိုင်း ချူချာ ဆက်လှော်သည်။ တစ်နေရာတွင် "ကယ်ကြပါ၊ ကျုပ် ရေနစ်နေပြီ" ဟု လူတစ်ယောက် တစာစာ အော်နေသည်ကို တွေ့ရသည်။ ချူချာက ၎င်းကို လှော်တက်ဖြင့် ခေါင်းကို ရိုက်သည်၊ ပါးစပ်မှလည်း လှမ်းအော်ပြောသည်။
"ဟေ့လူ၊ ပုန်းနေ၊ ဟိုမှာ ခင်ဗျားကို လိုက်ရှာနေကြတယ်"
နားမလည်နိုင်ဘူး
"ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ပဲ ယူခွင့်ရှိတယ်ဆိုတဲ့အချက်ကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ဘူး"
"ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့လူတွေကို ဥပဒေက ကာကွယ်ပေးထားတယ်ဆိုတာ ခင်ဗျား တကယ် မိန်းမယူတဲ့အခါ သဘောပေါက်လာပါလိမ့်မယ်"
သစ္စာရှိသောမြင်း
လင်ရှိမယားကို ကြိုက်နေသာ လူငယ်သည် အမျိုးသမီး၏အိမ်သို့ မြင်းစီးကာ ရောက်လာသည်။ အိမ်ပေါ်မတက်မီ ၎င်းက မြင်းကို ပြောသည်။
"ငါးထပ်တိုက်က ၀ရန်တာရှိတဲ့အခန်းကို တွေ့တယ်မဟုတ်လား၊ ၀ရန်တာတည့်တည့်အောက်မှာ မင်းစောင့်နေ၊ သူ့ယောက်ျား ရောက်လာရင် အဲဒီ ၀ရန်တာကနေ ငါ ခုန်ဆင်းမယ်၊ ပြီးတော့ တို့ ဒုန်းစိုင်းပြီး လစ်ကြမယ်"
ဤသို့ပြောပြီး အမျိုးသမီး၏ အခန်းသို့ ၎င်းတက်သွားသည်။ ခဏကြာသောအခါ အခန်းတွင် လူခေါ်ခေါင်းလောင်းသံ မည်လာသည်။ လူငယ်သည် ၀ရန်တာဘက်ထွက်ကာ အောက်သို့ ခုန်ဆင်းလိုက်သည်။ အမျိုးသမီးက အခန်းတံခါးကို သွားဖွင့်သည်။ တံခါးရှေ့တွင် မြင်းရပ်နေသည်ကို တွေ့ရသည်။ မြင်းက ပြောသည်။
"အပြင်မှာ မိုးရွာလာတယ်၊ အဲဒါကြောင့် ကျွန်တော် ဆင်ဝင်အောက်မှာ မိုးခိုရင်း စောင့်နေမယ်လို့ ကျွန်တော့်သခင်ကို ပြောလိုက်ပါ"
Posted by Ko Nyan Posted Time 2:43 PM 0 Comment(s)
Monday, March 07, 2011
သောမတ်ဖရီးမင်း၊ ရေနံ၊ အမေရိကန်နှင့် အာရပ်ကမ္ဘာ
ဒီပို့စ်ရဲ့ အဓိကရည်ရွယ်ချက်က ဂျာနယ်ထဲမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို သဘောကျလို့ ကောက်နုတ်ပြီး ပြန်လည်ဝေမျှတာပါ။ ဒါပေမယ့် ကျွန်တော်ကိုဉာဏ် နည်းနည်းလေး လျှာရှည်ချင်သေးတဲ့အတွက် ခွင့်ပြုကြပါဦး။ သောမတ်ဖရီးမင်း ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှကို ကလောင်စွမ်းထက်တဲ့သူ ဖြစ်ပါတယ်။ သူပြောတဲ့၊ ရေးတဲ့ အတွေးအမြင်တွေဟာ သူများတွေနဲ့မတူ ကွဲထွက်နေတတ်တာကို သတိထားမိပါတယ်။ တချို့ကိစ္စတွေမှာ ပိဿလေးနဲ့ ဘေးပစ်ဆိုသလိုမျိုး ပြောတတ်တာကို သတိထားမိပါတယ်။ အချို့သော ဘလော့ဂ်မိတ်ဆွေတွေအတွက် မြင်သာထင်သာ ပြောရမယ်ဆိုရင် ဆရာကျော်ဝင်း ဘာသာပြန်ပြီး စာပေဆုရခဲ့တဲ့ ကမ္ဘာပြားပြီ (The World is Flat) ဆိုတဲ့ စာအုပ်ကို ပြုစုခဲ့သူပေါ့။ နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက သူတို့ဆီက ဂျာနယ်လစ်တွေကိုက အဲဒီလိုမျိုး အမြင်စူးရှကြတာလား ဆိုတာကိုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီကဆရာတွေ ဘာသာပြန်တာတွေကိုသာ ဖတ်ကြရတာကိုး။ ဒါလည်း ကျွန်တော့်အတွေးပါ။ အခုလည်း သောမတ်ဖရီးမင်းရဲ့ If not now, when? ဆိုတဲ့ စာကိုရည်ညွှန်းပြီး ဆရာမင်းညို ရေးသားထားတဲ့ ဂုဏ်သိက္ခာနဲ့ ရေနံ ဆိုတဲ့ ဆောင်ပါးတစ်ပုဒ်ထဲက သဘောကျမိတာ အချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်။ အခုပြန်လည် ဝေမျှတာတွေပဲ ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့်ရင်ကို လာထိတဲ့ စာအချို့ကို ပြန်လည်လက်တို့ခြင်း ဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။
* "အမေရိကန်၊ မင်းက မီးတောင်ခြေရင်းမှာ အိမ်ဆောက်ထားတယ်။ အဲဒီမီးတောင်ရဲ့ အက်ကြောင်းတွေကနေ အခု ချော်ရည်တွေ ထွက်နေပြီ။ ပေါက်ထွက်တော့မလို တစ်တောင်လုံးလည်း ယိမ်းထိုးနေပြီ။ မင်းရဲ့အိမ်ကို ရွှေ့တော့" အခုကိစ္စမှာ မင်းရဲ့အိမ်ကို ရွှေ့တော့ ဆိုတာ ကျွန်တော်တို့ အမေရိကန်တွေ (အာရပ်ကမ္ဘာက) ရေနံနဲ့ ပတ်သက်ပြီး ငမ်းငမ်းတက် ဖြစ်နေတာကို ရပ်လိုက်တော့လို့ ဆိုလိုပါတယ်။
* ကျန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ မှာ အမေရိကန် (ဥရောပနဲ့ အာရှလည်း ပါပါတယ်) ဟာ အရှေ့အလယ်ပိုင်းဒေသကို ဓာတ်ဆီဆိုင်ကြီးတွေ စုဝေးရာဒေသအဖြစ် သဘောထားခဲ့ကြတယ်။ ဆော်ဒီဆီဆိုင်၊ အီရန်ဆီဆိုင်၊ ကူဝိတ်ဆီဆိုင်၊ ဘာရိန်းဆီဆိုင်၊ အီဂျစ်ဆီဆိုင်၊ လစ်ဗျားဆီဆိုင်၊ အီရတ်ဆီဆိုင်၊ အာရပ်စော်ဘွားများပြည်ထောင်စုဆီဆိုင် စသည်ဖြင့်။
* ကဲ... ကျွန်တော်တို့ သဘောတူညီမှု လုပ်ကြရအောင်။ ခင်ဗျားတို့ ရေနံတွေကို ထုတ်သာထုတ်။ ဈေးလည်းမများစေနဲ့ပေါ့။ အစ္စရေးနဲ့ ပတ်သက်ပြီးလည်း သိပ်ခေါင်းထဲ ထည့်မနေပါနဲ့။ အဲဒီလို လုပ်ပေးတဲ့အတွက် ခင်ဗျားတို့ အာရပ်တွေလည်း လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ပြည်သူတွေကို တားချင်တာရှိလည်း တား။ အကျင့်ပျက်လာဘ်စားချင်လည်း စား။ ခင်ဗျားတို့ ဗလီတွေကနေ အမေရိကန် မကောင်းကြောင်း တရားဟောချင်သပဆိုလည်း ဟော။ ခင်ဗျားတို့ သတင်းစာတွေထဲ ကျုပ်တို့ အမေရိကန်တွေအကြောင်း ကြိုက်တာရေး။ ရေနံလေးသာ ထုတ်ပေးပါ။ ဈေးလေးလည်း ချပေးထားပါ။ အစ္စရေးကိုလည်း သိပ်ပြဿနာ မရှာနဲ့ပေါ့။ ကျန်တာ ကြိုက်တာသာ လုပ်ဗျာ။
* အာရပ်ကမ္ဘာမှာ ခိုင်မာတဲ့ အစိုးရအဖွဲ့တွေမရှိ၊ အရပ်ဖက် အဖွဲ့အစည်းတွေ မရှိ၊ ဒီမိုကရေစီ အစဉ်အလာ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး ဆိုတာလည်း မရှိ။ ဒါကြောင့် ဒီမိုကရေစီ ကူးပြောင်းရေးဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။
* အာရပ်ကမ္ဘာတွင် အဓိကမလုံလောက်မှု (၃)ခု ရှိသည်။ (၁) ပညာရေး ခါးဆက်ပြတ်မှု၊ (၂) လွတ်လပ်မှု၊ (၃) အမျိုးသမီးများ၏ ပါဝင်လှုပ်ရှားပိုင်ခွင့် မရှိခြင်း။
* အာရပ်ကမ္ဘာကြီး သမိုင်းထဲကို ပြန်လာတာဟာ အင်မတန်ကို ခက်ခဲပြီးတော့ မဖြစ်နိုင်တဲ့ ကိစ္စဆိုပြီး အယူမမှားသင့်ပါဘူး။ ဒီတော့ ကနေ့အာရပ်ကမ္ဘာမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တစ်တွေ ကြား မနေဘဲ အဲဒီမှာ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်ပေးကြပါစို့လားဗျာ....။
ဖတ်မိတာကတော့ Real Time Journal, Vol.1, No.5, Page.7 မှာ ဖြစ်ကြောင်းပါခင်ဗျား။ သောမတ်ဖရီးမင်းရဲ့ ဆောင်းပါးကို သိုးဆောင်းဘာသာနဲ့ ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ရှိကြောင်းပါခင်ဗျား။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ မတ်လ ၇ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၅၀ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 4:58 PM 0 Comment(s)
Labels Political
Sunday, February 27, 2011
လွှတ်တော်မတက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ခွင့်တိုင်ကြားစာ
သို့
တိုင်းပြည်ပြုလွှတ်တော် သဘာပတိ
အစီရင်ခံပါသည် ခင်ဗျား။ ကျွန်တော်မှာ နေမကောင်းထိုင်မသာ ဖြစ်နေပါ၍ ယနေ့ လွှတ်တော်သို့ မတက်ရောက်နိုင်သည်ကို ခွင့်လွှတ်ပါမည့်အကြောင်း၊ ယနေ့ တင်မြှောက်ခြင်းခံရသော အမြဲတမ်းဥက္ကဋ္ဌ အားလည်း ကျွန်တော်၏ ချီးကျူးစာကို ကမ်းလှမ်းလိုက်စေလိုပါသည်ခင်ဗျား။
တိုင်းပြည်ပြုလွှတ်တော်အမတ်
ပထမအကြိမ်မြောက် တိုင်းပြည်ပြုလွှတ်တော်ညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာတွင် ဇွန်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေမကောင်းသဖြင့် ခွင့်တစ်ရက် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
Posted by Ko Nyan Posted Time 5:18 PM 2 Comment(s)
Labels Political
သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်
သားသမီးကျင့်ဝတ် ၅ ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ။ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။
(၁) မိဘတို့ကို လုပ်ကျွေးခြင်း။
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း။
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက်အောင် ပြုလုပ်ခြင်း။
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း။
(၅) မိဘတို့၏ မျိုးနွယ် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။
မိဘကျင့်ဝတ် ၅ ပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။
(၁) မကောင်းမှုများကို တားမြစ်ခြင်း။
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြခြင်း။
(၃) အတတ်ပညာ သင်ကြားပေးရခြင်း။
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း။
(၅) လက်ထပ်ထိမ်းမြားပေးရခြင်း။
တပည့်ကျင့်ဝတ် ၅ ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။
(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နားခံမှတ်သားရခြင်း။
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦးကြိုဆိုရခြင်း။
(၃) ဆရာ့ထံပါး ဆည်းကပ်ခစားရခြင်း။
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း။
(၅) ဆရာသင်ပေးပြီးသော သင်ခန်းစာများကို လေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွတ်ဆိုရခြင်း။
ဆရာ့ကျင့်ဝတ် ၅ ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားပေးရခြင်း။
(၂) ဆုံးမသြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း။
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း။
(၄) တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း။
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာ့ထံသို့ အပ်နှံပေးရခြင်း။
လင်ကျင့်ဝတ် ၅ ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။
(၁) မိမိမယားအား မထီလေးစား မပြုလုပ်ရခြင်း။
(၂) မိမိရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်း။
(၃) အခြားမိန်းမများနှင့် ဖောက်ပြားကျူးလွန်မှု မရှိရခြင်း။
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း။
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။
မယားကျင့်ဝတ် ၅ ပါး
အိမ်တွင်းမှုထုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြည်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။
(၁) အိမ်တွင်းမှုလုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း။
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းထားရခြင်း။
(၃) မိမိယောက်ျားမှတစ်ပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း။
(၄) မိမိဘက်ဆွေမျိုး၊ လင်ဘက်ဆွေမျိုးတို့၌ မျှမျှတတ ပေးကမ်းရခြင်း။
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
မိတ်ဆွေကျင့်ဝတ် ၅ ပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။
(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း။
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း။
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း။
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ်ချိုသာစွာ ပြောရခြင်း။
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှုမရှိဘဲ မှန်ကန်တိကျခြင်း။
Posted by Ko Nyan Posted Time 4:54 PM 0 Comment(s)
အစာလည်းဆေး၊ ဆေးလည်းအစာ (၂)
ပဲပုပ်ပဲ
ခန္ဓာကိုယ်အတွက် ပရိုတိန်းဓာတ် အထူးဖြည့်ဆည်းပေးသည်။ ကင်ဆာ ကာကွယ်သည်။ ရင်သားကင်ဆာ ကာကွယ်သည်။ စအိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ သက်သာပျောက်ကင်းစေသည်။
ဒန့်သလွန်သီး
ပိုးသတ်သည်။ အာဖရိကမှာ ၎င်းကို ရေသန့်စင်ရာမှာ အသုံးပြုသည်။
မျောက်ဥ၊ အာလူး၊ ကန်စွန်းဥ
ရေဓာတ်၊ အချိုဓာတ်နှင့် အဆီဓာတ်ကို စုပ်သဖြင့် ဆီးချိုနှင့် အစာလမ်းကြောင်းကင်ဆာ ပျောက်ကင်းစေသည်။
ပြောင်းဖူး (အရင့်)
သွေးတိုးကျစေသည်။ သွေးလွှတ်ကြော ပျော့စေသည်။
ခရမ်းချဉ်သီး
ကင်ဆာရောဂါ ကာကွယ်သည်။ သားအိမ်ကင်ဆာနှင့် ပန်ကရိယကင်ဆာ ကာကွယ်သည်။
ငါး
အစာကြေလွယ်သည်။ အဆီဓာတ်နည်းသည်။ ငါးကို ပိုမို၍ စားပါ။
ရယ်မောခြင်း
ဆေးဘုရင် ဖြစ်သည်။ တန်ဖိုး မဖြတ်နိုင်သော ဆေးတစ်ပါး ဖြစ်သည်။
ဂျင်း
လည်ချောင်းနာ သက်သာစေပြီး၊ အစာအိမ် မအီမသာဖြစ်ခြင်းမှ သက်သာစေပါသည်။
စပျစ်သီး
အအေးစာ ဖြစ်သည်။ လည်ချောင်းနာ၊ နှာခေါင်းနှင့် လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွားရောဂါ၊ သွေးလွှတ်ကြော မာကျောခြင်း၊ နှာစေးချောင်းဆိုးခြင်းများ သက်သာစေသည်။ ခွဲစိတ်မှုပြုလုပ်ပြီးသူများ အနာကျက်မြန်ခြင်း ဖြစ်စေသည်။ လှချင်သူများသည် စပျစ်သီး စားပေးသင့်သည်။ အသားအရေ လျော့ရဲမှု ကာကွယ်ခြင်းနှင့် ဖြူဖွေးခြင်း ဖြစ်စေသည်။
ရွှေဖရုံသီး
အသည်းနှင့် ကျောက်ကပ်၏ ဆဲလ်အသစ်များ ပေါက်ဖွားခြင်းကို အားပေးသည်။ ရွှေဖရုံသီး စားပေးခြင်းဖြင့် ပန်ကရိယက Insulin ထုတ်လွှတ်မှု တိုးပွားနိုင်ပြီး ဆီးချိုရောဂါအတွက် အထူးကောင်းမွန်သည်။ သွေးလွှတ်ကြော မာကြောခြင်းနှင့် ကော်လက်စထရော မြင့်မားခြင်း သက်သာစေသည်။ ဆီးရွှင်စေသဖြင့် ကျောက်ကပ်မှာ ကျောက်တည်ခြင်းနှင့် ဆီးအိမ်မှာ ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်သော ကျောက်ကို အရည်ပျော်ဝင်စေသည်။ အသည်းခြောက်ရောဂါနှင့် ကျောက်ကပ်ရောင်ခြင်းများကို သက်သာစေပါသည်။
Posted by Ko Nyan Posted Time 4:51 PM 0 Comment(s)
Monday, February 21, 2011
နောလေ့(ခ်ျ)သည် ပါဝါ မဟုတ်တော့ပါ - အတ္တကျော်
ဒေးထာ(data)ဆိုတာကို အဘိဓာန်မှာက ''အချက်အလက်''လို့ ဖွင့်ဆိုထားပါတယ်။ တစ်နည်းအားဖြင့် သင်္ကေတတွေပေါ့။ နမူနာရေးပြရရင် ''းယေ-ွမ။-ာတ-ိန-ုရ-်'' ဟာ ဒေတာပါ။ အလားတူပဲ ''၈၊ ၄၊ ၂'' ဆိုတာလည်း ''ဒေးထာ''သာ ဖြစ်ပါတယ်။ ''အချက်အလက်သက်သက်'' ပေါ့။
အဲဒီ ဒေးထာအချက်အလက်တွေကို စနစ်တကျ စီစဉ်လိုက်ပြီး ''ဘာ၊ ဘယ်သူ၊ ဘယ်နေရာ၊ ဘယ်တုန်းက'' အစရှိတဲ့ မေးခွန်းများကို ဖြေနိုင်လာအောင် ဆောင်ရွက်တော့မှ အင်ဖှမေးရှင်း (information) ဆိုတာကို ရလာပါတော့တယ်။ အထက်က နမူနာနှစ်ခုကို စနစ်တကျ စီလိုက်တဲ့အခါ ပထမတစ်ခုအတွက် ''မိုးရွာနေတယ်'' ကို ရလာပြီး ဒုတိယတစ်ခု အတွက်ကျတော့ ''၂ x ၄ = ၈'' ဆိုတာကို ရလာပါလိမ့်မယ်။ အဲဒါ အင်ဖှမေးရှင်း ဖြစ်သွားပါပြီ။ မြန်မာအဘိဓာန်မှာ အင်ဖှမေးရှင်းကို ''အချက်အလက်၊ သတင်း၊ သုတ'' လို့ ပြန်ဆိုပြီး အခုလတ်တလော လူသုံးများနေတာကတော့ ''သတင်းအချက်အလက်'' ဆိုပြီး ပြန်ဆိုသုံးစွဲ နေကြပါတယ်။ ''အကြောင်းအချက်'' လို့ သုံးရင်ကောင်းမလားပဲ။
အဲဒီ့ သတင်းအချက်အလက်တွေကိုမှ အသုံးတည့်လာစေမယ့် ရည်ရွယ်ချက်မျိုးနဲ့ ဆီလျော်အောင် စုစည်းလိုက်တဲ့ အခါမှာတော့ နောလေ့(ခ်ျ) (knowledge) ဖြစ်လာပါတော့တယ်။ အဘိဓာန်က ''သိခြင်း၊ အသိ၊ အလိမ္မာ'' လို့ ပြန်ဆိုထားပါတယ်။ [သည်နေရာမှာ လူငယ်အများစုက နောလေ့(ခ်ျ)ကို ''ဗဟုသုတ'' လို့ မှားယွင်းပြန်ဆိုမိတတ်တာ မကြာခဏ တွေ့ရပါတယ်။ ဂျယ်နရယ်(လ်)နောလေ့(ခ်ျ) (general knowledge) ကသာ ''ဗဟုသုတ'' ဖြစ်ပါတယ်။ ပါဠိလို ''ဗဟု'' ဆိုတာက ''များစွာသော'' လို့ အနက်ရတဲ့အတွက် ဗဟုသုတဆိုရင် များစွာသော (၀ါ) အထွေထွေ အပြားပြားသော အသိတွေလို့ ဆိုလိုရာ ရောက်နေပါတယ်] အဲဒီ့ နောလေ့(ခ်ျ)ကို ''သညာသိ'' လို့ သုံးပါရစေ။
အဲဒီ့နောလေ့(ခ်ျ)ဆိုတဲ့ ''သညာသိ'' ကျတော့ ဇာတ်လမ်း နည်းနည်း ရှုပ်လာပါပြီ။ သညာသိမှာ ပိုင်းဖြတ်ထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်က ပူးတွဲလာပါတော့တယ်။ ဆိုကြပါစို့၊ သတင်းအချက်အလက်တွေကို တစ်စုံတစ်ယောက်က မှတ်သားလိုက်တဲ့အခါ၊ သိပ်ရည်မှန်းချက် ကြီးကြီးမားမား မရှိလှဘဲ စာမေးပွဲအောင်ရေးသာ ပဓာနထားတဲ့ ကျောင်းသားတွေ စာအံသလို ကျက်မှတ်လိုက်တဲ့ အခါမျိုးမှာ ''သညာသိ'' တွေ အမြောက်အမြား ရလာပါတော့တယ်။ အဲဒီ့ ''သညာသိ'' က သက်ဆိုင်ရာ ပုဂ္ဂိုလ်အတွက်တော့ အသုံးတည့်ပါတယ်။ သို့ပေမယ့် နောက်ထပ် အသိတစ်ခုခု တိုးပွားလာဖို့အတွက်တော့ သညာသိက အကျိုးမပေးနိုင်ပါဘူး။
နမူနာပြောရင် အမြှောက်အလီပေါင်းတွေကို နှုတ်တက်ရွရွ ကျက်ထားတဲ့ ကျောင်းသားဟာ ''နှစ် နှစ်လီ လေး'' မှသည် ''၁၆ ၁၂လီ ၁၉၂'' အထိကို ဒေါင်းဒေါင်းပြေး ရွတ်နိုင်ပါလိမ့်မယ်။ အဲဒါ အလီနဲ့ ပတ်သက်တဲ့ ''အသိတွေ'' အမြောက်အမြား ရှိနေတာပေါ့။ သို့ပေမယ့် ၁၈၉၅ ကို ၃၀၀ နဲ့ မြှောက်ပါဆိုရင်တော့ နည်းနည်း အူသွားတော့မှာပါ။ ဘာလို့လဲဆိုတော့ သူကျက်ထားတဲ့ အလီထဲမှာ ၁၈၉၅ အလီမှ မရှိတာကိုး။ အဲဒီ့ အဖြေအတွက်ကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာ ဝေဖန်တတ်မှု စွမ်းရည်က လိုလာပါပြီ။ အဲဒီ့ စွမ်းရည်တွေက နောက်တစ်ဆင့်ဖြစ်တဲ့ ''နားလည်သဘောပေါက်မှု'' (understanding) နဲ့ သက်ဆိုင်သွားပါတယ်။
နားလည်သဘောပေါက်မှုမှာကျတော့ ဆက်စပ်တွေးမြင်နိုင်တာ၊ ဖြည့်စွက်ကြည့်တာ၊ ဖြစ်နိုင်ချေကို တွက်ချက်တာတွေ ပါဝင်လာပါပြီ။ သည်မှာကျတော့ သိမှတ်မှုနဲ့ ပိုင်းခြား စိတ်ဖြာမှုတွေက အဓိက ဖြစ်ပါတယ်။ သညာသိ အသစ်တစ်ခု ရလာတယ်၊ အဲဒီ့ သညာသိ အသစ်ကို အရင်က သိထားတာနဲ့ ပေါင်းစပ်လိုက်ပြီးတော့ ချသုံးတတ်လာတယ်။ အဲဒါ နားလည်မှုပါပဲ။ အထက်က ၁၈၉၅ ကို ၃၀၀ နဲ့ မြှောက်တဲ့အခါမှာ မူလရှိထားတဲ့ သညာသိက သုံးအလီရယ်၊ မြှောက်ပုံ မြှောက်နည်းရယ်ပါ။ အဲဒါကို နားလည်တဲ့အတွက် ၁၈၉၅ ကိုမြှောက်ချိန်မှာ သုညနှစ်လုံးကို မေ့ထားလိုက်မယ်၊ ပြီးရင် ၁၈၉၅ ကို သုံးနဲ့ မြှောက်မယ်။ သုံးငါးလီ၊ သုံးကိုးလီ၊ သုံးရှစ်လီ စသဖြင့် နဂို သညာသိနဲ့ တွက်ချက် ပေါင်းစပ်သွားပြီး ရတဲ့အဖြေကိုမှ သုညနှစ်လုံး ဖြည့်လိုက်ရင် ၃၀၀ နဲ့ မြှောက်တာအတွက် မှန်ကန်တဲ့ အဖြေကို ရလာပါလိမ့်မယ်။
''နားလည်သဘောပေါက်မှု'' နဲ့ ''သညာသိ'' တို့ ကြားမှာ ကွာခြားပုံက သင်ယူမှတ်သားမှုနဲ့ အလွတ်ကျက်မှုတို့ နှစ်ခုကွာခြားသလိုပါပဲ။ သင်ယူမှတ်သားလိုက်တယ် ဆိုတာက ကြောင်းကျိုးဆင်ခြင်မှုတွေ၊ ဆက်စပ်မှုတွေ ပါဝင်ပါတယ်။ ''ခွေးကောင်'' ဆိုတဲ့ ဝေါဟာရ တစ်ခုကို ကလေးတစ်ယောက် သင်ယူမှတ်သားတာနဲ့ပဲ ကြည့်ရအောင်ပါ။ တစ်စုံတစ်ယောက်က သူ့ကို ''ခွေးကောင်'' လို့ ပြောလိုက်တယ်။ ကလေးက အဲဒါကို အလွတ်ကျက်ပြီး မှတ်သားလိုက်တာ မဟုတ်ပါဘူး။ စိတ်တိုတိုနဲ့ ပြောတဲ့အခါမှာ သည်စကားလုံးကို သုံးလိုက်တယ်။ ဒါကို ကလေးက မှတ်လိုက်ပါတယ်။ နောက်တစ်ယောက်က သူ့ကို ''ခွေးကောင်'' လို့ ပြောပြန်တယ်။ သည်တစ်ခါကျတော့ သူ့ကို ချစ်ခင်တဲ့စိတ်နဲ့ ချစ်စနိုးပြောလိုက်တာကို ဆက်မှတ်တယ်။ အဲဒီ့နှစ်ခု အပေါ်မှာ ကလေး သင်ယူမှတ်သားလိုက်တာက ''ခွေးကောင်'' ဆိုတဲ့ ဝေါဟာရကို ဒေါသဖြစ်တဲ့အခါမှာ သုံးလို့ရသလို ချစ်စနိုးပြောတဲ့ နေရာမှာလည်း သုံးလို့ရတယ် ဆိုတာကို သင်ယူ မှတ်သားလိုက်ပါတယ်။ အဲဒါဟာ နားလည်မှုပါ။ ဒါပေမယ့် ''ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ ရှည်လျားသည်'' ဆိုတာကျတော့ ကလေးက ကျက်ပြီ။ အဲဒီ့မှာ အဆက်အစပ်က ဘာမှမပါဘူး။ အဲဒါ သညာသိ ဖြစ်သွားပြီ။
အဲဒီ့ကလေးက စာမေးပွဲအောင်ဖို့အတွက်ကျတော့ အဲဒါကို အလွတ်ကျက်ထားတယ်။ ဖြေချလိုက်တယ်။ ကိစ္စကပြတ်သွားတယ်။ နောက်တစ်တန်း တက်တယ်၊ နောက်ထပ် သညာသိတွေ ထပ်မှတ်ရပြန်တယ်။ အဲလိုနဲ့ အချိန်တစ်ခုကို ရောက်လာတဲ့အခါ ဧရာဝတီ ဘယ်လောက်ရှည်လျားမှန်း သူမသိတော့ဘူး။ အဲဒါဟာ သညာသိရဲ့ ပြဿနာပါပဲ။ မိုင်ပေါင်း ၁၃၅၀ ကို မှတ်သားပုံနဲ့ ''ခွေးကောင်'' ကို သင်ယူပုံတို့ ကွာခြားတာကို စာဖတ်သူ လူကြီးမင်းများ သဘောပေါက်နိုင်ကြပြီ ထင်ပါတယ်။ အဲဒါဆိုရင် နားလည် သဘောပေါက်မှုနဲ့ သညာသိတို့ ကွာခြားတာကိုလည်း ခွဲခြားနိုင်လောက်ပါပြီ။
''ဒေးထာ'' ဆိုတဲ့ ''အချက်အလက် သက်သက်'' ကို ကွန်ပျူတာမှာ ထည့်လိုက်လို့ရတယ်။ ကိန်းဂဏန်းတွေ ဖြစ်ချင်ဖြစ်မယ်၊ သင်္ကေတတွေ ဖြစ်ချင်ဖြစ်မယ်။ အက္ခရာတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
အဲဒီ့ ''ဒေးထာ'' တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်လိုက်ပြီး အနက်ဖွင့်လိုက်တဲ့ အခါမှာ ''အင်ဖှမေးရှင်း'' ဆိုတဲ့ ''အကြောင်းအချက်'' ရလာပါတယ်။ စောစောက ကွန်ပျူတာမှာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေမှာ အလွယ်ဆုံးပြောရရင် ဇန်န၀ါရီကနေ ဒီဇင်ဘာအထိ လနာမည်တွေ ထည့်တယ်။ ဒါအချက်အလက်သက်သက်၊ ပြီးတော့ တစ်လစီရဲ့ ဘေးမှာ ဂဏန်းတွေထည့်တယ်။ လေးလုံး ဖြစ်ချင်ဖြစ်မယ်၊ ငါးလုံး၊ ခြောက်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ အချက်အလက် သက်သက်တွေ ထပ်ဖြည့်လိုက်တယ်။ ဒါပေမယ့် အနက်ဖွင့်တဲ့အခါကျတော့ ''နှစ်ချုပ်ဝင်ငွေစာရင်း'' ဆိုတဲ့ ''အင်ဖှမေးရှင်း'' (အကြောင်းအချက်) ကို ရလာပါလိမ့်မယ်။
''နောလေ့(ခ်ျ)'' (သညာသိ)ကလည်း ကွန်ပျူတာမှာ ရှိတယ်။ ကွန်ပျူတာရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ အကြောင်းအချက်တွေကို နေရာတကျ ချသုံးတဲ့အခါ ကျွန်တော်တို့ ယနေ့ ကွန်ပျူတာတွေမှာ သုံးနေတဲ့ ''အပျော့ထည်'' အတော်များများကို ရလာပါတယ်။ အခု ကျွန်တော် စာရိုက်နေတာ ''စာမျက်နှာဖွဲ့စပ်ရာ'' (Pagemaker) အပျော့ထည်ကို သုံးနေတာပါ။ အဲဒါကို သုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ အပျော့ထည် ထုတ်လုပ်သူများက အချက်အလက် သက်သက်များကို ထည့်သွင်းရတယ်။ ဒါပေမယ့် အဲဒီ့ အချက်အလက်တွေကနေ အနက်ဖွင့်ပေးပြီး အကြောင်းအချက်တွေ ဖန်တီးထားရတာ။ အဲဒီ့ အကြောင်းအချက်တွေကို ကွန်ပျူတာက သညာသိ သိသွားအောင် ဖန်တီးယူလိုက်တဲ့အခါမှာ လူအများသုံးလို့ရတဲ့ လုပ်ငန်းသုံး ပရိုဂရမ်(မ်) (application) တစ်ခု ရလာပါတော့တယ်။
''နားလည်သဘောပေါက်မှု'' ကလည်းပဲ ကွန်ပျူတာတွေမှာ ရှိလာပါပြီ။ အဲဒါကတော့ ''ဉာဏ်အတု'' (artificial intelligence) ဆိုတဲ့ စနစ်တွေပါ။ အေအိုင်စနစ်များ (AI System) လို့ အတိုကောက်ခေါ်ပါတယ်။ အဲဒါကကျတော့ စောစောကပြောနေတဲ့ လုပ်ငန်းသုံး အစီအစဉ်တွေ၊ သာမန် အပျော့ထည်တွေထက် ကျော်လွန်သွားပါပြီ။ ကွန်ပျူတာက လူစကားနားလည်တာ၊ လူ့လက်ရေး ဖတ်တတ်လာတာမျိုးကို အရိုးဆုံး ဥပမာများအဖြစ် ပြလို့ရပါတယ်။ လူပေါင်း မြောက်များစွာရဲ့ ပြောပုံဆိုလက် အသံထွက် အမျိုးမျိုးကို ကွန်ပျူတာက ပိုင်းခြားစိတ်ဖြာတတ်လာတာဟာ နားလည်သဘောပေါက်မှု ဆိုတဲ့အဆင့်ကို ရောက်လာတာပါပဲ။
ဒါပေမယ့် ကွန်ပျူတာဟာ ''ခွေးကောင်'' ဆိုတဲ့ ဝေါဟာရကိုသာ သိမှတ်နိုင်ပြီး အဲဒီ့ နောက်ကွယ်မှာ ဒေါသနဲ့ ပြောလိုက်တာလား၊ ချစ်စနိုး ပြောလိုက်တာလား ဆိုတာကို နားလည်နိုင်တဲ့ အဆင့်တစ်ဆင့် ကျန်နေပါသေးတယ်။ ခက်တော့ သိပ်မခက်တော့ပါဘူး။ ယနေ့ကာလ ကွန်ပျူတာနည်းပညာ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေပုံနဲ့ဆိုရင် အဲဒါကိုလည်း ကွန်ပျူတာက မကြာခင် ကာလအတွင်းမှာ ပိုင်းခြားစိတ်ဖြာတတ်ပြီး နားလည် သဘောပေါက်နိုင်တော့မှာပါ။
ကျွန်တော် ဒါတွေ ဘာ့ကြောင့် ၀ိတ္တာရ ချဲ့နေတာလဲလို့ စာဖတ်သူ လူကြီးမင်း တွေးနေမယ် ထင်ပါတယ်။ ဒေးထာဆိုတဲ့ အချက်အလက် သက်သက်မှသည် နားလည်သဘောပေါက်မှု အထိက လူတိုင်းလုပ်နိုင်တယ်၊ လူတိုင်းတတ်နိုင်တယ် ဆိုတာအပြင် လူသာမက ကွန်ပျူတာလို သက်မဲ့မှာပင်လျှင် ထည့်သွင်း၊ စီစဉ်၊ ထားသို၊ ရေးဆွဲ၊ ညွှန်ကြားလို့ရနေတာကို ပြောချင်တာပါ။
အဲဒီ့ကမှတစ်ဆင့် လူသားမှသာ တတ်နိုင်တဲ့ ''မြော်မြင်ဆင်ခြင်မှု'' ဆိုတာကို ဆက်သွားချင်လို့ပါ။ ၀စ္စဒမ် (wisdom)ကို ''ဉာဏ်ပညာ၊ အမြော်အမြင်'' ရယ်လို့ အဘိဓာန်က ဖွင့်ဆိုပါတယ်။ မြော်မြင်ဆင်ခြင်မှုကျတော့ ရတတ်သမျှ အချက်အလက်တွေ၊ အသိတွေ၊ နားလည်မှုတွေအပေါ် အခြေခံပြီး တွက်ချက် ခန့်မှန်းတာ ပါသွားပြီ၊ ဖြစ်နိုင်ချေတွေကို ကျော်လွန်ပြီး စဉ်းစားတာလည်း ပါတယ်။ လှေနံဓားထစ်တာတွေလည်း မရှိတော့ဘူး။ အဲဒါက မြော်မြင်ဆင်ခြင်မှု ဖြစ်ပါတယ်။ သည်မှာက လူသားတို့ရဲ့ ကျင့်ဝတ်တွေ၊ စာရိတ္တတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဘေးပယောဂတွေ အစရှိတဲ့ တခြား အကြောင်းအချက်တွေနဲ့ ကိုယ်သိထား၊ ကိုယ်နားလည် ထားတာတွေနဲ့ စပ်ဟပ် ယူပါတော့တယ်။
အရင်က နားမလည်ထား၊ သဘောပေါက်မထားခဲ့တာ တစ်ခုကို အဲဒီ့ မြော်မြင်ဆင်ခြင်မှုကသာ ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းပြောရရင် အချက်အလက် သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ၊ နားလည်သဘောပေါက်မှုတွေလို လွယ်လွယ်ကူကူ ရနိုင်မယ့် အဖြေမျိုးတွေ မဟုတ်ဘဲ အင်မတန်မှ ခက်ခဲနက်နဲတဲ့ အဖြေတွေ၊ ဘယ်သက်ရှိ လူသားကမှ တစ်ခါဖူးမှ မတွေးခဲ့ဖူးတာတွေကို မြော်မြင်ဆင်ခြင်မှုက ဖော်ယူပေးနိုင်ပါတယ်။ နောက်တစ်နည်း ပြောရရင် အမှားနဲ့အမှန်၊ အဆိုးနဲ့ အကောင်းဆိုတာကို ရိပ်စားမိလာအောင်၊ ဒါမှမဟုတ် ချိန်ဆတတ်အောင် အဲဒီ့ မြော်မြင်ဆင်ခြင်မှုနဲ့သာ လုပ်ယူရပါတယ်။
ပေါက်ပင်ကိုင်းတယ် (အချက်အလက် သက်သက်ပါ)။ ဗျိုင်းနားလို့ ပေါက်ပင်ကိုင်းတယ် (အကြောင်းအချက် အင်ဖှမေးရှင်း ဖြစ်လာပါပြီ) ဗျိုင်းရဲ့ ကိုယ်အလေးချိန်ကို ပေါက်ပင်က မခံနိုင်ဘူး။ ဒါ့ကြောင့် ပေါက်ပင်ကိုင်းတာပဲ (သညာသိ ဖြစ်လာပါပြီ) ဒါဆိုရင် ဗျိုင်းသာ မဟုတ်ဘူး၊ တခြား ဘာကောင်ပဲနားနား၊ ပေါက်ပင်ကိုင်းတော့မယ်။ စာကလေးနားမယ် ဆိုရင်တော့ ဗျိုင်းနားသလောက် ကိုင်းမှာမဟုတ်ဘူး။ (နားလည်သဘောပေါက်မှုပါ။ သည်အထိက ကျောင်းသင်ပညာလောက်နဲ့ အလွယ်တကူ ရနိုင်ပါတယ်။)
ပေါက်ပင်ဘာ့ကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်၊ ဗျိုင်းဘာ့ကြောင့် နားရတယ်၊ ငါးပေါ်လို့ နားရတယ် အစရှိသဖြင့် တစ်ဆင့်ချင်း မြော်မြင်ဆင်ခြင်မှုကျတော့ နက်နဲလာပါတယ်။ အဲဒါကျတော့ အဖတ်အရှု အလေ့အလာ နည်းနေသမျှ ဘယ်လိုမှ မရနိုင်တော့ပါဘူး။ အဲဒါကို မရအောင် ကြားခံဆီးတာနိုင်တာကလည်း ''နားလည်သဘောပေါက်မှု'' လောက်ကို အသိဉာဏ်ရဲ့ လမ်းဆုံးလို့ ထင်မိယောင်မှားပြီး ပညာတတ် မာန်တက်သွားတဲ့ အခါမှာပါ။
အဲဒီ့ မြော်မြင်ဆင်ခြင်မှုကိုကျတော့ ဘယ်ကွန်ပျူတာမှ ဘယ်တော့မှ မရနိုင်တဲ့ စွမ်းရည်ဖြစ်သွားသလို လူတိုင်းလည်း အလွယ်တကူ မရနိုင်တော့ပါဘူး။ အထူးသဖြင့် ကနေ့ခေတ် လူငယ်တွေလို ခေတ်မီ ဆက်သွယ်ရေး နည်းပညာ လှိုင်းတံပိုးများကြားမှာ တလိမ့်လိမ့် မျောနစ်နေရင်းက စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူများ ရရှိရေးကိုသာ လုံးပမ်းနေကြရင်း ပိုက်ဆံတစ်မျိုးတည်းကိုသာ ကိုးကွယ်ရာလို့ ယုံမှတ်နေကြသူများဟာ အချက်အလက် သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေလောက်ကိုပဲ အဟုတ်မှတ်နေကြပါလိမ့်မယ်။
''နောလေ့(ခ်ျ)အစ်(စ်)ပါဝါ (Knowledge is power)'' ဆိုတဲ့ စကားလည်း ခေတ်နောက်ကျ ကျန်ရစ်ခဲ့တာကို အများသိသင့်နေပါပြီ။ ကွန်ပျူတာမှာ ဉာဏ်အတုထိတောင် ရောက်လာတဲ့အပြင် နောလေ့(ခ်ျ)ထက် တစ်ဆင့်မြင့်တဲ့ နားလည်သဘောပေါက်မှုကိုတောင် ကွန်ပျူတာဆိုတဲ့ သက်မဲ့(စက်) တစ်လုံးက လုပ်နိုင်နေမှတော့ နောလေ့(ခ်ျ)ဟာ ကနေ့ နည်းပညာခေတ်မှာ နှစ်ပြားမှ မတန်တော့ပါဘူး။ နောလေ့(ခ်ျ)အစ်(စ်)ပါဝါ မဟုတ်တော့ဘဲ ''နောလေ့(ခ်ျ)အစ်(စ်)ဖျူထိုင်း(လ်) (Knowledge is futile)'' ဖြစ်သွားပါပြီ။
ကွန်ပျူတာတစ်လုံးကိုဖွင့်၊ အင်တာနက်ကြီးနဲ့ ချိတ်ဆက်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာသိချင်သလဲ၊ ဘာသညာသိ လိုချင်သလဲ၊ လိုချင်တာ အားလုံးလောက်နီးပါးကို စက္ကန့်ပိုင်းအတွင်းမှာ ရယူနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ သညာသိ အလျှံပယ်ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေကြပါတယ်။
ကနေ့ခေတ် လူငယ်တွေဟာ ကျွန်တော်တို့တွေထက် အချက်အလက် သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ အများကြီး ပိုရနေကြတာမို့ အဲဒီ့ဘက်မှာ ကျွန်တော်တို့ထက်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေထက် အဆများစွာ သာနေတာ အင်မတန်မှ သေချာလှပါတယ်။
ဒါပေမယ့် သညာသိမှသည် နားလည်သဘောပေါက်မှုအဆင့် တစ်ဆင့်ကို ဆက်တက်နိုင်ဖို့၊ တစ်နည်း ပြောရရင် ဉာဏ်ရှိလာဖို့နဲ့ အဲဒီ့ကမှ နောက်တစ်ဆင့်ဖြစ်တဲ့ မြော်မြင်ဆင်ခြင်မှုတွေ ရင့်သန်ခိုင်မာလာဖို့ အတွက်ကျတော့ အများစုက မေ့လျော့ပစ်ပယ် ထားနေကြတယ်လို့ ရှုမြင်မိရလို့ ကျွန်တော် မြင်တာလေးတွေကို ချရေးလိုက်မိရကြောင်းပါ ခင်ဗျား။
Posted by Ko Nyan Posted Time 5:16 PM 0 Comment(s)
ဧည့်သည်တော် - မင်းသုဝဏ်
နေရောင်ခြည်ထိုး၊ လုပ်ငန်းပျိုးခိုက်
မိုးတိုးမတ်တတ်၊ သူလာရပ်၍
စပ်မိစပ်ရာ၊ ပြောပြီးခါလျှင်
လာရာဝင်းဝ၊ နေခြည်လှသို့
နှုတ်မျှမဆက်၊ သူခွာထွက်ခဲ့။
အလုပ်ပါးမှ၊ သတိရလျက်
ရွာမရှေ့နောက်၊ ရွာ့တောင်မြောက်ကို
အိမ်ပေါက်အစေ့၊ ထွက်ဝင်၍လျှင်
တွေ့လိုတွေ့ငြား၊ ငါရှာသွားသည်
ကြိုးကြားမကြွင်း၊ ရောက်တုံလျှင်းခဲ့။
ထန်းဖျားသာသာ၊ ဈေးစည်ခါမို့
တွေ့ပါလိမ့်နိုး၊ မျှော်ခေါ်ကိုးလျက်
တိုးကာဝှေ့ကာ၊ လှည့်လည်ရှာလည်း
ဈေးသာကွဲ၍၊ ရှာမတွေ့ခဲ့။
လှည်းဆိပ်လှေဆိပ်၊ ပြည်ညောင်ရိပ်နှင့်
ရွာထိပ်နတ်စင်၊ ရေအိုးစင်က
ရွာဝင်တံခါး၊ မုန့်ဖိုများလည်း
တစ်ပါးမလပ်၊ ခြေရာထပ်ခဲ့။
မြင်ယောင်လျက်သာ၊ သူ့မျက်နှာတည့်
ကြားပါလျက်ပင်၊ သူ့သံလွင်တည့်
သို့လျှင်တစေ၊ ငါရှာဖွေလည်း
အမွေအစ၊ မတွေ့ရဘဲ
ချမ်းမြနေခြည်၊ နောက်သို့လည်ခဲ့။
မိုးသောက်ထလျှင်၊ လုပ်ငန်းခွင်၌
ငါးလျှင်စူးစိုက်၊ လုပ်ဆောင်ခိုက်ကို
စိုက်စိုက်ဝင်ကာ၊ ရောက်ပြန်လာ၍
ထွေရာလေးပါး၊ သူပြောကြားလျက်
ထွက်သွားပြန်သည်၊ ၀င်းနေခြည်သို့။
သူ၏သဘော၊ သူ့အကြောကို
သိသောခုခါ၊ အိမ်ဦးမှာ၌
ကွမ်းယာအသင့်၊ ဖျာအသင့်နှင့်
စောင့်လင့်ကြိုတင်၊ ငါပြင်ဆင်သည်
လာလျှင် သွားပြန်ဦးတော့မည်။
နေခြည်ထဲက ကိုဧည့်သည်။
သွားလျှင် လာပြန်လိမ့်ဦးမည်။
နေခြည်ထဲက ကိုဧည့်သည်။
* * * * *
ဤကဗျာသည် ၁၉၆၁ ခုနှစ် ဇန်န၀ါရီလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့ပါသည်။
Posted by Ko Nyan Posted Time 4:39 PM 0 Comment(s)
အစာလည်းဆေး ဆေးလည်းအစာ
စပျစ်ဝိုင်
နုပျိုစေသည်။ သွေးတွင်းအဆီဓာတ်နှင့် သေးချိန်ကျဆင်းစေ၍ နှလုံးရောဂါနှင့် သွေးတိုးရောဂါအတွက် အလွန်ကောင်းသည်။
မုန်လာဥနီ
မျက်စိအတွက် အလွန်ကောင်းသည်။ ဆံပင် သန်စေသည်။ အသားအရေ စိုပြည်စေသည်။ ကလေးအတွက် အအေးမိခြင်းနှင့် အဆုတ်ရောင်ခြင်းမှ ကာကွယ်သည်။
လက်ဖက်ခြောက် (Green Tea)
ကင်ဆာ၊ သွေးလွှတ်ကြော မာကျောခြင်းမှ ကာကွယ်သည်။ စိတ်လက်ပေါ့ပါးစေသည်။ သွားခိုင်စေသည်။ (ပလုတ်ကျင်း)
ကြက်ဟင်းခါးသီး
ဆီးချိုအတွက် အလွန်ကောင်းသည်။
တရုတ်နံနံပင်
သွေးတိုးအတွက် အလွန်ကောင်းသည်။
ဒိန်ချဉ်
ရောဂါဖြစ်ပွားစေသော ပိုးမွှားကို သုတ်သင်နိုင်၍ ရောဂါအရနည်းစေသည်။ ကယ်လ်စီယမ်ဓာတ် ဖြည့်ဆည်းပေးသည်။ ရေယုန်ပျောက်စေသည်။
ကွေကာအုပ်
ကော်လက်စထရော မြင့်မားခြင်း၊ သွေးတိုး၊ သွေးပျစ်ခဲခြင်း လျော့စေသည်။
ကြက်သွန်ဖြူ
သွေးတိုး၊ ဆီးချိုအတွက် အထူးကောင်းသည်။ ၀မ်းပျော့စေသည်။ အူမကြီးကို လှုပ်ရှားစေသဖြင့် ၀မ်းသွားစေသည်။ ကင်ဆာရောဂါ အထူးကာကွယ်နိုင်စွမ်း ရှိသည်။ ပိုးသတ်သည်။ သွေးတွင်း အဆီဓာတ် ကျဆင်းစေ၍ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ ကာကွယ်သည်။ ကုသသည်။
ကြွက်နားရွက်မှို
သွေးကျဲစေ၍ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါအတွက် အထူးကောင်းမွန်သည်။ သွက်ချက်ပါဒဖြစ်ခြင်းမှ ကာကွယ်သည်။
စိမ်းပြာရေညှိ
အာဟာရဓာတ် အထူးပြည့်စုံ၍ အထူးစားသင့်သည်။ ဆီးချိုသမား အထူးမှီဝဲရန်။ သွေးချို၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ် ကျဆင်းစေ၍ သွေးကြောဆိုင်ရာ ရောဂါများ ကာကွယ်သည်။ ပျောက်ကင်းသည်။
Posted by Ko Nyan Posted Time 2:51 PM 1 Comment(s)
နိုင်ငံရေးဟာသတွေ ကြိုက်တယ်ဆိုသူတွေအတွက်
ဆိုရှယ်လစ်သရုပ်မှန်ဝါဒ
ရှေးသရောအခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါး အုပ်ချုပ်ခဲ့သည်။ ၎င်းဘုရင်တွင် ညာမျက်စိ၊ ညာလက်၊ ညာခြေထောက် မရှိချေ။ တစ်နေ့သော် ပန်းချီဆရာတစ်ဦးကို ခေါ်ကာ မိမိ၏ ရုပ်ပုံကို ရေးဆွဲရန် အမိန့်ပေးသည်။ ပန်းချီဆရာက မျက်လုံးနှစ်လုံး၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်ပါအောင် ဆွဲလိုက်သည်။ ဘုရင်က ပန်းချီဆရာကို ကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။ သို့ဖြင့် စိတ်ကူးယဉ်ဝါဒ (Romanticism) ကုန်ဆုံးသွားသည်။
နောက် ပန်းချီဆရာတစ်ယောက်ကို ၀န်ကြီးများ ခေါ်လာကြသည်။ ထိုပန်းချီဆရာက မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်ပဲပါသည့် ဘုရင့်ပုံကို ဆွဲသည်။ ၎င်းကိုလည်း ကွပ်မျက်လိုက်သည်။ သို့ဖြင့် ဝေဖန်သော သရုပ်မှန်ဝါဒ (Critical Realism) တိမ်ကောပပျောက်သွားသည်။
တတိယပန်းချီဆရာတစ်ယောက်ကို ခေါ်လာပြန်သည်။ ထိုပန်းချီဆရာက ဘုရင်ကို လက်ဝဲဘက်မှနေ၍ ဘေးတစောင်းတိုက်ပုံ ရေးဆွဲသည်။ ထိုအခါမှစ၍ ဆိုရှယ်လစ် သရုပ်မှန်ဝါဒ (Socialist Realism) ပေါ်ပေါက်လာသည်။
ဟာသပြောသမား
ဆိုဗီယက်ကွန်မြူနစ်စနစ်ကို သရော်သောဟာသများ လျှောက်ပြောနေသူကို ကရူးရှက်၏ အမိန့်ဖြင့် ၎င်း၏ ရုံးခန်းသို့ ခေါ်လာသည်။ ခေါင်းဆောင်ကြီး၏ ရုံးခန်းသို့ ၀င်ဝင်ချင်း ထိုလူက အလွန်အမင်း အံ့သြသံဖြင့် ပြောသည်။
"ဟာ၊ ကြမ်းပေါ်မှာ ခင်းထားတဲ့ ကော်ဇောကြီး တယ်ကောင်းပါလား၊ နံရံပေါ် ချိတ်ထားတဲ့ ပန်းချီကားတွေက လက်ရာမြောက်လှချည်လား၊ အို ဒီရွှေငါးလေးတွေကလည်း ချစ်စရာပါလား၊ အောင်မယ်... ဆိုဖာကြီးတွေကလည်း ထိုင်ရတာ တယ်ဇိမ်ရှိပါလား"
"လာမယ့် ဆယ်နှစ်၊ ဆယ့်ငါးနှစ် အတွင်း ကွန်မြူနစ်စနစ် အောင်မြင်တဲ့အခါမှာ ဆိုဗီယက်နိုင်ငံသားအားလုံး ဒီအတိုင်း နေကြရမယ်ဗျ"
ဤစကားကို ကြားသောအခါ ဟာသသမားက သဘောမတူသံဖြင့် ပြန်ပြောသည်။
"စိတ်မရှိပါနဲ့ခင်ဗျာ၊ ဟာသပြောမယ့်သူက အထွေထွေအတွင်းရေးမှူးကြီးလား၊ ကျွန်တော်လားဟင်"
ဖွင့်ဆိုချက်
"အရင်းရှင်စနစ်ဆိုတာ ဘာလဲ"
"ချမ်းသာမှုကို မမျှမတ ခွဲဝေပေးခြင်း"
"ဆိုရှယ်လစ်စနစ်ဆိုတာ ဘာလဲ"
"ဆင်းရဲမှုကို မမျှမတ ခွဲဝေပေးခြင်း"
ဝေဖန်ရေး
အလုပ်သမားက စက်ရုံမှူးကို မေးသည်။
"ဆရာ၊ အောက်ကို ဝေဖန်ခြင်းနဲ့ အထက်ကို ဝေဖန်ခြင်း တစ်ခုနဲ့တစ်ခု ဘာကွဲသလဲဟင်"
"မင်းနားလည်အောင် ငါလက်တွေ့ပြမယ်"
ဤသို့ပြောပြီး စက်ရုံမှူးသည် ပြတင်းပေါက်ဘောင်ပေါ် တက်ရပ်လိုက်သည်။ အလုပ်သမားကိုမူ အောက်ထပ်သို့ ဆင်းပြီး ပြတင်းပေါက် အောက်တည့်တည့်တွင် ရပ်ရန် ပြောသည်။ ထို့နောက် စက်ရုံမှူးသည် အပေါ်မှနေ၍ အောက်သို့ တံတွေး ထွေးချလိုက်သည်။ အလုပ်သမား၏ ခေါင်းပေါ် တည့်တည့်ကြီး ကျသွားသည်။
"အဲဒါ အောက်ကို ဝေဖန်ခြင်းပဲ၊ ကိုင်း အခု မင်း ငါ့ကို တံတွေးနဲ့ ပြန်ထွေးစမ်း"
အလုပ်သမား ထွေးလိုက်သည်။ တံတွေးသည် မိမိ၏ ခေါင်းပေါ်ပင် ပြန်ကျသည်။
"အေး၊ အဲဒါ အထက်ကို ဝေဖန်ခြင်းပဲ"
အကျင့်ပါနေလို့
ဆိုဗီယက်ပါလီမန် အစည်းအဝေးမှ ပြန်လာသော အမတ်ဖြစ်သူ ခင်ပွန်းသည်ကို အိမ်ရှင်မက ညစာပြင်ရင်း မေးသည်။
"ရှင် ဟင်းချို သောက်မလား"
ယောက်ျားဖြစ်သူ ဘာမှမပြောဘဲ လက်ညှိုးထောင်သည်။
"ကြက်သားနဲ့ အာလူးကြော်ရော စားမလား"
ယောက်ျား ဘာမှမပြောဘဲ လက်ညှိုးထောင်သည်။
"ဗော့ဒ်ကာတစ်ခွက် ထည့်ပေးရမလား"
ယောက်ျားဖြစ်သူ လက်ခုပ်တီး သြဘာပေးသည်။
* * * * * *
မောင်ကောင်းထိုက် ရဲ့ ဟာသပဒေသာထဲက သဘောကျတာလေးတွေကို ကောက်နုတ်ပြီး ပြန်လည်ဝေမျှတာပါ။ တစိမ့်စိမ့်တွေးရင်း တဟားဟား ရယ်မောပျော်ရွှင်နိုင်ကြပါစေ။ တစ်ယောက်တည်း ရယ်ရတာထက် သူငယ်ချင်းတွေကို ပြန်ပြောပြပြီး ဟားတိုက်ရယ်ရတာက ပိုကောင်းတယ်ဗျ။
Posted by Ko Nyan Posted Time 2:37 PM 0 Comment(s)
Labels Political
နိုင်ငံရေး အဆိုအမိန့်များ
အသိဉာဏ် ဆင်ခြင်မှုတရားများ စိုးမိုးသောအခါ ထိုကာလသည် ငြိမ်းချမ်းရေးစိုးမိုးသောကာလ ဖြစ်သည်။
မှန်ကန်သော အချုပ်အခြာအာဏာဟူသည် တရားမျှတခြင်းပင် ဖြစ်သည်။ အချုပ်အခြာအာဏာကို အသုံးပြုရာတွင် ပြည်သူ့ဆန္ဒဖြင့် ကာကွယ်ထားရမည်။ အစိုးရအဖွဲ့၌လည်း အပြန်အလှန် ထိန်းသိမ်းကွပ်ကဲသော အဖွဲ့များ ရှိရမည်။
အမုန်းစိတ်ကို အသုံးပြုသော တိုင်းပြည်များသည် အဆုံးတစ်နေ့တွင် သူတို့အမုန်းစိတ်ဒဏ်နှင့်သူတို့ ပျက်စီးခြင်းသို့ ရောက်ရမြဲဖြစ်သဖြင့် ဘယ်အခါမဆို မေတ္တာစိတ်သည် ဒေါသစိတ်ထက် တန်ခိုးကြီးပါသည်။
ကမ္ဘာကြီးမှာ အကောင်းနဲ့အဆိုးတွေကို ဖြစ်ပေါ်လာစေအောင် အဓိကဖန်တီးပေးတာကတော့ လူတွေရဲ့ အယူအဆ သဘောထားပါပဲ။ လွဲမှားတဲ့ အယူအဆတွေဟာ ကျွန်တော်တို့ကို ဖျက်ဆီးပစ်တတ်တယ်။
လွတ်လပ်ခြင်းကိုလည်း ပိုင်ဆိုင်ထားနိုင်ရန် ဘောင်ခတ်ကန့်သတ်ပေးရမည်။
Posted by Ko Nyan Posted Time 2:06 PM 0 Comment(s)
Labels Political
Saturday, February 19, 2011
အလုပ်နှင့် အလုပ်၏အကျိုး
အလုပ် ဆိုသည်မှာ ပြုလုပ်ခြင်း ဖြစ်သည်။
(က) ကိုယ်ဖြင့်ပြုလုပ်ခြင်း
(ခ) နှုတ်ဖြင့်ပြုလုပ်ခြင်း
(ဂ) စိတ်ဖြင့် ကြံစည်ခြင်း
ဟူ၍ (၃)မျိုး ရှိသည်။ ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို အလုပ်ဟု ခေါ်သည်။
အလုပ်ကို နားလည်ခြင်း
လောက၌ လူများသာမက အလုံးစုံသော သတ္တ၀ါဟူသမျှတို့သည်-
- - - အလုပ်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
- - - အလုပ်သာလျှင် အမွေအနှစ် ရှိကုန်၏။
- - - အလုပ်သာလျှင် အဆွေအမျိုး ရှိကုန်၏။
- - - အလုပ်သာလျှင် အဆွေခင်ပွန်း ရှိကုန်၏။
- - - အလုပ်သာလျှင် ကိုးကွယ်အားထားရာ ရှိကုန်၏။
- - - အလုပ်သည်ပင် သတ္တ၀ါဟူသမျှတို့ကို အယုတ် အလတ် အမြတ် စသည် ထူးခြားကွဲပြားအောင် စီမံ ဖန်တီးပေးတတ်၏။
ဤသို့ ``အလုပ်သာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ မိမိပြုလုပ်သော အလုပ်မှတစ်ပါး လောကကြီးအား စီမံဖန်တီးသူမရှိ´ ဟု နားလည်ခြင်းနှင့် သိမှတ်ယုံကြည်ခြင်းကို အမြင်မှန်ခြင်းဟုလည်း ခေါ်သည်။
အလုပ်၏ အစွမ်းသတ္တိ
အလုပ်သည် ဤကမ္ဘာလောကကြီး၌ ရှိရှိသမျှသော သတ္တ၀ါအပေါင်းတို့တွင် -
- - - အချို့သော သူတို့အား မင်းမှူးမတ် ဖြစ်စေ၏။
- - - အချို့သော သူတို့အား သူဌေးသူကြွယ် ဖြစ်စေ၏။
- - - အချို့သော သူတို့အား လူမွဲလူဆင်းရဲ ဖြစ်စေ၏။
- - - အချို့သော သူတို့အား အနာရောဂါ နည်းစေ၏။
- - - အချို့သော သူတို့အား အနာရောဂါ များစေ၏။
- - - အချို့သော သူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိ စသော အင်္ဂါကြီးငယ် ပြည့်စုံစေ၏။
- - - အချို့သော သူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိ စသော အင်္ဂါကြီးငယ် ချို့တဲ့စေ၏။
- - - အချို့သော သူတို့အား အလွန်လှပတင့်တယ်ခြင်း၊ တန်ခိုးအာဏာကြီးမားခြင်း၊ အမျိုးမြတ်ခြင်း စသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံစေ၏။
- - - အချို့သော သူတို့အား အဆင်းအရောင် မလှမပ မတင့်တယ်ခြင်း၊ တန်ခိုးအာဏာ နည်းပါးခြင်း၊ အသက်တိုခြင်း စသော အယုတ်တရားတို့နှင့် ပြည့်စုံစေရန် ဖန်တီးခြင်းငှာ စွမ်းနိုင်သည်။
ကောင်းသောအလုပ်
ကောင်းသောအလုပ်ဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းသဘောရှိ၏။ (ကုသိုလ်ကောင်းမှု တစ်စုံတစ်ခု ပြုလုပ်နေချိန်၌ လောဘ၊ ဒေါသ၊ မာန၊ ဣသာ၊ မစ္ဆေရ စသော စိတ်၏ အညစ်အကြေး အပြစ်အနာအဆာများ မရှိသဖြင့် `အပြစ်မရှိ´ ဆိုလိုသည်။) ကုသိုလ်ကောင်းမှု ပြုလုပ်နေသောသူသည် ကောင်းသောအလုပ်ကို ပြုနေရသည့်အတွက် ဤဘ၀၌လည်း ၀မ်းသာရွှင်ပျ ချမ်းသာရ၏။ တမလွန်ဘ၀၌လည်း ကောင်းသောအကျိုးကို ခံစားရသောကြောင့် ၀မ်းသာရွှင်ပျ ချမ်းသာရ၏။ ထိုကောင်းသော အလုပ်သည် ကိုယ်ဖြင့်ပြုခြင်း၊ နှုတ်ဖြင့်ပြောခြင်း၊ စိတ်ဖြင့် ကြံခြငးဟူ၍ သုံးမျိုးရှိသည်။
မကောင်းသောအလုပ်
မကောင်းသော အလုပ်ဆိုသည်မှာ အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကို ပေးခြင်းသဘော ရှိသည်။ မကောင်းမှုပြုသောသူသည် မကောင်းမှုပြုသည့်အတွက် ဤဘ၀၌လည်း ဆင်းရဲဒုက္ခအမျိုးမျိုး ရရှိခံစားရသည်။ တမလွန်ဘ၀၌လည်း ဆင်းရသြော ဘုံဘ၀ရောက်ခြင်း စသော မကောင်းကျိုးများ ခံစားရသည်။
ထိုမကောင်းသောအလုပ်သည် ကိုယ်ဖြင့်ပြုခြင်း၊ နှုတ်ဖြင့်ပြောခြင်း၊ စိတ်ဖြင့်ကြံခြင်းဟူ၍ သုံးမျိုးရှိသည်။
သတ္တ၀ါတို့သည် ထိုမိမိတို့ ပြုလုပ်သော ထိုကောင်းကံဆိုးကံအရသာ စံကြရ ခံကြရသည်။ ထိုအကျိုးပေးမှုကို တမျိုးတမည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလွဲ ဖယ်ရှားခုခံနိုင်ခြင်း မရှိ။ မလွဲမသွေ ဧကန်မုချ ဖြစ်တတ်သော သဘောရှိ၍ `နိယာမတရား´ ဟု ခေါ်သည်။
Posted by Ko Nyan Posted Time 10:35 AM 1 Comment(s)
ကလန်တတ်သူ၊ သို့သော် တွေးစရာတွေ ပေးတတ်သူ
စာရေးဆရာ နိုင်ငံရေးသမားကြီးတွေထဲမှ လူချင်းရင်းနှီးခင်မင်ခွင့် ရခဲ့သည်မှာ ဆရာကြီးမောင်စူးစမ်း ဖြစ်သည်။ ဆရာက သူ့ကိုယ်သူ "ကလန်တတ်သူ" ဟု ဆောင်းပါးတစ်ပုဒ်တွင် ဖွင့်ဟဖူးသည်။ ဤ `ကလန်တတ်သူ´ ဘွဲ့ကို ပေးသူမှာ သူ့သူငယ်ချင်း အရှည်ကြီး ဗိုလ်မှူးချုပ်ဟောင်း တင်ဦး (မျက်မှန်တင်ဦး) ဟု ဆိုသည်။ လူမှုဆက်ဆံရေးတွင် ကလန်တတ်-မတတ်တော့ မသိ။ သူ့အတွေး၊ သူ့အရေးတွေကား အမှန်ပင် ကလန်တတ်သည်။ အထူးသဖြင့် မဟာဗျူဟာ ကိစ္စများတွင် အများစုနှင့်မတူ။ ယခုခေတ်အခေါ် ဖောက်ထွက်တွေးတတ်သူ (breakthrough thinker) ဟု ဆိုရမည်လားမသိ။
သူနှင့် သူပါဝင် ပတ်သက်ခဲ့သော နိုင်ငံရေးပါတီများ သဟဇာတ မဖြစ်ခဲ့သည်မှာ သူ၏ အဆိုပါ ကလန်အတွေးကြောင့် ဖြစ်နိုင်သည်။ "ချမ်းအေး" စစ်တမ်း ဆိုလျှင် ယခုချိန်အထိ လက်ဝဲသမားတွေက အငြိုးမပြေ။ သည်းကြီးမည်းကြီး ဆန့်ကျင်ကြဆဲ။ စာရေးသူ တောနှင့်တောင်တွင်ရှိစဉ် ပါတီလူကြီးတစ်ယောက်က သူနှင့်ပတ်သက်ပြီး မှတ်ချက်ပြုဖူးသည်။ ကိုချမ်းအေးက တောင်တက်လမ်းတွေ့တိုင်း ကွေ့ကွေ့သွားတတ်တဲ့ အကျင့်ရှိတယ်။ အခြေအနေအရ ပြန်မပြောသာ၊ ပြန်မပြောရဲသော်လည်း စိတ်ထဲကတော့ ကလန် ကြည့်မိသည်။ ``သက်တောင့်သက်သာနဲ့ ရောက်နိုင်မယ့်လမ်းရှိရင် ဘာလို့ အမောခံ တက်မှာလဲဗျာ...´´။
စာရေးသူအနေနှင့်မူ ဆရာ၏ ကလန်အတွေးကြောင့်ပင် သူ့စာတွေကို အလွတ်မခံ။ တခုတ်တရဖတ်နေရခြင်း ဖြစ်သည်။ ဆရာမှာ အသက်ရှစ်ဆယ်ကျော်အထိ အတွေးသစ် အမြင်သစ်တွေကို မမောမပန်း မိတ်ဆက်နေဆဲ။ ဆရာ့ဖတ်အား ရေးအားကို အားကျသည်။ ကလန်တတ်သည့် သူ့အရေးတွင် တွေးစရာတွေ တထောကြီးပါစမြဲ။ ပြောရလျှင် ဆရာ့ကျေးဇူးမှာ ဟိုးငယ်ငယ် စာဖတ်ကျင့်ရစဉ်ကတည်းက ဖြစ်သည်။ ကျွန်တော် ကိုးတန်းနှစ်က ကား(လ)မာက်္ခ၏ `အရင်းကျမ်း´ ကို ကြိုးစားဖတ်ကြည့်ရာ ဘာမှနားမလည်။ အကြိမ်ကြိမ် လန်ကျသည်။ ဆရာမောင်စူးစမ်း၏ `မတ်ဘောဂဗေဒ´ နှစ်တွဲကို ဖတ်ပြီးတော့မှ `အရင်းကျမ်း´ တောင်ကြီးကို တက်နိုင်တော့သည်။ ဟောင်ကောင်တက္ကသိုလ်မှ ဒေါက်တာကျော်ရင်လှိုင်က အဆိုပါ `မတ်ဘောဂဗေဒ´ နှစ်တွဲနှင့်ပင် ဆရာကြီး မောင်စူးစမ်းကို ပါရဂူဘွဲ့ပေးထိုက်ပြီဟု မှတ်ချက်ချသည်ကို သူ့တပည့်တွေဆီမှတစ်ဆင့် ကြားရသည်။
မှတ်မှတ်ရရ ဆရာနှင့်အတူ ခရီးနှစ်ခါထွက်ဖူးသည်။ ပထမအကြိမ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဟောပြောပွဲ။ ရေဆင်းဆည်ဘောင်ပေါ် လမ်းလျှောက်ရင်း ဟိုးအဝေး တောင်တန်းညို့ညို့ကို ကြည့်ကာ ဆရာက ရှားရှားပါးပါး အတိတ်ကို လွမ်းပြသည်။ `အဲဒီတောင်ကြောက ရွာကလေးမှာ ကျွန်တော်တို့ စစ်ပြေးခဲ့ရတာဗျ။ အဲဒီရွာကနေ ဘီဒီအေထဲ ရောက်သွားတာ...´။ ကျောက်မဲစာဆိုတော်ခရီး သွားစဉ်ကလည်း ရိုးမတောင်ပေါ်လမ်း (ရန်ကုန်-နေပြည်တော် ကားလမ်းသစ်)ကို ဖြတ်ရင်း သိုးကာသီကာလွမ်းပြန်သည်။ `ဟောဒီနေရာလေးဗျ။ ဗဟိုကော်မတီအစည်းအဝေးလုပ်ခဲ့တာ.....´။
အကွက်ချောင်းနေသော စာရေးသူက စာရေးဖို့တိုက်တွန်းရာ ဆရာက ခေါင်းခါသည်။ `အကျိုးမများပါဘူးဗျာ။ ရှေ့ဆက်ရမယ့်ခရီးမှာ သမိုင်းက အသုံးမတည့်လောက်ပါဘူး....´။ ဆရာမောင်စူးစမ်း၏ ထူးခြားချက်မှာ မြန်မာစာပေလောကတွင် တွေ့ရလေ့ရှိသော တပည့်မွေး-ဆရာမွေး အကျင့်တွေ မရှိခြင်းဖြစ်သည်။ သူသည် သူ့အမှတ်အသားသရုပ်ကို သိဒ္ဓိတင်လိုသူမျိုး မဟုတ်။ ဘယ်သူတွေ ဘာထင်ထင် သူမြင်သလို သူရေးသည်။ ပရိသတ်ကြိုက်ပါစေ၊ လူအထင်ကြီးပါစေ သဘောမျိုး မရှိ။ ပကတိအရှိကို အမိအရ ဆုပ်ကိုင်ပြီး ပညာဖြင့် `ကလန´ ကြည့်တတ်သူမျိုး ဖြစ်သည်။
ဒါကို သူဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေဆဲ အသိုင်းအ၀ိုင်းက နားလည်မှုမပေး။ သည်လိုနှင့် ဆရာ့ဘ၀တွင် ဝေဖန်ရေးဆွမ်းကြီးလောင်းပွဲတွေနှင့် အကြိမ်ကြိမ် ကြုံခဲ့ရသည်။ ယခုနောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ ရောက်သည်အထိ ဆရာ့ပညာကို လေးစားသော ဆရာ့စေတနာကို ဆ၀ါးမိသော ကျွန်တော်က ဆရာ့ဘက်က ၀င်ရပ်ခဲ့ရာ ဝေဖန်ရေးမြားဦးက ကိုယ့်ဘက်လှည့်လာသည်။ ရင်းနှီးခင်မင်သော မိတ်ဆွေထုတ်ဝေသူ အချို့ကပင် `ပြဿနာများမယ့်စာတွေ မရေးပါနဲ့´ တားယူရသည်အထိ ဖြစ်သည်။ သူတို့စေတနာကို အသိအမှတ် ပြုသည့်တိုင် ၀မ်းနည်းစွာ ငြင်းပယ်လိုက်ရပါသည်။ `ကိုယ်မြင်တာ ကိုယ်မရေးရဲရင် စာရေးတာ ဘာအဓိပ္ပါယ်ရှိမှာတုန်း....´။
Posted by Ko Nyan Posted Time 9:36 AM 0 Comment(s)
Labels Political
Friday, February 18, 2011
ရယ်စရာဟာသလေးတွေပါ
ထိတော့ထိတယ်
နိုင်ငံခြားဘာသာ
မိတ်ဆွေများဖြစ်ကြသော ခွေးနှစ်ကောင် လမ်းမှာ ဆုံကြရာ အပြန်အလှန် နှုတ်ဆက်ကြသည်။
"၀ုတ်၊ ၀ုတ်၊ ၀ုတ်"
"အောက်အီအီးအွတ်"
"မင်းနှုတ်ဆက်တာ တစ်မျိုးကြီးပါလား"
"မင်း တော်တော်အတဲ့ အကောင်ပဲ၊ ငါ နိုင်ငံခြားဘာသာ သင်နေတာလေ"
* * * * * *
မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ဟာသပဒေသာထဲက ကောက်နုတ်ထားတာပါ။
Posted by Ko Nyan Posted Time 11:28 AM 0 Comment(s)
Thursday, February 17, 2011
နိုင်ငံရေးစကား၊ နိုင်ငံရေးအဆိုအမိန့်
နောက်လိုက်တွေ မွေးဖို့ မဟုတ်ဘူး။
လူမိုက်တွေဟာ သူတို့နိုင်ငံအတွက်နဲ့ပဲ ကျေနပ်တတ်တယ်။ ဒီတော့ သူတို့ဟာ အခြားသူတွေရဲ့ ကျေးကျွန်ဖြစ်နေတာကို မသိကြတော့ဘူး။ လူတော်တွေကတော့ သူတို့နိုင်ငံကို ချီးမွမ်းပြီး အခြားနိုင်ငံတွေနဲ့ ကျေနပ်နေကြတယ်။ သူတို့ဟာ ပိုပြီး ကြီးကျယ်လာနိုင်တဲ့ ရန်သူတွေ များလာတာကို မသိကြဘူး။ ပညာရှိတွေကတော့ နိုင်ငံတကာရဲ့ ကောင်းတာတွေကို ချီးမွမ်းတယ်။ သူတို့ဟာ ကောင်းမွန်ပြည့်ဝခြင်းကို ရှာဖွေနေကြတယ်။ ရန်လိုမှုကိုတော့ ရှောင်ကြဉ်ကြတယ်။
ခေတ်ကိုပြောင်းသည်မှာ ၀ါဒများမဟုတ်။ ပုဂ္ဂိုလ်များသာ ဖြစ်သည်။
Posted by Ko Nyan Posted Time 10:06 AM 1 Comment(s)
Labels Political, Quotations, အဆိုအမိန့်များ-Motto, နိုင်ငံရေး
Wednesday, February 16, 2011
ကျန်းမာရေးအတွက် မှတ်သားဖွယ်ရာများ
စိတ်ငြိမ်လျှင် အတွေးကြည်လင်
ရေငြိမ်လျှင် ကြေးမုံလို့ထင်။
(၂)
ကျန်းမာရေးသည် လူ့ဘ၀၏ တန်ဖိုးအရှိဆုံးသော ဓနဖြစ်သည်။
(၃)
ချစ်ခြင်းမေတ္တာသည် ငွေ
ကျန်းမာရေးသည် ရွှေ
(၄)
နံနက်ပိုင်း တစ်လုတ်ပိုစားလျှင် ဆေး
ညနေပိုင်း တစ်လုတ်ပိုစားလျှင် ဘေး
(၅)
နည်းနည်းနှင့် ၄ ကြိမ် စား
ကျန်းမာရေး ခွန်အား။
(၆)
အားကစားသည် ကျန်းမာရေး၏ အရင်းအမြစ် ဖြစ်သည်။
(၇)
ဆေးဝါးကို အားကစားဖြင့် အစားထိုးနိုင်သည်။
အားကစားကို ဆေးဝါးဖြင့် အစားထိုး၍ မရပါ။
(၈)
မေ့သင့်သောအရာကို မေ့ပစ်ခြင်းသည် ဆေး ဖြစ်သည်။
(၉)
ရယ်မောခြင်းသည် အကောင်းဆုံးသော ဆေး ဖြစ်သည်။
(၁၀)
တင်းတိမ်နိုင်သူများသည် အမြဲရွှင်လန်းကြသည်။
သည်းခံနိုင်သူများက အစဉ်အန္တရာယ်ကင်း၏။
(၁၁)
တစ်ချက်ပျော်လျှင် တစ်နှစ် နုပျိုသည်။
(၁၂)
ရေသောက်လျှင် မလောနှင့်၊
ထမင်းစားစဉ် စိတ်ဆိုးတာကိုရှောင်။
(၁၃)
ရေသေသည် အဆိပ် ဖြစ်သည်။
မလှုပ်ရှားသောသူသည် ရောဂါရ၏။
(၁၄)
ပျင်းရိသူများသည် အသက်ရှည်သူများ မဖြစ်နိုင်ချေ။
(၁၅)
ရေကြည်လွန်းလျှင် ငါးမွေးရန် ခက်သည်။
(ဆိုလိုရင်းမှာ တိကျလွန်းလျှင် မိတ်ဆွေမပေါများနိုင်၊ အရာရာကို နှုန်းပြည့် မတွက်ချက်ပါနှင့်)
Posted by Ko Nyan Posted Time 10:44 AM 0 Comment(s)
Labels ကျန်းမာရေး-Health
Tuesday, February 15, 2011
ဆရာ မောင်စူးစမ်း စာရေးခြင်းမှ အနားယူပြီ
အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများတွင် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင်၊ ဆောင်းပါးများစွာ ရေးသားခဲ့သည့် ဆရာကြီး မောင်စူးစမ်းသည် စာရေးသားခြင်းမှ အနားယူပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်ထုတ် The VOICE ဂျာနယ်တွင် ဖတ်ရှုလိုက်ရသည်။
ဆရာ့ဆောင်းပါးများကို တခုတ်တရ မက်မက်မောမော စောင့်မျှော်ဖတ်ရှုနေသည့် စာဖတ်ပရိသတ်တစ်ဦး အနေဖြင့် အင်မတန်မှ စိတ်ညစ်သွားစေသည့် ၀မ်းနည်းသွားစေသည့် သတင်းဖြစ်ပါသည်။ အခြားသော စာရေးဆရာများနှင့် မတူခြားနားသည့် အတွေးအမြင်၊ အယူအဆ၊ အရေးအသားများဖြင့် စာဖတ်သူများ၏ ဦးနှောက်ကို မုန်တိုင်းထန်စေတတ်သည့် စာရေးဆရာတစ်ဦး၏ စာများကို မဖတ်ရတော့သည့်အတွက် တစ်ခုခု လိုအပ်သလို ဖြစ်သွားတာတော့ သေချာသည်။
အသက် ၈၄ နှစ် ဆိုသောအရွယ်သည် ငယ်တော့သည်မဟုတ်။ ကျွန်တော်တို့တွေ ဒီလောက်အသက်အရွယ်အထိ နေထိုင်ရှင်သန်ရပါ့မလား၊ နေထိုင်ရှင်သန်ခွင့် ရသည်ဆိုလျှင်တောင် သူ့လိုမျိုး အလုပ်တွေ လုပ်နိုင်ပါ့မလား စဉ်းစားလို့မရ။ အသက် ၈၀ ကျော်အထိ စာဖတ်ပရိသတ်များအတွက်၊ တစ်နည်း နိုင်ငံနှင့်လူမျိုးအတွက် တွေးတော ဆင်ခြင် မှတ်သား လိုက်နာဖွယ် အကြောင်းအရာမျိုးစုံကို ရေးသားပေးခဲ့သည့် ဆရာ့စေတနာကို ဘယ်လိုမှ လျစ်လျူရှုမထားနိုင်။ အသိအမှတ်ပြုမိသည်။ ချီးကျူးမိသည်။ အတုယူမိသည်။ လေးစားမိသည်။ အားကျမိသည်။ ဝေဖန်မှုလှိုင်းလုံးများကြားမှာ တစ်ချက်မှ နောက်မတွန့်ဘဲ ကိုယ်ယုံကြည်သည့်အတိုင်း ရေးသားခဲ့၊ ဝေမျှခဲ့သည့် ဆရာ့သတ္တိကလည်း ရှာမှရှား။ အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် ဆရာရေးသားခဲ့သည့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများသည် စာဖတ်ပရိသတ်များကြားတွင် ပြောစမှတ်ဖြစ်ရ၊ ငြင်းခုန်ရသည်သာမက စာရေးဆရာ အချင်းချင်းတွင်လည်း အမြင်မတူ၊ အယူအဆ မတူသူများက အမျိုးမျိုး ဝေဖန်ပုတ်ခတ် ခဲ့ကြသည်ကို တွေ့ရှိရသည်။ ဘယ်သူမှားသည် မှန်သည်ကတော့ သမိုင်းကသာ အဖြေပေးသွားပါလိမ့်မည်။ ဆရာရေးသားခဲ့သည်များသည် မှတ်တမ်းအဖြစ် ကျန်ရစ်နေခဲ့ပြီး ဖြစ်သည်။ ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးရေစီးသည် ဆရာတွေးထင်ခဲ့သလို၊ မှန်းဆခဲ့သလို၊ ကြိုတင်နိမိတ်ဖတ်ခဲ့သလို ဟုတ်သည်/မဟုတ်သည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။ ယခုပင် အချို့အချက်များသည် ရုပ်လုံးပေါ်စ ပြုလာသည်ကို တွေ့ရသည်။ ထားတော့... ပြောလိုသည်က ဆရာမောင်စူးစမ်း စာမရေးတော့ဘူးတဲ့။ စာဖတ်ပရိသတ်များအတွက် ၀မ်းနည်းရပါသည်။
စာမရေးတော့နိုင်သော်လည်း ဆရာ စာတွေဖတ်နိုင်ဦးမည် ထင်ပါသည်။ စာတွေဖတ်ရင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် အသက်ရာကျော် နေထိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့။
ညနေ ၃ နာရီ ၀၂ မိနစ်။
Posted by Ko Nyan Posted Time 3:11 PM 2 Comment(s)
Labels news, အထွေထွေ-Various
Gtalk အတွေးစာသားများ စုစည်းမှု (၁၈)
အတွေးစာသား (၁)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသည့် သူငယ်ချင်းများ အလိုရှိသည်။
အတွေးစာသား (၂)
(တစ်) ယောက်တည်းကိုပဲ ချစ်တယ်။
(နှစ်) ယောက်မရှိတဲ့ အချစ်မျိုးနဲ့ပေါ့။
(သုံး) နေကျစကား မဟုတ်ဘူးနော်။
(လေး) လေးနက်နက်နဲ့ကို ချစ်တာပါကွာ။
(ငါး) ဆူမြောက်ဘုရား ပွင့်တဲ့အထိလည်း ချစ်နေဦးမှာပါ။
(ခြောက်) ကပ်နေတဲ့ ကိုယ့်ဘ၀ထဲမှာ
(ခုနစ်) ရက်ပတ်လုံး လွမ်းနေရလို့
(ရှစ်) ခိုးတဲ့ အချိန်လေးမှာတောင် သတိရမိနေပါတယ်
(ကိုး) ကွယ်တာကလည်း အချစ်မှ အချစ်တစ်ခုတည်းပါ။
(တစ်ဆယ်) သက်တစ်ဆယ်ကမာ ချစ်သွားမယ်ဆိုတာကို ယုံကြည်ပေးလိုက်ပါကွာ။
အတွေးစာသား (၃)
အချစ်ဆိုတာ...
သိပ်နူးညံ့ပြီး ဆန်းကြယ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ အဲဒီခံစားမှုက ဘာနဲ့မှ မတူဘူး။
သူ့မျက်နှာကို နောက်ဆုံးမြင်ယောင်ပြီးမှ အိပ်စက်ခြင်းကို ရောက်သလို သူ့မျက်နှာကို အရင်ဆုံးသတိရပြီးမှ နိုးထတဲ့အဖြစ်ဟာ
အချစ်မှာပဲ ရှိတယ်။
အတွေးစာသား (၄)
သင်ဟာ ငြိမ်းချမ်းနေတယ်။ ပျော်ရွှင်နေတယ်။ ကြည်လင်ရွှင်လန်းနေတယ်။ ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
အတွေးစာသား (၅)
မြင်တိုင်း လာလာ Add ကြပြီး မေးတော့ မဖြေချင်ကြဘူး။
ဘယ်သူလဲလို့ မေးရင် လူလေ လူလေနဲ့
ဒီမှာဟေ့ကောင်..... ဘယ်တိရစ္ဆာန်မှ Online မတက်ဘူးကွ။
မေးတာ မကျေနပ်ရင် Block သာလုပ်လိုက် ၀မ်းမနည်းဘူး။
လူပါးလာမဝနဲ့။
အတွေးစာသား (၆)
ကျလိုက်တဲ့ ကွန်နက်ရှင်း
စိတ်ဓာတ်နဲ့ အပြိုင်ပါပဲလား။
အတွေးစာသား (၇)
သတိ... နတ်ကြီးသည်။
ဂွကြီးကြီးနှင့် ကျပ်ပါ။
မကျပ်တတ်လျှင် နတ်ပြုံးမည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။
အတွေးစာသား (၈)
အကြောင်းမညီညွတ်လို့ နှာခေါင်းဆီဆွတ်ကာ ဘောင်းဘီချွတ်ပြီး ဒီစာကို ရေးလိုက်ပါတယ်။
အတွေးစာသား (၉)
အဆင်ပြေလို့ စိတ်ချမ်းသာနေတာ မဟုတ်ဘူး။
စိတ်ချမ်းသာလို့ အဆင်ပြေနေတာ။
အတွေးစာသား (၁၀)
အင်တာနက် ကွန်နက်ရှင်းတွေ ကောင်းတဲ့နေ့မှာ မင်းကို ချစ်တယ်လို့ ဖွင့်ပြောမယ်။
* * * * * * * * * *
ဂျီတော့ခ်က စတေးတပ်မက်ဆေ့ခ်ျ အတွေးစာသားလေးတွေကို မဖတ်ရတာကြာပြီလို့ ပူဆာနေကြတဲ့ မိတ်ဆွေတွေအတွက် ရသလောက် စုစည်းပေးလိုက်ပါတယ်ဗျာ။ ဖတ်ပြီးသားတွေ ဖြစ်နေရင်လည်း သည်းခံပြီး ထပ်ဖတ်ပေးကြပါဦးဗျာ။ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၄၀ မိနစ်။
Posted by Ko Nyan Posted Time 2:41 PM 0 Comment(s)
Labels Gtalk - ဂျီတော့ခ်
Sunday, February 13, 2011
မှတ်မှတ်သားသား နိုင်ငံရေး အဆိုအမိန့်များ
အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်လာရင် တွေဝေနေလို့ မရတော့ဘူး။ မူဝါဒတစ်ခုကို ရွေးချယ်ထားပြီးပြီဆိုတာနဲ့ ဘယ်တွေညာတွေ လှည့်ကြည့်မနေတော့ဘဲ ရှေ့တည့်တည့်ကိုသာ တိုးသွားလိုက်ပေတော့။
ကောင်းသောအစိုးရ၏ လက်အောက်၌ နေထိုင်ရသော လူမျိုးသည် လွတ်လပ်ရေးကို ရှာရန်မလိုပေ။ ကောင်းသောအစိုးရထက် အဘယ်မှာ မွန်မြတ်သော လွတ်လပ်ရေးရှိအံ့နည်း။
Posted by Ko Nyan Posted Time 7:40 AM 0 Comment(s)
Labels Political, အဆိုအမိန့်များ-Motto, နိုင်ငံရေး
Saturday, February 12, 2011
တို့ကတော့ ရယ်မှာပဲ ဆိုသူတွေအတွက် ဟာသတွေပါဗျာ
“ကြက်တူရွေးမှာ ဘာဖြစ်လို့ ကြိုးနှစ်ချောင်း ချည်ထားရတာလဲဗျ”
“သြော် ဒါလား၊ ဒီကြက်တူရွေးက စာတတ်ပုဂ္ဂိုလ်လေးခင်ဗျ။ ကြိုးနီကို ဆွဲလိုက်ရင် ဒီကောင်က ပြင်သစ်လို စကားပြောတယ်။ အဲ... ကြိုးစိမ်းကို ဆွဲလိုက်ရင်တော့ အင်္ဂလိပ်လို ပြောတယ်ဗျ”
“နှစ်ချောင်းစလုံးကို တစ်ပြိုင်နက် ဆွဲလိုက်ရင်ကော”
ပိုင်ရှင်မဖြေခင် ကြက်တူရွေးက စိတ်တိုစွာ ၀င်ပြောသည်။
“ဘာဖြစ်ရမလဲ၊ ဖင်ထိုင်လဲကျသွားမှာပေါ့”
“ဒေါက်တာ၊ ကျွန်တော့်ကို အကြံပေးပါဦး၊ ကျွန်တော့်မှာ အိပ်ပျော်တယ်ဆိုရင်ပဲ အိပ်ရာထဲ ဆီးသွားတဲ့အကျင့် ဖြစ်နေတယ်”
“ဆီးမသွားခင်မှာ ခင်ဗျား ဘယ်လိုခံစားရသလဲ၊ ဒါမှမဟုတ် အိပ်မက်တို့ ဘာတို့ မက်သလား”
“ဟုတ်ကဲ့၊ အိပ်မက် မက်လေ့ ရှိတယ်၊ မင်းညီမင်းသား အ၀တ်အစား ၀တ်ထားတဲ့ လူတစ်ယောက် ပေါ်လာပြီး “ရှူးရှူးပေါက်ရအောင်” လို့ ကျွန်တော့်ကို ပြောတယ်။ အိပ်ရာကနိုးလို့ ထကြည့်လိုက်တော့ အိပ်ရာရော၊ တစ်ကိုယ်လုံးပါ ရွှဲနေတော့တာပါပဲ ခင်ဗျာ”
“နောက်တစ်ခါဆိုရင် ဒီလိုလုပ်ပါ၊ အဲဒီမင်းသား ပေါ်လာပြီး “ရှူးရှူးပေါက်ရအောင်” လို့ ပြောရင် “ပေါက်ပြီးပြီ” လို့ ခင်ဗျား ပြန်ဖြေလိုက်ပါ”
“ဟုတ်ကဲ့ ဒေါက်တာ၊ ကျေးဇူးပါပဲ”
နောက်တစ်ပတ်ကြာသော် ဆရာဝန်ထံ လူငယ် ရောက်လာပြန်သည်။
“ဒေါက်တာ၊ အရင်ကထက် အခြေအနေ ပိုဆိုးသွားပြီခင်ဗျ”
“ဘယ်လို ဖြစ်လို့လဲ”
“မင်းသားပေါ်လာပြီး ထုံးစံအတိုင်း “ရှူးရှူးပေါက်ရအောင်” လို့ ကျွန်တော့်ကို ပြောတယ်၊ ကျွန်တော်က “ပေါက်ပြီးပြီ” လို့ ပြန်ပြောတယ်။ အဲဒီတော့ သူက “ဒီလိုဆိုရင် အီအီးပါရအောင်” တဲ့ ခင်ဗျ”
* * * * *
မောင်ကောင်းထိုက်ရဲ့ ဟာသတွေပါပဲခင်ဗျ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေဟု...။
Posted by Ko Nyan Posted Time 11:07 AM 0 Comment(s)
၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ (၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ စနေနေ့)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ထူးခြားမွန်မြတ်လှသည့် ပြည်ထောင်စုနေ့ဝယ် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးအားလုံး စိတ်ဝမ်းနှလုံး ကြည်သာရွှင်ပြုံးနိုင်ကြပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက်...
Posted by Ko Nyan Posted Time 4:05 AM 0 Comment(s)
Labels မြန်မာ-Myanmar, အထိမ်းအမှတ်နေ့များ
Friday, February 11, 2011
ပြည်ထောင်စုနေ့ အတွေး
မြန်မာတို့တွင်ရော ထိုကဲ့သို့ နေ့ထူးနေ့မြတ်တွေ မရှိပေဘူးလား။ ရှိပေသည်ပေါ့။ နေ့ထူးနေ့မြတ်များစွာ ရှိပါချေ၏။ ကျွန်တော့်အမြင်ပြောရလျှင် အလေးဂရုအပြုဆုံး တန်ဖိုးအထားဆုံး နေ့ထူးနေ့မြတ်မှာ လွတ်လပ်ရေးနေ့ ဖြစ်မည်ထင်ပါ၏။ သူ့ကျွန်ဘ၀၏ အရသာကို ခါးခါးသီးသီး ခံစားခဲ့ရသည်ကိုး။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနှင့် နေလာသည့် လူမျိုးတွေအတွက် သူများစိတ်နှင့် ကိုယ့်ကိုယ် အသက်ရှင်ခဲ့ရသည်မှာ ဘယ်လောက်နာကျည်းဖွယ် ကောင်းလိုက်လေမလဲ။ စဉ်းစားကြည့်နိုင်၏။ ကိုယ်ချင့်စာနိုင်ပါ၏။
နိုင်ငံတစ်ခု လွတ်လပ်ရေးရဖို့အတွက် ရင်းနှီးပေးဆပ်ရမှာ အသေအချာဖြစ်ပါ၏။ အသက်သွေးချွေးများ သော်လည်းကောင်း၊ အခြားသော တန်ဖိုးထားအပ်သည့် အရာများသော်လည်းကောင်း ဖြစ်ပါလိမ့်မည်။ အသက်ကိုပင် စွန့်လွှတ်ပေးဆပ်ခဲ့ကြရသေးလျှင် အခြားအရာများသည် စကားထဲသို့ ထည့်ပြောစရာပင် မလိုတော့ဟု ထင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် ပေးဆပ်ခဲ့ကြရပါ၏။ သမိုင်းအသိ၊ သမိုင်းအရှိ ဖြစ်ပါပေ၏။
ထိုကဲ့သို့ တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးကြီး ရရှိနိုင်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော သမိုင်းတစ်ခုမှာ ပြည်ထောင်စုနေ့ ဖြစ်ပါ၏။ မြန်မာမှန်လျှင် ပြည်ထောင်စုနေ့သမိုင်းကို သိပြီးဖြစ်သည်မို့ အထွေအထူး ရှင်းပြရန်မလိုအံ့ဟု ထင်မိပါ၏။ ဘောလုံးပွဲစကားနှင့် ပြောရမည်ဆိုလျှင် လွတ်လပ်ရေးအောင်ပန်းသည် အနိုင်ဂိုးဆိုပါစို့။ ပြည်ထောင်စုနေ့သည် ဂိုးရအောင် ဖန်တီးပေးလိုက်သည့် အင်မတန် ပညာသားပါ၍ လှပသော ဂိုးဖန်တီးပေးမှု ဖြစ်ပါချေ၏။ ကျွန်ုပ်၏ အယူအဆပါပေ။
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါ၏။
လွန်ခဲ့သော ၆၄ နှစ်ဆီက ကျွန်ုပ်တို့၏ ဘိုးဘေးများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှများသည် မြန်မာ့လွတ်လပ်ရေးအတွက် သွေးစည်းညီညွတ်ကြကြောင်း၊ မြန်မာ့မြေပေါ်တွင် အတူတကွ မှီတင်းနေထိုင်ကြသည့် မောင်နှမရင်းခြာ၊ သွေးသားရင်းခြာများ ဖြစ်ပါကြောင့် ပင်လုံမြို့တွင် သက်သေပြခဲ့ကြပါ၏။ သစ္စာပြုခဲ့ကြပါ၏။ ထိုသစ္စာကြောင့်လည်း နောက်ထပ် တစ်နှစ်မကြာသော အချိန်ကာလတွင်ပင် လွတ်လပ်ရေးအောင်ပန်းကို လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးနိုင်ခဲ့ပါ၏။ စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူး (၀ါ) အကျိုးရလဒ်ဟု ဆိုရမည်ဖြစ်ပါသည်။
မျက်မှောက်ကာလတွင်ရော....။ မြန်မာ့သမိုင်းသည် တစ်ခေတ်ပြောင်းခဲ့ပြီ ဖြစ်ပါ၏။ မြန်မာပြည်သူတို့ လိုချင်ရချင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လှမ်းချီတက်ရန်အတွက် အရုဏ်အလင်း ရောက်ရှိခဲ့ပြီ ဖြစ်ပါချေ၏။ လွှတ်တော်သုံးရပ် ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါ၏။ လွှတ်တော်အသီးသီးတွင် မြန်မာပြည်သူတို့က ရွေးချယ်တင်မြှောက်ပေးခဲ့သော ကိုယ်စားလှယ်ကြီးများက နိုင်ငံ့အရေးများကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်နေကြပြီ ဖြစ်ပါ၏။ မကြာမီအချိန်တွင် အစိုးရသစ်တစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာတော့မည် ဖြစ်ပါ၏။ အစိုးရသစ်၏ မှန်ကန်သော ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ရှေ့ခရီးလမ်းသည် ဖြောင့်ဖြူးနေပြီ ဖြစ်ပါ၏။ မြန်မာပြည်သူ အားလုံးက ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် ကြိုးစားကြရန်သာ ဖြစ်ပါ၏။ တစ်နည်းဆိုသော် အလုပ်လုပ်ကြရမည် ဖြစ်ပါ၏။
အလုပ်လုပ်ဖို့ မညီညွတ်ဘဲ ဘေးထိုင်ဘုပြောရန် ညီညွတ်နေကာမျှဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရောက်ရှိနိုင်မည် မဟုတ်သည်မှာ အသေအချာဖြစ်ပါ၏။ ခုရေတွင်းတူး၊ ခုရေကြည်သောက် ဖြစ်ချင်လို့တော့ ရသည်မဟုတ်ချေ။ ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင် လိုက်နာကျင့်ကြံရင်း တဖြည်းဖြည်းချင်း လှမ်းတက်ရမည်သာ ဖြစ်ပါ၏။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် သမိုင်းအစဉ်အဆက် အရေးကြီးလျှင် သွေးစည်းခဲ့ကြသူများ ဖြစ်ကြပါသည်။ မြန်မာ့မြေပေါ်တွင် အတူတကွ မှီတင်းနေထိုင်ခဲ့ကြသည့် ညီအစ်ကိုမောင်နှမများပီပီ တိုင်းပြည်အရေး၊ အမျိုးသားရေး ကြုံလာလျှင် အမြဲတစေ ညီညွတ်ခဲ့ကြစမြဲ ဖြစ်ပါသည်။ ပြည်ထောင်စုနေ့သမိုင်းက အထင်အရှား ဖြစ်ပါသည်။ ယခုအခါ ခေတ်သစ်၊ စနစ်သစ်နှင့် လှမ်းတက်ချီရမည့် အချိန်အခါသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျကျန်ခဲ့သော မြန်မာနိုင်ငံကို အဆိုပါနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရေး၊ ထို့နောက် ကျော်တက်နိုင်ရေး၊ ထို့နောက် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် လှမ်းတက်နိုင်ရေးအတွက် ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရတော့မည် ဖြစ်သည်။
လွန်ခဲ့သော ၆၄ နှစ်ဆီက မြန်မာတိုင်းရင်းသားညီအစ်ကိုများ သွေးစည်းညီညွတ်ခဲ့ကြသည့်အတွက် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးခဲ့ကြသည်။ ယခုမျက်မှောက်ကာလ၀ယ် တိုင်းရင်းသားညီအစ်ကိုအားလုံး သွေးစည်းညီညွတ်စွာဖြင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို ထမ်းဆောင်ကြိုးပမ်းကြမည်ဆိုလျှင် နောင်ကာလတစ်ခုဝယ် ကျွန်ုပ်တို့၏ မျိုးဆက်သစ် သားသမီး၊ မြေးမြစ်များက ယနေ့ခေတ် လူများကို မှတ်တမ်းတင်ကြပါလိမ့်မည်။ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှု စွမ်းပကားအကြောင်းကို သူတို့တွေ တဖွဖွ ပြောကြပါလိမ့်မည်။ တသသ သတိရနေကြပါလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ညီညွတ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ကြိုးစားကြဖို့ လိုပါသည်။ သို့မှသာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလည်တွင် ၀င့်ထည်နိုင်ပါလိမ့်မည်။
Posted by Ko Nyan Posted Time 10:45 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, အထိမ်းအမှတ်နေ့များ
မှတ်မှတ်သားသား နိုင်ငံရေး အဆိုအမိန့်များ
တိုင်းသူပြည်သား လူအများတို့၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးကို ဆောင်ရွက်ပေးရန်အလုပ်သည် ကောင်းမွန်သော အစိုးရတစ်ရပ်၏ အခြေခံတာဝန်ဝတ္တရားကြီးပင် ဖြစ်သည်။
ဒီမိုကရေစီ ဆိုသည်မှာ အရည်အချင်းမပြည့်သော သူများအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည် မဟုတ်။ အသိဉာဏ်ကင်းမဲ့သူ ပြည်သူတို့သည် သင့်လျော်သော အုပ်ချုပ်သူကို ရွေးနိုင်မည်မဟုတ်။ သို့သော် အနာဂတ်အတွက် ဒီမိုကရေစီ တိုးတက်မှုကို မျှော်မှန်းရေးကိုမူ မိမိက ယုံကြည်သည်။
Posted by Ko Nyan Posted Time 7:20 AM 0 Comment(s)
Labels Political, အဆိုအမိန့်များ-Motto, နိုင်ငံရေး
Thursday, February 10, 2011
ဤဟာသများကိုဖတ်ပြီး အော်ကြီးဟစ်ကျယ် မရယ်ရ
"မစ္စတာကစ်ဆင်းဂျားခင်ဗျား...၊ လွန်းပျံဒီပလိုမေစီကို အစပျိုးသူအဖြစ်နဲ့ လူကြီးမင်းကို အများက သိထားကြပါတယ်၊ ဒီလွန်းပျံသံတမန်နည်းရဲ့ သဘောကို ဥပမာပေးပြီး ရှင်းပြစေချင်ပါတယ်ခင်ဗျ။"
"လွယ်လွယ်လေးပါ၊ ဆိုကြပါစို့၊ သန်းကြွယ်သူဌေးကြီး ရော့ခ်ဖဲလားဆီ ကျွန်တော်သွားပြီး "မစ္စတာ ရော့ခ်ဖဲလား၊ ခင်ဗျားရဲ့သမီးကို ရုရှားနိုင်ငံ၊ ဆိုက်ဘီးရီးယားဒေသက ရုရှားယောက်ျားကြီးနဲ့ မပေးစားချင်ဘူးလား" လို့ မေးလိုက်တယ်၊ သူက ပြန်ပြောတယ်"
"တောက်တီးတောက်တဲ့၊ ခင်ဗျားကလည်း ပြောရော့မယ်"
"အဲဒီ ဆိုက်ဘီးရီးယားသားဟာ ဆွစ်ဇာလန်ဘဏ်ရဲ့ ဖောက်သည်ဆိုရင်ကော"
"ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့"
"ဒီစကားကို ရထားပြီဆိုရင် နောက်လုပ်ရတာ လွယ်သွားပြီ၊ ကျွန်တော် ဆွစ်ဇာလန်ဘဏ်ကို သွားတယ်"
"ဆိုက်ဘီးရီးယားသားကို ခင်ဗျားတို့ဘဏ်ရဲ့ ဖောက်သည်အဖြစ်နဲ့ လက်ခံမလား" လို့ မေးလိုက်တယ်။
"ဒေါ်လာတစ်သန်း အနည်းဆုံး အပ်တဲ့လူကိုသာ ဖောက်သည်အဖြစ်နဲ့ ကျွန်တော်တို့ လက်ခံတာပဲ၊ မဖြစ်နိုင်ပါဘူး"
"သူဟာ ရော့ခ်ဖဲလားရဲ့ သားမက်ဆိုရင်ကော"
"ဟာ... ဒါဆို တစ်မျိုး စဉ်းစားရမှာပေါ့"
"အဲဒီနောက်မှာ ကျန်တာတွေအားလုံး အသေးအမွှား ဖြစ်သွားပြီ။ ကျွန်တော်ဆိုက်ဘီးရီးယားသား ကိုဗလဆီ သွားတယ်"
"သာမန် အမေရိကန်အမျိုးသမီးတစ်ယောက်ကို ဇနီးမယားအဖြစ်နဲ့ မယူချင်ဘူးလား" လို့ မေးလိုက်တယ်။
"ဖူး၊ ဘာလုပ်ဖို့လဲ"
"အဲဒီ အမျိုးသမီးရဲ့ အဖေဟာ ရော့ခ်ဖဲလားသူဌေးကြီး ဆိုရင်ကော"
"ဟာ...၊ ဒါဆို တစ်မျိုးစဉ်းစားရမှာပေါ့"
"အဲဒီနောက်မှာတော့ အလွယ်တကာ့အလွယ်ဆုံးပဲ ကျန်တော့တယ်။ ကျွန်တော် ရော့ခ်ဖဲလားရဲ့ သမီးဆီလာပြီး ဆွစ်ဇာလန်ဘဏ်ရဲ့ ဖောက်သည်တစ်ယောက်ကို လက်မထပ်ချင်ဘူးလား လို့ မေးလိုက်တယ်"
"ဖူး၊ ဘာလုပ်ဖို့လဲ"
"အဲဒီလူဟာ တုတ်ခိုင်ထွားကျိုင်းတဲ့ ဆိုက်ဘီးရီးယားသား ရုရှားယောက်ျားဖြစ်နေရင်ကော"
"ရပ်စ်ပူတင် တို့ အမျိုးပေါ့၊ အဲဒါဆို ကြိုက်ပြီ"
* * * * *
[ Rasputin G (1872-1916) - ဗေဒင်ဆရာ၊ ဆေးဆရာအဖြစ်နှင့် ရုရှားဇာဘုရင် ဒုတိယမြောက် နီကိုလိုင်အပေါ် အထူးသြဇာညောင်းခဲ့သူ၊ သာမန် ယောက်ျားထက် ထူး သောကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် သမိုင်းတွင် အမည်တွင်ရစ်သူ ]
"လူကြီးမင်း အမြန်ဆုံး ကျန်းမာလာစေရန် ပါလီမန်မှ ဆုတောင်းလိုက်ပါသည်။ ထောက်ခံမဲ - ၁၇၀၊ ကန့်ကွက်မဲ - ၁၆၉"
အကောင်းမြင်သမားက ပြောသည်။
"ဒီလို ငွေဖောင်းပွမှုနှုန်းနဲ့ဆိုရင် မကြာခင် တောင်းစားကြရလိမ့်မယ်"
အဆိုးမြင်သမားက အံ့သြစွာ ပြန်မေးသည်။
"တောင်းစားရမယ် ဟုတ်လား၊ ဘယ်သူ့ဆီကတုန်း"
မီထရောင်းက ပြောသည်။
"ကျွန်တော်တို့ဆီက အလုပ်သမားဟာ တစ်လကို ဖရန့်ငွေ နှစ်ထောင် ရတယ်၊ တစ်ထောင်ကို အိမ်ခန်းခ၊ စားစရိတ်နဲ့ တခြား အသေးသုံးစရိတ်တွေအတွက်သုံးတယ်၊ ကျန်တစ်ထောင်ကို သူတို့ ဘယ်မှာသုံးသလဲ ကျွန်တော်မသိဘူး၊ ကျွန်တော်နဲ့လည်း မဆိုင်ဘူး"
ဘုရှ်က ပြောသည်။
"ကျွန်တော်တို့ အမေရိကန် အလုပ်သမားဟာ တစ်လကို ဒေါ်လာ နှစ်ထောင် ရတယ်။ အိမ်ခန်းခ၊ စားစရိတ်နဲ့ မော်တော်ကား ၀ယ်စီးတဲ့အတွက် ဒေါ်လာတစ်ထောင် ကုန်တယ်။ ကျန်တစ်ထောင် ဘယ်ရောက်သွားသလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါ သူတို့ ပြဿနာပဲ"
ဂေါ်ဘာချော့ဗ်က ပြောသည်။
"ကျွန်တော်တို့ ဆိုဗီယက်အလုပ်သမားဟာ တစ်လကို ရူဘယ်လ် ငါးရာ ရတယ်။ နောက်ထပ် တစ်ထောင့်ငါးရာကို သူတို့ ဘယ်က ယူသလဲဆိုတာ ကျွန်တော် မသိဘူး၊ ဂရုလည်း မစိုက်ဘူး။ ဒါ သူတို့ ပြဿနာပဲ"
* * * * * * *
မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာထဲက ထုတ်နုတ်ပေးထားတာပါ။ အခုတလော နိုင်ငံရေးနဲ့ သက်ဆိုင်တာတွေပဲ အာရုံကျနေတဲ့အတွက် နိုင်ငံရေးနွယ်တဲ့ ဟာသလေးတွေကိုပဲ တင်ပေးလိုက်တာပါ။ စဉ်းစားရင်း တွေးရင်းဖြင့် ရယ်မောပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။ - - - - - - ကိုဉာဏ် (ပန်းလောင်မြေ)
Posted by Ko Nyan Posted Time 12:33 PM 0 Comment(s)
လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ
ဦးဇင်းMA - တချို့မြို့တွေကို ဆရာတော် သံဃာတော်များ ကြွလာတဲ့အခါမှာ ဒကာမကြီးတွေက ဆံပင်ဖြန့်ခင်းပြီးတော့မှ ကြိုဆိုတာမျိုး တွေ့ဖူးပါတယ်ဘုရား။ အဲဒါရော ကုသိုလ် ဖြစ်နိုင်ပါသလားဘုရား။ အာပတ်များ သင့်နေမလားဘုရား။
ဦးဇင်း - ဦးခေါင်းမှ အထွဋ်အမြတ်ထားတဲ့ ဆံပင်တွေကိုမှ ဖြန့်ခင်းပြီး ကြိုဆိုတာကတော့ ဒကာမတွေမှာ ကုသိုလ်ဖြစ်သင့်သလောက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာတော် သံဃာတော်တွေမှာက တာဝန်လေးပါတယ်။ အာပတ်တွေ သင့်နိုင်တယ်ဦးဇင်း။
ဦးဇင်းMA - ဒါလည်း ခင်းထားတဲ့ ဆံပင်ကို ထိလိုက်တာနဲ့ အာပတ်သင့်တာလားဘုရား။
ဦးဇင်း - အမျိုးသမီးတို့ရဲ့ ဆံပင်ကို ထိပြီးတော့မှ သာယာမိရင် အာပတ်သင့်နိုင်တာပေါ့။ အင်္ဂါငါးပါးနဲ့ ချိန်ကြည့်ရမယ်။ အင်္ဂါ (၅) ပါးကတော့ ၁။ မနုဿိတ္ထီ (လူမိန်းမဖြစ်ခြင်း)၊ ၂။ က္ကတ္ထိသညီ (လူမိန်းမ ဖြစ်မှန်းသိခြင်း)၊ ၃။ ကာယသံသဂ္ဂရာဂေါ (ကိုင်တာ၊ ဆွဲတာ၊ ထိတာ၊ နမ်းတာ၊ ကိုယ်လက်နှီးနှောတာ၊ လောကအပြုအမူ အားလုံး၌ သာယာသော ရာဂရှိခြင်း)၊ ၄။ တေန ရာဂေန ၀ါယာမော (ထိုရာဂဖြင့် ထိမိအောင် လုံ့လပြုခြင်း) နှင့် ၅။ ဟတ္ထဂ္ဂါဟာဒိသမာပဇ္ဇနံ (လက် စသည်တို့ကို ကိုင်ခြင်း) လို့ စာမှာပြပါတယ်။
ဦးဇင်းMA - မှန်လှပါဘုရား၊ သဘောပေါက်ပါတယ်ဘုရား။
Posted by Ko Nyan Posted Time 11:58 AM 0 Comment(s)
Labels ဘာသာရေး-Religious
နိုင်ငံရေးသူငယ်နာတွေ ပျောက်သင့်ပြီ
ဒီအပတ်ထုတ် (ဖေဖော်ဝါရီ ၁၀-၁၆၊ ၂၀၁၁) ရက်စွဲနဲ့ ထုတ်ဝေခဲ့တဲ့ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇)၊ အမှတ်(၆) မှာ ဖော်ပြပါရှိတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်နေရင်းနဲ့ ပြောချင်လာတာလေးတွေကို မျှဝေပါရစေ။ ကျွန်တော့်အမြင်သက်သက် ဖြစ်တဲ့အတွက် မှန်တယ်/မှားတယ် ဆိုတာကို ကျွန်တော် မပြောလိုပါဘူး။ စာဖတ်သူက သင့်သလိုသာ ဆင်ခြင်ကြပါကုန်။
အစိုးရသစ်နှင့် ထွန်းသစ်စ ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးကို အတော်လေး သဘောကျမိတယ်။ လက်ရှိလွှတ်တော်မြင်ကွင်းကို အပြည့်စုံဆုံး မဟုတ်ပေမယ့် အတော်အတန် ပြည့်စုံအောင် ရေးသားတင်ပြထားတာ တွေ့ရတယ်။ အဲဒီအတွက် ချီးကျူးလိုက်ပါတယ်။ ဆောင်းပါးရေးသူတွေကတော့ နာမည်ရေးထားပုံအရဆိုလျှင် ဇော်ကိုသက် နဲ့ ဝေမာသိမ့် ဖြစ်မယ်ထင်ပါတယ်။
အဲဒီဆောင်းပါးမှာပါတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောတဲ့ စကားတစ်ခွန်းကို သဘောမကျဘူး။ ဖတ်ကြည့်ပါဦး။
"............။ ဒုတိယဥက္ကဋ္ဌမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးမြငြိမ်းကို တင်တယ်။ ........." ဆိုတဲ့ စကားပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အတိုကောက်အနေနဲ့ အမျိုးမျိုး သုံးကြပါတယ်။ ကြံ့ခိုင်ရေး (သို့) ပြည်ခိုင်ဖြိုး စသည်ဖြင့် ပြောကြဆိုကြတာ ဖတ်ဖူး၊ ကြားဖူးပါတယ်။ ဒါပေမယ့် အခုလိုမျိုး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဆိုပြီး ပါတီ နဲ့ အသင်း ဆိုတဲ့ စကားလုံးတွေကို မှားယွင်းသုံးစွဲတာကတော့ ချွတ်ချော်ပေါ့လျော့လွန်းတယ်လို့ မြင်မိပါတယ်။ ပြောတဲ့လူ၊ ရေးတဲ့လူတွေက အမှတ်မဲ့မို့ သတိမထားမိဘဲ ပါသွားတယ်ပဲထား၊ အယ်ဒီတာတွေက ဖတ်ရှုပြီး ပြင်ဆင်ပေးသင့်ပါတယ်။ နောက် နာမည်ကလည်း လွဲနေသေးတယ်။ သတင်းစာတွေမှာလည်း ဖော်ပြပါရှိနေတဲ့ သတင်းတွေမှာ အဲဒီနာမည် ပါနေပါတယ်။ မသိရအောင်လည်း လျှို့ဝှက်ကိစ္စ မဟုတ်ပါဘူး။ ဦးမြငြိမ်း ဆိုပြီး စာလုံးပေါင်းထားပါတယ်။ အမှန်က ဦးမြညိမ်း ဖြစ်ပါတယ်။ ဒါလေးများဆိုပြီး မတွေးစေချင်ပါဘူး။ လူတစ်ယောက်ရဲ့ နာမည်ဖြစ်ပါတယ်။ လုံးဝမှားလို့မရတဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးမှာပဲ တဆက်တည်း ဆက်ရေးထားတာကျတော့ စာလုံးပေါင်း အမှန်ဖြစ်သွားပြန်ပါရော။ ဘယ်လိုနားလည်ရမလဲ ကျွန်တော်ကိုဉာဏ် မသိပါ။
နောက် ဦးဖုန်းမြင့်အောင် ဆက်ပြောထားတာကို ဖတ်ကြည့်ပါဦး။
"မဲခွဲဆုံးဖြတ်တော့ ပြည်ခိုင်ဖြိုး၊ တပ်ကိုယ်စားလှယ်တွေက တစ်ဖက်၊ ဒီမိုကရေစီ အင်အားစုတွေက တစ်ဖက် မဲ ၁၉၀၊ မဲ ၃၀ နဲ့ ဦးမြညိမ်း က ရသွားတယ်" တဲ့။ ကျွန်တော်ဖြင့် ဘာပြောရမှန်း မသိအောင်ကို စိတ်ညစ်သွားတယ်။ သူဘာပြောချင်တာလဲ တွေးလို့မရဘူး။ စိတ်တိုနေတာလား၊ ခံပြင်းနေတာလား၊ လိုအင်မပြည့်ဖြစ်နေတာလား။ သေချာတာတစ်ခုကတော့ ဦးဖုန်းမြင့်အောင်ဟာ လွှတ်တော်မှာ ဘယ်ပါတီက ကိုယ်စားလှယ် ဘယ်နှဦးပါတယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဘယ်နှဦးရှိတယ်ဆိုတာကို သိပုံမရတာပါပဲ။ သူပြောသလိုဆိုရင် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ နှစ်ခုပေါင်းအင်အားဟာ ၁၉၀ ဦး ရှိနေတဲ့အဓိပ္ပါယ်ပါ။
ပထမတစ်ချက် ဒီမိုကရေစီအင်အားစုတွေဆိုတာ ဘာကိုပြောတာလဲ။ လွှတ်တော်ထဲကို ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ခံရပြီး ဒီမိုကရေစီနည်းကျ ရောက်လာကြတာ မဟုတ်ဘူးလား။ ကဲ... ထားပါတော့ဗျာ။ တပ်မတော်သား ကိုယ်စားလှယ်တွေဆိုတာက ခန့်အပ်ခံရသူတွေဖြစ်လို့ သူတို့ကို သီးခြားရေတွက်တယ်ပဲ ဆိုပါတော့။ ပြည်ခိုင်ဖြိုးပါတီဟာ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ၂၀၁၀ ရွေးကောက်ပွဲမှာ အခြားပါတီတွေနဲ့အတူ မဲဆန္ဒနယ်အသီးသီးမှာ ယှဉ်ပြိုင်အရွေးခံခဲ့တာ မဟုတ်ဘူးလား။ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ အဲဒီလိုပါတီကိုမှ ဒီမိုကရေစီပါတီလို့ မသတ်မှတ်ဘူးဆိုရင်တော့ ပြောစရာက တစ်ခုပဲ ရှိတော့တယ်။
"ဦးဖုန်းမြင့်အောင်ရေ... လူကြီးမင်းဟာ ရန်/ငါ သူငယ်နာ မစင်သေးတဲ့ ကလေးဆိုးကြီးပဲ" လို့ ကျွန်တော်ကိုဉာဏ်က ပြောပါရစေခင်ဗျာ။
အဲဒီဆောင်းပါးကို ဖတ်လာတာ နောက်ဆုံးဆောင်းပါးနိဂုံးရောက်မှပဲ သဘောကျပြီး ပြုံးမိတော့တယ်။ ကျွန်တော်က ဝေ့ကာဝိုက်ကာနဲ့ မိတ်ဆက်မနေတော့ပါဘူး။ မူရင်းအတိုင်း ဖတ်ကြည့်ကြပါတော့ခင်ဗျား။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
တစ်ကိုယ်တော်နိုင်ငံရေးသမားကြီး ဦးသိန်းညွန့် က "အခု လွှတ်တော်မှာ ဒီမိုကရေစီ အငွေ့အသက်တွေ ပျံ့နှံ့နေပါပြီ။ ဒီမိုကရေစီ အငွေ့အသက်လေးတွေ ပဏာမ လွှမ်းခြုံနေပါပြီ။ လွှတ်တော်မှာ အများလက်ခံတာကို လက်မခံရင် ဒီမိုကရေစီလမ်းကြောင်းကို မသွားနဲ့ပေါ့။ အများဆန္ဒကို လက်ခံကြိုဆိုရမှာပဲ ဖြစ်ပါတယ်" ဟု လက်ရှိ ဒီမိုကရေစီနိုင်ငံတော် အပြောင်းအလဲကာလနှင့်ယှဉ်ကာ သုံးသပ်ချပြသွားခဲ့သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဟုတ်ကဲ့ လေးစားပါတယ် ဦးသိန်းညွန့် ခင်ဗျား။
တွေးဆ ဆင်ခြင်နိုင်ကြပါစေဟု....
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် (ကြာသပတေးနေ့)
နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 10:50 AM 1 Comment(s)
Labels Political, ကျွန်တော့်အတွေးများ, နိုင်ငံရေး
Thursday, February 03, 2011
ဒီမိုကရေစီဆိုသည်မှာ -
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဒီမိုကရေစီဆိုသည်ကို လွတ်လပ်မှုနှင့်တွဲ၍ သိကြသည်။ လွတ်လွတ်လပ်လပ် ပြောနိုင်၊ ဆိုနိုင်၊ လုပ်ချင်တာ လုပ်နိုင်သည်ကိုပင် ဒီမိုကရေစီဟု အတော်များများက ယူဆကြသည်။
အနောက်နိုင်ငံများတွင်လည်း လူအများက ဒီမိုကရေစီနိုင်ငံဆိုသည်မှာ အစိုးရယန္တရား၏ အဆင့်အသီးသီးတွင် ရာထူး ဌာနန္တရများ ရယူအုပ်ချုပ်မည့်သူများကို မဲပေးရွေးချယ်ခွင့်ရှိသည့် နိုင်ငံမျိုးဖြစ်သည်ဟု နားလည်ကြ၏။ ထို့အပြင် ဒီမိုကရေစီ နိုင်ငံများတွင် အုပ်ချုပ်နေသူများနှင့် အမြင်ချင်း မတူသည့်တိုင်အောင် ထိုကွဲပြားသည့် အမြင်များကို စိုးရိမ်ထိတ်လန့်စရာမလိုဘဲ မိမိတို့ တင်ပြထုတ်ဖော်လိုသည့်အတိုင်း ဖော်ပြနိုင်ခွင့်ရှိသည်ဟု နားလည်ကြသည်။ သို့သော် ထိုမျှမက သိစရာ နားလည်စရာတွေ တစ်ပုံကြီး ရှိသေးသည်။
ဒီမိုကရေစီဆိုသည့် ဝေါဟာရမှာ ခေါမ (ဂရိ) ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ပြည်သူအများ၏ အုပ်စိုးခြင်း ဟု အဓိပ္ပါယ်ရကြောင်း အများသိကြသည်။ ဒီမိုကရေစီ အခြေခံသဘောတရားများကို စတင်ဖော်ထုတ်ခဲ့သည့် ဂရိလူမျိုးများအတွက် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအတွင်း ငွေဝယ်ကျွန်စနစ် ရှိနေခြင်းကို ပြဿနာတစ်ခုဟု မယူဆခဲ့ကြပေ။ ၎င်းတို့က နိုင်ငံသားတိုင်း အခွင့်အရေးများ အပြည့်အ၀ ရရှိသင့်သည်ဟု သဘောထားကြသော်လည်း ကျွန်များမှာမူ သခင်တို့၏ လုပ်ငန်းဆောင်တာမှန်သမျှ ကျုံးရုံး၍ ထမ်းဆောင်ပေးကြရန် တာဝန်ရှိသည့်သတ္တ၀ါ Beasts of Burden များဟုသာ ရှုမြင်ခဲ့ကြသည်။
ခရစ်မပေါ်မီ ငါးရာစုခန့်က ပေါ်ပေါက်ခဲ့သည့် အေသင်မြို့ပြနိုင်ငံတွင် အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူ နိုင်ငံသားများသည် အုပ်ချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့် လုပ်ငန်းစဉ်တို့၌ တိုက်ရိုက်ပါဝင်ခွင့် ရကြသည်။ သို့ရာတွင် ကျွန်များ၊ မိန်းမများ၊ အေသင်တွင် နေထိုင်ခွင့်ရထားသော်လည်း နိုင်ငံသား မဟုတ်သူများသည် ထိုလုပ်ငန်းစဉ်များ၌ ပါဝင်ခွင့် မရကြပေ။ ထို့ကြောင့် အေသင်မြို့ပြနိုင်ငံ၏ ဒီမိုကရေစီသည် မြို့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းမျှသာ ရှိနိုင်သည့် လူနည်းစု လူလားမြောက်သူ နိုင်ငံသားယောက်ျားများသာ ပါဝင်ခွင့် ရရှိခဲ့သည်ဟု ဆိုနိုင်၏။
သို့သော် အေသင်၏ ဒီမိုကရေစီစနစ်သည် တိုက်ရိုက်ကျင့်သုံးသည့် ဒီမိုကရေစီပုံစံ Direct Democracy ဖြစ်ပြီး ယနေ့ခေတ်မီ ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် ကိုယ်စားပြုဒီမိုကရေစီပုံစံ Representative Democracy ထက်စာလျှင် ပို၍ ဒီမိုကရေစီကျသည်ဟု ဆိုနိုင်ပြန်လေသည်။
Posted by Ko Nyan Posted Time 4:02 PM 1 Comment(s)
Labels Political, နိုင်ငံရေး
ကိုဉာဏ် (ပန်းလောင်မြေ) ၏ ကဗျာစုတ်ချက်များ
စာအုပ်ထဲမှာ ဟိုနားတစ်ပုဒ်၊ ဒီနားတစ်ပုဒ် ရေးထားတာလေးတွေကို အချိန်ရတုန်းလေးမှာ ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ စာဖတ်သူတွေနဲ့ ကျွန်တော့်ခံစားချက်တွေ တူခဲ့ရင် အချို့သောကဗျာလေးတွေဟာ လှနေမယ် ထင်ပါရဲ့။ ကျေးဇူးပါဗျာ။
လွမ်းရင်း ချစ်နေကြသူများ
တွေ့စဉ်လည်းချစ်
ကွယ်လည်းချစ်တယ်
အလွမ်းမြစ်တော့ စီးပေါ့ကွယ်။
ငါ.... ငါ.... ငါ....
ငါလိုလူသား
ရှာမှရှားဟု
အကြွားဂုဏ်ထောင်
သင်မဆောင်နဲ့
ငါလိုလူတွေ အများကြီး....။
အနိစ္စ
မျက်စိတစ်မှိတ်
သက်ရှူတိတ်မှာ
အိပ်သည်အလား
ဘ၀ခြားပေါ့
သြော်... အနိစ္စပါတကား။
ကဗျာဆရာ
တွေ့ရာမြင်ရာ
ကြုံလေရာကို
ကာရန်ဖွဲ့စပ်
ကလောင်သွက်ဖြင့်
မြွက်ကြွားဝေမျှ
ရေးလိုပသည်
ဤလည်း ၀ဋ်ကြွေးပါတကား...။
ဘ၀ပန်းချီ
သွားကြလာကြ
ပြောကြဆိုကြ
အော်ကြဟစ်ကြ
ဆဲကြဆိုကြ
ပြုံးကြမဲ့ကြ
ရယ်ကြမောကြ
ငိုကြယိုကြ
မောက်မာကြ ကောက်ကျစ်ကြ
အောက်ကျို့ကြ မျက်နှာချိုသွေးကြ
ဟိန်းဟောက်ကြ အနိုင်ကျင့်ကြ
မေတ္တာပွားကြ ကူညီကြ
...........ကြ ..............ကြ
...................................
........... ............. ...................။
ဒါကမလို
ဒါကပိုဟု
ဟိုဒီဆွဲနုတ်
ပယ်မထုတ်နှင့်
အဟုတ်ဆေးရောင်
ဓိပ္ပါယ်ဆောင်၏
နေ့စဉ်ပန်းချီကားချပ်ပါတကား....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (ကြာသပတေးနေ့)
နေ့လည် ၂ နာရီ ၃၂ မိနစ်။
Posted by Ko Nyan Posted Time 2:32 PM 0 Comment(s)
Labels ကဗျာ-Poem
ဟာသလေးတွေနဲ့ ရယ်မောကြရအောင်
အပြစ်တင်သင့်တာပေါ့
ဘောလုံးပွဲကြည့်စဉ် မိန်းမက ယောက်ျားကို မေးသည်။
"မောင်ရေ၊ ဟိုရှေ့က ပွဲကြည့်သူကို ဘာဖြစ်လို့ သူ့အနားကလူတွေ အပြစ်တင်ရသလဲ"
"ဒိုင်လူကြီးကို သူ ပုလင်းနဲ့ ပစ်လိုက်လို့လေ"
"ဒါပေမယ့် ဒိုင်လူကြီးကိုမှ မထိတာပဲ"
"အဲဒါကြောင့် သူ့ကို ၀ိုင်းဆဲကြတာပေါ့ကွာ"
- * - * - * - * - * - * - * - * - * - * - * -
ပေါ်တော့မယ်၊ ပြန်ခေါ်ပါ
နိုင်ငံတကာတင်းမာမှုလျော့ပါးရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရေး၊ အပြန်အလှန် နားလည်မှုရရေးတို့ကို ရှေ့ရှုသောအားဖြင့် မိမိတို့၏ အတွင်းရေးမှူးမများကို အလဲအလှယ်လုပ်ရန် ဆိုဗီယက် ကွန်မြူနစ်ပါတီခေါင်းဆောင် အင်ဒရိုပေါ့နှင့် အမေရိကန်သမ္မတ ရေဂင်တို့ သဘောတူလိုက်ကြသည်။
တစ်ပတ်ကြာသော် အမေရိကန်မသည် သမ္မတရေဂင်ထံ ဖုန်းဆက်ကာ တိုင်ပြော ပြောသည်။
"သမ္မတကြီးရှင့်၊ ကျွန်မ ဒီမှာ အလုပ် မလုပ်နိုင်တော့ဘူး။ မီနီစကတ်အစား Midi စကတ် (ခြေဆစ်နားအထိ ရောက်သောစကတ်) ကိုပဲ ၀တ်ရမယ်၊ လည်ဟိုက်အင်္ကျီအစား လုံလုံခြုံခြုံ အင်္ကျီကို ၀တ်ရမယ်လို့ ကျွန်မကို တစ်ချိန်လုံး အမိန့်ပေးသလို၊ မေတာရပ်ခံသလို ပြောနေကြတယ်ရှင့်၊ ဒီအတိုင်းသာဆိုရင် မကြာခင် ကျွန်မရဲ့ အလှတွေကို ဘယ်သူမှ ဘာမှ မြင်ရတော့မှာ မဟုတ်ဘူးရှင့်"
ရုရှားအတွင်းရေးမှူးမကလည်း အင်ဒရိုပေါ့ထံ ဖုန်းဆက်ကာ စိုးရိမ်စကားပြောသည်။
"ရဲဘော် အင်ဒရိုပေါ့၊ ဒီမှာဆက်ပြီး အလုပ်လုပ်ဖို့ မလွယ်တော့ဘူး။ စကတ်ကို တိုသထက်တိုအောင် ၀တ်ပါ၊ လည်ဟိုက်အင်္ကျီကိုလည်း သည်ထက်ပိုပြီး ကျယ်ကျယ်လေး ချုပ်ဝတ်ပါလို့ သူတို့ တစ်ချိန်လုံး ပြောနေတယ်။ ဒီအတိုင်းသာဆို မကြာခင် ခြောက်လုံးပြူးကိုရော၊ ကျွန်မ အင်း... ကျွန်တော် ယောက်ျားဖြစ်တယ်ဆိုတာပါ သူတို့ မြင်သွားတော့မယ် ခင်ဗျ"
- * - * - * - * - * - * - * - * - * - * - * -
နံပါတ်ပြောင်းပြန်
အပျော်စီးလှေများ ငှားရမ်းသော စခန်းတွင်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားက မိုက်ကရိုဖုန်းမှတဆင့် အော်နေသည်။
"လှေနံပါတ် 99၊ ကမ်းဘက်ကို ပြန်လှော်ခဲ့ပါ၊ ခင်ဗျားရဲ့အချိန် ကုန်သွားပါပြီ"
အချိန်အနည်းငယ် ကြာသွားသည်။ လှေ ကမ်းဘက် ပြန်မကပ်လာချေ။
"လှေနံပါတ် 99၊ အမြန်ဆုံး ကမ်းပြန်ကပ်ပါ၊ ဒါမှ မဟုတ်ရင် ခင်ဗျားဆီက အချိန်ပိုခ ထပ်တောင်းရပါလိမ့်မယ်"
ကယ်ဆယ်ရေးသမား၏ အကူချာတိတ်က သူ့ဆရာကို ပြောသည်။
"ကျွန်တော်တို့စခန်းမှာ လှေ ၇၅ စီးပဲ ရှိတယ်၊ ဘယ်က နံပါတ် ကိုးဆယ့်ကိုး ရောက်လာတာလဲ"
ကယ်ဆယ်ရေးသမား ခေတမျှ မင်သက်မိသလို ဖြစ်သွားသည်။ ထို့နောက် ရေထဲ ပြေးဆင်းသည်။ ပါးစပ်မှလည်း အော်သည်။
"လှေနံပါတ် 66၊ ခင်ဗျား တစ်ခုခု ပြသနာပေါ်နေသလား"
မောင်ကောင်းထိုက် ရဲ့ ဟာသပဒေသာထဲက ဟာသအချို့ပါဗျာ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
Posted by Ko Nyan Posted Time 10:59 AM 0 Comment(s)
Labels ဟာသ-Funny
Friday, January 28, 2011
ခင်ဗျားတို့ကို ဘယ်လိုပြောရမယ်
ပထမဆုံးအနေနဲ့ ခင်ဗျားတို့ဆိုတဲ့ အသုံးအနှုန်းအတွက် တောင်းပန်ပါရစေ။ ရိုင်းစိုင်းတဲ့သဘော မဟုတ်ရပါဘူး။ အစကတော့ လူကြီးမင်းတို့ကို ဘယ်လိုပြောရမယ်လို့ ရေးမလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အလကားနေရင်း သူများစီးပွားရေးလုပ်ငန်းကို ကြော်ငြာပေးသလို ဖြစ်နေမလား၊ ဒါမှမဟုတ် ကိုဉာဏ်ဆိုတဲ့ ကျွန်တော်ကပဲ ဖုန်းတွေထဲမှာ မမောတမ်းဖြေနေရတဲ့ အော်ပရေတာလေးလို ဖြစ်နေမလား စတဲ့စတဲ့ အတွေးများကြောင့် ခင်ဗျားတို့ ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးလိုက်ရပါတယ်။ ရင်းနှီးတဲ့သဘောနဲ့ သုံးလိုက်ရပါကြောင်း ဘယ်သူမေးမေး မမေးမေး ဦးစွာရှင်းပြလိုက်ရကြောင်းပါ။ :P
ဒုတိယအနေနဲ့ (ရှင်းပြတာတွေကလည်း များလိုက်တာနော်) ပြောချင်တာကတော့ ခေါင်းစဉ်နာမည်က သီချင်းစာသားတစ်ခုကို ပါးစပ်ထဲမှာ ရုတ်တရက်ပေါ်လာလို့ပါ။ " " အချစ်ကို ဘယ်လိုပြောရမယ် " " ဆိုတဲ့ သီချင်းစာသားလေးပါ။ အဲဒီအဆိုတော်ကြီးကတော့ သူ့အချစ်ကို ဘယ်လိုပြောလိုက်သလဲတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ ဘယ်လိုပြောရမှန်းကို မသိတော့ကြောင်းပါ။ အဲဒါကြောင့် သိသလိုပဲ ပြောပါတော့မယ်။ အဲဒါကြောင့်လည်း "ခင်ဗျားတို့ကို ဘယ်လိုပြောရမယ်" ဆိုပြီး ခေါင်းစဉ်တပ်လိုက်ရတာ ဖြစ်ကြောင်းပါခင်ဗျား။
နည်းနည်းသိတဲ့လူတွေကရော၊ များများသိတဲ့လူတွေကရော၊ နည်းနည်းခင်တဲ့လူတွေကရော၊ များများခင်တဲ့လူတွေကရော၊ တစ်ခါတလေမှ တွေ့တတ်တဲ့လူတွေကရော၊ အမြဲတမ်းတွေ့နေတဲ့ လူတွေကရော၊ စိမ်းတဲ့လူတွေကရော၊ ကျက်တဲ့လူတွေကရော စကားပြောဆိုရင်း အလျဉ်းသင့်တဲ့အခါ မေးတတ်ကြတာကတော့ " " မြန်မာ့သွေးဘလော့ဂ်ကို ဖွင့်လို့မရတော့ဘူး " " ဆိုတာပါပဲ။ ဟုတ်ကဲ့ ကျွန်တော်ကိုဉာဏ် ဘာပြန်ဖြေရမှန်းမသိတဲ့ မေးခွန်းပါပဲ။ ဖုန်းနဲ့ပြောတဲ့လူတွေရော၊ လူချင်းပြောတဲ့လူတွေရောကို ပြန်ပြောနိုင်တာကတော့ တစ်ခုပဲရှိပါတယ်။ " " ငါလည်း ဖွင့်လို့မရဘူး။ ဘာဖြစ်တာလဲတော့ ငါလည်းမသိဘူး " " ဆိုတာပါပဲ။ အင်မတန် ထူးဆန်းအံ့သြဖွယ်ကောင်းလေစွ။ :P
စစ်တွေမှာ အင်တာနက်သုံးရတာ အဆင်မပြေဘူးလားလို့ မေးတဲ့လူတွေကို ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားလို့မရပါ။ ပြေတယ်ပြောရအောင်လည်း လုပ်ချင်တာလေးတွေကို စိတ်တိုင်းကျ လုပ်လို့မရ၊ မပြေဘူးဆိုရအောင်လည်း အီးမေးလ်လေးတွေဖတ်နိုင်၊ သတင်းလေးတွေရှာနိုင်၊ ဂျီတော့ခ်လေးလည်းသုံးနိုင်ဆိုတော့ ယေဘုယျအဖြေဖြစ်တဲ့ " " အင်း... မဆိုးပါဘူး၊ ဒီလိုပါပဲ " " လို့ ဖြေရတာချည်းပါပဲ။ ဘလော့ဂ်နဲ့တူတာဆိုလို့ ဘာမှကို ဖွင့်လို့မရဘူး။ ကျော်ရခွရအောင်လည်း ကိုယ်က အဲဒီလောက် ကျွမ်းကျင်တာမဟုတ်တော့ ကိုယ်သိတဲ့ (သူများတွေကို မေးထားတဲ့) စာမျက်နှာလေး ၂-၃ ခုလောက် မရတော့ဘူးဆိုရင် ဘာမှမလုပ်တတ်တော့ဘူး။ ဂူဂဲလ်ရှိတာပဲ... ဘာလိုသေးလဲကွာလို့ အပြစ်တင်မစောကြပါနဲ့။ ဂူဂဲလ်က ရှာတွေ့သမျှတွေက ဖွင့်မရတာ များတယ်ခင်ဗျ။ သိတယ်မလား... ဟဲဟဲဟဲ။ သဘောပေါက်ကြမှာပါခင်ဗျာ။
မြန်မာ့သွေးကို လွမ်းတာကတော့ ပြောမနေနဲ့ ဆိုသလိုပါပဲ။ အစားကောင်းလေးများ စားရတဲ့အခါ ကိုယ်ချစ်တဲ့လူကို သတိရတတ်ကြသတဲ့။ ကျွန်တော်ကိုဉာဏ်ကတော့ စာအုပ်ကောင်းလေးများ ဖတ်ရတဲ့အခါ၊ အတွေးလေးတွေများ တွေးမိတဲ့အခါ၊ ကဗျာလေးတွေများ ချရေးမိတဲ့အခါ၊ အမြင်မတော်တာတွေကြောင့် ကလူကျီစယ်လိုက်ချင်တဲ့ အခါမျိုးမှာ မြန်မာ့သွေးဘလော့ဂ်နဲ့ မြန်မာ့သွေးဂရု(ပ်)ကို သိပ်သတိရတာပါပဲဗျာ။ ကိုယ့်မိတ်ဆွေတွေကို ဖောက်သည်ချရ၊ သူတို့အမြင်တွေကို နားထောင်ရ၊ ဖတ်ရ၊ ငြင်းခုန်ရတာ အင်မတန်မှကို ပျော်ဖို့ကောင်းတာ မဟုတ်လားခင်ဗျ။ အခုတော့ဗျာ... သားသမီးကို မွေးထားပြီးတော့ ပစ်ထားရသလို ဖြစ်နေတယ်လေ။
ကဲ... အခုတော့ အင်တာနက်လေးဘာလေး သုံးလို့ရတဲ့နေရာကို ရောက်ရပြန်ပါပြီ။ တစ်နာရီလောက် ကြိုးစားပမ်းစား တတ်သလောက် မှတ်သလောက်နဲ့ ကြိုးစားလိုက်တဲ့အခါ မြန်မာ့သွေးဘလော့ဂ်ကို ပြန်မြင်ရပါပြီ။ [co.cc]မှာတော့ ဘယ်လိုမှကို ဖွင့်လို့မရတော့ဘူး။ အဲဒါကြောင့် [blogspot] ကိုပဲ ပြန်ပြောင်းလိုက်ပါတယ်။ Domain Name တစ်ခုတော့ ၀ယ်မှဖြစ်တော့မယ်။ ကြိုးစားလိုက်ပါဦးမယ်။ အခုပို့စ်ကိုလည်း ပြည်ပက မြန်မာ့သွေး မိတ်ဆွေတွေကတော့ ဖတ်လို့ရမယ်ထင်ပါတယ်။ ပြည်တွင်းကတော့ ကျော်တတ်ခွတတ်သူတွေဆိုရင် ဖတ်ရမယ်ထင်ပါရဲ့။ နားလည်ပေးကြပါဦးဗျာ။ (မြန်မာ့သွေးဘလော့ဂ်လောက် နားလည်ပေးကြပါလို့ ပြောတဲ့ဘလော့ဂ် မရှိလောက်ဘူးထင်ပါရဲ့) :P
ကဲ... အရင်ကအကြောင်းတွေကို ပြန်မပြောတော့ပါဘူး။ ကျွန်တော့်ကို မေးလာခဲ့ရင်လည်း " " ခင်ဗျားတို့ကို ဘယ်လိုပြောရမယ် " " ဆိုတဲ့ ခေါင်းစဉ်လေးကိုပဲ ရွတ်ရတော့မယ်ထင်ပါရဲ့။
လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါတယ်ဗျာ။ မင်္ဂလာပါ မြန်မာ့သွေးမိတ်ဆွေများခင်ဗျား။ ခေတ်သစ်စနစ်သစ်မှာ ခင်ဗျားတို့ရဲ့ ကောင်းမွန်မှန်ကန်သော စိတ်ကူးအိပ်မက်များအားလုံး အကောင်အထည်ပေါ်နိုင်ကြပါစေလို့ ဆုမွန်စကားခြွေရင်း.........။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်၊ သောကြာနေ့။
ညနေ ၄ နာရီ ၅၅ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 4:46 PM 1 Comment(s)
Labels ကျွန်တော့်အတွေးများ, မြန်မာ့သွေး